အလံကို ခြေနှင့်နင်းကြသူများ
by ဒေါက်တာလွှမ်းမိုးဟန်(Dr Hlwan Moe Han) on Monday, December 31, 2012 at 12:39am ·
သည်ကနေ့ သက္ကရာဇ် ၂၀၁၂ခုနှစ်ရဲ့ နောက်ဆုံးနေ့ရက်တစ်ရက်ဖြစ်တဲ့ ၃၁ရက်နေ့မှာ မနက်စောစော ဆေးရုံကိုထွက်လာတော့ မီးရထားပေါ်မှာ ဖေ့ဘုတ်ကို ဖွင့်ကြည့်မိပါတယ်။ စမြင်လိုက်တဲ့ ပုံက အတော့်ကို ကျက်သရေမရှိ၊ စိတ်ပျက်ဖွယ် ပုံဖြစ်နေပါတယ်။ မြန်မာနိုင်ငံတော်အလံကို ၀ိုင်းပြီး နင်းခြေနေကြတဲ့ ခြေထောက်တွေကို ရိုက်ထားတဲ့ပုံ။
သေချာတယ်သည်ပုံကတော့ ၂၀၁၂ခုနှစ်ရဲ့ ကျက်သရေမရှိဆုံးပုံထဲမှာ နောက်ဆုံးကနေကပ်ပြီး ပန်းဝင်သွားပြီပေါ့။
ဘင်္ဂါလီတွေ ပြသနာ၊အိုအိုင်စီ ပြသနာတုန်းက မြန်မာနိုင်ငံအလံကို တိုင်းတပါးမှာ တိုင်းတပါးသားတွေက မီးနဲ့ရှို့၊ဖျက်ဆီးခဲ့ကြတဲ့ပုံတွေ မြင်ခဲ့ရဖူးတယ်။ ဒါဟာလည်း ကိုယ့်တိုင်းပြည်ကို တိုင်းတပါးသားက စော်ကားခြင်းတစ်မျိုးပါပဲ။ ပိုပြီးစိတ်ပျက်ဖွယ်ကောင်းတာက မြန်မာပြည်ထဲက မြန်မာတိုင်းရင်းသားလူငယ်တွေက ကိုယ့်ကိုစော်ကားထားတဲ့ပုံကို ဘာအဓိပ္ပာယ်သက်ရောက်သွားမှန်း မသိပဲ အင်တာနက်ပေါ်မှာ Share နေကြတဲ့ လုပ်ရပ်ပါ။
အီရတ်နိုင်ငံလိဲု့ တိုင်းပြည်များမှာဆိုရင် နိုင်ငံတော်အလံထဲမှာကို သာသနာ့တံဆိပ်ပါနေတာမို့လို့ နိုင်ငံတော်အလံကို ဖျက်ဆီး၊စော်ကားတာဟာနိုင်ငံရေးပြစ်မှုသာမကပဲ ဘာသာတရားကိုပါ စော်ကားရာ ရောက်တယ်လို့ သတ်မှတ်ထားပါတယ်။ သည်တော့အပြစ်ပိုကြီးတယ်ဆိုရမှာပေါ့။ လူမြင်ကွင်းမှာ အ၀တ်တွေဆွဲချွတ်ပြီး ခဲနဲ့ဝိုင်းပစ်ခံရမလား။ လည်မျိုကို အရှင်လတ်လတ်လည်လှီးခံရမလား ကြိုက်တာရွေး လို့ရပါတယ်။ ဘယ်ဟာမှတော့ အရသာမရှိဘူးပေါ့လေ။
ကောင်းပြီ။နိုင်ငံတစ်နိုင်ငံရဲ့ အလံကို ဘယ်လိုအပြုအမူတွေနဲ့ ပြုမူရင် စော်ကားတယ်ခေါ်ပါသလဲ။လေ့လာကြည့်ရအောင်။ အလံကို မီးနဲ့ရှို့မယ်၊မစင်တွေနဲ့ ပက်မယ်၊ အလံပေါ်မှာ လမ်းလျှောက်မယ်၊အလံကို ချိတ်ဆွဲပြီး ခဲနဲ့ပစ်မယ်၊ တံတွေးနဲ့ထွေးမယ်၊ သေနတ်နဲ့ ပစ်မယ်စတာတွေက နိုင်ငံတကာမှာ အတိအကျလက်ခံထားတဲ့ နိုင်ငံတော်အလံကို စော်ကားရာရောက်တဲ့ အပြုအမူတွေပါ။ အလံကို ပြောင်းပြန်လွှင့်တာကိုတော့ တချို့နိုင်ငံများမှာ အရေးပေါ်ဘေးဒုက္ခရောက်နေတဲ့ အချိန်မျိုးမှာ လွှင့်ထူလေ့ရှိကြလို့ ခြွင်းချက်လို့ သဘောထားရမယ်။ အိမ်သာထဲမှာသုံးတဲ့ စက္ကူတွေမှာ အလံပုံကို သုံးစွဲတာ၊ ကလေးငယ်တွေDiaperခေါ်တဲ့ ဖင်ထုတ်မှာ နိုင်ငံအလံကို သုံးရင်လည်း စော်ကား
ရာရောက်ပါတယ်။
ဘာရည်ရွယ်ချက်နဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အလံကို စော်ကားဖျက်ဆီးကြတာပါလဲ။
၁)နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံခြားရေးဝါဒကို ဆန္ဒပြချင်လို့၊
၂)နိုင်ငံသားတွေရဲ့ လူမျိုးရေးဝါဒ၊ ခံယူချက်များကို မနှစ်သက်လို့၊
၃)နိုင်ငံ အစိုးရကို မကျေနပ်လို့၊
၎)နိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ တိုင်းသူပြည်သားတွေကို စော်ကားချင်လို့၊
စတဲ့ ရည်ရွယ်ချက်များနဲ့ နိုင်ငံတော်အလံကို စော်ကားကြခြင်းဖြစ်ပါတယ်။
နိုင်ငံတော်အလံကို စော်ကားတဲ့ အမှုနဲ့ ပတ်သတ်ပြီး အိမ်နီးချင်းနိုင်ငံကြီး နှစ်နိုင်ငံမှာ ဘယ်လိုအရေးယူကြလဲ လေ့လာကြည့်ရအောင်။ တရုတ်ပြည်မကြီးမှာဆိုရင် အလံကိုစော်ကားရင် ထောင်သုံးနှစ်ပါ။ရာဇ၀တ်မှုကြောင်းအရ အရေးယူခံရပါတယ်။ အိန္ဒိယမှာကျတော့ နိုင်ငံတော်အလံနဲ့ ပတ်သတ်လာရင် ပိုတောင် တင်းကျပ်သေး။ ဟိုးအရင် ကဆိုရင် ကိုယ်ပိုင်အိမ်တွေမှာ ဘယ်လိုအကြောင်းနဲ့ မှာ နိုင်ငံတော်အလံကို လွှင့်ထူခွင့်မရှိဘူး။နိုင်ငံတော်အလံနဲ့ ပတ်သတ်ပြီး သိပ်ကိုတင်းကျပ်လွန်းတယ်လို့ ၀ိုင်းဝန်းကန့်ကွက်ကြတော့မှ ၂၀၀၁ခုနှစ်နောက်ပိုင်းမှာ အများသူငှာ နေ့ထူးနေ့မြတ်များမှာ နိုင်ငံတော် အလံကို လွှင့်ထူခွင့်ရပါတယ်။သူတို့ဆီမှာလည်း နိုင်ငံတော်အလံကို စော်ကားရင် ရာဇ၀တ်မှုမြောက်ပြီး ထောင်နန်းစံကြရမှာပါပဲ။
ကမ္ဘာ့နိုင်ငံအတော်များများမှာ နိုင်ငံောတ်အလံနဲ့ ပတ်သတ်လာရင် အစော်ကားမခံရဖို့ ဥပဒေကြောင်း၊ ရာဇ၀တ်ပြစ်မှုကြောင်းများအရ ကာကွယ်ထားကြပါတယ်။ကမ္ဘာနဲ့ ချီပြီးကြည့်ရင် ပြည်တွင်း မှာရော၊ပြည်ပမှာပါ နိုင်ငံတော်အလံကို မီးရှို့အခံရဆုံးတိုင်းပြည်က အမေရိကန်ပြည်ထောင်စု အလံတော်ုဖစ်ပါတယ်။ ၁၈၆၂ခု၊ အမေရိကန်ပြည်တွင်းစစ်အတွင်း တပ်ပေါင်းစုတပ်မတော်ရဲ့ အကြီးအကဲ Benjamin Franklin Butler ဆိုသူက အမေရိကန်ပြည်ထောင်စုအလံတော်ကို ဖြုတ်ချခဲ့မှုအတွက် William B. Mumford ဆိုသူကို သေဒဏ်ပေးခဲ့ပါတယ်။ ထိုအကြောင်းကို ၁၈၆၄မှာJohn Greenleaf Whittier ဆိုသူ က ကဗျာတစ်ပုဒ်စပ်ဆိုခဲ့ပါတယ်။ အဲဒီကဗျာထဲမှာ နာမည်အလွန်ကြီးခဲ့တဲ့စာကြောင်းလေးတွေ ပါပါတယ်။
Shoot, if you must, this old gray head,
But spare your country's flag," she said.
ပစ်စရာရှိရင် ပစ်ထည့် လိုက်စမ်းပါ၊
ခေါင်းညိုညိုနဲ့ လူအိုကြီးကို
သို့ပေမယ့်
ကိုယ့်နိုင်ငံအလံကိုတော့ မထိစေနဲ့။
ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ဟာ မြေပြင်ပေါ်မှာသာမက Media ပေါ်မှာလည်း တိုက်နေကြတဲ့ စစ်ပွဲဖြစ်ပါတယ်။ စစ်မြေပြင်မှာ ကေအိုင်အိုစစ်သည်တွေ လက်ပတော့တွေနဲ့ စစ်တိုက်နေကြတာမြင်ရတော့ တကယ်စစ်ဖြစ်နေတာလား၊ ကွန်ပြူတာဂိမ်း ဆော့နေသလားတောင် ထင်ရပါတယ်။ အခုလဲ တိုင်းရင်းသားပြည် သူတွေ အမြတ်တနိုးထားရတဲ့ နိုင်ငံတော်အလံပေါ်ကိုတောင် ခြေတွေနဲ့ နင်းချေပစ်လိုက်ကြပြန်ပါပြီ။
တိုင်းပြည်ထဲက လူငယ်တွေဟာ ကိုယ့်နိုင်ငံရဲ့ အလံကိုမှ တန်ဖိုးမထားတတ်ရင် အဲသည် တိုင်းပြည်ဟာဘယ်လိုတိုးတက်ကြီးပွားနိုင်ပါ့မလဲ။ တပ်မတော်ထဲက လူငယ်များအဖို့ နေ့စဉ်လိုလို နိုင်ငံတော်အလံကို အလေးပြုပြီး သစ္စာလေးချက်ဆိုနေရတာဖြစ်တဲ့အတွက် နိုင်ငံအလံဟာ ဦးထိပ် ပန်ဆင်စရာလို့ ခံယူပြီးသားဖြစ်ပေမယ့် ကျန်လူငယ်များအဖို့ ကိုယ့်နိုင်ငံအလံကို တန်ဖိုးထားမှု စံနှုန်းတွေ ကျဆင်းနေပြီလားဆိုတာ စဉ်းစားစရာပါ။ နိုင်ငံ့တာဝန်ကို ထမ်းဆောင်နေရတဲ့ အရပ်ဘက်ဝန်ထမ်းများ ဆိုရင်လည်းဖောင်ကြီးလို သင်တန်းကျောင်းများမှာ နိုင်ငံတော်အလံကို အလေးပြုကြရမှာဖြစ်လို့ အသိစိတ်လေးတော့ ၀င်သွားပြီးသားဖြစ်ကြပါလိမ့်မယ်။
ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းကို မလေ့လာရသေးပဲနဲ့၊ကေအိုင်အိုဆိုတာ ဘယ်လို၊သူတို့ခေါင်းဆောင်တွေဆိုတာ ဘယ်လို၊မြောက်ပိုင်း ကျောင်းသားတပ်မတော်ဆိုတာဘယ်လိုဆိုတာ ကိုယ်ပိုင်အသိနဲ့ မသိ၊နားမလည်သေးသရွေ့ဖေ့ဘုတ်ကြီးပေါ်မှာတက်လာသမျှ တိုင်းရင်းသူ မိန်းကလေးတွေရဲ့ ချောမောနုပျိုတဲ့ ကေအိုင်အိုယူနီဖောင်းထဲကအလှကို သာယာမိနေရဦးမှာပဲ။စိတ်ဓာတ်စစ်ဆင်ရေးကို ခံနေကြရဦးမှာပဲ။နောက်ဆုံး ကိုယ့်နိုင်ငံအလံကို ခြေထောက်လှလှလေးတွေနဲ့ တက်နင်းသွားတာတောင်မှ အလံကို မမြင်ပဲ ခြေထောက်ကိုပဲ မြင်တဲ့သူတွေရှိနေကြဦးမှာပဲ။
ပစ်စရာရှိရင် ပစ်ထည့် လိုက်စမ်းပါ၊
ခေါင်းညိုညိုနဲ့ လူအိုကြီးကို
သို့ပေမယ့်
ကိုယ့်နိုင်ငံအလံကိုတော့ မထိစေနဲ့။
အဲသလိုပဲ ပြောရတော့မယ်။ စစ်တိုက်ချင်ရင်၊တရားသောစစ်လို့ ယုံကြည်တယ်ဆိုရင် ရဲရဲကြီးရင်ဆိုင်ပြီး ယောင်္ကျားပီပီသေနတ်ကြီးလွယ်ပြီး ပစ်လိုက်စမ်းပါ။ မိန်းကလေးတွေကို အသုံးချပြီး တိုင်းရင်းသားလူမျိုး ၁၃၅မျိုးကို ကိုယ်စားပြုထားတဲ့ နိုင်ငံအလံကိုတော့ မစော်ကားပါနဲ့လို့ မြန်မာပြည်မြောက်ဖျားက နယ်နိမိတ်စည်းရိုးပေါ်ခွထိုင်ပြီး ဟိုဘက်ကို ပြေးဖို့ကြံနေကြတဲ့ ကေအိုင်အို ခေါင်းဆောင်ကြီးများကို ပြောချင်ပါတယ်။
ကိုယ့်နိုင်ငံအလံကို နိုင်ငံပြင်ပမှာ အသားကပ်ခြေအိတ်စွပ်၊ မျက်နှာမဖော်ပဲ ရဲရဲကြီး တက်နင်းပြ ရဲကြတဲ့ ကချင်လူမျိုးအမည်ခံ (မျက်နှာမမြင်ရတော့ ဘယ်သူတွေမှန်းမသိပါဘူး) ပုဂ္ဂိုလ်တွေကိုလည်း ယနေ့ခေတ်ဟာ အလံကို စော်ကားပြရုံနဲ့ နိုင်ငံရေးခိုလှုံခွင့်ရတဲ့ခေတ်မဟုတ်တော့ဘူး ဆိုတာကို သိစေ ချင်ပါတယ်။ သူတို့ လက်ရှိရောက်နေတဲ့အမေရိကန်ပြည်ထောင်စုဟာ သူ့နိုင်ငံအလံကို စော်ကားရင် သေနတ်နဲ့တောင် ပစ်သတ်ခဲ့ဖူးတဲ့ သမိုင်းအစဉ်အလာရှိကြောင်း သတိချပ်ကြပါလို့ အသိပေးလိုက်ချင်ပါတယ်။
(၃၁/၁၂/၂၀၁၂)

0 comments:
Post a Comment