မမေ့နိုင်စရာ Christmas နေ့လေး တစ်နေ့.............................
by Ei Khine Soe Zin on Wednesday, December 26, 2012 at 8:21pm ·
25th Dec, 2012 09:00 AM
Kalaw
ကလောမြို့လေးရဲ့ ချမ်းအေးတဲ့ Christmas မနက်ခင်းမှာ မမျှော်လင့်တဲ့ သတင်းတစ်ခုကို ကြားလိုက်ရတယ်။ Air Bagan လေယာဉ်တစ်စင်း ဟဲဟိုးကွင်းမှာ ပျက်ကျလို့တဲ့။ ရုတ်တရက်စိတ်ပူသွားပြီး ဟိုဖုန်းဆက်၊ ဒီဖုန်းဆက်လုပ်ပေမဲ့ သတင်းတွေက ဘာမှ ရေရေရာရာမရှိ။ ပါလာသမျှခရီးသည်တွေ အားလုံးသေသွားပြီလို့ ပြောတဲ့သူကပြော၊ တစ်ဝက်ပဲဆင်းလိုက်နိုင်တယ်လို့ ဆိုတဲ့သူကဆို။
အချို့ကလည်း Crew ၂ ယောက်ပိတ်မိနေတယ်။ ခုထိရှာမတွေ့သေးဘူးတဲ့။ နောက်မှာနေတဲ့ CA2 နဲ့ CA4 ကိုရုတ်တရက်ပြေးမြင်ရင်း စိတ်တွေလေးသွားမိတယ်။ ဒါပေမဲ့လည်း တခုခုဖြစ်ရင် ဒီလိုပဲ ဟုတ်တာတွေရော မဟုတ်တာတွေရော ဖောဖောသီသီ ကြားရတတ်ပါတယ်လေို့ ကြိုးစားပြီး စိတ်ဖြေလိုက်ပေမဲ့ နိုင်ငခြား Airline တစ်ခုက လေယာဉ်ပျက်ကျအပြီး ချက်ချင်း Evacuate မလုပ်မိလို့ တစ်စီးလုံး ၄ မိနစ်အတွင်း အသက်ရှူကြပ်ပြီး သေဆုံးသွားခဲ့ရတဲ့ အဖြစ်ကို သွာသတိရပြန်တော့ မဖြစ်နိုင်တာမရှိဘူးလို့ တွေးမိပြန်တယ်။ ကလောနဲ့ ဟဲဟိုးသိပ်မဝေးတဲ့အပြင် ခရီးသည်တွေနဲ့လေယာဉ်အဖွဲ့သားတွေ ဘေးကင်းရဲ့လားသိချင်နေတာကြောင့် သွားဖို့ဆုံးဖြတ်လိုက်တယ်။ လမ်းတလျောက်မှာ ၀င်လာသမျှ ဖုန်းတွေရဲ့ သတင်းကတော့ ဖြစ်နိုင်တာတွေရော မဖြစ်နိုင်တာတွေရော အစုံပါပဲ။
ဒီလိုနဲ့ လေဆိပ်နားရောက်ခါနီး လမ်းဘေးတစ်နေရာမှာ ပြတ်နေတဲ့ Cableကြိုးတွေ၊ မြေကြီးပေါ်လဲကျနေတဲ့ ဓါတ်တိုင်၊ ထက်ပိုင်းကျိုးနေတဲ့ သြရေးရှားပင်နှစ်ပင်နဲ့ ပြတ်ကျန်ခဲ့တဲ့ လေယာဉ်တောင်ပံတစ်ဖက်ကို တွေ့လိုက်ရတော့ ဒီနားပဲ ဖြစ်မှာပဲဆိုပြီး ကားရပ်၊ ဆင်းကြည့်ကြတယ်။ လမ်းရဲ့ခပ်ဝေးဝေးကွင်းပြင်ထဲမှာ မီးခိုးတွေအူထွက်နေတဲ့ လေယာဉ်နဲ့ အပျက်အစီးတွေ၊ မီးသတ်ကားတွေနဲ့ လူတွေစုပြုံနေတာတွေ့ရတယ်။ တစ်စစီပေါက်ကွဲထွက်ထားတဲ့ လေယာဉ်အခြေအနေကို မြင်လိုက်တာနဲ့ ဒီတစ်ခါတော့ သွားပြီလို့ တွေးလိုက်မိတယ်။ မြင်ရတဲ့မြင်ကွင်းက မျှော်လင့်ထားတာထက်ကို တော်တော်ကြီးဆိုးနေခဲ့တယ်။ စောစောက အားလုံးသေသွားပြီဆိုတဲ့ သတင်းက မှန်များမှန်နေပြီလားလို့တောင် တွေးလိုက်မိပါသေးတယ်။ ကြာကြာတွေးမနေနိုင်တော့ဘဲ ခရီးသည်တွေနဲ့ Crew တွေ ဘာများဖြစ်ကုန်ကြပြီလဲ သိချင်ဇောနဲ့ ကားပေါ်ပြန်တက်၊ လေဆိပ်ထဲအမြင်ဝင်ပြီး Air Bagan ကောင်တာမှာ သွားမေးဖြစ်တယ်။ ဒီလိုအခြေအနေမှာ ၀န်ထမ်းတွေအားလုံးလည်း ပျားပန်းခတ် အလုပ်ရှုပ်နေကြတယ်။ ၀န်ထမ်းတစ်ယောက်ညွှန်ပြလိုက်တဲ့ Crew တွေ နားနေတဲ့ ရုံးခန်းလေးထဲကို စိတ်ထဲ တစ်ထိတ်ထိတ်နဲ့ လိုက်သာသွားရတယ်။ သူတို့တွေကို ဘယ်လိုပုံနဲ့များ မြင်ရမလဲ၊ လူစုံရောရှိပါဦးမလား။ ခရီးသည်တွေရဲ့ အခြေအနေကရော။ ဒီလိုစိုးရိမ်စိတ်တွေနဲ့သွားလိုက်တာ Crew ၄ ယောက်ကို မကျိုးမပဲ့ အကောင်းအတိုင်းတွေ့ရမှပဲ ပူနေတဲ့စိတ်တွေ တစ်ထစ်လျော့သွားတယ်။ Crew ၂ယောက်ပိတ်မိနေတယ်ဆိုတဲ့ သတင်းမဟုတ်ပါစေနဲ့လို့ဆုတောင်းတာ ပြည့်သွားပြီပေါ့လေ။ ဒီလို Crew ၄ယောက် အသက်နဲ့ကိုယ် တွဲလျက်ရှိနေသရွေ့တော့ ခရီးသည်တွေကိုလည်း တတ်နိုင်သမျှ များများကယ်ထုတ်ခဲ့မှာပဲလို့ တွေးလိုက်တယ်။ ဒါပေမဲ့ ဘယ်လောက်အတိုင်းအတာအထိ အောင်မြင်တဲ့ Evacuation လဲ။ ခုဏကတွေ့ခဲ့တဲ့ လေယာဉ်အခြေအနေကို ပြန်မြင်ယောင်မိတော့ အားတောင်ပြန်ပြတ်သွားသလိုပါပဲ။ ဒါကြောင့် Senior အကျဆုံး Crew ကို "အစ်မ ခရီးသည်တွေရောလို့ " ကသောကမျော မေးမိတယ်။ သူကခရီးသည်တွေရော Crew တွေပါ လေယာဉ်မပေါက်ကွဲခင် ဆင်းလိုက်နိုင်တဲ့အကြောင်းပြောမှ သက်ပြင်းချနိုင်တော့တယ်။ တော်သေးတာပေါ့။ တဖက်ကလည်း တကယ့်ကို မယုံနိုင်စရာ။ ဒီလောက်ဆိုးတဲ့အခြေအနေကို ဘယ်လိုများ။ အစကတော့ ဒီထိတ်လန့်စရာအဖြစ်အပျက်အကြောင်းကို အခုလိုအချိန်မျိုးမှာ ဂဃနဏကြီး လိုက်မမေးသင့်ဘူးလို့ ကိုယ့်ကိုယ်ကို ethic အရ သတိပေးထားပေမဲ့ သိချင်နေတာက တစ်ကြောင်း၊ သူတို့အမူအရာက ကြောက်လန့်တုန်လှုပ်ခြင်း သွေးပျက်ခြင်း စိုးစဉ်းမျှမပေါ်ဘဲ ကိုယ့်တာဝန်ကိုယ် အစွမ်းကုန်ကျေပွန်အောင် ကြိုးစားအပြီး လက်လွှဲတာဝန်ယူသူတွေ ရောက်လာမှ အနားယူနေဟန်သာပေါက်နေတာက တစ်ကြောင်းကြောင့် ဒီ accident အကြောင်း ဆက်မေးဖြစ်တယ်။
ဘာကြောင့်ဖြစ်ရသလဲဆိုတာကတော့ ထင်တာ၊ မြင်တာနဲကတင် ကောက်ချက်ချလို့ မဖြစ်နိုင်တာရယ်၊ DCA နဲ့ ကျွမ်းကျင်တဲ့ Aviation မှ ပညာရှင်တွေကိုယ်တိုင် စေ့စေ့စပ်စပ်သုံးသပ်ပြီးမှသာ မှန်ကန်တဲ့ အဖြေတစ်ခုထွက်နိုင်တာရယ်ကြောင့် အရေးကြီးတဲ့ result ဖြစ်တဲ့ ခရီးသည်တွေနဲ့အတူ ဘယ်လိုရုန်းခဲ့ကြသလဲ ဆိုတာသာ မေးဖြစ်ပါတယ်။ Crew တွေက လေယာဉ် Complete Stop မဖြစ်ခင်မှာပဲ မီးလျှံတွေ စတင်မြင်နေရကြောင်း၊ Complete Stop ဖြစ်ဖြစ်ချင်း လေယာဉ်ထဲမှာ မီးခိုးတွေနဲ့ Suffocate မဖြစ်ခင် ရှေ့တံခါး ၂ ပေါက်ကို ပြေးဖွင့်ပုံ၊ အလယ်တောင်ပံနားမှာထိုင်တဲ့ ခရီးသည်တစ်ယောက်ကို မတားလိုက်နိုင်ခင်မှာပဲ သူက Emergency Exit ကိုဖွင့်လိုက်တော့ မီးလျံတွေ၊ မီးခိုးလုံးမည်းတွေ လေယာဉ်ထဲဝင်လာပုံ၊ တစ်ပေအကွာလောက်ကိုတောင် မမြင်ရလောက်အောင် မီးခိုးတွေနဲ့ ပြည့်နှက်နေပြီး အသက်လည်း မရှူနိုင်၊ မျက်စိတွေ ကျိန်းစပ်ပြာဝေ၊ ခေါင်းတွေမူးနောက်နေပေမဲ့ ရှိသမျှအင်အားနဲ့ တကြော်ကြော် အော်ဟစ်သတိပေးရင်း၊ မည်းမည်းမြင်ရာဆွဲခေါ်ရင်း၊ ခရီးသည်တွေ မီးလျှံထဲကို ခုံမချမိအောင် Exit မှန်ကို တွန်းပို့ရင်း၊ ခရီးသည်အားလုံးကုန်ပြီလို့ ယူဆမှ သူတို့တွေ အမြန်ဆင်းလာခဲ့တဲ့အကြောင်း ပြောပြကြပါတယ်။ ၉၀ စက္ကန့်အတွင်းမှ မဆင်းနိုင်ရင် ဒီလိုအရှိန်နဲ့လေယာဉ်ဟာ ပြင်းပြင်းထန်ထန်မီးလောင်ပေါက်ကွဲတတ်တယ်ဆိုတာ Well-trained ဖြစ်တဲ့ သူတို့အားလုံး ကောင်းကောင်းသဘောပေါက်ပြီးသားလေ။ အောက်ရောက်တော့လဲ နားမနေအားပဲ ခရီးသည်တွေကိုရော၊ ဘေးက ဘုမသိဘမသိ ပွဲကြည့်သလို ငေးကြည့်နေတဲ့လူတွေကိုရော ဝေးဝေးကိုပြေးဖို့ အသံကုန်အော်ဟစ်သတိပေးရင်း ကွင်းထဲမှာ ပြေးလွှားနေမိတာ အခုပြန်စဉ်းစားကြည့်တော့ အရူးကြီးတွေကျနေတာပဲလို့ ခုမှတွေးပြီးရှက်သယောင် ပြန်ပြောပြတယ်။ တကယ်တော့ ဒီလျှင်မြန်တဲ့ အပြုအမူတွေက လူတွေကို ကယ်ခဲ့တာပါ။ ၂ မိနစ်တောင် မပြည့်တဲ့ ဒီအချိန်လေးအတွင်းမှာ ခရီးသည်တွေကို ရအောင် Evacuate လုပ်ခဲ့နိုင်တဲ့ Crew တွေရဲ့ အရည်အချင်း၊ သူတို့ရဲ့ တစ်ကိုယ်ကောင်းမဆန်ဘဲ တာဝန်သိတတ်တဲ့စိတ်ဓါတ်နဲ့ သတ္တိကို စိတ်ထဲက အဖန်ဖန်ချီးကျူးနေမိပါတယ်။ အတွေ့အကြုံအရင့်ဆုံး CA1 ကနေ အနုဆုံး CA4 အထိ တစ်ချက်မှ သွေးမကြောင်ဘဲ၊ အသိတစ်ချက်မလွတ်ဘဲ၊ Team Work ရှိရှိ ပူးပေါင်းပြီး မြန်မြန်ဆန်ဆန်ဆောင်ရွက်ခဲ့ကြတဲ့ သူတို့တွေအတွက် အရမ်းလည်း ဂုဏ်ယူမိပါတယ်။
ခရီးသည်တွေကလည်း သူတို့ကို ကူညီကြောင်းပြောပါတယ်။ Captain နှစ်ယောက်ကတော့ ဆေးရုံတင်ထားလို့ စကားမပြောခဲ့ရဘူး။ Captain တွေအပါအ၀င် စုစုပေါင်း ၁၁ ယောက်ဆေးရုံတင်လိုက်ရသတဲ့။ အဲ့ဒီထဲက တစ်ယောက်က လေယာဉ်စီးခရီးသည်မဟုတ်ဘဲ Emergency Landing ဖြစ်တဲ့လမ်းမှာ ကံဆိုးစွာ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသားတစ်ယောက်တဲ့။ ဒဏ်ရာရသူတွေအားလုံး ဘေးကင်းကင်းနဲ့ ဆေးရုံဆင်းလာနိုင်ဖို့ကိုပဲ လှိုက်လှိုက်လှဲလှဲဆုတောင်းရင်း ထိုင်စောင့်နေကြတယ်။
အဲ့ဒီအချိန်မှာပဲ Passenger List နဲ့ အသက်ရှင်သူ စားရင်းကိုက်ကြည့်နေတဲ့ Traffic က တာဝန်ရှိသူတစ်ဦးက ဧည့်လမ်းညွှန်တစ်ယောက်ပျောက်နေတဲ့အကြောင်းပြောလာတယ်။ လေယာဉ်နားသွားကြည့်တဲ့ သူတစ်ယောက်ကလည်း ကလေးတစ်ယောက်ရဲ့အလောင်းကို လေယာဉ်ပေါ်တွေ့သတဲ့။ အားလုံး လွတ်သွားပြီလို့ထင်ပြီး နေ နေရာက ဒီလိုသတင်းကြားတော့ လှုပ်လှုပ်ရှားရှားပြန်ဖြစ်ရပြန်ရော။ လေယာဉ်ပေါ်က နောက်ဆုံးဆင်းခဲ့တဲ့ Crew တွေထဲက တစ်ယောက်ဖြစ်တဲ့ Section Leader ဆို မျက်ရည်တွေဝေ့တက်လာတဲ့အထိ စိတ်မကောင်းဖြစ်သွားတာ တွေ့လိုက်ရတယ်။ ဟင် လေယာဉ်ပေါ်တကယ်ကျန်ခဲ့တာလား။ အဲဒီလိုသာဆို သမီးတစ်သက်လုံး ဖြေလို့ရမှာ မဟုတ်တော့ဘူး။ ခရီးသည်တွေအားလုံး ကုန်သွားပြီထင်လို့ ဆင်းခဲ့တာပါ လို့ဝမ်းနည်းပမ်းနည်း ရေရွတ်ပါတယ်။ အဲဒီမှာ Purser ဖြစ်တဲ့ Crew က တော်ပြီ တော်ပြီ ဒီလို ကိုယ့်ကိုယ်ကို တစ်သက်လုံး စိတ်ဒုက္ခရောက်စေမဲ့ အတွေ့မျိုး မတွေးပါနဲ့။ အစ်မတို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ကြတာပဲ။ ပြီးတော့ လေယာဉ်တစ်ခုလုံးက ချက်ချင်းမီးခိုးမည်းတွေနဲ့ ပိန်းပိတ်အောင် မှောင်နေခဲ့တာကိုးလို့ ၀င်ပြောတယ်။ အားလုံးကလည်း ဟုတ်ပါတ.်။ ပြီးတော့ ဒါကလည်း မသေချာသေးပါဘူးဆိုပြီး စောင့်ကြည့်ဖို့နဲ့ စိတ်အေးအေးထားဖို့ ပြောရတယ်။ ဒါပေမဲ့လည်း မီးတွေဟပ်ထားတဲ့ ဆံပင်တွေ၊ စုတ်ပြတ်ကုန်တဲ့ Stocking တွေကို မပြုပြင် အားပဲ ပျောက်ဆုံးနေတဲ့ ခရီးသည်သတင်းကိုပဲ နားစွင့်နေကြတယ်။
အဲဒီနောက်တော့ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဟိုတယ်နဲ့ခရီးသွားလာရေးဝန်ကြီးနဲ့ ရှမ်းပြည်နယ် ၀န်ကြီးချုပ်တို့ လာပြီး စစ်ဆေးတဲ့အပြင် ဌာနအသီးသီးက အကူအညီတွေလည်း ရရှိတယ်လို့ သိရပါတယ်။ Air Bagan ရဲ့ Chairman ၊ Vice Chairman၊ MD နဲ့ ရုံးက အဖွဲ့တွေအားလုံးလည်း ရောက်လာပြီး ဆေးရုံကိစ္စတွေ၊ ခရီးသည်တွေအတွက် နေရာထိုင်ခင်းကိစ္စတွေ၊ ရန်ကုန်ပြန်ပို့ရေးတွေ၊ ကိုယ့်နိုင်ငံကိုယ်ပြန်နိုင်ဖို့ ကိစ္စတွေကို သူတို့တွေ မနားတမ်း စီစဉ်နေကြတယ်။ American ခရီးသည် ၂ ဦးကိုတော့ သံရုံးရဲ့တောင်းဆိုချက်အရ ဘန်ကောက်ကိုပို့ပေးလိုက်တယ်လို့လည်း သိရတယ်။ အားလုံး စုံစုံလင်လင်ရောက်လာပြီး စီစဉ်စရာရှိတာတွေ စီစဉ်နေပြီမို့ ၂း၃၀ pm လောက်မှာ ပြန်လာဖြစ်တယ်။ အပြန်လမ်းမှာ လေယာဉ်ကို ၀င်ကြည့်မိသေးတယ်။ တောင်ပံတခြား၊ အင်ဂျင်တခြား၊ ခေါင်းပိုင်းတခြား၊ အမြီးပိုင်းတခြား ပေါက်ကွဲလွင့်စင်ထားတဲ့ မီးလောင်လေယာဉ်အပိုင်းအစတွေကြား လျှောက်ရင်း ဒီလောက် အန္တရာယ်ကြီးမားတဲ့ Accident ကနေ အသေအပျောက် နည်းနည်းနဲ့ အောင်အောင်မြင်မြင် Evacuate လုပ်နိုင်ခဲ့တဲ့ လေယာဉ်အဖွဲ့သားများအားလုံးနဲ့ အကူအညီပေးခဲ့သူတွေ အားလုံးကို ကျေးဇူးတင်မိတယ်။ DCA မှ တာဝန်ရှိသူတွေ၊ အခြားလေကြောင်းလိုင်းက Captain အချို့ နဲ့ ခရီးသည်အချို့ကလည်း လာရောက်ချီးကျူးပြီး ကျေးဇူးတင်စကားတွေ လာပြောကြတယ်လို့လည်း သိရတယ်။ ဒီလိုအခြေအနေမျိုးမှာ Successful Evacuation လုပ်နိုင်ဖို့ ခက်ခဲကြောင်း နားလည်သူတွေက တကယ်ကို Appreciate လုပ်ခဲ့ကြပါတယ်။ အပြန်ခရီးမှာတော့ ဒီနှစ် Christmas မှာ ဒီလိုကြေကွဲစရာ လေယာဉ်ပျက်ကျခဲ့ပေမဲ့ အဆိုးထဲက အကောင်းဆိုသလို အသေအပျောက် နည်းခဲ့တာကိုပဲတွေးပြီး ဖြေသိမ့်မိတယ်။ ကံဆိုးစွာနဲ့ ဒီ Accident ထဲရောက်သွားတဲ့ ဆိုင်ကယ်သမားနဲ့ ပျောက်ဆုံးနေသေးတဲ့ ခရီးသည်အချို့အတွက်ကိုတော့ အကောင်းဆုံး ဆုတောင်းပေးရင်း………………………………………..
25th Dec, 2012
04:00 PM
Broken pieces of the burnt aircraft
0 comments:
Post a Comment