ယံ ပရေ ဒုက္ခတော အာဟု
by Vipassana on Thursday, September 13, 2012 at 3:51am ·

ပုထုဇဉ် လူများစု တွေက ငြိမ်းတဲ့ သဘောကို ဆင်းရဲတယ် လို့ ထင်နေတယ်။ ကိလေသာ ငြိမ်းတာတွေ၊ ရုပ်နာမ် ခန္ဓာ ငြိမ်းတာတွေ ကောင်းတယ် ကို မထင်ဘူး။ ကိလေသာ တွေ ဖြစ်နေရတာက ကောင်းတယ် လို့ ထင်တယ်။ ကိလေသာတွေ မဖြစ်ဘဲနဲ့ ငြိမ်းနေရင် မကောင်းဘူး လို့ ထင်နေတယ်။
ဥပမာ ဆိုပါတော့ ပွဲမကြိုက်တဲ့ ပုဂ္ဂိုလ် ပွဲသွား မကြည့်ဘူး။ ပွဲကြိုက် တတ်တဲ့ ပုဂ္ဂိုလ်က ကြည့်လိုက်တော့ - ဟော သူ့ခမျာ ပွဲလေးမှာ မကြည့် ရှာဘူး။ လူထဲမှာပဲ ဆုံးရှုံးတယ်။ ပွဲလေးမှ မကြည့်ရဘူး ဆိုပြီးတော့ ဆုံးရှုံးတယ် လို့ အောက်မေ့နေတယ်။ ဒုက္ခ ရောက်နေတယ် လို့ ဆိုတယ်။ ထင်လည်း ထင်တယ်။ ပြောလည်း ပြောတယ်။ သူက လောက ရေးရာ မသိတတ် မလိမ္မာ လို့ အကောင်းအမွန် တွေ သူ မခံစားရဘူး။ ပွဲသွားပြီး သကာလ သူများတွေ ပျော်ကြရွှင်ကြ၊ အကောင်းတွေ ကို ခံစားရတယ်။ သူ့ခမျာ လောကရေးရာ မကျွမ်းကျင် မလိမ္မာ လို့ ပွဲမှ သွားမကြည့်ရလို့၊ သူ့ ခမျာ ပွဲနဲ့ စပ်တဲ့ ချမ်းသာတွေ မခံစား ရဘူး လို့ စိတ်က ထင်ကြတယ်။ ပြောလည်း ပြောကြတယ်။
တစ်ချို့က သနားလို့ တမင်တကာ ကလေးတွေ များ လိုက်ပြီး ပြလိုက်သေးတယ်။ သူ့ဥစ္စာ မကြည့်ပါဘူး ဆိုတာတောင်မှ လိုက်ပြတာ ရှိသေးတယ်။ ကောင်းတာကို သူက ကြိုက်တာကိုး။ ကြိုက်တော့ သူက အဲ့ဒီလို ကိလေသာ ငြိမ်းနေတဲ့ ဥစ္စာကို မကောင်းဘူး လို့ ထင်နေတာ။ အာရုံတွေ မခံစား လိုတဲ့ သဘော ဖြစ်နေတာ။ အာရုံတွေ မခံစား ရဘဲနဲ့ ငြိမ်းနေတာ။ သူ့ဟာ မကောင်းဘူး လို့ ထင်နေတယ်။ ပုထုဇဉ် အနေက ရုပ်နာမ် ခန္ဓာတွေ ဘဝ အသစ်တွေ မဖြစ်ဘဲနဲ့ ငြိမ်းနေတယ် ဆိုတာလည်း ဆင်းရဲပဲ။ အင်မတန် ကို ကြောက်စရာ ကောင်းတယ် ထင်တယ်။ ရုပ်နာမ် ခန္ဓာတွေ ငြိမ်း၊ ဘဝ အသစ်တွေ မဖြစ်ဘဲ၊ ရဟန္တာ ပရိနိဗ္ဗာန် စံပြီးတဲ့နောက် လူလောက၊ နတ်လောက တွေမှာ ဘယ်မှ မဖြစ်ရတော့ဘူး။ ဆင်းရဲ ဒုက္ခတွေ အကုန်လုံး ငြိမ်းပြီးတော့ သွားတယ် ဆိုတော့ ဒါကြောက်စရာကြီး လိုလို ထင်တတ်တယ်။ သူ့ဥစ္စာ တော်တော်ကို ကြောက်ကြတယ်။ တစ်ချို့က ဒီ ဥစ္စာ ဘာမှ မကောင်းဘူး ဆိုပြီးတော့ အပြစ်မြင်ကြတယ်။ အဲ့ဒါ ပုထုဇဉ်တွေကိုး။
ယံ၊ အကြင် ကိလေသာ ငြိမ်းခြင်း၊ ခန္ဓာငြိမ်းခြင်း အစရှိသော သဘောကို။ အပရေ၊ အရိယာ မှ တစ်ပါးသော ပုထုဇဉ် လူများစု တို့သည်။ ဒုက္ခတော၊ ဆင်းရဲဟု။ အာဟု၊ ဆိုကြကုန်၏။ တံ၊ ထိုကိလေသာ ငြိမ်းခြင်း ရုပ်နာမ်ခန္ဓာ ငြိမ်းခြင်း သဘောကို။ အရိယာ၊ အရိယာသခင် အရှင်မြတ်တို့သည်။ သုခတော၊ချမ်းသာ ဟူ၍။ ဝိဒူ၊ သိမြင်ကြလေကုန်၏။
(သစ္စာလေးပါးတရားတော်၊ မဟာစည်)
0 comments:
Post a Comment