Friday, December 28, 2012

ပေါတာ အပြစ်လား


by မင်းလူ၏ ၀တ္တုတိုများ on Friday, December 28, 2012 at 3:23am ·


၁၂၊ ဇူလိုင် ၂၀၀၉ မနက်က သမ္မတရုံမှာ ကျွန်တော့်ဝတ္ထုကို ဒါရိုက်တာချိုတူးဇော်ရိုက်ကူးသော အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်းမရှိစေရ ရုပ်ရှင်ဇာတ်ကားအထူးပွဲပြသခဲ့သည်။ ရုပ်ရှင်ပြီးတော့ စင်ထရယ် ဟိုတယ်မှာ စာနယ်ဇင်းဧည့်ခံပွဲလေးကျင်းပသည်။

    ထိုပွဲတွင် ဆရာဝင်းငြိမ်း၊ ဆရာမောင်စိမ်းနီနှင့် ဆရာကြည်စိုးထွန်းတို့က အမှာစကား ပြောကြားပေးသည်။ ဆရာများက ဒီဇာတ်ကားမှာ အတင်းကလိထိုးခြင်းနှင့် ချက်အောက်ပိုင်းပြက်လုံးများ မပါဘဲ သဘာဝကျသော ဟာသများသာပါဝင်သောကြောင့် ကြည့်ပျော်ကြောင်း အဆင့်ရှိကြောင်း ပြောကြသည်။ ထို့ကြောင့် ကျေနပ်ဝမ်းနည်းကျေးဇူးတင်ရပါသည်။
    သွားလေးဖြဲပြီး လိုက်မျက်နှာချိုသွေးနေရှာသော ချိုတူးဇော်နှင့် မျက်လွှာလေးချပြီး အပိုးကျိုးကျိုး ခပ်ကုပ်ကုပ်ကလေးထိုင်နေသော ကျွန်တော့်ကို သနားသောအားဖြင့် ဖေးဖေးမမပြောပေးကြတာလားတော့ မသိ။ (ဘာပဲဖြစ်ဖြစ် ဒီရုပ်ရှင်ကားလေးဟာ ထင်သလောက် မပေါကြောင်းကိုတော့ အာမခံပါသည်)

                ☼ ☼ ☼ ☼ ☼

    အိမ်အပြန်လမ်းမှာ ကျွန်တော့်အတွက် တွေးစရာတစ်ခုပါလာသည်။
    "ပေါတယ်" ဆိုတာ ဘာလဲ။ များတာကို ပြောတာပေါ့။ "ပေါများတယ်"ဆိုတဲ့စကားတောင် ရှိသေးသည်။ ကျောက်ခဲသလဲလိုပဲ ပေါလွန်းတော့ တန်ဖိုးမရှိဘူးပေါ့။ စိန်တို့၊ ပတ္တမြားတို့ကျတော့ ရှားပါးပစ္စည်းမို့ အဖိုးတန်တယ်လေ။
    သို့ရာတွင် ရှားတိုင်းတန်ဖိုးရှိတာတော့မဟုတ်။ လွယ်လွယ် ဥပမာပေးရလျှင် ကမ္ဘာပေါ်မှာ လူတစ်သန်းမှာ တစ်ယောက်သာဖြစ်တတ်သော ရှားရှားပါးပါးရောဂါဖြစ်ခွင့်ရတယ်ဆိုပြီး ဂုဏ်ယူလို့ ကောင်းပါ့မလား။
    ဒီသဘောအတိုင်းပါပဲ။ အောက်ဆီဂျင်ဆိုတာ ကမ္ဘာပေါ်တွင် အပေါများဆုံးဓာတ်ငွေ့တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်၏။ သက်ရှိသတ္တ၀ါတွေအားလုံး ၀ိုင်းရှူကြတာတောင် မကုန်နိုင်။ မခမ်းနိုင်။ အလွယ်တကူ အမြဲရနေလို့ရှိမှန်းတောင် သတိမရကြ။
    သို့တိုင်အောင် ထိုအောက်ဆီဂျင်ကိုပဲ ဘူးထဲ၊ ဆလင်ဒါအိုးထဲထည့်လိုက်တဲ့အခါ ဘယ်လောက် တန်ဖိုးကြီးသွားကြောင်း ရှူဖူးသူတိုင်းသိပါသည်။
    ကျွန်တော်တို့ဆရာတစ်ယောက်သည် အဆုတ်နှင့်ပတ်သက်သောရောဂါကြောင့် အိပ်ရာထဲ လဲနေခဲ့သည်။ အခြေအနေက မကောင်းသဖြင့် အောက်ဆီဂျင်ပေးထားရသည်။ ဒီကြားထဲကတောင် အသက်ရှူလို့မ၀ဘဲ ဖြစ်နေ၏။ သူ ဆုံးခါနီးတော့ ဘေးမှာစောင့်နေသော တပည့်လေးကို
    "ငါ့ကို အောက်ဆီဂျင်နည်းနည်းလောက် ပိုပေးပါလားကွာ"
    ဟု တောင်းပန်ရှာသည် ဆို၏။
    တကယ်တော့ အောက်ဆီဂျင်ဆိုတာ လေထဲမှာသာမဟုတ် ရေထဲမှာလည်းရှိသည်။ ရေကိုယ်၌က ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ရောထားသော ဒြပ်ပေါင်းဖြစ်၏။ သို့ရာတွင် အောက်ဆီဂျင်ကို လူက တိုက်ရိုက် မရှူနိုင်။ ရင်နာဖို့ကောင်းတာကတော့ လူတွေ ရေနစ်တယ်ဆိုတာ အောက်ဆီဂျင်တွေကြားမှာပဲ အသက်ရှူကျပ်ပြီး သေကြရခြင်းဖြစ်၏။ အောက်ဆီဂျင်နစ်တာလို့တောင် ပြောနိုင်သည်။
    ဟိုတစ်နေ့က ဆရာတင်လှဝင်းထင်(ပန်းချီ)နှင့်တွေ့သည်။ သူ ကျွန်တော့်ကိုပြောခဲ့သော စကားလေး တစ်ခွန်းကလည်း တွေးတောစရာ၊ ဆင်ခြင်စရာကောင်းလှသည်။
    "ရေမွှေးဆိုတာ ဆွတ်ရုံကလေးဆွတ်ရတာကွ။ ပုလင်းလိုက် လောင်းချလိုက်ရင် တန်ဖိုးမရှိတော့ဘူး။ ရေမွှေးပေါကြီးဖြစ်သွားပြီ"

                ☼ ☼ ☼ ☼ ☼

    မြန်မာဟာသ၀တ္ထုတွေ၊ မြန်မာရုပ်ရှင်ကားတွေဟာ ပေါတောတောနိုင်တယ်ဟု အဝေဖန်ခံကြရသည်။ (တကယ်လည်း ပေါကြပါပေသည်။) ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်က ဟာသလေးတွေ ရေးတတ်သူဖြစ်သောကြောင့် ဘ၀တူတွေအတွက် တတ်နိုင်သမျှ ခုခံချေပကြည့်ပါဦးမည်။ တကယ်တော့ မြန်မာဇာတ်ကားတွေသာမဟုတ်။ နိုင်ငံခြားကားတွေလည်း ပေါကြတာပါပဲ။ ဂန္ထ၀င်ဟုဆိုသော ချာလီချက်ပလင်၊ လူရှုပ်ကြီး သုံးဦး၊ နော်မန်ဝစ္စဒမ်၊ ဂျယ်ရီလူးဝစ္စ၊ ဘော့ဟုပ်တို့အပြင် အခုနောက်ပိုင်း နာမည်ကြီးနေသော ဂျင်ကာရေးအထိ အထိုက်အလျောက်တော့ ပေါကြပါသည်။ ကိုရီးယားတို့၊ တရုတ်တို့ဆိုလျှင် မြန်မာလူရွှင်တော်တွေထက်တောင် ပိုပြီးပေါကြသေးသည်။
    ပြီးတော့ မြန်မားမဂ္ဂဇင်းနယ်ပယ်၌ သက်တမ်းအရှည်ကြာဆုံးနှင့် လူကြိုက်အများဆုံးပင်တိုင်ကဏ္ဍမှာ ဆရာကြပ်ကလေး၏ "စာပေါလောက"ပဲမဟုတ်လား။
    သေသေချာချာစဉ်းစားကြည့်လျှင် ၀တ္ထုတွေ၊ ရုပ်ရှင်တွေထဲမှာမှမဟုတ် တကယ့်လက်တွေ့ အပြင် လောကမှာလည်း တစ်မျိုးမဟုတ်တစ်မျိုးပေါနေကြတာပဲလေ။ ကျွန်တော့်ဝတ္ထုတစ်ပုဒ်ထဲမှာ "လူတွေဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပေါနေကြတာပဲနော်"ဟု ထည့်ရေးဖူးသည်။ အပြင်ပန်းမှာ ရုပ်တည်ကြီးနဲ့ လူမသိ သူမသိ ကျိတ်ပြီးပေါနေတာထက်စာရင် ပွင့်ပွင့်လင်းလင်း "ငပေါဘွဲ့"ခံယူထားတာက ပိုပြီးရိုးသားသည်ထင်တာပဲ။

                ☼ ☼ ☼ ☼ ☼

    ဆရာကြီးရွှေဥဒေါင်း၏ စုံထောက်ဦးစံရှားဝတ္ထုထဲက အကြောင်းအရာတစ်ခုကို သွားသတိရမိ၏။ ဦးစံရှားနှင့် ဦးသိန်းမောင်တို့ စတင်သိကျွမ်းကြပြီး အခန်းတစ်ခန်းကို စပ်တူငှားနေဖို့ဖြစ်လာသည်။ အတူနေကြမယ်ဆိုတော့ တစ်ယောက်အကြောင်း တစ်ယောက်သိဖို့လိုလာသည်။ အကျင့်ဆိုးရှိလျှင်လည်း သည်းခံနိုင်၊ မခံနိုင် ညှိနှိုင်းရမည်။ ထို့ကြောင့် ကိုယ့်အပြစ်တွေကို အပြန်အလှန်ဖွင့်ဟ၀န်ခံကြဖို့ သဘောတူကြသည်။ (ဒီလိုဆွေးနွေးမှုမျိုးမှာ အတုယူသင့်သည်ဟုထင်၏)
    ဦးသိန်းမောင်က မိမိသည် ဆေးပြင်းလိပ်သောက်တတ်ကြောင်း၊ အိပ်ရာက စောစောမထချင်ကြောင်း၊ ဆူသံပူသံကို မခံနိုင်ကြောင်း၊ ပြီးတော့ အပျင်းလည်း အလွန်ထူတတ်ကြောင်း ပြောသောအခါ ဦးစံရှားက..
    "ပျင်းတာ အပြစ်တစ်ခု ဟုတ်မထင်ပေါင်ဗျာ"
    ဟု ပြန်ပြောလေသည်။
    မူရင်း ရှားလော့ဟုမ်းဝတ္ထုထဲမှာလည်း ဒီအတိုင်းပါလို့လား၊ ဆရာကြီးရဲ့ ကိုယ်ပိုင်အတွေးအခေါ်ကို ကြုံတုန်းထည့်ရေးလိုက်တာပဲလားတော့မသိ။ တွေးကြည့်တော့ သူပြောတာလည်း ဟုတ်တုတ်တုတ်ပဲ။ ပျင်းတယ်ဆိုတာ ရာဇ၀တ်မှုမြောက်တာလည်းမဟုတ်။ သူတစ်ပါးအပေါ် ယုတ်ယုတ်မာမာကြံစည်တာလည်း မဟုတ်။ အများပြည်သူကို အနှောင့်အယှက်ပေးတာလည်းမဟုတ်ပါပဲကိုး။
    ထို့ကြောင့် ကျွန်တော်ကလည်း သံယောင်လိုက်ပြီး
    "ပေါတာ အပြစ်တစ်ခု ဟုတ် မထင်ပေါင်ဗျာ"
    ဟု ဆင်ခြေပေးရကောင်းမလားလို့။
    ခုလို ဆိုလိုက်တဲ့အတွက်
    "အို...အချင်းတို့၊ စိတ်ရှိလက်ရှိ ပေါကြကုန်လော့"
    ဟု မြှောက်ပေးခြင်း၊ ညာသံပေးခြင်းတော့မဟုတ်ရပါ။ ကျွန်တော်တို့မှာ အရေးတကြီးသတိပြုရန် အချက်တစ်ချက်ရှိနေသည်။ ပရိသတ်အပေါ်သစ္စာရှိဖို့ပဲဖြစ်၏။ သူတို့မှာ ဒီပေါတောတောတွေကိုတောင် အလကားရတာမဟုတ်။ တန်ရာတန်ဖိုးပေးပြီး ဖတ်ကြ၊ ကြည့်ကြရတာ။ ထို့ကြောင့် အနုပညာသမားတွေ အနေနဲ့လည်း စေတနာထားပြီး ထိုက်ထိုက်တန်တန်ပေါကြရင် ကောင်းမယ်ထင်တာပဲ။
    အောက်ဆီဂျင်လိုပေါ့။


---------------------

မင်းလူ
အမှတ် (၅၆၆)၊
၁၀-၉-၂၀၀၉
အလင်းတန်းဂျာနယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...