Monday, December 24, 2012

ခင်မျိုးချစ်မှ သော်တာဆွေအတွက် အမှာစကား


by SarPayLawKa (စာပေလောက) on Monday, December 24, 2012 at 6:14am ·


မောင်ဆွေရေ
အစ်မကြီးတို့ ဇနီးမောင်နှံကို မင်းကလောင်နှင့် နှိပ်စက်ခဲ့တာတွေ များပြီကော၊ ဒုံးပျံကြီးနှင့် လကိုသွားဆို လည်း သွားလိုက်ရ၊ ငိုချင်းချခိုင်းလည်း အဟဲ အရှိုက်တွေနှင့် ဆွဲလိုက်ငင်လိုက်ရတာတွေ အခုတော့ မင်းကို ကလဲ့စား ချေရတော့မယ်၊ ဘယ်လို ချေမလဲ ဆိုတော့ အစ်မကြီး ကျူးလွန်တဲ့ ပြစ်မှုကြီးတစ်ခုထဲမှာ မင်းလည်း အလိုတူ အလိုပါ ပါဝင်ကူညီဖို့ ဆွဲထည့်မလို့။

        အခု ကျူးလွန်မယ့် အမှုကတော့ ရှေးရှေးကတည်းက တုတ်ထမ်း ပြောရတယ် ဆိုတဲ့ ပုဂံရာဇ၀င်ကို ပုံပြင်သဘောနဲ့ ပြန်ရေးမလို့ပဲ၊ ကျားရဲရာ ကြမ္မာမရိုးသာ ဆိုသလို အလွန်အငြင်းပွားတဲ့ တုတ်တစ်ပြက် ဓားတစ်ပြက်ထဲ ၀င်လက်လျှိုရာမှာ အစ်မကြီး လက်တစ်ချောင်းမကဘူး၊ မင်းရဲ့လက်တော့ အဖော်ခေါ်ရတော့မှာပဲ။
        အခု အစ်မကြီး၊ ရှေးခေတ် မြန်မာသူရဲကောင်းများဆိုတဲ့ ခေါင်းစဉ်နှင့် ပုဂံ ရာဇ၀င် နောက်ခံထားတဲ့ ၀တ္ထုရေးပြီး လုပ်သားအင်္ဂလိပ်သတင်း စာမှာ တနင်္ဂနွေ နေ့တိုင်း ပါနေပြီ။ အဲဒါကို မြန်မာလိုဖတ်ကြရအောင် လုပ်ဦးစို့လား။
        အစ်မကြီးရဲ့ “ရှေးခေတ် မြန်မာ့သူရဲကောင်း” များဟာ ရာဇ၀င် သမိုင်း မဟုတ်ဘူး၊ ရာဇ၀င်ဝတ္ထုသမိုင်းဒဏ္ဍာရီသာ ဖြစ်တယ်၊ အင်္ဂလိပ် စာပေမှာ ရှိတ်စပီးယားတို့ ဆာဝါလတာစကော့တို့ ရေးသလိုပေါ့ကွာ၊ သမိုင်းဝင် ပုဂ်္ဂိုလ်တွေကို ဇာတ်ကောင်ထားပြီး ဇာတ်အိမ်ဖွဲ့တာပဲ၊ အဖြစ်အပျက် အချက်အလက် အားလုံးဟာ တကယ်အမှန်တော့ မဟုတ်ဘူး၊ ဒါကြောင့် ဒီဝတ္ထုထဲက အချက်အလက်တွေဟာ ဘယ်ကျောက်စာ၊ မင်စာမှာ ပါလို့ ရေးနိုင်တာလဲဆိုတဲ့ မေးခွန်းမျိုး မေးဖို့မလိုဘူး။
        သမိုင်းထဲက အချက်အလက်တွေလည်း ဇာတ်လမ်းထဲဝင်သရွေ့ သုံးတာပဲ၊ တချို့လည်း ဇာတ်အိမ်နှင့် သင့်လျော်အောင် ပြင်ဆင်ချင် ပြင်သွားမှာပဲ၊ အဲဒါက ၀တ္ထုရေးဆရာရရှိထားတဲ့ လိုင်စင်၊ လွတ်လပ်မှုပဲ၊ သမိုင်း အချက်အလက် အတိအကျ မှန်မှန်ကန်ကန် လိုချင်ရင် သမိုင်းစာအုပ်တွေ ဖတ်ကြဖို့ပဲ၊ သမိုင်းဝတ္ထုကတော့ မှန်ကန်တိကျတဲ့ အချက် မပေးနိုင်ပေဘူး။
        ရှိတ်စပီးယားရေးတဲ့  သမိုင်းပြဇာတ်တွေကို  ဖတ်ကြည့်လျှင် ယမ်းမှုန့် မပေါ်သေးတဲ့ ခေတ်မှာ စစ်ပွဲထဲ အမြောက်တွေများတောင် ပစ်လိုက်သေးတယ်၊ ပြဇာတ်ရဲ့ အဓိက ယမ်းမှုန့်နှင့် အမြောက်အကြောင်း ရေးတာ မဟုတ်ဘူး၊ ဖတ်တဲ့ လူတွေကလည်း အဲဒီခေတ်က ဒါတွေ မရှိမှန်း သိပြီးသားပဲ၊ ဖတ်လို့ကောင်းဖို့ လူ့စိတ်ထဲမှာစွဲပြီး အဲဒီတုန်းက ဘုရင်က ဘယ်လိုသဘောရှိတယ်၊ တိုင်းသူပြည်သားက ဘယ်လိုနေတယ်ဆိုတာတွေ အချင်းချင်း ပဋိပက်္ခမှုတွေရဲ့ သဘောတရားကို စာဖတ်သူ သဘောပေါက်ဖို့ကသာလျှင် အဓိကပဲ။
        အင်္ဂလိပ်စာဆိုကျော် “ဂျွန်ကိ” (John Leats) ရေးတဲ့ စာပေအရသာ ပီတိအကြောင်းကိုဖွဲ့တဲ့ ကဗျာစာတစ်ပုဒ်ထဲမှာ ဟိုးမား ရေးတဲ့ ဣတ်္ထိယ ပျို့ကို ဖတ်တဲ့အခါမှာ သူ့စိတ်ထဲမှာ “ကော်တေး” (Cortez) (ကမ္ဘာကျော် ခရီးသည်ကြီး) ပစိဖိတ်သမုဒ္ဒရာကြီးကို ပထမအကြိမ် မြင်ရတဲ့အခါမှာ ငေးပြီး အံ့သြသလိုပဲ” လို့ ရေးခဲ့တယ်၊ ဂျွန်ကိ ရေးလိုတာက မတွေ့မကြုံစဖူး ထူးဆန်းတဲ့အရာကို ပထမဦးဆုံး အကြိမ် မြင်ရတဲ့အခါမှာ ခံစားရတဲ့ ပီတိကို ရည်ညွှန်းခြင်းသာ ဖြစ်တယ်၊ ပစိဖိတ် သမုဒ္ဒရာကြီးကို ဘယ်သူပဲ ပထမအကြိမ် တွေ့သည်ဖြစ်စေ အရေးမကြီးဘူး၊ အဲဒါကြောင့် တချို့ ဝေဖန်ရေးသမားတွေက ပစိဖိတ်သမုဒ္ဒရာကို (Cortez) ကော်တေး တွေ့တာ မဟုတ်ဘူး၊ အချက်အလက် မှားတယ်လို့ ပြောကြ ရေးကြတယ်။
        ဒီတော့ တခြားစာဆိုသူတွေက “ပစိဖိတ်သမုဒ္ဒရာကြီး ဘယ်သူ ပထမ တွေ့တာလဲ ဆိုတာ သိချင်ရင် သမိုင်းစာအုပ်တွေဖတ်၊ ဂျွန်ကိ ရေးတဲ့ ကဗျာ မဖတ်နှင့်”လို့ ပြောကြသတဲ့။
        အစ်မကြီးလည်း အခု ရေးတာက ၀တ္ထုပုံပြင်ရေးတာ၊ ဒီတော့ ကျန်စစ်သားဟာ အနော်ရထာရဲ့သား ဟုတ် မဟုတ်ကို ဆွေးနွေး ငြင်းခုံဖို့ မလိုပါဘူး၊ သားအဖ တော်သည်ဖြစ်စေ၊ မတော်သည်ဖြစ်စေ မြန်မာပြည်ကြီးကို တစ်စုတစ်စည်းတည်း စုရုံးရာမှာ အနော်ရထာနှင့် ကျန်စစ်သားဟာ အတူတကွ လုပ်ကိုင်ခဲ့ကြတယ်ဆိုတဲ့ အချက်ကိုသာ ဦးတည်ပြီး ရေးခဲ့တယ်။
        အစ်မကြီး ဘာလို့ ဒီ ပုဂံရာဇ၀င်နောက်ခံထားတဲ့ ၀တ္ထုရေးရသလဲ ဆိုတာတော့ ပြောပြချင်တယ်၊ အစ်မကြီးဟာ ပုဂံ ညောင်ဦး ဘုရားတွေကို ငယ်ငယ်ကတည်းက ရောက်ဖူးခဲ့တယ်၊ အစ်မကြီးရဲ့အဘိုး မန္တလေး မြန်မာပညာရှိ ဦးဘေက ကျောက်စာ ဌာနမှာ မစ္စတာ တော်စိန်ခိုတို့နှင့် အမှုထမ်းနေသူဖြစ်တယ်။ မကြာမကြာ ပုဂံ ညောင်ဦးကို ကျောက်စာ ကူးဖို့ သွားရတယ်။ အစ်မကြီးကလည်း ၁၁ နှစ် အရွယ်လောက် လိုက်သွားလေ့ ရှိတယ်။
        အဲဒီကတည်းက အစ်မကြီး ပုဂံမြို့နှင့် အုပ်စိုးခဲ့သူ နေထိုင်ခဲ့သူတွေကို ချစ်ခင် စိတ်ဝင်စားခဲ့တယ်၊ နေပူပူ ခြောက်သွေ့သွေ့ထဲမှာ ပလိပ်ဆူးတွေကလည်း စူးပါဘိသနဲ့၊ ဘဘကြီးနောက်က လိုက်သွားရင်း ဘဘကြီး ပြောတာတွေ နားထောင် ရတာက နေပူတာတွေ၊ ဆူးစူးတာတွေ မေ့တာပဲ၊ ခုလို အုတ်ကျိုးအုတ်ပဲ့တွေ ချုံပိတ်ပေါင်းတွေနှင့် နေတဲ့ နေရာတွေဟာ ရှေးက ဆင်၊ မြင်း၊ ရထား၊ မင်း၊ သူဌေး၊ သူကြွယ် အမှုထမ်းတွေနှင့် ကြက်ပျံမကျ စည်ကားလာခဲ့တာပါလား ဆိုတာတွေပဲ မျက်စိထဲ မြင်ယောင် လာတယ်၊ အနော်ရထာ ကျန်စစ်သား ဆိုတာတွေဟာ စာမေးပွဲနားနီးရင် ဖြဲခြောက်တဲ့ ပုံနှိပ်စာလုံးတွေ မဟုတ်ဘူး၊ တကယ့် လူတွေလို အသက်ရှင်လာတယ်၊ တစ်ခါက ဘဘကြီး ပြောတာ မှတ်မိသေးတယ်၊ “အနော် ရထာက ကာလသားရှင်ဘုရင်ကွဲ့၊ မနားမနေ လျှောက်သွားနေတာ၊ ဒီတော့ တိုင်းပြည် ချောင်ကြိုချောင်ကြား ဘာဖြစ်ဖြစ် သူသိတယ်” တဲ့။
        သည်လို ပြောလိုက်တော့ အစ်မကြီးရဲ့ စိတ်ထဲမှာ အနော်ရထာဟာ ကိုယ်နှင့် သိတဲ့ လူတစ်ယောက် ဖြစ်သွားတာပေါ့၊ ပြီးတော့ သူ့လက်ရာ ခြေရာတွေကိုလည်း မျက်စိနှင့် တပ်အပ်မြင်လိုက်ရတော့ ပိုပြီး သဘောကျလာတယ်။
        ငယ်ငယ်က ဘဘကြီးနှင့် ပုဂံ ညောင်ဦးကို လှည့်လည်ရင်း အစ်မကြီးရဲ့ မျိုးချစ်စိတ်ကို ထူထောင်ခဲ့ရတယ်။ ဥပမာ အာနန္ဒာဘုရား အပြင်ဘက် ၅၅၀ နိပါတ်တော်တွေ ထုထားတဲ့ ကျောက်ခွက်ရုပ်တွေပေါ်မှာ ကိုင်ထားတဲ့ စဥ့်ကို ဘဘကြီးက ပြပြီး “ကြည့်စမ်း ငါ့မြေး ဒီစဥ့်မျိုး ဘယ်မှာ တွေ့ဖူးသလဲ” လို့ မေးတယ်၊ အစ်မကြီးလည်း သေသေချာချာ ကြည့်ပြီး အံ့သြတကြီးပဲ “ဟင်၊ အိမ်က ကျွန်မတို့ လက်ဖက်ရည်အိုးက စဥ့်မျိုးပါလား၊ ရိုးတိုက်က ၀ယ်လာတဲ့ အိုးလေ၊ အဲဒါမျိုး ဈေးထဲမှာတောင် မရောင်းဘူး၊ အဖိုးလဲ အများကြီးပေးရတယ်” လို့ ပြောလိုက်တယ်၊ သည်တော့ ဘဘကြီးက “ဒါပေါ့ ငါ့မြေးရဲ့၊ စဥ့်အကောင်းစားပေါ့၊ အခု နိုင်ငံခြားက လုပ်တဲ့ လက်ဖက်ရည်အိုး အဖိုးတန်တွေပေါ်မှာ တွေ့ရတဲ့ အစားမျိုး၊ ဟိုတုန်းက တို့လူမျိုးတွေ လုပ်တတ်တယ်ကွဲ့”
        အဲသလို ရှေးဟောင်း ဗမာ့လက်ရာ ယဉ်ကျေးမှုတွေကို ဂုဏ်ယူတတ်အောင် ဘဘကြီးက သင်ပေးခဲ့တယ်ကွဲ့၊ အစ်မကြီးလည်း အဲဒီကတည်းက ပုဂံ၊ ညောင်ဦး၊ ပုပ္ပား အရပ်တွေကို စွဲလန်းခဲ့တယ်၊ အဲဒီမှာ နေခဲ့၊ အုပ်စိုးခဲ့၊ တိုက်ခိုက်ခဲ့တဲ့ လူတွေကို အမြဲ အောက်မေ့ သတိရတယ်၊ ဒါကြောင့် အခါအခွင့်ရတိုင်းပဲ အဲဒီအရပ်တွေကို ပြန်သွားခဲ့တယ်၊ အဲဒီ ဒေသမှာ နေခဲ့ဖူးတဲ့ လူတွေ လွန်လေပြီးသော်လည်း သူတို့ နာမည်တွေဟာ အသက်ရှင်လျက်ပဲ အဲဒီလူတွေကို ဇာတ်ကွက် ဇာတ်အိမ်နှင့် ပြန်စုရုံးချင်တယ်၊ အဲဒီစိတ်ကူးဟာ အစ်မကြီးရဲ့ အသည်းနှလုံးထဲမှာ ခိုအောင်း လာခဲ့တာ အခုဆိုရင် နှစ်ပေါင်း ၄၀ ရှိခဲ့ပြီ၊ အခုမှ အဲဒီစိတ်ကူးကို အကောင်အထည် ဖော်နိုင်ပြီလေ၊ အဲသလို အကောင်အထည်ဖော်ရာမှာ အစ်မကြီး သရုပ်ဆောင်မည့် အချက်တွေကတော့၊
   ၁။  ၁၀၄၄ နှစ်၊ အနော်ရထာ နန်းတက်သည့် နှစ်မှစ၍ နတ်ရွာစံ၊ ၁၀၇၇ အထိ ၃၃ နှစ် အချိန်ကာလသည် ခေတ်ပြောင်း တော်လှန်ရေးကာလ ဖြစ်သည်။ နတ်နဂါး ကိုးကွယ်ခြင်း၊ ဂါထာမန္တန်များကို အသားပေးသည်။ တန်တရစ် ဗုဒ်္ဓဘာသာအယူ ယူကြခြင်း အစရှိသည့် အကွဲကွဲအပြားပြား ၀ါဒများကို ထေရာဝါဒ ဗုဒ္ဓဘာသာ တစ်ခုတည်းအောက်တွင် စုရုံးသည့်ခေတ် ဖြစ်သည်။
        ၂။  နိုင်ငံတော်နယ်နိမိတ် သတ်မှတ်ခြင်း၊ လူမျိုးစုများ စည်းရုံးခြင်း၊ အဲဒီ အချက်တွေကို သရုပ်ဖော်ရာမှာ ပါးစပ်ရာဇ၀င်ဆိုတဲ့ ပုံဒဏ္ဍာရီတွေကို အသုံးချတယ်။ တကယ်ဆိုတော့ ညောင်ဦးဖီး၊ ငလုံးလက်ဖယ်၊ ငထွေရူး ဆိုတဲ့ လူတွေ ဘယ်ကျောက်စာ မင်စာမှာ ပါလိမ့်မလဲ၊ ဗျတ်ဝိဗျတ္တ၊ ရွှေဖျဉ်းညီနောင်၊ မယ်ရွှေဥ၊ မောင်ရင်မောင်၊ စောမွန်လှ၊ ဒီလူတွေဟာလည်း ဒဏ္ဍာရီထဲက ဇာတ်ကောင်တွေပဲ။ သမိုင်းစကား သန့်သန့် ပြောကြစို့ဆိုရင် သူတို့ ဘယ်ထဲမှ မ၀င်ဘူး။ အစ်မကြီး ယူဆတာကတော့ သမိုင်းထဲ ၀င်ချင် ၀င် မ၀င်ချင်နေ၊ လူတွေရဲ့ အသည်း နှလုံးထဲမှာတော့ ၀င်နေလို့ပဲ။ ပါးစပ်ပုံပြင်တွေ ဇာတ်တွေ သီချင်းတွေထဲမှာဆိုရင် သည်နာမည်တွေချည်းပဲ မဟုတ်လား။ သည်နာမည်တွေ အကြောင်းပြုပြီး လူတွေ ပုဂံရာဇ၀င်ကို သိနေကြတာပဲ။
        အစ်မကြီး အဲဒီလူတွေကို ပြန်ပြီး အသက်သွင်းမယ်။ ဗျတ်ဝိ၊ ဗျတ္တ၊ ရွှေဖျဉ်းညီနောင်တို့ရဲ့ ဇာတ်လမ်းကို ပြန်ဖော်မယ်။ မဖြစ်နိုင်တဲ့ အယူသီးမှု၊ နတ်ကိုးကွယ်မှုတွေ ပါနေတာကို ဘယ်လိုလုပ်မလဲ။ အခုခေတ်နှင့် ညီပါ့မလား မေးစရာ ရှိတယ်။ အဲဒီခေတ်က ကာယသိဒ်္ဓိ အစရှိတာတွေကို ယုံကြည်ကြတယ်။ လူသေရင် နတ်ဖြစ်တယ်ဆိုပြီး ကိုးကွယ်ကြတယ်။ အဲဒီအချက်ကို “နေမြဲ” ထားရမှာပေါ့။ သည်အယူအဆတွေ ရှိခဲ့တယ်ဆိုတာကို ဖုံးလို့လည်း မရ၊ ကွယ်ဖို့လည်း မလို၊ “သူ့အတိုင်း ထားရမှာပဲ” နတ်ကိုးကွယ်မှု၊ အယူသီးမှုနှင့် ပတ်သက်ပြီး တစ်ခု သတိပြု ရမှာက လူ့ဘ၀ရဲ့ တောင့်တလိုလားမှုထဲမှာ ကိုးကွယ် အားထားချင်တာရယ်၊ အဲ ကိုယ့်စိတ်ကို အဆောင်အယောင် အခမ်းအနား တစ်ခုခုနှင့် ဖြေသိမ့်ချင်တာရယ် ရှိတယ်။ အဲဒီလိုလားမှုဟာ လူ့သဘာဝပဲ။ ဘယ်ခေတ်ဘယ်အခါမဆို ရှိတာပဲ။
        နေရေး ထိုင်ရေး အကာအကွယ်မရှိ မယဉ်ကျေးသေးသည့်ခေတ်မှာ မိုးနတ် တိမ်နတ် အစရှိသည့် နတ်တွေကို အားကိုး ကိုးကွယ်ကြတာ ဓမ္မတာပဲ။ အခုခေတ်ကျမှ ပြန်နှာခေါင်းရှုံ့စရာ မလိုဘူး။ ကိုယ်လည်း အဲဒီအထဲက တက်လာတာပဲ ဆိုတာ သတိပြုရမယ်။
        ကိုရင် ကတ္တရာစေးလမ်းပေါ်လျှောက်၊ အုတ်တိုက်ထဲနေ ခလုတ်နှိပ် မီးပွင့်သည့် ပတ်ဝန်းကျင်မှာနေပြီး လယ်ထဲဝင်ခါနီး နတ်တင်တာတို့ မိုးထဲ လေထဲ လှေထွက်ခါနီး နတ်ပသတာကို မကဲ့ရဲ့ကြနှင့်ဦးပေါ့။ မှောင်မှောင်မည်းမည်း ကန်သင်းရိုး မြက်တောထဲ ၀င်ရမယ့် လူကိုလည်း ကိုယ်ချင်းစာကြဦး။ ကိုယ်ကဖြင့် ရေ ခြေမျက်စိမြုပ်အောင် မဆင်းဘဲ ရေထဲ လှိုင်းထဲ သွားရမယ့် လှေသမားရဲ့အဖြစ်ကိုလည်း နားလည်ဖို့ လိုတယ်။ ကိုယ်က အထက်စီးနှင့် “အလကား အယူသီးတဲ့ လူတွေပဲ” လို့ မဲ့ရွဲ့နေတာနှင့် အကျိုးမပြီးသေးဘူး။ သည်လူတွေက အယူသီးမှုတွေ စွန့်မှာ မဟုတ်ဘူး။ ကိုယ်အမြင်ကျဉ်းမှုသာပဲဖြစ်တယ်။
        အစ်မကြီးရေးတဲ့ ၀တ္ထုမှာ အနော်ရထာနှင့် ကျန်စစ်သားတို့ အဲဒီအယူအဆတွေ ဘယ်လို “ကိုင်”တယ်ဆိုတာ သရုပ်ဖော်ထားတယ်။ ပြီးတော့ ရှိသေးတယ်၊ လူဆိုတာက ကိုယ့်စိတ်ကို အဆောင်အယောင် အခမ်းအနားနှင့် ဖြေသိမ့်ရမှ ကျေနပ်တယ်။ နတ်ပွဲဆိုတာလည်း အဲဒီလိုလားချက်ကို ဖြည့်စွမ်းတဲ့ အလုပ်တစ်ခုပဲ။ ဆိုင်းနှင့် ၀ိုင်းနှင့် အဆို အက အစားအသောက်နှင့် စည်စည်ကားကား လုပ်ချင်ကြတယ်။ ဥပမာ ပန်းပဲမောင်တင့်တယ်နတ် ဆိုပါတော့၊ လူတွေဟာ သူရဲကောင်းကို အမှတ်တရ လုပ်ကြတာပေါ့ကွာ၊ နောင်နှစ်ပေါင်း ၉၀၀၊ ၁၀၀၀ လောက် ကြာရင်တောင် လူတွေက နှစ်ဆယ်ရာစုလောက်က လူတွေ တော်တော် အူတာပဲ။ အလံတစ်ဝက်ထူ ကျဆုံးလေပြီးသော ခေါင်းဆောင်ကြီးတွေ အလေးပြုဆိုပြီး (Lawt Post) ဘင်ခရာတွေ တီးသတဲ့။ အတော် အယူသီးတဲ့ လူတွေပဲလို့  ပြောကြလေဦးပေါ့။  ပြီးတော့  ဗမာပြည် လွတ်လပ်ရေးရတာလည်း အလံလွှင့် ကမ္ဘာမကြေတီး လူတွေက အလေးပြု ဒါလုပ်မှပဲ အချုပ်အခြာ အာဏာပိုင်နိုင်ငံ ဖြစ်တော့မှာလား။ “ဒါတွေ လိုသလား” အဲသလို ပြန်စဉ်းစားမှ ရှေးခေတ်က အယူအဆ နတ်ကိုးကွယ်တယ် ဆိုတာတွေလည်း သူ့ခေတ်နှင့် သူ့အခါ လုပ်ကြသည့် ထုံးစံတွေပဲလို့ မြင်လာနိုင်မယ်။ အဲသလို မြင်လာပြီးမှ ဝေဖန်ဖို့၊ ပယ်တန်ပယ်ဖို့၊ ပြင်တန်ပြင်ကြဖို့ပေါ့။
        အစ်မကြီးရဲ့ ၀တ္ထုထဲမှာ တိုင်းပြည် ထူထောင်ရာမှာ ဘုရင်နှင့် အရပ်သား၊ ခေါင်းဆောင်နှင့် နောက်လိုက်၊ ကိုယ့်တာဝန်နှင့်ကိုယ်၊ ထောင့်စေ့အောင် လုပ်ကိုင်ပုံကို သရုပ်ဖော်ထားတယ်။ အနော်ရထာမင်း ဘုန်းကြီးလို့ သိကြားမင်းက နတ်မြင်းပျံ ဆက်တာ အရိန္ဒမာလှံဆက်တယ် ဆိုပြီး ဘုန်းတန်ခိုး အသားပေးသည့် အရေး အသားလည်း သူ့ခေတ်နှင့်သူ ရှိခဲ့တာပေါ့။ စောမွန်လှနှင့် အနော်ရထာ ဇာတ်လမ်းဟာလည်း ဘယ်ကျောက်စာ မင်စာ အထောက်အထားမှ အခုထိ မတွေ့ရသေးဘူး။ ဒါပေမယ့် လူတွေရဲ့ နှလုံးသည်းပွတ်ထဲမှာတော့ စွဲနေတာပဲ။ အဲဒီဇာတ် လမ်းကိုလည်း ပြန်အသက်သွင်းတဲ့အခါမှာ လူမျိုးစုစိတ်ဓာတ် ခိုင်မာမှု ဆိုသည့် ဘောင်ခတ်ပြီး လူမျိုးစု စိတ်ဝမ်းကွဲစေတဲ့ စကားအသုံးအနှုန်းနှင့် အကွက် များကို ပယ်ရှားရလိမ့်မယ်။
        စောမွန်လှကို ဇာတ်ထဲ ကပြကြသလို လွမ်းရင်ပြီးရောဆိုပြီး တစ်ဖက်သတ် နှိပ်စက်ခံ ဇာတ်ကောင် မဟုတ်ဘူး။ အနော်ရထာရဲ့ ဘ၀လုပ်ငန်းစဉ်မှာ တစ်တပ် တစ်အား ပါဝင်ရတဲ့ ပါရမီဖြည့်ဖက်တစ်ဦးအဖြစ် သရုပ်ဖော်ရလိမ့်မယ်။
        အနော်ရထာ တိုင်းပြည်နှင့် လူမျိုးကို သံယောဇဉ်ကြီးသလို စောမွန်လှရဲ့ မေတ္တာကလည်း အနော်ရထာကို နှောင်ဖွဲ့ပြီ၊ သာမန်တဏှာပေမ အချစ်မျိုး မဟုတ်ဘဲ မြင့်မြတ်သည့် မေတ္တာမျိုး ဖြစ်ရမယ်။ အစ်မကြီးကလည်း အခု မျက်မှောက်ခေတ် အမြင်နှင့် ပြန်ရေးမှာပဲ။ အရေးကြီးသည့် သမိုင်းအချက်တွေ ဘောင်ခတ်ထားတယ်။ အဲဒီဘောင်ကိုမကျော်ဘဲ အတွင်းသားကို အစ်မကြီး စိတ်ကူးနှင့် ခြယ်လှယ်သွားတာပဲ။ သမိုင်းအချက်က အရိုးပဲ၊ အစ်မကြီးက အသားထည့်ပေးတာပဲ။
        သမိုင်းအချက်အလက်တွေနှင့် ပတ်သက်လို့တော့ ဒေါက်တာသန်းထွန်းရေးတဲ့    (hiestory of Buma အင်္ဂလိပ်လုပ်သား သတင်းစာ တနင်္ဂနွေနေ့တိုင်း ပါခဲ့သည့်အထဲက အများကြီး အထောက်အထားရတယ်၊ ပြီးတော့လည်း သမိုင်းကော်မရှင် ဗိုလ်မှူးဘရှင်ဆီကိုလည်း သွားပြီး ကိုယ်လိုချင်သည့် အချက်တွေ သွားမေးရတယ်။ အမေး နွားကျောင်းသား၊ အဖြေ ဘုရားလောင်း ဆိုသလို အစ်မကြီးမေးတာက တစ်ခွန်း၊ သူတို့မှာတော့ စာအုပ်ကြီးငယ် အကိုးအကားနှင့် ရှာပြောရတာပေါ့။
        အစ်မကြီး သည်ဝတ္ထုရေးကတည်းက လူကြီးတွေလည်း အကောင်း မနေရရှာပါဘူး။ ဖိုင်တွဲတွေကို အရူးလွယ်အိတ်ထဲ ထည့်လွယ်ပြီး သူတို့ဆီ သွားမေးမြန်း စကားများပေါ့။ ဆရာဇော်ဂျီတို့၊ ဆရာမင်းသုဝဏ်၊ ဆရာဦးခင်ဇော်တို့တစ်တွေတော့ အစ်မကြီး မေးမြန်း နှိပ်စက်တာတွေ ခံနေကြရတာပဲ။ အစ်မကြီးလုပ်ပုံက ဆရာကြီးတွေ အမြတ်တနိုးထားတဲ့ ပုဂံရာဇ၀င် စာအုပ်ကြီးကို စင်ပေါ်ကချပြီး လက်ဆော့ ဆေးရောင်စုံဆိုး နေတဲ့ ကလေးလိုပေါ့၊ လူကြီးတွေကလည်း ရင်တမမနှင့်ပဲ အလိုလိုက် ကြည့်နေရှာကြပုံရတာပဲ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...