Wednesday, December 26, 2012
ပြည့်တန်ဆာနှင့် ဥပဒေ
by သက္က မိုးညို on Wednesday, December 26, 2012 at 5:41pm 
  (အောက်တွင် ဖေါ်ပြမည့် အကြောင်းအရာ များသည် အသက် ၁၈နှစ် ပြည့်မှ ဖတ်သင့် သည့်အပြင် ဖေါ်ပြမည့် အကြောင်းအရာကို လိုက်၍ ကြမ်းတမ်းသည်ဟု ယူဆနိုင်သော စာသားများ ပါဝင်နိုင်သဖြင့် မဖတ်ရှုလိုသူများ ဤနေရာမှ စတင်၍ ရပ်တန့်နိုင်ကြောင်း သတိပေးပါသည်)
 ၁။ အမျိုးသမီး လွှတ်တော် အမတ်တစ်ဦးမှ နိုင်ငံတွင် ပြည့်တန်ဆာ လုပ်ငန်းကို တရားဝင် လုပ်ကိုင်နိုင်ရန် ဥပဒေရှိသင့်ကြောင်း အဆို တင်သွင်းမည်ဟု ကြားသိရသောအခါ ထုံးစံအတိုင်းပင် ကန့်ကွက်သံ၊ လက်ခံသံ တဝေေ၀ ကြားရပါ သည်။ ခံစားချက်ကို အဓိကထား ပြောနေသည်ကများပါသည်။ ခံစားချက်ကို ဘေးဖယ်၍ ပြောပြချင်သည် များရှိလာသည်။
  ၂။ ပြည့်တန်ဆာဟု ခေါ်သည်ဖြစ်စေ၊ မိန်းမရွှင်ဟု ခေါ်သည်ဖြစ်စေ၊ လိင်လုပ်သားဟု ခေါ်သည်ဖြစ်စေ အမှန်စင်စစ် “ဖာ” ပင်ဖြစ်သည်။ (စကားရိုင်းလျှင်သည်းခံပါ၊ ဆက်ရှင်းပါမည်) အခေါ်အဝေါ်က စကားပြောပါသည်။ ဖာကို ဖာဟု မခေါ်ပဲ လိင်လုပ်သားဟု ခေါ်သောအခါ တမျိုးသော ဂုဏ်ရှိနေသယောင်ထင်နေရသည်။ (ဂုဏ်မရှိဟု ပြောခြင်းလည်း မဟုတ်ပါ၊ ပုဂ္ဂလအစွဲကြောင့် ခံစားချက်ပြောင်းသွားတတ်ကြောင်း ပြောလိုရင်း ဖြစ်သည်။) ကေတီဗီမှာ အဆိုတော်လုပ်သည်ဟု နာမည်တတ်ထားသော မိန်းကလေးများကို ဖာဟု ခေါ်သော အခါ ဆတ်ဆတ်ခါ နာပါလိမ့်မည်။ ထို အနာသည်လည်း ထိုဘ၀မှ ရုန်းထွက်ရန် တွန်းအား တစ်ခု ဖြစ်နိုင်ပါသည်။ ထို့အပြင် ထိုအလုပ်ကို တရားဝင်ရေးမ၀င်ရေးထက် “ဖာ” ဟူသော စကားကိုပင် နှုတ်မှ မထွက်ရဲသော အမျိုးကောင်း သမီးငယ်များ ရှိနေကြောင်း ထင်ရှားစေရန် ဖြစ်သည်။ ယခုစာသည် ထိုဖာများကို တရားဝင်သင့် မ၀င်သင့်ထက် တွေးတောထိုက်ဖွယ်ရာများကို ပြောပြရန်သာ ဖြစ်ပါသည်။
၃။ လက်ခံလိုသူတို့ကမူ အကြောင်း အမျိုးမျိုးပြကြသည်။ ပြည့်တန်ဆာသည် ဘုရားရှင်လက်ထက်ကပင် ရှိခဲ့ကြောင်း (ဘုရားရှင်နှင့် လောကီရေး မဆိုင်ပါ၊ ဘုရားရှင်လက်ထက်တွင် သူခိုးလည်းရှိပါသည်၊မည်သည့်လက်ထက်တွင်မဆို ပြည့်တန်ဆာရှိပါသည်၊ ရှိတိုင်း လက်ခံရန်မလိုပါ) တိုင်းပြည်ကို အလှတန်ဆာဆင်ပေးသဖြင့် ပြည့်တန်ဆာဟုခေါ်ကြောင်း (မည်သို့နာမည်တတ်တတ်၊ ဖာသည်ဖာပင်ဖြစ်သည်) တရားဝင် သတ်မှတ်ခြင်းဖြင့် ရဲများကို လိုင်းကြေး ဆတ်ကြေးပေးရခြင်းမှ ကင်းလွတ်နိုင်ကြောင်း၊ ဆေးစစ်ချက်များ လုပ်နိုင်သဖြင့် စိတ်ချရကြောင်း များ ပြောပြကြပါသည်။ (ထိုကိစ္စများကိုလည်း ရှင်းရပါမည်၊ ခဏသည်းခံပါ)
၎။ ကလေးပြော ပြောလိုက်လျှင်မူ ကိစ္စပြတ်ပါသည်။ ပြည့်တန်ဆာ ကိစ္စ တရားဝင်ရေး သဘောတူသူများသည် မိမိမိတ်ဆွေများကို “ငါ့ညီမကတော့ လိုင်စင်ရဖာကွ” ဟု ပြောရဲပါမည်လား။ ကိုယ့်အမျိုးထဲတွင် တရားဝင် ဖာခန်းထောင်သူများရှိလျှင် သဘောတူမည်လား။ မိုက်ရိုင်းချင်၍ မဟုတ်ပါ။ လူဆိုသည်မှာ ကိုယ့်နှလုံးသားထဲတွင်ရှိသော ကြိုးကို ဆွဲလှုပ်မှ နာချင်သည်။ ဖာများကို မသနား၍ မဟုတ်ပါ။ သနားသည်နှင့် တရားဝင်လုပ်ကာ သူရဲကောင်းဘွဲ့ပေးရန်လည်း မလိုပါ။ ဖခင်နဖူးမှ ခြင်ကို ရဲတင်းနှင့် ထုသတ်သော စေတနာကို စေတနာဟု မသတ်မှတ်လိုပါ စေတနာကို ပညာတွဲမှ သာဓုခေါ်ရပါမည်။
၅။ ပြည့်တန်ဆာ ကိစ္စကို အစိုးရတစ်ရပ်အနေဖြင့် သုံးမျိုး ဆောင်ရွက်နိုင်ပါသည်။ ၁) ပြစ်မှု အဖြစ် သတ်မှတ်ခြင်း Criminalisation ၊ ၂) ဥပဒေဘောင်အတွင်း ကန့်သတ်ဆောင်ရွက်စေခြင်း Legalisation ၊ ၃) ပြစ်မှုအဖြစ် လုံးဝ မသတ်မှတ်တော့ခြင်း Decriminalisation တို့ ဖြစ်ပါသည်။ ဒီမိုကရေစီ အစိုးရတိုင်း ပြည့်တန်ဆာကိစ္စကို တရားဝင် ခွင့်ပြုသည်မဟုတ်ပါ။ အထက်ပါ သုံးမျိုးကို နိုင်ငံအလိုက် ဆောင်ရွက်ကြသလို နိုင်ငံတစ်ခုအတွင်းရှိ ဒေသအလိုက်ဆောင်ရွက်ကြ၊ ငြင်းပယ်ကြ၊ လက်ခံကြသည်လည်း ရှိပါသည်။
၆။ ပြည့်တန်ဆာကိစ္စကို ပြစ်မှုဘောင်အတွင်း သွတ်သွင်းရာတွင်လည်း နှစ်မျိုးရှိပါသည်။ အလုံးစုံသော လိင်အရောင်းအ၀ယ်ကိစ္စမှန်သမျှ တားမြစ်ခြင်း Prohibitionist နှင့် လိင်အရောင်းအ၀ယ်ကို ခွင့်ပြုပြီး ကျန်ဆက်စပ်သမျှတားမြစ်ခြင်း Abolitionist(ဥပမာ- အများပြည်သူနေရာလိင်ရောင်းဝယ်ခြင်း၊ မြူဆွယ်ခြင်း၊ ဇိမ်နန်းထောင်ခြင်း) တို့ ဖြစ်ပါသည်။ ယခု မြန်မာနိုင်ငံတွင် ပြောနေကြသူများသည် ဥပဒေအတွင်းမှ ပြည့်တန်ဆာ လုပ်ကိုင်ခွင့်ပြုခြင်းကို တောင်းဆိုနေသည်ဟု ယူဆသည့် အလျောက် ထိုကိစ္စကို အသေးစိတ်ပါမည်။
၇။ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် ခွင့်ပြုလိုက်သောအခါ တရားဝင်စေရန် လုပ်ရသော ကိစ္စများပါလာပါသည်။ မှတ်ပုံတင်ခြင်း၊ လိုင်စင်ချပေးခြင်း၊ မစစ်မနေရ ဆေးစစ်စေခြင်း စသည်တို့ ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွက် ဖာများသည် များသောအားဖြင့် နယ်လှည့်လိင်လုပ်သားများ ဖြစ်ပါသည်။ တစ်နေရာတွင် ကြာရှည်နေလျှင် ဖောက်သည်ရသည်ဟု ယူဆနိုင်သော သာမန်အရောင်း အ၀ယ်ကိစ္စမဟုတ်ပါ။ နေရာသစ်မှ လူအသစ်ဟုထင်ကြပါသည်။ မှတ်ပုံတင်ဝယ် သက်တမ်းရင့်နေသော ပြည့်တန်ဆာကို မည်သူမှ ငှားရမ်းပျော်ပါးလိုမည် မဟုတ်ပါ။ ထိုပြည့်တန်ဆာများအား တရားဝင် မှတ်ပုံတင်လာမည်ဟု ထင်လျှင်ထိုင်စောင့်ပါ။ မလာပါ။ လိုင်စင်သက်တမ်းတိုးခြင်း၊ ဆေးစစ်ခြင်းကိုလည်း တစ်နေရာတည်းတွင် လုပ်ပါမည်လား။ သံသယရှိရပါသည်။ ဆေးမအောင်လျှင်လည်း “ကောင်းရောင်းကောင်းဝယ်” လုပ်စားမည်လား။ တရားဝင်ဖာမှာ တရားမ၀င်ဖာအဖြစ် ပြောင်းသွားခြင်းသာ ဖြစ်ပါမည်။ အသက်မပြည့်၍ မှတ်ပုံတင်မလုပ်ရသော ပြည့်တန်ဆာသည် ထိုအလုပ်ကို အသက်ပြည့်သည် အထိ စောင့်နေမည်လား။
၈။ နောက်တစ်ချက်သည် ပြည့်တန်ဆာလုပ်ငန်းကို တရားဝင် သတ်မှတ်ခြင်းဖြင့် ရာဇ၀တ်မှု လျော့ကျနိုင်သည် ဆိုသော အကောက်အယူဖြစ်သည်။ ရာဇ၀တ်မှုတွင် အုပ်စုဖွဲ့ အနိုင်ကျင့်ခြင်း၊ ရဲကြေးပေးရခြင်း၊ ကလေးပြည့်တန်ဆာ၊ လူကုန်ကူးမှု စသည်တို့ လျော့ကျမည်ဟု ဆြိုခင်းဖြစ်ပါသည်။ အရောင်းအ၀ယ်သဘောကို နားမလည်၍ ပြောခြင်း ဖြစ်ပါသည်။ ငယ်ငယ်ကိုမှ တပ်မက်သူ၊ အပျိုဘ၀ ၀ယ်လိုသူ (ကန်တော့ပါသည်၊ မရှင်းမည်စိုး၍ ရိုင်းရိုင်းဆိုပါမည်၊ ပါကင်ဖောက်လိုသူ) စသည်တို့ရှိနေလျှင် မှောင်ခိုဈေးကွက်ရှိနေမည်သာဖြစ်သည်။ ထိုသို့ရှိနေလျှင် ရဲအဂတိကိစ္စ ရှိနေဦးမည်သာဖြစ်သည်။ ရဲများရဲကြေးတောင်းသည်ကို ပပျောက်ရန် ပြည့်တန်ဆာ တရားဝင်ရေးလုပ်မည်လား၊ ရဲအဂတိလိုက်စားမှု ပပျောက်ရေးလုပ်ရမည်လား ရှင်းအောင်တွေးစေချင်ပါသည်။ ရဲကမူ ဖာကြေး မရလျှင် နှစ်လုံးသုံးလုံးသမားဆီမှတောင်းပါမည်။
၉။ လိင်အရောင်းအ၀ယ်ကိစ္စသည် ရောင်းသူဝယ်သူ နှစ်ဦးတည်းသာ ရှိသော ကိစ္စလို မရိုးရှင်းပါ။ တတိယလူ အမြဲလိုလိုရှိပါသည်။ ထို ပြည့်တန်ဆာများကို ကြိုးကိုင်ခြယ်လှယ်နေသော ဇိမ်ခေါင်းပင်ဖြစ်ပါသည်။ ထိုခေါင်းများသည် များသော အားဖြင့် လူဆိုးလူမိုက်များဖြစ်ကြပါသည်။ တရားဝင်ဖြစ်လာသော ပြည်တန်ဆာကိစ္စများတွင် ထို မန်နေဂျာများ တရားဝင် ပေါ်ပေါက်လာပြီး ရာဇ၀တ်မှုကို ကျူးလွန်နိုင်ခြေ ပိုများလာပါမည်။ ပြည့်တန်ဆာများကို ခေါင်းပုံဖြတ်ခြင်း၊ ပချုပ်ဆိုင်ထောင်ခြင်း၊ အတင်းအကြပ် ဖာဇာတ်သွင်းခြင်းတို့ကို တရားဝင်လုပ်လာနိုင်ပါသည်။ ဖြစ်ပြီးလျှင် မျက်စေ့မှိတ်သည်က များပါသည်။ ပြည့်တန်ဆာနွံသည် ရုန်းထွက်ရန် ခက်ပါသည်။ ပြည့်တန်ဆာကိစ္စကို ဥပဒေပြုလျှင် ထို ဖာခေါင်းများအတွက် ဥပဒေ ထပ်၍ ပြုရပါသည်။ နိုင်ငံတကာကို ကြည့်စေချင်ပါသည်။
၁၀။ နေရာကိစ္စသည်လည်း စဉ်းစားစရာ ကိစ္စ ဖြစ်လာပါမည်။လမ်းပေါ်မှ ဖာများအတွက် မြူဆွယ်ရန် နေရာ သတ်မှတ်ပေးရပါမည်။ တွေ့ရာတွင် မြူဆွယ်၍ မရပါ။ ဇိမ်နန်းထောင်ရာတွင်လည်း ထို့အတူပင် ဖြစ်ပါသည်။ ထိုအရပ်ဒေသရှိ အမျိုးကောင်း သားသမီးများ အနှောက်အယှက် မဖြစ်စေရန် သီးသန့်နေရာ သတ်မှတ်ပေးရပါမည်။ ထို့အပြင် အများပြည်သူနှင့် ဆိုင်သော နေရာများတွင် လိင်အရောင်း အ၀ယ်လုပ်ခြင်း soliciting ကိုလည်း ထိန်းချုပ်ရပါမည်။ မည်သူသည် မိမိနေရပ်ကို တရားဝင် ဖာအရပ် အဖြစ် သတ်မှတ်ခံလိုပါမည်နည်း။ ပြည့်တန်ဆာ ဥပဒေကို လက်ခံလျှင် ထိုကိစ္စများကို ထည့်သွင်း ခွင်ပြုရမည်ဖြစ်သည်။ တံခါးပေါက်မှာ မြူဆွယ်ခွင့်၊ လမ်းပေါ်တွင် မြူဆွယ်ခွင့်၊ အိမ်သို့ အလုပ်သို့ ဖာခေါ်ခွင့်၊ ဇိမ်နန်းထောင်ခွင့် စသဖြင့် ပါဝင်လာပါမည်။ သားပျိုသမီးပျိုရှိသော အိမ်ရှေ့တွင် ပချုပ်ဆိုင်ထောင်သည်ကို မည်သည့်ဖခင်က လက်ခံလိုပါမည်နည်း။
၁၁။ ထပ်မံစဉ်းစားစရာကိစ္စသည် ဥပဒေ အသက်ဝင်ခြင်း ကိစ္စ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဆေးလိပ်အရက်များကို ၁၈နှစ် မကျော်သူများအား မရောင်းရန် ဥပဒေရှိပါသည်။ အားလုံးလိုလို မလိုက်နာပါ။ထိုသို့ ထိန်းညှိရန် အဖွဲ့ အစည်း အားကောင်းမှု မရှိပဲ တရားဝင် ခွင့်ပြုလိုက်လျှင် အာဏာဖြင့် ထိန်းချုပ်၍ ရသော ဘ၀မှ ထိန်းချုပ်ရန် အခွင့်အာဏာ ပင်ပျောက်သွားနိုင်ပါသည်။ ဘာနှင့်မှ ကိုင်တွယ်မရပဲ လူကုန်ကူးမှု၊ ကလေးပြည့်တန်ဆာအမှုတို့ တရားဝင် ဖြစ်လာနိုင်ပါသည်။ ထိုသို့ တရားဝင်လာလျှင် မှောင်ခိုပြည့်တန်ဆာကိစ္စကို မည်သူကိုင်တွယ်မည်နည်း။ ရဲများကမူ ဖာကြေးကောက်ရသည့် အရသာကို သိပြီး ဖြစ်ပါသည်။
၁၂။ ပြည့်တန်ဆာကိစ္စကို ဥပဒေဖြင့် ကန့်သတ်ခြင်းသည် လူထုအတွင်း လိင်မှုရောဂါများကူးစက်မှုကို ကန့်သတ်ရန်ဖြစ်ပါသည်။ လူထုကို ဦးတည်ပါသည်။  ပြည့်တန်ဆာကိစ္စကို ပြစ်မှုအဖြစ်မှ ဖယ်ရှားလိုက်ခြင်းသည် လူ့အခွင့်အရေးကို ဦးတည်ပါသည်။ လူ့အခွင့်အရေးထောင့်မှ ကြည့်သူများသည် ပြည့်တန်ဆာအမှုကို သာမန်အရောင်းအ၀ယ်ကိစ္စ အဖြစ် ဥပဒေလုပ်ရန်မလိုပဲ ရှိရင်းစွဲ တားမြစ်ဥပဒေကို ပယ်ဖျက်ရုံသာရှိပါသည်။ ထိုအထိ လုပ်ရဲပါမည်လား။ ဥပဒေဖြင့် ကန့်သတ်လျှင်လည်း ပြည့်တန်ဆာများကို အန္တရာယ်ရှိသော လိင်ကိစ္စများအကြောင်း သင်တန်းပေးခြင်း၊ ဆာတီဖီကိတ် လက်မှတ်ထုတ်ပေးခြင်းတို့ ဆောင်ရွက်ရပါမည်။
၁၃။ ထိုသို့ ဆောင်ရွက်ပါသော်လည်း ပြည့်တန်ဆာကို ဥပဒေဖြင့် ခွင့်ပြုခြင်း၏ အကျိုးရလာဒ်ကို သိသာထင်ရှားစွာ မတွေ့ရကြောင်း သူရို့ ၀န်ခံကြပါသည်။ ၁) ရလာဒ်ကို သုတေသနပြုမှု၊ စောင့်ကြည့် အဆင့်မြှင့်ပေးမှု နည်းပါးခြင်းLittle evaluative research ၊ ၂) ဥပဒေဘောင်ဖြင့် ချဉ်းကပ်နည်းများ အတိုးအလျော့ လုပ်ရန်လွယ်ခြင်းVariations in legal frameworks within approaches ၊ ၃) အစီရင်ခံစားများ၏ ရလာဒ်ကို တိုင်းတာတွက်ချက်ရန် ခဲယဉ်းခြင်းValidity of reports ၊ ၄) အငြင်းပွားဖွယ်ရလာဒ်များရှိခြင်း Conflicting results (ဘာသာရေးသမားတို့က သိပ်များနေပြီထင်မည်၊ လူ့အခွင့်အရေးသမားက လိုသေးသည်ထင်မည်) တို့ကြောင့် ဖြစ်ပါသည်။
၁၄။ အဆုံးသတ်ပြောရလျှင် ဖူကူယားမား၏ နိုင်ငံတည်ဆောက်ရေး စာအုပ်မှ အမှတ်ရမိသည်ကို ပြောပြလိုပါသည်။ဒီမိုကရေစီဖေါ်ဆောင်ရာတွင် ယဉ်ကျေးမှုဖက်တာသည် ရွေ့ပြောင်းရ အလွန်ခက်ပါသည်။ပြည့်တန်ဆာကိစ္စကို ယဉ်ကျေးမှုဖက်တာပေါ်တင်ကြည့်စေချင်ပါသည်။ (ယဉ်ကျေးမှုကို အကြောင်းပြ၍ ငြင်းခြင်း မဟုတ်ပါ၊ ပြည့်တန်ဆာကိစ္စကို ပြည်သူတို့၏ ယဉ်ကျေးမှုအပေါ်လက်ခံသော သို့မဟုတ် ငြင်းပယ်သော ဓလေ့အပေါ်တင်ကြည့်စေရန် ဆိုလိုပါသည်။ ပြည်သူတို့ အလွယ်တကူ ခေါင်းငြိမ့်မည်လော၊ ငြင်းပယ်မည်လော ဆိုသည်ကို စဉ်းစားရန် ဖြစ်ပါသည်) ထိုအလုပ်ကို မဆိုထားနှင့်၊ ဖာဟူသောစကားကိုပင် နှုတ်က မထွက်ရဲသူများရှိကြောင်း သိစေလိုပါသည်။
၁၅။ သူရို့ဆီမှာ၊ သူရို့ဆီမှာနှင့် လွယ်လင့်တကူ ဒီမိုကို ကရေစီပြသူများ စဉ်းစားစေချင်ပါသည်။ သူရို့ဆီမှာတိုင်း ပြည့်တန်ဆာဥပဒေကို လက်ခံကြသည်မဟုတ်ပါ။ တားမြစ်သောနိုင်ငံများစွာရှိပါသည်။ ကိုယ့်အခြေအနေကို မသုံးသပ်ပဲ လွယ်လင့်တကူ တင်သွင်းလို၍ မရပါ။ သူ့ရေမြေမှာပေါက်တိုင်း ကိုယ့်ရေမြေနှင့် အံမ၀င်ပါ။(ယခုစာစုတွင် မြန်မာ့ယဉ်ကျေးမှုကို အကြောင်းပြ၍ မငြင်းခဲ့ပါ၊ ) ဆင်ခြင်တုံတရားကို သုံး၍ သုံးသပ်စေလိုပါသည်ခင်ဗျား။
၁၆။ ထို့ထက်ပို၍ ဆိုရန် မရှိပါ။
နောက်ဆက်တွဲ
ဆရာဦးမောင်မောင်မြင့်မှ ဖုံးဆက်၍ ဆွေးနွေး အားပေးသဖြင့် ကျေးဇူးတင်ရပါသည်။ ဆရာပြောသော ဖြေရှင်းရန် နည်းလမ်းများကို (နားလည်သမျှ) တင်ပေးပါမည်။
(၁) ပြည့်တန်ဆာကိစ္စသည် ပပျောက်ရန် လုပ်မရပါ။ ပပျောက်ရန် လုပ်မရ၍ တရားဝင်လုပ်ရမည်ဟု မဆိုလိုပါ။တိုးတိုးကြိတ်ကြိတ် ဖြေရှင်းခြင်းကိုသာ ကာယကံရှင်များက ပိုသဘောကျပါသည်။တရားဝင်ဖာအဖြစ်ရပ်တည်ရန်သည် နောင်ရေးရှိပါသေးသည်။ အသက်ကြီးလာလျှင် မိသားစုနှင့် နေချင်ကြပါလိမ့်မည်။ မည်သူမှ ထာဝစဉ်ဖာလုပ်မရပါ။ ဖာမှတ်ပုံတင်ထားလျှင် အသက်ကြီးလျှင် ခေါင်းဖြစ်သွားပါမည်။ မှတ်ပုံမတင်လျှင် မသိလိုက် မသိဘာသာ စွန့်ခွာ၍ ရနိုင်ပါသည်။
(၂) ဆရာပြောပြသော ဥပမာလေး အလွန်ကောင်းပါသည်။ အမိန့်ရ အပေါင်ဆိုင်သည် အပေါင်ဆိုင် သတ်သတ်လုပ်ပါက မည်သူမှ မ၀င်လိုပါ။ (ဆိုင်ထဲဝင်လျှင် ပေါင်ရန်မှန်း လူတိုင်း သိပါသည်) အပေါင်ဆိုင်ကို စတိုးဆိုင်လေးနှင့် တွဲဖွင့်ပါမှ ပစ္စည်းလေး တစ်ခုခု ၀ယ်သလိုနှင့် ၀င်ပေါင်ပါသည်။ကေတီဗီအဆိုတော်လုပ်ခြင်းသည် ထိုသို့ သဘောပါနေပါသည်။ ဖာများမှတ်ပုံတင်မည်မဟုတ်ပါ။ မတင်မည့်အတူတူ အခြားသော နည်းလမ်းများဖြင့် ဖာကိစ္စ ပပျောက်ရန် ကြိုးစားစေချင်ပါသည်။
(၃) ဖာထက် အရေးကြီးသည်မှာ ချုပ်ထားသော ခေါင်းများဖြစ်ပါသည်။ သူရို့က ဖာများကို ခေါင်းပုံဖြတ်ခြင်း၊ ဇိမ်ခန်းထောင်ခြင်း၊ ဖာဇာတ်သွင်းခြင်းများ လုပ်ပါသည်။ ဖာကိုဖမ်းသဖြင့် ပြဿနာ မပြေလည်ပါ။ အညှာက ခေါင်းများဖြစ်ပါသည်။ ဖာများကို ကယ်လိုလျှင် ခေါင်းကို အားပေးသော ဥပဒေပြုရေးထက် သူရို့ကို အရေးယူနိုင်ရန်သာ ကြိုးစားစေချင်ပါသည်။
  4 comments:
  1. မှန်ပါသည်။
    ReplyDelete
  2. သင်တင်ပြထားသောတင်ပြချက်များကို စာတစ်တန်ပေတစ်တန်နှင်. မရှင်းလိုပါ ။ အဘယ်ကြောင့်ဆိုသော် စာနှင်.ပေနှင့် အကြောင်းအရာတစ်ခုကို ဆွေးနွေးကြစတမ်းဆိုလျှင် ကိုးကားချက်များစွာနှင်.လူကြီးမင်းလည်း ဆန်းစစ်ရန် အချိန်များစွာ လိုမည်ဖြစ်သောကြောင်.ဖြစ်ပါသည်။
    သို.ဖြစ်ရ်ျ ဧ ကိစ္စကား ယုတိဗေဒနည်းဖြင်.သာစမ်းစစ်စေလို ပါသည်။
    ၁။ လူကြီးမင်းအနေနှင်. အထက်ပါ အသုံးအနှုန်းအား ဖာ ဟုပဲခေါ် ခေါ် ပြည်.တန်ဆာ ဟုပဲဆိုဆို လိင်လုပ်သားဟုပဲ ပြောပြော ထိုအလုပ်ဧ။် သဘောသဘာဝကိုလူကြီးမင်းနားလည်ပြီးဖြစ်ပါလိမ်.မည်၊
    ၂၊လူအများသည်ထိုကိစ္စကိုဆွေးနွေးကြသော အခါ အများလက်မခံနိုင်သောကိစ္စ၊ အများ အသရေညှိုးစေသောကိစ္စ ဟုသောကိစ္စ စသည်.ဖြင်. ခေါင်းစဉ်စရ်ျတပ်ကြပါလိမ်.မည်။ စင်စစ် ထိုဆွေးနွေးသူများထဲ ထိုကိစ္စနှင်.ကင်းသော လူဘယ်နှစ်ဦး ပါနေသနည်း ရိုးသားစွာ လက်ခံပေးစေလိုပါသည်။ပြသ၁နာ သည်လုပ်ခြင်း မလုပ်ခြင်း ပါဝင် ပါတ် သတ်ခြင်း မပါတ်သတ်ခြင်းကို အဓိက မဆွေးနွေး ပါ ပြသ၁နာ ဧ။် သဘော သဘာဝကိုသာ ရိုးရိုးရှင်းရှင်း နားလည်စေလိုခြင်းဖြစ်ပါသည်။
    ၃။ ထိုကိစ္စသည် လူမှုပတ်ဝန်းကျင်စံပေတံနှင်.တိုင်းလျှင် နှာခေါင်းရှုံစရာ။ လူအများကြားတွင် ထုတ်ဖော်ပြောဆိုခြင်းငှာ မသင့်ဟုသော သာမန် လူမှုပြသ၁နာ များထဲမှ တစ်ခုဖြစ်ပါသည်၊ ဆိုလိုသည်မှာ မူးယစ်ဆေးဝါးမှု၊ လူမှောင်ခိုကူးသည်.အမှူများ ကဲ.သို. ပြင်းထန်စွာ ဆိုးရွားနေခြင်းမဟုတ်ပါ။ရှင်းပြရမည်ဆိုလျှင် မူးယစ်ဆေးဝါးမှုသည်တရားဝင်လုံးဝ ခွင်.ပြုရ်ျမရပါ။ အမျိုးသားထုတစ်ရပ်လုံးဧ။်အရေးဖြစ်ပါသည်၊ထိုကိစ္စကို တရားဝင်လိုင်စင်နှင်.ခွင်.ပြုရ်ျရောင်းချခွင်.ပေးပါရန်တောင်းဆိုရ်ျ ရကောင်းသောအရာမဟုတ်ပါ၊လူကြီးမင်းနားလည်နိုင်ပါလိမ်.မည်၊ထို.အတူလူရောင်းလူဝယ်ကိစ္စကိုလည်းတရားဝင်ခွင်.ပြုနိုင်သည်.လုပ်ငန်းကိစ္စဖြစ်သည်ဟု ကမ္ဘာပေါ်ရှိမည် သည်.နိုင်ငံကမှမစဉ်းစားပါ၊အကြောင်းမှာ လက်ခံနိုင်စရာအကြောင်းမရှိသောကြာင်.ဖြစ်ပါလိမ်.မည်၊တစ်နည်းအားဖြင်. သမိုင်းဧ။် အမှောင်ခေတ်ကာလ ပြုမူမှူများကို ပြန်လည်အသက်ဝင်စေမည်ဖြစ်သောကြောင်.ဖြစ်ပါသည်။
    ၅။ပြည်.တန်ဆာခေါ် ဖာ ဟူသည်.ကိစ္စကိုင်တွယ်ရာ တွင် ဧမျှလောက်တော.ရိုးရှင်းမည်မဟုတ်ပါ။ဒါကိုတော.လက်ခံပါသည်။ သို.သောမော်တော်ကားဟူသော စက်တပ်ယာဉ်သည် သာမန် အ၀ိုင်းတပ်ယာဉ် တစ်ခုကို စဉ်းစားရင်းနှင်.ပင် ပိုမိုကောင်းမွန်သော ယာဉ်များဖြစ်လာခဲ.ပါသည်၊ဆိုလိုသည်မှာ စဉ်းစားစရာရှိသည်ကို စဉ်းစားအဖြေထုတ်မှသာ ပြေလည်နိုင်ပါသည်၊ကျွန်တော်တို.ရပ်တန်.ထားရ်ျမရပါ။စက်တပ်ယာဉ် အဖြစ်မရောက်ပဲ ဂွေပဲလှိမ်.နေရပါလိမ်.မည်။ လူကြီးမင်းရော ဂွေပဲလှိမ့်နေ ခြင်ပါသလားစဉ်းစားပေးပါ၊
    ၆။ပြသ၁နာသည် ဖာ ဟုခေါ်လိုင်တုင်းရှက်ရွံရပ်တန်.သွားမည်မဟူတ်သလို။ပြည်.တန်ဆာဟု နာခံသာအောင်ခေါ်ဝေါ်တိုင်းလည်းအတိုင်းအထက်အလွန်မကြီးထွားလာပါ ။လိုင်စင်ဟူသောလုပ်ပိုင်ခွင်.ပေးလိုက်ရုံနှင်.တိုင်းသိပြည်သိ ကမ္ဘာသိစီးပွားရေးကြီးဖြစ်မလာသလို။ နှိမ်.ချ အောက်ကျစွာခေါ်ဝေါ်တိုင်းလည်း ပြသ၁နာသည်ပပြောက်သွားမည်မဟုတ်ပါ။
    ၇။လိုင်စင်ထုတ်ပေးသင်. မပေးသင်.သည် ငါ.အစ်မကလိုင်စင်ရဖာ ကွဟု ပြောမှာကိုစိုးရွံနေရုံနှင်. ၇ပ်တန်.သွားရ်ျမရပါ။ ပြသ၁နာကိုမည်သို.မည်ပုံ ချည်းကပ်ရမည်သာအဓိကဖြစ်သည်။
    မှတ်ပုံတင်ထားခြင်းမရှိသောအရာ တစ်ခုသည် သက်ရှိဖြစ်စေ၊ သက်မဲ.ဖြစ်စေ ။ယာဉ်တစ်စင်းဖြစ်လျှင် လမ်းတစ် လျှောက်ရမ်းကားစွာမောင်းသွားရ်ျထိခိုက်နစ်နာမှုရှိခဲ.လျှင်လည်းမည်သို.မှအရေးယူနိုင်မည်မဟုတ်လို။မှတ်ပုံတင်တိတိကျကျ မရှိသော လူတစ်ရောက်ပြစ်မှူကျူးလွန်းခဲ.လျှင်လည်း လိုက်လံရ်ျအရးယူရသည်မှာလွန်စွာခက်ခဲပါသည်။ ကျွန်တော်တို.ရင်.ကျက်စွာတွေးတောရန်လိုအပ်ပါသည်။
    အသေးစိပ်ဆက်သွယ်လိုပါလျှင်
    ဖုံးနံပါတ် 09-444008079 သို.ဆက်သွယ်နိုင်ပါသည်။
    ReplyDelete
  3. ဒီလိုဆို ဆရာတို့ဟာက မရှိမကောင်း ရှိမကောင်းကြီးပေါ့ . . . .
    ReplyDelete
  4. အရမ်းကောင်းတယ်။ ဆက်ရေးပါ၊အားပေးမယ်။
    ReplyDelete
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...