Thursday, December 27, 2012

ပညာရေး ဒဿနနှင့် အယူအဆများ (၂၅)


by မင်းခက်ရဲ (Min Khet Ye) on Thursday, December 27, 2012 at 6:20pm ·

ဆရာ/မ(Teacher)
            သိပ်မကြာခင်ကာလအတွင်းက ဂျာနယ်တွေထဲမှာ ဖတ်လိုက်ရတဲ့ သတင်းနှစ်ပုဒ်ဟာ ခုကျွန်တော်ပညာရေး ဒဿနအကြောင်းပြောဆိုရမှာ ထည့်သွင်းဆွေးနွေးရမယ့် အကြောင်းဖြစ်လာတယ် ။ ပထမ သတင်းတစ်ပုဒ်က ဘောလုံးကန်တဲ့ ကျောင်းသားတစ်ယောက်ကို ကျောင်းအုပ်ကြီးက ပြင်းပြင်း ထန်ထန်ရိုက်နှက်တဲ့ သတင်းပဲ ။ ဂျာနယ်တွေရဲ့ ၀ိုင်းဝန်းရေးသားမှုကြောင့် ကျောင်းအုပ်ကြီးဝန်ချ တောင်းပန်ခဲ့ရတယ် ။ နောက်ထပ် သတင်း တစ်ပုဒ်ကတော့ မူလတန်းအရွယ်ကလေးငယ်ကို ကျောင်းကတောင်းတဲ့အလှုငွေမပေးနိုင်လို့ ဆရာမက ကြမ်းကြမ်း တမ်းတမ်း ရိုက်နှက်တဲ့ သတင်းပဲ ။ ဒါကိုလည်း ၀ိုင်းဝန်းကန့်ကွက်ခဲ့ကြတယ် ။ ဒီမိုကရေစီ ပြောင်းလဲနေတဲ့ခေတ်မှာ ဒီသတင်းနှစ်ပုဒ်ဟာ ပညာရေးအတွက်ထူးခြားတဲ့ သတင်းနှစ်ပုဒ်ပဲ ။
သတင်းနှစ်ပုဒ်ကို ဖော်ပြရင်း လူတွေက ၀ိုင်းဝန်းကန့်ကွက်နေတာကိုက ကျွန်တော်တို့တွေဟာ ပြောင်းလဲဖို့တာဆူနေတဲ့ခေတ်ကြီးမှာ ဆရာရဲ့ လုပ်ပိုင် ခွင့်ဆိုတာကို စတင်မေးခွန်းထုတ် ကန့်ကွက်ဖို့ကြိုးစားလာကြပြီး ဆိုတာကိုပြနေတယ် ။ 
                                              ဆရာဆိုတာ ယခင် အာဏာရှင်ခေတ်က ပေးထားတဲ့ လုပ်ပိုင်ခွင့်တွေလို စာသင်ခန်းထဲမှာ အခွင့်အာဏာ အပြည့်အ၀ရနေတဲ့ အာဏာရှင်အသေးစားလေး မဟုတ်တော့ဘူး ။ ဆရာဆိုတာ ယခင် ဘုန်းတော်ကြီးပညာေ၇းတွေတုန်း က ရိုက်သွင်းခဲ့သလို ဘုရားပေးသောအာဏာကို ရနေတဲ့ အနန္တောအနန္တ ဂိုဏ်းဝင်မဟုတ်တော့ဘူး ။ တကယ့်လို့ ယဉ်ကျေးမှု ဖြစ်စဉ်ထဲမှာ အဲဒီလိုသတ်မှတ်ထားတယ်ဆိုရင်တောင်မှ စာသင်ကြားမှုဖြစ်စဉ်ထဲမှ မဟုတ်တော့တာ သေချာတယ် ။ ဆရာဆိုတာကို ဘာသာရေးပယောဂတွေ ကနေ ကင်းလွတ်ပြီး လူဆန်ဆန်ကြည့်တတ် လာဖို့ဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွက် အရေးကြီးတဲ့ အချင်းအရာတစ်ခုပဲ။                                                                                               မော်ဒန်၊ ပို့စ်မော်ဒန် အယူအဆပိုင်းမှာ ရေးခဲ့သလို ကျွန်တော်တို့ဟာ ပညာရေးကို လောကီဆန်မှု ရှိလာအောင် လုပ်ဖို့လိုအပ်ပြီလို့ဆို၇င် ဆရာဆိုတာကိုလည်း လောကီဆန်ဆန်ကြည့်မြင်တတ်ဖို့လိုလာပြီ ။ တကယ်တော့ အသေအ ချာ စမ်းစစ်ကြည့်ရင် အထက်ပါဆရာတွေရဲ့ လုပ်ရပ်မျိုးဟာ ယနေ့ကာလမှာမှ ဖြစ်ခဲ့တာမဟုတ်ဘူး ။ အာဏာရှင်ခေတ် တစ်လျောက်လုံးမှာဖြစ်ခဲ့တာ ။ အာဏာရှင်ခေတ်ရဲ့ ခေတ်နောက်ပြန်ဆွဲတဲ့ တနည်းအားဖြင့် အပိတ်သဘောဆန်တဲ့ ဘာသာရေးအမြင်တွေ ထုံမွမ်းထားတဲ့ အတွေးအခေါ် ပရ၀ုဏ်အတွင်းမှာ ဆရာဆိုတာဟာ သာမန်သူထက်လွန်ကဲ မြင့်မြတ်တဲ့ ဘာသာရေးဆန်မှုတစ်ခုဖြစ်နေခဲ့တာ ။ ဒီတော့ ကလေးငယ်တွေအပေါ် ဒီလို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ပိုင်ခွင့်တွေကို ကျွန်တော်တို့ ကိုယ်၌ကလည်း ကြည်ကြည်ဖြူဖြူပေးထားသလိုဖြစ်နေတယ် ။ ဆရာတွေကိုယ်တိုင် ကလည်း ငါကတော့ဖြင့်တစ်စုံတစ်ရာ မြင့်မြတ်နေတဲ့ ကောင်းမြတ်မှု(virtues) တစ်ခုကို ပိုင်ဆိုင်နေတယ် ယူပြီး လုပ်ပိုင်ခွင့်တွေအပေါ် အလွဲသုံးစားလုပ်တာတွေဖြစ်ပေါ်နေခဲ့တယ် ။    
  
                                                                             ယနေ့ကာလ စာသင်ကြားရေးမှာ ဆရာတွေရဲ့ လုပ်ပိုင်ခွင့်လျော့ချလာတာ ၊ ကလေးဗဟိုပြု ပညာရေးလို အယူအဆတွေ လူထုကြားထဲရောက်လာခြင်းဟာ ဆရာတွေရထားတဲ့ ဘာသာရေးဆန်မှုတွေလျော့ကျလာခြင်းပဲ ။ ကျွန်တော်မူလတန်းကျောင်းသားဘ၀ တနည်းအားဖြင့် စစ်အာဏာရှင်ခေတ်မှာ  ဆရာမတစ်ဦးဟာ မြို့နယ်စစ်ဖြစ်တဲ့ လေးတန်းကို တန်းလုံးကျွတ်သင်နိုင်တဲ့အတွက် အတော်ကလေးနာမည်ကြီးတယ် ။ ကျောင်းသားမိဘတွေဟာ ဆရာမရဲ့ အတန်းကို သူတို့ကလေးတွေဝင်ခွင့်ရဖို့ အလုအယက်ကြိုးစားတယ် ။ ဆရာမကိုလည်း သူတို့ကလေးတွေအပေါ်လုပ် ချင်လုပ်နိုင်တဲ့ အာဏာကို အပြည့်အ၀ပုံအပ်လိုက်တယ် ။ ဒါပေမယ့် စာသင်ခန်းအတွင်းမှာ ကလေးတွေဟာ ဘယ်လို ဖြစ်ပျက်နေခဲ့တယ်ဆိုတာကို မိဘတွေရော သိပါရဲ့လား ။ ဆရာမရဲ့ ရိုက်နှက်မှုဟာ စကားပြောမိရင် ခုန်ပေါ်တတ် လက်မြောက်နေရပြီး စာမရရင် ဖင်ချွတ်ရိုက်တာကအစ ပါးစပ်နှစ်ဖက်ကို ကော်ပေတံနှစ်ချောင်းပူးနောက်လှန်ပြီး ရိုက်တာ အလယ် နှိပ်စက်နည်းပေါင်းစုံနဲ့ ရိုက်နှက်နေခဲ့တာ ။ ဒီလို ကြမ်းတမ်းတဲ့ အပြုအမူတွေကို ကျွန်တော်တို့ဟာအာဏာရှင် ခေတ်တစ်လျောက်လုံးလစ်လျူထားခဲ့တာ ။ ဆရာမရဲ့ နှလုံးသားမှာလည်း ကလေးတွေကို စာမေးပွဲ အောင်ချင်စိတ်နဲ့ ဒီလို ယုံ ယုံကြည်ကြည် လုပ်နေခဲ့တာ ။ အာဏာရှင်ခေတ်ကလည်း ကြိမ်လုံးနဲ့ မောင်နှင်တဲ့ လူ့အဖွဲ့အစည်း ကိုယ့်ကိုယ်ကိုယ် ပိုင်စိုးမှုနဲ့ ဝေဖန်စစ်ကြောနိုင်တဲ့ လူ့အဖွဲ့အစည်းအတွက် ကလေးတွေကို ငယ်ငယ်လေးကတည်းက ရိုက်နှက်ဆုံးမခွင့်ပေး ခဲ့တာ ။ ခုတော့ စာသင်ခန်းထဲလုပ်ပိုင်ခွင့်တွေကို လူ့အဖွဲ့အစည်းက စမ်းစစ်ဝေဖန်လာခဲ့ပြီ ။ ဆရာတွေမှာ ရှိတဲ့ ဘာသာ ရေးဆန်မှု ကို တဖြည်းဖြည်းလျော့ချဖို့ကြိုးစားလာကြပြီဆိုတာကိုတွေ့ရမယ် ။ စာသင်ခန်းအတွင်းက အာဏာကို  ဆရာဆီ ကနေ ကလေးငယ်နဲ့တခြားသောအခန်းဂဏ္ဍတွေဆီကို လွဲပြောင်းပေးဖို့လည်းတကယ်လိုအပ်လာနေပါပြီ ။ ဒီသဘောကို နားလည်မှာသာလျင် ကလေးဗဟိုပြုသင်ကြားရေးဆိုတာရဲ့ အနက်ရှိုင်းဆုံးအပိုင်းကို နားလည်လာမှာဖြစ်တယ် ။

သင်ကြားခြင်း (Teaching )
            သေနတ်နဲ့ တိုင်းပြည်ကို အုပ်ချုပ်ရတာလွယ်တယ် ။ စာသင်ခန်းထဲ ကြိမ်လုံးကိုင်ပြီး သင်ရတာ ကျောင်းသား တွေကိုအလွယ်တကူ စည်းကမ်းလိုက်နာအောင်လုပ်နိုင်တယ် ။ ယခင်က စာသင်ကြားခြင်းမှာ ဆရာတွေဟာ သူတို့ ကျောက်သင်ပုန်းမှာ ရေးထားတဲ့စာတွေကို ကလေးငယ်တွေအပေါ် သူတို့လက်ထဲက ကြိမ်လုံးနဲ့ ကိုင်ကိုင်ပြီး ထောက်ပြ ၇ွတ်ဆိုခဲ့တယ် ။ စဉ်းစားကြည့်ကြပါဦး ။ ဒီလို လူ့အဖွဲ့အစည်းအတွင်း ကျွန်တော်တို့ကလေးငယ်တွေ ဘယ်လို ရှင်သန် ရပ်တည်ခဲ့ရရှာသလဲဆိုတာ ။ ကျောက်သင်ပုန်းပေါ်က စာကို ကြိမ်လုံးနဲ့ထောက်ထောက်ပြပြီး ရွတ်ဆိုခိုင်းခံ၇တာဟာ ယနေ့ကာလမှာ အသေးအဖွဲ့ကိစ္စမဟုတ်တော့ဘူး ။ အသေးအဖွဲ့ကိစ္စဆိုရင်တောင် ကျွန်တို့ဟာ ပညာသင်ကြားခြင်း မှာ အဲဒီလို အသေးအဖွဲ့ကလေးတွေက စပြီးပြင်ရမှာ ။ ပညာရေးရဲ့နေရာတိုင်းမှာ အပြုအမူတိုင်းမှာ  ကျွန်တော်တို့ အပေါ် ခြိမ်းခြောက်မှုတွေကို သိစိတ်ရှိရှိနဲ့ဖြစ်စေ ၊ မသိမသာဖြစ်စေလုပ်နေခဲ့ကြတာ ။ ကျောက်သင်ပုန်းပေါ်က စာကို ကြိမ်းလုံးနဲ့ ထောက်ပြရင်း ကျွန်တော်တို့လိုက်ဆိုခဲ့ရတာတွေဟာ ကလေးငယ်တွေရဲ့ မသိစိတ်ထဲကို အကြောက်တရားဆိုင်ရာနဲ့ အမိန့်နာခံမှုကို မသိမသာသွပ်သွင်းနေတာ ။ခုတော့ဖြင့် ကျွန်တော်တို့တွေက ဆရာတွေလက်ထဲက စစ်လက်နက် တစ်မျိုးဖြစ်တဲ့ ကြိမ်လုံးကို ရုပ်သိမ်းလိုက်ပါပြီ ။ စာသင်ခန်းထဲမှာ ကြိမ်လုံးဆိုတာ မရှိတော့တဲ့အခါ သင်ကြားခြင်းနဲ့ သင်ယူခြင်းကြားထဲက ပုံစံတစ်ရပ်ကိုတော့ဖြင့် ကျွန်တော်တို့ နက်နက်ရှိုင်းရှိုင်းစဉ်းစားတွေးခေါ်ဖို့ လိုလာတာတော့ အမှန်ပဲ   သင်ကြားခြင်းနဲ့ သင်ယူခြင်းနှစ်ဆက်ဆံမှုကြားထဲက ပြဿနာပေါင်း သောင်းခြောက်ထောင်ကို စဉ်းစားတွေး ခေါ်ပြထားတဲ့ အရေးအသားတွေအများကြီးပါပဲ ။ ဂျွန်ဂျူဝီကဆိုရင် “သင်ကြားခြင်းနဲ့ သင်ယူခြင်းကြားထဲက အဆက်အစပ် ဟာ ရောင်းခြင်းနဲ့ ၀ယ်သူခြင်းကြားထဲက အဆက်အစပ်လိုပဲ တိတိကျကျတူညီမှုရှိတယ် ။  တပည့်တွေ သင်ယူမှုမှာ တိုးတက်လာဖို့ရာ တစ်ခုတည်းသောနည်းလမ်းကတော့  တကယ့်စစ်မှန်တဲ့ သင်ကြားခြင်းအရည်အသွေးနဲ့အရေ အတွက်တွေကို တိုးပွားများပြားအောင်လုပ်ပေးဖို့ပဲ ။  သင်ယူခြင်းဆိုတာ တပည့်တွေကိုယ်တိုင် ကိုယ့်ဘာသာကိုယ် လုပ်ရမယ့်အရာ ၊ ကိုယ့်အတွက်ကိုယ်လုပ်ရမယ့်အရာပဲ ။  စတင်ဦးစီဦးဆောင် ဆောင်ရွက်ရမယ့် သူဟာ သင်ယူသူပဲ ။  ဆရာဆိုတာက လမ်းညွန်ပေးမယ့်သူ ၊ ညွှန်ကြားပေးမယ့်သူပဲ ။ ဆရာက  လှေကို ပဲ့ကိုင်မယ် ၊ လှေရွေ့လျားမယ့် စွမ်းအင် က တပည့်ဆွေဆီကသာလာရမယ် ” လို့ ဆိုတယ် ။  ဂျွန်ဂျူဝီရဲ့ အတွေးအခေါ်ဟာ ဆရာကို ဘာသာရေးဆန်မှုပုံစံ တစ်ရပ်ကနေ လျော့ချလိုက်တာဖြစ်တယ် ။ ပြီးတော့ အာဏာရှင်တစ်ဦးလို လုပ်ပိုင်ခွင့်တွေကို ရုပ်သိမ်းလိုက်ရာလည်း ရောက်တယ် ။ ပြီးတော့ တပည့်တွေအပေါ် ဆရာဟာ လေးစားပေးရတဲ့ အနေအထားတစ်ရပ်ကို  စည်းကမ်းနဲ့ ကျင့်ဝတ် ပုံစံမျိုးအရမဟုတ်ဘဲ သင်ကြားခြင်းနဲ့ သင်ယူခြင်းဆိုတဲ့ ဆက်သွယ်ေ၇းပုံစံထဲမှာထည့်သွင်းပေးလိုက်တာ ။ 

                                 ဂျူဝီက သင်ယူသူရဲ့အခန်းဂဏ္ဍကို ပိုပြီဦးစားပေးလိုက်တယ် ။ နောက်တစ်မျိုးတွေးရရင် ဆရာတွေရဲ့ ရည်၇ွယ်ချက်၊ စေတနာဆိုတာတွေအပေါ်ကို အယုံအကြည်မရှိတော့တာပဲ ။ ဆရာဟာ သက်ဆိုင်ပညာရပ်ကို တတ်ကျွမ်း တာမှန်ပေမယ့် ဦးဆောင်သင်ကြားခြင်းမှာ သူရဲ့ ရည်၇ွယ်ချက်တွေအတွင်းဆုံးဖြတ်ချက်တွေချမှတ်မှာ ။ ဆိုခဲ့ သလို ကြိမ်လုံးနဲ့ ကလေးတွေရွတ်ဆိုရမယ့် စာကို ထောက်ပြချင်ထောက်ပြနေတော့မှာ ။ ဂျူဝီရဲ့ အမြင်ဟာ ကလေးဗဟိုပြု ၊ သင်ယူသူဗဟိုပြုပညာရေးကို အများကြီးဖြည့်ဆည်းပေးတယ် ။ ပြီးတော့ သင်ကြားခြင်းနဲ့ သင်ယူခြင်းထဲမှာ ဆရာရဲ့ ဗရမ်းဗတာလုပ်ပိုင်ခွင့်နဲ့ရည်ရွယ်ချက်တွေ မရှိလေကောင်းလေပဲ။ လက်တွေ့ ပရက်ဂမာတစ်တစ်ဦးဖြစ်တဲ့ ဂျူဝီဟာ ဆရာ ဆိုတာကို လူဆန်ဆန်ကြည့်မြင်ခဲ့ပြီး  ဆရာဆီမှာပေးအပ်ထားတဲ့ ကောင်းမြတ်မှု(Virtue) ဆိုတာကို သင်ကြားခြင်းနဲ့ သင်ယူခြင်းကြားထဲက ကြောင်းကျိုးညီညွတ်တဲ့ လောဂျစ်အဖြစ်သတ်မှတ်ထားမှုကို ဖယ်ခွာပေးခဲ့နိုင်တာကိုလည်းတွေ့ ရမယ် ။

ဝေဖန်ပိုင်းခြား တွေးခေါ်ခြင်း(Critical Thinking)
            တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရေးအပါဆုံးအရာတွေထဲမှာ ပညာရေးဟာ အရေးကြီးတဲ့ အရာတစ်ခုပဲ ။ ပလေးတိုး ရူးဆိုး၊ ကန့်တို့ကစလို့ ဒဿနပညာရှင်တွေတော်တော်များများဟာပညာရေးဟာ လူ့အဖွဲ့အစည်းကြီးအတွက် အရေးပါကြောင်းကိုဆွေးနွေးခဲ့ကြတာချည်းပါပဲ ။  ပညာေ၇းက လူတွေရဲ့ အကျင့်စ၇ိုက်နဲ့ အပြုအမူတွေ ၊ တွေးခေါ်ပုံတွေ ကို သူလူမှန်းမသိခင် ငါးနှစ်သားအရွယ်လောက်ကစပြီး အင်စတီကျူးရှင်းအလေ့အကျင့်အတွင်းထည့်ပြီး ထိန်းချုပ်ထား နိုင်တယ် ။  ယခင်က ကားလ်မာ့က်စ်ကို မှားမှားယွင်းယွင်း အနက်ပြန်သူတွေက စီးပွားရေးအဆောက်အအုံဟာ လူတွေ အပေါ်ထိန်းချုပ် ထားနိုင်တယ်လို့ ယုံကြည်ခဲ့ကြတယ် ။ ယခုနောက်ပိုင်းမှာတော့ အာသူဆေတို့လို ဒဿနပညာရှင် တွေကိုယ်၌က ပညာရေးဟာ လူတွေရဲ့ လူမှုရေးအလေ့အကျင့်နဲ့အတွေးခေါ်ပုံကိုထိန်းကျောင်းနိုင်တဲ့ လက်နက်ကိရိယာ တစ်ခုဖြစ်ကြောင်းကို ထုတ်ဖော်ပြောဆိုလာခဲ့ကြတယ် ။  
                           အာသူဆေရဲ့အမြင်ဟာ အစဉ်အလာ မာ့က်စ်ဝါဒကနေ ဖောက်ထွက်ပြီးမြင်လာခဲ့တဲ့ အမြင်ပဲ ။ ဒါကို အဆောက်အအုံလွန်ဝါဒီတစ်ဦးဖြစ်တဲ့ ကတ်သရင်းဘယ်ဆေကပဲ “၁၉၇၀ ခုနှစ်များက စာပေးသင်ကြား ပို့ချနေတဲ့ ကျွန်မ တို့တစ်တွေဟာ ISAs (Ideological State Appratus) ၀ါ နိုင်ငံတော်ရဲ့ အိုင်ဒီယို လိုဂျီလက်နက်  အပေါ်ရေးထားတဲ့ အာ သူဆေအက်ဆေး ဘာသာပြန် ပထမဆုံးထွက်လာတဲ့ အချိန် ထိတ်လန့်တုန်လှုပ်သွားတယ် ” လို့ ဆိုတယ် ။ တနည်း အာဖြင့် လူသားရဲ့တွေးခေါ်မျှော်မြင်မှုပုံစံကို ပိုမိုတိုးတက်ကောင်းမွန်လာအောင်ပဲ ဖြစ်ဖြစ် ၊ ဆုတ်ယုတ်ပျက်စီးသွား အောင်ပဲ ဖြစ်ဖြစ်လုပ်နိုင်တဲ့  နိုင်ငံတော်က ချုပ်ကိုင်ထားတဲ့ အိုင်ဒီယိုလိုဂျီတွေထဲမှာ စီးပွားရေးထုတ်လုပ်မှုဖြစ်စဉ်သာ မကတော့ဘဲ ၊ ပညာရေးဆိုင်ရာ  နိုင်ငံတော် အိုင်ဒီယိုလိုဂျီလက်နက်(Education ISA)ကိုပါ အရေးပါတဲ့ အရာအဖြစ် ထည့်သွင်းလာခဲ့တာ ။ ဒါကိုပဲ  ဘဲလ်ဆေက ဆက်ပြီး “ အာသူဆေရဲ့ တင်ပြချက်က ကျောင်းနဲ့ တက္ကသိုလ်တွေဟာ စီးပွားရေး အဆောက်အအုံတစ်ခုရဲ့အဆင့်တိုင်းမှာ အလုပ်အကိုင်ရရှိဖို့အတွက် လူငယ်တွေ ပြင်ဆင်ရတဲ့ အစိတ်အပိုင်းတစ်ခုဆိုတာကို ပယ်ဖျက်ပစ်လိုက်ရုံသာမကဘူး ၊ စာသင်ကြားခြင်း ၊ ရေးသားခြင်း ၊ သင်္ချာတွက်ခြင်း စတဲ့ ဖြစ်စဉ်ထဲမှာပင်လျင် အမိန့်နာခံခြင်း ၊ လိုက်လျောလွယ်ခြင်း ၊ ၁၉ရာစု ၀ထ္တုတွေမှာတွေ့ရတဲ့ ဇာတ် ကောင်ရဲ့ ပုံစံမျိုးဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာ အခြေခံတွေဖြစ်တဲ့ အမိန့် ဘယ်လိုပေးရမယ် ၊ ကိုယ့် လူ့အဖွဲ့အစည်းကို ဘယ်လို ထမ်းဆောင်ရမယ်ဆိုတဲ့ ညွန်ကြားချက်ကို ပေးတယ် ။ အတိုချုပ်ပြောရရင်တော့  ပညာရေးအင်စတီကျူးရှင်းက သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မသိစိတ်ထဲအထိ စွဲမှတ်အောင်သွန်သင်တယ် ။ ကိုယ့်စည်းကမ်းကိုယ် ထိန်းသိမ်းရမယ် ဆိုတဲ့ သွန်သင်မှု ၊ တပည့်တွေကို လူ့အဖွဲ့အစည်းထဲ ၀င်ရောက်ဖို့ တွန်းအားပေးပြီး သူတို့အလုပ်သူတို့လုပ်ခြင်းဖြင့် မူလအခြေ အနေ တစ်ရပ်ကို ထိန်းသိမ်းဖို့ တွန်းအားပေးတယ်။ မကြာသေးခင်က ဥပမာတစ်ခုပြရရင် လိင်ပညာပေးကို မိသားစု တန်ဖိုး စံတွေရဲ့ အဆက်အစပ်ထဲကသာလျင်ပေးဖို့ ရည်ရွယ်ချက်ဟာ ကောင်းကြောင်း တောင်းဆိုမှုတွေရှိလာတာ ကို ထုတ်ပြရမယ် ။ ကျွန်မတို့ သိတဲ့ အတိုင်းပဲ မိသားစုဆိုတာ ကလေးတွေ အမိန့်နာခံဖို့ ၊ လိုက်လျောလွယ်ဖို့ ၊ သူတို့ အသိုင်း အ၀ိုင်းရဲ့ တန်ဖိုးတွေကိုသာ အမှန်အဖြစ်သင်ယူဖို့ အတွက် နောက်ထပ်နေရာတစ်ခုဖြစ်တယ် ” လို့ ဆိုတယ် ။  
    
                            ပညာရေးအင်စတီကျူးရှင်းက ကျွန်တော်တို့ကိုယ် သူတို့ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ တန်ဖိုးစံအတွင်း သွပ်သွင်းပေးတာကို အာသူဆေရဲ့ အမြင်မှာတွေ့ရမယ် ။  အာသူဆေက ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းမှာ ဖြတ်သန်းခဲ့ ရတော့ကာ အဲဒီလိုသွပ်သွင်းမှုကို အကောင်းအဆိုးရယ်လို့ခွဲပြောမသွားဘူး ။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့ အုပ်ချုပ်ရေး နဲ့ အိုင်ဒီယို လိုဂျီစနစ်အရ သူ့ဟာနဲ့သူသွားမှာပဲ ။ ဒါပေမယ့် သေချာတာ တစ်ခုက ပညာရေးအင်စတီကျူးရှင်း က သူ့ရဲ့ သဘော သဘာဝကနေပြီး လူသားရဲ့ တွေးခေါ်ပုံနဲ့အပြုအမူတွေအပေါ် အလေ့အကျင့်တစ်စုံတစ်ရာကို ဖြစ်ပေါ်စေ တယ်လို့ တော့ ဆိုရမယ် ။ ကျွန်တော်တို့ရဲ့ နှစ်ငါးဆယ်ကျော်အာဏာရှင် ပညာရေး လက်အောက်မှာနေထိုင်မှုဟာ  ကျွန်တော်တို့ရဲ့ တွေးခေါ်မှုနဲ့ပုံစံတွေမှာ အာဏာရှင်ဆန်တဲ့ တစ်ဖက်သက်တွေးခေါ်ပုံမျိုးကို ပညာရေးကနေ သွတ်သွင်း နေတာတော့အမှန်ပဲ ။                                                                                                                                          စာသင်ခန်းတွေထဲမှာ ကျောင်းသားတွေဟာ ဆရာချမှတ်ပေးတဲ့စာကို အလွတ်ကျက်မှတ်နေရတိုင်း ၊ ပြဿနာ တစ်ရပ်ကို ကျောင်းသားတွေ လွတ်လွတ်လပ်လွပ်ချည်းကပ်ခွင့်မရတာကို ကျွန်တော်တို့တွေ နေရာတိုင်း ကျွန်တော်တို့ ပညာရေးမှာဖြင့် ဝေဖန်ပိုင်းခြားခြင်းအတွေးအခေါ်(Critical Thinking) ကိုထည့်ဝင်ပေးဖို့ အလျင်စလိုအပ်နေပါပြီလို့ သတိပေးနေတယ် ။ ဝေဖန်ပိုင်းခြားခြင်းအတွေးအခေါ်ဟာ ပညာရေးအတွက် အတိုင်းအတာတစ်ခုအထိ လိုအပ်တဲ့ အရာပဲ။ ပညာရေးအတွက်အရေးပါတဲ နေရာကနေပါဝင်တယ် ။ တနည်းအားဖြင့် အာဏာရှင်အလေ့အကျင့်တွေထုံမွမ်း နေတဲ့ အရာတွေကို ပယ်ဖျက်နိုင်ဖို့ ဝေဖန်ပိုင်းခြားခြင်းအတွေးအခေါ်ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးမှာ သင့်တင့် လျောက်ပတ်စွာ တည်ဆောက်ထားဖို့တော့ လိုအပ်တယ် ။ သိပ်မကြာခင်နှစ်က ပညာရေးချည်း သက်သက်ဂျာနယ် တစ်စောင်ရဲ့ အယ်ဒီတာက မိတ်ဆွေတစ်ဦးထံကို ပညာရေးနဲ့ ပတ်သတ်တဲ့ စာမူတစ်ခုတောင်းတယ် ။ စာမူပေးသူဝါ ပညာရေးနဲ့ ပတ်သတ်လို့ ကျွမ်းကျင်သူမိတ်ဆွေက ဝေဖန်ပိုင်းခြားခြင်းအတွေးအခေါ်အကြောင်းကို ပေးအပ်လိုက်တယ် ။ ဒီအခါ ပညာရေးဂျာနယ်၇ဲ့ အယ်ဒီတာက စာမူကို မထည့်ခဲ့ဘူး ။ အယ်ဒီတာရဲ့ အကြောင်းပြချက်က ပညာရေးနဲ့ သိပ် မဆိုင်လှလို့ ဆိုတယ် ။ ဒါဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီးထဲက တစ်ခုတည်းသော ပညာရေးရဲ့ အယ်ဒီတာ တစ်ဦးရဲ့ စကားပါပဲ ။တနည်းအားဖြင့် ဝေဖန်ပိုင်းခြားခြင်းအတွေးအခေါ်ဟာ ကျွန်တော်တို့လူ့အဖွဲ့အစည်းနဲ့ ဘယ်လောက်အထိဝေး နေသလဲဆိုတာကိုလည်းပြနေရာရောက်တယ် ။

 ဝေဖန်ပိုင်းခြားခြင်းအတွေးအခေါ်ဆိုတာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ပညာရေးအဆောက်အအုံ အတွေး အခေါ်အတွင်း ၊ သင်ကြားရေးနဲ့ သင်ယူမှုပုံစံအတွင်း ၊ ပညာရေးပေါ်လစီတွေအတွင်း လိမ္မာပါးနပ်စွာ နည်းလမ်းအမျိုးမျိုး နဲ့ ထည့်ဝင်ထားရမယ့်အရာသာမဟုတ်ဘူး ၊ ဒီအကြောင်းကို ဖော်ပြရေးသားထားတဲ့ စာအုပ်ရယ်လို့ မရှိသလောက်ဖြစ်နေတာကိုတောင်မှတွေ့ရတယ် ။                                                                                     ဒဿနပညာရှင်တွေအတွက်တော့ ဝေဖန်ပိုင်းခြားခြင်းအတွေးအခေါ်ဆိုတာ လေ့လာသင်ယူလို့ရနေတဲ့ အတွက် ဆင်ခြင်မှုအခြေခံ သာမန်တွေးခေါ်ပုံနည်းတစ်ခုလောက် သာမှတ်ယူကောင်းမှတ်ယူနိုင်ပေမယ့်  ပညာရေးဒဿနနယ်မှာ တော့ ကြီးကြီးမားမားအလေးထားဖွံ့ဖြိုးလာတဲ့ အတွေးအခေါ် တစ်ခုဆိုတာငြင်းမရနိုင်ဘူး ။ တနည်းအားဖြင့် ဆရာ ၊ ဆ၇ာမတွေ၇ဲ့ပုဂ္ဂလဆန်တဲ့ အတွေးအခေါ်အတွင်းက ဖယ်ခွာပေးရာလည်းရောက်သလို ၊ ဆရာတွေအပေါ် ဘာသာရေး ဆန်ဆန်ရှုမြင်ထားမှုကို လျော့ချပေးမယ့် တွေးခေါ်ပုံနည်းလမ်းတစ်ခုလည်းဖြစ်တယ် ။ အထူးသဖြင့် အမေ၇ိကန် တက္ကသို လ်တွေမှာ လွန်ခဲ့တဲ့ နှစ်သုံးလေးဆယ်လောက်က စပြီး ဖွံဖြိုးလာတယ် ။ ကျောင်းသားတွေကို သူတို့ရဲ့ အတွေးအခေါ်ထဲ မှာ ပါဝင်နေတဲ့ အကြောင်းအရာမှန်သမျှကို ဝေဖန်ပိုင်းခြားစိစစ်တတ်အောင်သင်ကြားပေးဖို့ကြိုးစားတာပဲ ။ ပညာရေး နယ်ပယ်ထဲမှာ သင်ကြားနေတဲ့ သိပံ္ပံ ၊ သင်္ချာ ၊ စာပေတို့မှာသာမဘူး ၊ လက်တွေ့ဘ၀ထဲက ကိစ္စကိုပါစဉ်းစားနိုင်တယ် ။  အနောက်တိုင်းတက္ကသိုလ်တွေရဲ့ ဌာနအားလုံးဟာလည်း ဝေဖန်ပိုင်ခြားခြင်းအတွေအခေါ်အကြောင်းကို လေ့လာ စူးစမ်း ကြ ၊ သိမြင်လာအောင် လုပ်လာကြတယ် ။                                                                                                                         ဒါဖြင့် ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းဆိုတာ ဘာလဲ ။ ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းဆိုတာ  လူ့ရဲ့ စိတ်နဲ့ တွဲဖက်နေတဲ့ သိမှတ်နားလည်မှုအပြုအမူတစ်ရပ်ပဲ လို့ဆိုရင် အတော်ကလေး စိတ်ပိုင်းဆိုင်ရာ ဆန်တဲ့ ရှင်းလင်းချက် မျိုး ဖြစ်သွားနိုင်တယ် ။ ဒီလို အဖြေမျိုးပဲ ပေးလို့ဖြစ်နိုင်တယ် ။ အကြောင်းက ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းဆိုတာ ပြုမူလုပ် ဆောင်ပုံ (activity) တစ်မျိုး ၊ နောက် ဖြစ်စဉ် (Process) တစ်ခုဖြစ်နေလို့ပဲ ။ ဒါပေမယ့် သူ့မှာပါဝင်တဲ့ အခြေခံ အကြောင်း အရာကလေးတွေတော့ ရှိတယ် ။ ဝေဖန်ပိုင်းခြားခြင်းအတွေးအခေါ်မှာ ရည်ရွယ်ချက်ကို ရှာဖွေတာ ၊ အမျိုးအစားခွဲခြား တာ ၊ လက်ရွေးစင်ေ၇ွးချယ်တာ နောက် စီရင်ချက်ချတာတွေကို အသုံးပြုပြီး  ခွဲခြမ်းစိတ်ဖြာ စိစစ်ခြင်းနဲ့ တန်ဖိုးဖြတ်ခြင်း တွေလုပ်ရင် ဝေဖန်ပိုင်းခြားပေးတယ် ။ ဆင်ခြင်မှုကို အသုံးချတာဖြစ်ပေးမယ့် သူ့ရဲ့ စနစ်တစ်စုံတစ်ရာအတွင်းကနေ လုပ်ကိုင်တွေတာပဲ ။ 

ဆရာတွေအနက်ပြန်ချင်သလိုပြန်ထားတဲ့အရေးအသားကို ကြိတ်မှတ်လက်ခံထားပေးရတာမျိုး မဟုတ်ဘူး ၊ တနည်းအားဖြင့် သူရဲ့ ဆင်ခြင်မှုပုံစံဟာ  ပုဂ္ဂိုလ်ရေးနဲ့  စိတ်လှုပ်ရှားမှုသက်သက်အပေါ်အခြေခံထားတဲ့ ဆင်ခြင်မှုကနေ ကွဲထွက်နေတဲ့ ဆင်ခြင်မှုပုံစံတစ်မျိုးပဲ ။  ပုဂ္ဂလိက သဘောထက် သင်ကြား ၊ တည်ဆောက်ထားတဲ့ နည်းလမ်းတွေအပေါ်အထူးပြုပြီးဝေဖန်ပိုင်းခြားတဲ့ နည်းလမ်းတစ်ရပ်ပဲ ။                                                                                  ဝေဖန်ပိုင်ခြားတွေးခေါ်ခြင်း ဖြစ်စဉ်ထဲမှာ -
-       တခြားသောလူတွေရဲ့ အနေအထား ၊ အဆိုနဲ့ မှတ်ချက်တွေကို ရှင်းရှင်းလင်းလင်ခွဲခြားသတ်မှတ်တာ
-       အထောက်အထားတွေကို ရှုထောင့်ပေါင်းစုံကနေ တန်ဖိုးဖြတ်ကြည့်တာ
-       ဆန့်ကျင်ဘက် အဆိုတွေနဲ့ အထောက်အထားတွေကို မျှမျှတတ ချိန်ခွင်လျာကြည့်ပေးတာ
-        စာကြောင်းတွေကို စေ့စေ့စပ်စပ်ဖတ်ရှုတာ ၊ ဆိုလိုချက်အပေါ်ယံကြောနောက်ကွယ်ကိုပါ သိအောင်လုပ်တာ၊ မှားယွင်းပြီးမမျှတတဲ့ အယူအဆတွေကို ခွဲခြား ဖော်ထုတ်တာ
-       ပိုပြီးကောင်းမွန်တဲ့ ဆင်ခြင်မှုတက်ခနိတွေကို ရှာဖွေဖော်ထုတ်ပြတာ
-        အကြောင်းအရာ တွေးခေါ်ပုံ အဆောက်အအုံတစ်ခုကို ဖန်တီးပြရင်း လောဂျစ်ထုတ်ပြီးအမြင်တစ်ရပ် မွေးဖွားပေးတာ         
-       ကောင်းမွန်တဲ့ အထောက်အထားတွေအပေါ်အခြေခံပြီး အဆိုတစ်ရပ်ဟာ မှန်ကန်မှုရှိမရှိ ၊ တရားမျှတမှု ရှိမရှိကို ကောက်ချက်ဆွဲပြတာ
-       တခြားသူတွေကို ယုံကြည်နိုင်လောက်တဲ့ ကြည်လင်ရှင်းလင်တဲ့ ဆင်ခြင်မှုပုံစံကို အသုံးပြု တည်ဆောက်ပြရင်  အမြင်တစ်ရပ်ကို ထုတ်ဖော်ပြတာတွေ ပါဝင်တယ် ။
ကျောင်းသားတွေအနေနဲ့  ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကအများကြီးပဲ။ ပညာရှင်ပေါလ်က အားနည်းတဲ့ ဝေဖန်ပိုင်ခြားခြင်းနဲ့ အားကောင်းတဲ့ ဝေဖန်ပိုင်ခြားခြင်းရယ်လို့ခွဲတယ် ။ အားကောင်း တဲ့ ဝေဖန်ပိုင်ခြားခြင်းမှာ  ကွဲပြားခြားနားတဲ့ ကမ္ဘာ့အမြင်အမျိုးမျိုးကိုတောင် ဖွံ့ဖြိုးလာစေပြီး၊ အတ္တဗဟိုပြု ကိုယ့်ရဲ့ နယ်မြေနဲ့ လူ့အဖွဲ့အစည်းအပေါ်ကိုသာဗဟိုပြုထားတဲ့ ယူဆချက်တွေကိုတောင်ရှောင်လွဲသွားစေနိုင်တယ် ။ အဲဒီလို ရှောင်လွဲနိုင်တဲ့အပြင် အသိပညာဆိုင်ရာကောင်းမြတ်မှု (Intellectual virtues)တွေလို့ဆိုရမယ့် ရိုးသားမှု ၊ သတ္တိ နဲ့ နှိမ့်ချမှု တွေကိုပါ ရရှိစေနိုင်တယ်လို့ဆိုတယ် ။ စတဲလ်လာကော့ထရဲကလည်းသူရဲ့ ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်း ဆိုတဲ့ စာအုပ်မှာ သူ့ရဲ့ အကျိုးအမြတ်တွေကို -
-       အာရုံစူးစိုက်မှုနဲ့ လေ့လာစူးစမ်းမှုအားကောင်းလာခြင်း
-        စာဖတ်ခြင်းအပေါ် စနစ်တကျ အာရုံးစိုက်ချည်းကပ်လာနိုင်ခြင်း
-       စာထဲမှာပါတဲ့ အရေးမကြီးတဲ့အချက်တွေနဲ့ ဝေ့လည်လည်ဖြစ်နေခြင်းထက် အဓိကအချက်အလက်တွေကို ခွဲခြာ ဖော်ထုတ်နိုင်တဲ့ အရေးအသွေးတိုးတက်လာခြင်း
-       စာထဲမှာပါတဲ့ တုံ့ပြန်စရာ အချက်ကို တုံ့ပြန်မှုလုပ်နိုင်တဲ့ အရည်အသွေးတိုးတက်လာခြင်း
-       ကိုယ့်ရဲ့ အမြင်ကို ဘယ်လိုဖော်ပြရမလဲဆိုတဲ့ အသိပညာတိုးတက်လာခြင်း
-       အခြေအနေအမျိုးမျိုးမှာ အသုံးချနိုင်တဲ့ ခွဲခြားစိစစ်နိုင်စွမ်းတိုးပွားလာခြင်းပဲ ။
ဒီသဘောသကန်လောက်ကို မြည်းကြည့်ရုံနဲ့ ကျွန်တော်တို့ရဲ့ပညာရေးမှာ ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းဟာ ဘယ်လောက် အထိ အလျင်အမြန်လိုအပ်နေပြီလဲဆိုတာကို သိနိုင်တယ် ။ တစ်ခါက ကျွန်တော်ကြုံတွေ့ခဲ့ရဖူးတဲ့ ကလေးငယ်တစ် ယောက်ဟာ “ ဦးပေါင်းကျားနှင့်မြင်းကျားရှင်သည် မည်သူဖြစ်သနည်း - ဦးပေါင်းကျားနှင့်မြင်ကျားရှင်သည် အလောင်း စည်သူမင်းကြီးဖြစ်ပါသည် ” ဆိုတာကို ဆယ်ကြိမ်းထက်မနည်းအလွတ်ကျက်မှတ်နေရရှာတဲ့ ပညာရေးမျိုးကနေ ကင်း လွတ်ဖို့ရာ သင်ကြားနည်းတစ်ရပ်အတွက် ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းဟာ လိုအပ်နေပြီလို့ဆိုရမယ် ။

ဒီစထရပ်တစ်ပညာရေး (destructive education)
            ဒီဝေါဟာရဟာ ပညာရေးဆိုင်ရာ အဘိဓါန်တွေထဲမှာ ဘယ်လိုလိုက်ရှာရှာတွေ့ရမယ့် အယူအဆမဟုတ်ဘူး ။ အကြောင်းက လက်ရှိဖော်ဆောင်ရမယ့် ကျွန်တော်တို့တိုင်းပြည်ရဲ့ အနေအထားတစ်ရပ်ကို ကျွန်တော်တွေးခေါ်ထားတဲ့ အယူအဆ တစ်ရပ်ဖြစ်တဲ့အတွက်ပဲ ။ တစ်ခါက စာပေဆိုင်ရာ သမိုင်းစာအုပ်တစ်အုပ်ကို ဖတ်ရင်း ကျွန်တော်အလွန်နှစ်ခြိုက်တဲ့ စကားလုံးတစ်လုံးကနေ ယူထားတာပဲ ။  ဘားကိုဗစ်ခ်ျတို့ရေးတဲ့ အမေရိကန်စာပေ သမိုင်းစာအုပ်ကို ဖတ်တဲ့အခါမှာ  အမေရိကန် ကဗျာဆရာတွေဟာ အသစ်တီထွင်ဖန်တီးမှုကို သူ့အတိုင်းရိုးရိုးလေး မလုပ်နိုင်ရရှာဘူး ။ အကြောင်းက သူ့ရှေ့ က အဲလိယက်တို့လိုကဗျာဆရာကြီးတွေရဲ့ လွှမ်းမိုးမှုဟာ ပုံစံမျိုးစုံနဲ့ လူ့အဖွဲ့ အစည်း ထဲ စိမ့်ဝင်ပြန့်နှံ့နေတော့ကာ သူတို့ဟာ ရှေ့မှာ လွှမ်းမိုးထားတဲ့ စံတွေ ၊ တန်ဖိုးတွေ၊ ရသဆိုင်ရာအမြင်တွေကို ပြန်တွန်းလှန်ဖျက်ဆီးနိုင်မှာသာ အသစ်တီထွင် ဖန်တီးမှုလုပ်နိုင်မယ်လို့မြင်လာကြတယ် ။  ဒါကြောင့် သူတို့ရဲ့ တီထွင်ဖန်တီးမှုဟာ တီထွင်ဖန်တီးမှုသက်သက်မဟုတ်ဘဲ ရှေ့က တန်ဖိုးစံတွေကို တွန်းလှန်းရင်း ၊ ပြန်ဖျက်ရင်း တပြိုင်နက်တည်း အသစ်တီထွင်မှုလုပ်နေရတဲ့အတွက် Destructive Creation လို့ သုံးကြတယ် ။   
                                  ကျွန်တော်တို့ရဲ့ ပညာရေးဟာလည်း အလာတူးတည်ဆောက်ဖို့လိုတယ်လို့ ဆိုရမယ် ။ ဆိုလိုချင်တာက ကျွန်တော်တို့ရဲ့ ပညာရေးဟာ နှစ်ပေါင်းငါးဆယ်လောက် အာဏာရှင်အလေ့အကျင့်တွေနဲ့ စိမ့်ဝင်ပျံ့နှံ့နေတာ ။ ကျောင်းသားတွေ ၊ ဆရာတွေ၊ သင်ရိုးညွန်းတမ်းနဲ့ ပညာရေးစနစ်ကြီးတစ်ခုလုံးမှာသာမကဘူး ၊ ကျွန်တော်တို့ မိသားစုဝင် တွေနဲ့လူ့အဖွဲ့တစ်ခုလုံးမှာပါ စိမ့်ဝင်ပျံ့နှံ့နေတာ ။ တနည်းအားဖြင့် ဦးပေါင်းကျားရှင်နှင့်မြင်ကျားရှင်သည် အလောင်း စည်းသူမင်းကြီးဖြစ်ပါသည် ဆိုတာကို အကြိမ်ကြိမ်းအလွတ်ရွတ်ဆိုနေရလောက်အောင် တွေးခေါ်မျှော်မြင်မှုနဲ့ လေ့လာစူး စမ်းမှုကို ဦးစားပေးမခံခဲ့ရတာ ။ နောက်တိုင်းပြည်ရဲ့ ဘဏ္ဍာတစ်ဝက် ၀ါ အုပ်ချုပ်မှုပုံစံတစ်ဝက်ကို လမ်းပေါ်မှာ ခုန်ပေါက် ပြေးလွှားနေတဲ့  ရေသည်ယောက်ျားကို လွှဲပေးလိုက်ခြင်းအပေါ် ဘု၇င်ရဲ့အသိပညာကင်းမဲ့မှုရယ်လို့ အနက်မပြန်ဘဲ ဘုရင်ရဲ့ ရက်ရောက်မှုလို့အနက်ပြန်တဲ့ ပညာရေးပုံစံထဲမှာ ရှိနေတာ ။ ကျောင်းသားတွေကို တင်းကြပ်တဲ့ သင်ကြားရေး ပုံစံနဲ့သာမကဘူး ၊ စည်းမျဉ်းစည်းကမ်းပုံစံအမျိုးမျိုးထဲမှာ အမိန့်နာခံတတ်အောင်လုပ်ထားတာ ။  ဒီလိုနှစ်ငါး ဆယ်လောက် လုပ်ထားတော့ကာ အမှန်တရားတစ်ရပ်လို ဖြစ်နေတဲ့ အာဏာရှင်တန်ဖိုးစံတွေကိုပါ ပြန်ဖျက်ရင်း လစ်ဘရယ် တန်ဖိုးစံတွေပါ တပြိုင်နက်တည်ဆောက်နေဖို့တော့လိုတယ် ။ နှစ်ငါးဆယ်လောက် လူ့အဖွဲ့အစည်းရဲ့ အဆောက်အအုံ အမျိုးမျိုးမှာ စိမ့်ဝင်ပျံ့နှံ့နေတဲ့ ပညာရေးကို မျက်လှည့်စရာ အပ်ချလောင်းလုပ်သလို လစ်ဘရယ်ပညာရေးပုံစံ အစားထိုး လိုက်ရုံနဲ့ အလွယ်တကူ လစ်ဘရယ်တန်ဖိုးစံတွေ ရလာမှာမဟုတ်ဘူး ။ ရှေ့က လွှမ်းမိုးထားတဲ့ တန်ဖိုးစံတွေက အစားထိုးလာတဲ့အရာကို အကြီးအကျယ် ဗရုတ်သုခဖြစ်အောင်လုပ်မှာ ဖြစ်တဲ့အတွက်အောင်မြင်တဲ့ ပညာရေးတစ်ခု ဖြစ်လာမှာ မဟုတ်ဘူး ။ ကျွန်တော်တို့ဟာ အစားထိုးလိုက်ရုံနဲ့ မပြီးသေးဘူး။ တနည်းအားဖြင့် ကျွန်တော်အစားထိုးလိုက် တဲ့ ပညာရေးဟာ အရှေ့က အာဏာရှင်တန်ဖိုးစံတွေကို ခပ်ကြမ်းကြမ်းဖျက်ရင်း လစ်ဘရယ်ပညာရေး တန်ဖိုးစံတွေကို တည်ဆောက်ရင်းဆိုတဲ့ အလုပ်နှစ်ခုကို တပြိုင်တည်းအလုပ်လုပ်ပေးနေတဲ့ ပညာရေးဖြစ်ဖို့အရေးကြီးတယ် ။ ပညာရေးပေါ် လစီအပေါ် ကျွန်တော်တို့ရဲ့ တီထွင်ဖန်တီးမှုဟာ ရှေ့က အာဏာရှင်တန်ဖိုးစံတွေကို ဖျက်ရင်း  တီထွင်ဖန်တီးမှုကို လုပ်ရင်းဆိုတဲ့ Destructive Creation မျိုးသာလျင်ဖြစ်သင့်တယ် ။ စနစ်ဆိုးတစ်ခုရဲ့ နှစ်ပေါင်းများစွာလွှမ်းမိုးခံထားရတဲ့ တန်ဖိုးစံတွေနဲ့ လူ့အဖွဲ့အစည်းမှာ ဘယ်အရာကိုမှ အလွယ်တကူအစားထိုးလိုက်၇ုံနဲ့ အလိုလိုအောင်မြင်သွားမှမဟုတ်ဘူး လို့ ယုံကြည်ရင်တော့ဖြင့် ကျွန်တော်တို့ဟာ အာဏာရှင်တန်ဖိုးစံတွေကို ဖျက်ရင်းလစ်ဘရယ် တန်ဖိုး စံတွေကိုတည် ဆောက်ရင်း ဆိုတဲ့ အလုပ်နှစ်ခုကို တပြိုင်တည်းလုပ်ပေးနိုင်တဲ့ ပေါ်လစီ ၊ သင်ကြားပုံ ၊ သင်ယူပုံ ၊သင်ရိုးညွှန်းတမ်းတွေကို ပြုစုထားသင့်တယ် ။
                                                                                                            မင်းခက်ရဲ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...