ကျောက်မီးသွေးဆိုတာ ဂျိုနဲ့လားကွယ့်
by ကို သာ ပို on Monday, December 24, 2012 at 9:13am
မြန်မာနိုင်ငံမှာ ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံတွေ တည်ဆောက်တော့မှာနဲ့ ပတ်သက်ပြီးတော့ ဟိုအသံဒီအသံတွေ ကြားနေရလို့ အသုံးဝင်လို့ ဝင်ငြား ဒီစာကိုရေးပါတယ်။
ကျောက်မီးသွေး ဓါတ်အားပေး စက်ရုံဆိုတာ ပြောရရင်တော့ မြန်မာပြည်နဲ့ မစိမ်းပါဘူး။ လောလောလတ်လတ် လည်ပတ်နေတဲ့ တီကျစ်ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံလဲ တည်ရှိနေပါသေးတယ်။ ပြောရရင်တော့ ဒီလိုစက်ရုံတွေကြောင့် ဘာတွေဆိုးကျိုးတွေ ဖြစ်နိုင်တယ်၊
ဒီဆိုးကျိုးတွေ ဖြစ်မလာအောင် ဘယ်လိုနည်းလမ်းတွေ အသုံးပြုပြီးတော့ ကာကွယ်ရမယ်၊ တည်ဆောက်ရမယ် ဆိုတာတွေကို လေ့လာသိရှိထားဖို့ လိုအပ်ပါတယ်။
လူအတော်များများက ကျောက်မီးသွေးဆိုတာနဲ့ မီးခိုးတွေအများကြီးထွက်မယ် ပတ်ဝန်းကျင်ညစ်ညမ်းမယ်၊ လေထုညစ်ညမ်းမယ် သဘာဝပတ်ဝန်းကျင် ထိခိုက်မယ်ဆိုပြီးတော့ ပြေးမြင်တတ်ကြပါတယ်။ အမှန်ပါပဲ ကျောက်မီးသွေးကို မီးရှိုလိုက်တဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဆာယလဖာဒိုင်အောက်ဆိုဒ်၊ ကတ္တရာနဲ့ တခြာအဆိပ်အတောက် ဖြစ်စေနိုင်တဲ့ ဓါတ်ငွေ့တွေ ထွက်လာတတ်ပါတယ်။ ဖန်လုံအိမ်အာနီသင် ဖြစ်စေတဲ့ ဓါတ်ငွေ့တွေ၊ အက်ဆစ်မိုးတွေနဲ့ လေထုညစ်ညမ်းတာတွေ ဖြစ်စေနိုင်တာတွေ အများကြီးပါ။
ဒါတွေဟာ ဘာတွေဖြစ်နိုင်မလဲ ဆိုတာနဲ့ ဘယ်လိုကာကွယ်ရင် ရမလဲဆိုတာတွေကိုလဲ လက်လှမ်းမီသလောက် လေ့လာထားသင့်တယ် ထင်မိပါတယ်။ ဒါမှသာ တကယ်တမ်း ပတ်ဝန်းကျင် ထိခိုက်နိုင်တာတွေ တည်ဆောက်ကြတဲ့အခါ လိုအပ်တဲ့ နည်းစနစ်တွေသုံးကြရဲ့လား၊ စနစ်ကျနစွာ အသုံးပြုခြင်း ရှိမရှိကို စူးစမ်းနိုင်မယ် ထင်မိပါတယ်။ ထွက်နိုင်တဲ့ အဆိပ်ဓါတ်ငွေ့တွေနဲ့ ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေကတော့ အများကြီးပါပဲ။ အခုပြောချင်တာကတော့ ဒီဆိုးကျိုးတွေထဲက ဆာလဖာဒိုင်အောက်ဆိုဒ်နဲ့ သူ့ကို ဘယ်လိုသန့်စင်လို့ ရတယ်ဆိုတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။
ကျောက်မီးသွေးနဲ့ ရေနံတို့လို ရုပ်ကြွင်းလောင်စာတွေဟာ ဆာလဖာဓါတ်တွေ ပေါများစွာပါဝင်နေလေ့ ရှိကြပါတယ်။ ကောင်းမွန်စွာ သန့်စင်ထားခြင်း မရှိတဲ့ ရုပ်ကြွင်းလောင်စာတွေဟာ လောက်ကျွမ်းရာမှာ ဆာလဖာဒိုင်အောက်ဆိုဒ်ဆိုတဲ့ အဆိပ်ဓါတ်ငွေ့တွေကို လေထုထဲ ထုတ်လွှတ်တတ်ကြပါတယ်။ ဆာလဖာဒိုင်အောက်ဆိုဒ်ဟာ အဆိပ်ဓါတ်ငွေ့တစ်မျိုး ဖြစ်ပြီးတော့ လေထုညစ်ညမ်းမှုကို များစွာဖြစ်စေတဲ့ ဓါတ်ငွေ့ဖြစ်ပါတယ်။ လေထုထဲမှာ ရှိနေတဲ့ ဆာလဖာဒိုင် အောက်ဆိုဒ်တွေဟာ ရေခိုးရေငွေ့တွေနဲ့ ရောနှောပြီးတော့ အက်ဆစ်မိုးအဖြစ်လဲ ရွာကျတတ်ပါသေးတယ်။
ဒီတော့ ကျောက်မီးသွေးသုံး စက်ရုံတွေ၊ ဓါတ်အားပေး စက်ရုံတွေမှာ လေထုထဲကို မီးခိုးတွေ မထုတ်လွှတ်ခင် သန့်စင်နိုင်ဖို့ အဓိက လိုအပ်ပါတယ်။ ကျောက်မီးသွေးတို့လို လောင်စာတွေ မီးရှိုရာကနေ ထွက်ပေါ်လာတဲ့ မီးခိုးငွေတွေကနေ ဆာလဖာဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ကို ဖယ်ရှားတဲ့ နည်းလမ်းကို Flue-gas desulfurization (FGD) လို့ ခေါ်ပါတယ်။ အဓိကအားဖြင့် FGD မှာ
- Wet Limestone FGD
- Seawater FGD ဆိုပြီးတော့ နည်းလမ်းတွေ ရှိပါတယ်။
ဒီထဲက Seawater SGD လို့ခေါ်တဲ့ ပင်လယ်ရေကို အသုံးပြုပြီးတော့ သန့်စင်နည်းဆိုတာက ပင်လယ်ရေမှာရှိနေတဲ့ သဘာဝ PH7 တန်ဖိုးကို သုံးပြီးတော့ ဆာလဖာဒိုင်အောက်ဆိုဒ်ကို သန့်စင်တာပါ။ ပင်လယ်ရေ အလွယ်တကူ ရရှိနိုင်တဲ့ ဒေသတွေမှာ ဒီနည်းကို အသုံးပြုသင့်ပါတယ်။
ပထမဦးစွာ ပင်လယ်ရေတွေကို သိုလှောင်မယ့် ကန်ထဲကို ပန့်တွေနဲ့ စုတ်တင်ပြီးတော့ အောက်ဆီဒေးရှင်းဖြစ်အောင် Air-Blower တွေနဲ့ လေမှုတ်သွင်းထားရပါမယ်။ နောက်တော့ သန့်စင်မယ့် Sump ထဲကိုခုနက ပင်လယ်ရေတွေကို မောင်းသွင်းရပါမယ်။ ကျောက်မီးသွေးတွေ မီးရှိုလို့ ထွက်လာမယ့် မီးခိုးတွေကိုလဲ Sump ထဲကို မှုတ်သွင်းပေးရပါမယ်။ အဲ့ဒိအပေါ်ကမှ ခုနက ပင်လယ်ရေတွေကို ရေပန်းနဲ့ ဖြန်းပေးရမှာ ဖြစ်ပါတယ်။
ဒီနေရာမှ မီးခိုးတွေထဲမှာ ပါဝင်တဲ့ SO2 ဆာလဖာဒိုင်အောက်ဆိုဒ်တွေဟာ ဆာလဖိတ်ပျော်ရည်အဖြစ်နဲ့ ပင်လယ်ထဲကို ရောက်ရှိသွားမှာပါ။ ပင်လယ်ရေထဲမှာ ပင်လယ်ရေထဲမှာ သဘာဝအလျောက် ရှိနေတဲ့ ဆာလဖိတ်ပျော်ရည်နဲ့ အတူတူပါပဲ။ ဆာလဖိတ်ဓါတ်များတဲ့ ပင်လယ်ရေတွေကို ပင်လယ်ထဲ ပြန်လွှတ်ပေးခြင်းဖြင့် ပြန်လည်ရောနှောပြီးတော့ သဘာဝအတိုင်း ပြန်ဖြစ်သွားမှာပါ။ ဒီနည်းအသုံးပြုတဲ့ အနီးတဝိုက်က ပင်လယ်ရေကိုတော့ ဆာလဖိတ်ပျော်ရည် ပါဝင်မှုနှုန်း အမြဲတိုင်းတာနေဖို့ လိုအပ်မယ်တော့ ထင်မိပါတယ်။

ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေမှာ အအေးခံဖို့ ပင်လယ်ရေကို အသုံးပြုကြသေးတာ ဖြစ်တဲ့အတွက် ပင်လယ်ကမ်းစပ်နဲ့ နီးတဲ့ဒေသတွေမှာ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံတွေ တည်ဆောက်တာဟာ စီးပွားရေးအရ တွက်ခြေကိုက်တဲ့ အနေအထားဖြစ်ပါတယ်။ ဆာလဖာဒိုင်အောက်ဆိုဒ်တွေ လေထုထဲ ရောက်မသွားဖို့ သန့်စင်ရာမှာလဲ အကုန်အကျအနည်းငယ်နဲ့ ထိရောက်စေနိုင်ပါတယ်။
နောက်တစ်နည်းဖြစ်တဲ့ Wet Limestone FGD ကတော့ ထုံးကျောက်တွေကို အသုံးပြုပြီးတော့ သန့်စင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ထုံးကျောက်တွေကို အမှုန့်ဖြစ်အောင် ကြိတ်ခွဲပြီး ထုံးကျောက်ပျော်ရည်တွေ ရအောင် ပထမဦးစွာ စီမံထားရပါတယ်။ ရလာတဲ့ ထုံးကျောက် ပျော်ရည်တွေကို Sump ထဲကို မောင်းသွင်းပြီးတော့ ကျောက်မီးသွေးတွေ မီးရှိုရာက ထွက်လာတဲ့ မီးခိုးတွေကိုလဲ Sump ထဲ မှုတ်သွင်းရပါမယ်။ အဲ့ဒိအပေါ်ကမှ ခုနက ထုံးကျောက်ပျော်ရည်တွေကို Spray တွေနဲ့ ဖြန်းပေးရတာ ဖြစ်ပါတယ်။
CaCO3 ဒါမှမဟုတ် CaO ဆိုတဲ့ ထုံကျောက်တွေနဲ့ SO2 ခေါ်တဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်တွေ ဓါတ်ပြုတဲ့အခါမှာ CaSO3 ခေါ်တဲ့ ကယိလစီယမ် ဆာလဖိုက်တွေ Sump အောက်ခြေမှာ အနယ်ကျပြီး ထွက်လာပါတယ်။ ဒီနည်းနဲ့ ဆာလဖာဒိုင်အောက်ဆိုဒ် ဓါတ်ငွေ့ကို ဖယ်ရှားတာ ဖြစ်ပါတယ်။

အနယ်ကျနေတဲ့ CaSO3 ကို အောက်ဆီဂျင်နဲ့ ဓါတ်ပြုအောင် အောက်ခြေကနေ လေကို Blower တွေနဲ့ မှုတ်သွင်းပေးလိုက်တဲ့အခါမှာ ရောင်းတန်းဝင် မြေဖြူခေါ်တဲ့ (Gypsum, CaSO4) ကို ရရှိနိုင်ပါသေးတယ်။
အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေဟာ အစိုနည်းလို့ခေါ်တဲ့ ရေပါတဲ့နည်းလမ်းတွေ ဖြစ်တဲ့အတွက် မီးခိုးတွေ ပြန်လည်ထွက်မယ့် ခေါင်းတိုင်မှာ ရေစစ်စကာတွေ တပ်ထားပေးဖို့ လိုအပ်ပါသေးတယ်။
ပြီးတော့ ဒီနည်းလမ်းတွေဟာ မီးခိုးတွေထဲမှာ ပါဝင်တဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်ကို ၉၅%အထက် သန့်စင်ဖယ်ရှားပေးနိုင်ပါတယ်။ ဆာလဖာဒိုင်အောက်ဆိုဒ်အပြင် Hydrogen Chloride(HCL), Hydrogen Fluoride (HF) တို့လို အက်ဆစ်ဓါတ်ရှိတဲ့ အရာတွေကိုလဲ ဖယ်ရှားပေးနိုင်ပါသေးတယ်။
ဒါတွေအပြင်
- Circulating Fluidised Bed (CFB) လို့ခေါ်တဲ့ Dry Flue Gas Desulphurisation၊
- Wet sulfuric acid process လို့ခေါ်တဲ့ ဆာလဖြူရစ် အက်ဆစ်ထုတ်ယူနဲ့နည်းလမ်း။
- SNOX Flue gas desulfurization လို့ခေါ်တဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်နဲ့ နိုင်ထရိုဂျင်အောက်ဆိုဒ်ကို တပြိုင်နက်တည်း သန့်စင်တဲ့နည်းလမ်းတို့လို
တခြားနည်းလမ်းများလဲ ရှိပါသေးတယ်။
ဒါတွေက သန့်စင်တဲ့ နည်းစနစ် ရှုပ်ထွေးတဲ့အပြင် ဈေးလဲကြီးတာကြောင့် အသုံးပြုမှု နည်းပါးခက်ခဲတဲ့ နည်းလမ်းတွေ ဖြစ်ကြပါတယ်။
တကယ်တော့ ကျောက်မီးသွေး လောက်ကျွမ်းရာက ထွက်လာတဲ့ ဓါတ်ငွေ့တွေထဲက ဆာလဖာဒိုင်အောက်ဆိုဒ်တင်မကပဲ ပြာတွေ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ နိုင်ထရိုဂျင်အောက်ဆိုဒ်နဲ့ တခြား အဆိပ်အတောက် ပစ္စည်းတွေကပိုလဲ ဖယ်ရှားပြီးမှ လေထုထဲကို ထုတ်လွှင့်သင့်တာပါ။
ကျန်တာတွေကိုလဲ နောက်များ အလျဉ်းသင့်ရင် ဆက်ရေးပါဦးမယ်။
Luminox
25.12.2012
0 comments:
Post a Comment