. . . . . . ..ပြောပြချင်ပါတယ် (၁၀)
by ငရဲ သား on Monday, December 24, 2012 at 12:09am
EMG Website တွင် ဖော်ပြထားသော ...။ ဒေါက်တာသန်းထွဋ်အောင်၏ ၂၀၁၂ အတွင်းရှိ မြန်မာနိုင်ငံ စစ်ရေး၊ နိုင်ငံရေးနှင့် ပေါ်လစီတို့အား ခြုံငုံသုံးသပ်ထားသော ဆောင်းပါးအား ပြန်လည်ဖော်ပြပါသည်..။
ဒီတစ်ခါရေးတဲ့ ဆောင်းပါးကတော့ ဒီနှစ်ထဲမှာရေးတဲ့ နောက်ဆုံးဆောင်းပါးပဲ ဖြစ်ပါလိမ့်မယ်။ ၂၀၁၂ အစတုန်းကတော့ ကျွန်တော်တို့နိုင်ငံက အပြောင်းအလဲတွေနဲ့ ပတ်သက်ပြီး အတော်အားရမိပါတယ်။
ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ပြေလည်မှုတွေ၊ နိုင်ငံတကာအသိုင်းအ၀ိုင်းအတွင်း ၀င်ရောက်မှုတွေ၊ ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်မှု၊ Sanction ရုပ်သိမ်းဖို့ အလားအလာတွေနဲ့ အားတက်စရာပါပဲ။ ဒါကြောင့် Nation သတင်းစာအင်တာဗျူးမှာ Amazing Changes in Myanmar လို့ ပြောလိုက်မိပါတယ်။
(၁)
ဒါပေမယ့် ဘယ်လောက်ပဲ မြန်မာနိုင်ငံ အပြောင်းအလဲက မြန်ဆန်၊တည်ငြိမ်၊ထောက်ခံမှုတွေရရ၊ဘယ်လောက် တိုးတက်မှုတွေ ရနေရနေ ကျွန်တော်တို့နိုင်ငံမှာ နောက်ပြန်သွားနိုင်တဲ့ အချက်တွေရှိနေတုန်းပဲလို့ ၂၃-၅-၂၀၁၂ ထုတ် Weekly Eleven ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ''ပြောပြချင်ပါ တယ်'' အမှတ်(၁)ဆောင်းပါးမှာ ကျွန်တော်စတင် ထောက်ပြခဲ့ပါတယ်။ အကြောင်းအရင်း(၃)ချက် ရှိတဲ့အကြောင်း ရှင်းပြခဲ့ပါတယ်။ အဲ ဒီတုန်းကတော့ တိုင်းပြည်က ဒီလိုရှုပ်ထွေးမနေပါဘူး။ ကျွန်တော်ပြောပြီး ဇွန်လမှာပဲ ရခိုင်ပြည်နယ်ပြဿနာ ဖြစ်ပါတယ်။ တောင်ကုတ်အကြမ်းဖက် လူသတ်မှုဟာ ပြဿနာရဲ့မီးပွားဖြစ်ပြီး အဲဒီနောက်မှာ မောင်တောမှာ လူမျိုးရေးပြဿနာဖြစ်တာပါ။ အဲဒီကမှ စစ်တွေကိုပျံ့နှံ့သွားတာပါ။ ပြဿနာရဲ့အစ တောင်ကုတ်စုံစမ်းရေးကော်မရှင် အစီရင်ခံစာလည်း လူသိရှင်ကြား ထွက်မလာတာကတော့ အစိုးရက ဖြေရဦးမယ့် မေးခွန်းဖြစ်ပါတယ်။ အဲဒီကမှ နိုင်ငံတကာမီဒီယာတွေနဲ့ ဧရာဝတီအစရှိတဲ့ Exile Media တွေက မရှိတဲ့ ရိုဟင်ဂျာကို ပြဿနာအဖြစ် ပုံဖော်ခဲ့ကြတာပဲဖြစ်ပါတယ်။ အဲဒီကမှ နိုင်ငံတကာ ပြဿနာအဖြစ် တွန်းပို့ခဲ့ကြတာပဲ ဖြစ်ပါတယ်။
ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းနှင့် KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်တို့ ဇွန်လ ၂၀ ရက်နေ့က အလွတ်သဘော တွေ့ဆုံစဉ်၌ နှစ်ဖက်တပ်များ နေရာယူထားမှုအား မြေပုံပေါ်၌ ကြည့်ရှုနေစဉ်
(၂)
တိုင်းရင်းသားလူမျိုးများအရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ဖော်ဆောင်ရေးပြဿနာဟာ နောက်ပြန်လှည့်သွားနိုင်တဲ့ အဓိကပြဿနာဖြစ်ပြီး အစိုးရက ပုံဖော် ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ အဓိကပြဿနာဖြစ်တဲ့ ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးကို မဖော်ဆောင်နိုင်ရင်တော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရမှာ မဟုတ်ပါဘူး။ အစိုးရနဲ့ တပ်မတော်ကြားမှာရှိတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတဟာ ကာကွယ်ရေးဦးစီးချုပ်အပေါ်မှာ တပ်ပိုင်းဆိုင်ရာ၊ စစ်ရေးပိုင်းဆိုင်ရာမှာ အကြွင်းမဲ့အာဏာလွှမ်းမိုးမှု မရှိပါဘူး။ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ အဓိကကျတဲ့ စစ်တပ်အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုမူကို လက်ခံ၊ မခံဆိုတာဟာ နောက်ပြန်သွား၊မသွားကို အဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။
ကချင်နဲ့ဖြစ်တဲ့ စစ်ပွဲမှာ KIO က တောင်းဆိုတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တစ်နည်း ဖက်ဒရယ်ပြည်ထောင်စုမူကို ကျွန်တော် ထောက်ခံပါတယ်။ ဒါပေမယ့် ဘယ်လို အကြောင်းပြချက်ကြောင့်ပဲဖြစ်ဖြစ် အပစ်အခတ်ရပ်စဲရေး မလုပ်တာကိုတော့ KIA ကို ကျွန်တော် မထောက်ခံနိုင်ပါဘူး။ စစ်ပွဲတွေရှိရင် စစ်တပ်တွေ တန်ခိုးသြဇာတက်မယ်၊ စစ်အာဏာရှင်စနစ် အသက်ဝင်မယ်၊ ပြည်သူတွေ ဒုက္ခရောက်မယ်။ ရရှိတဲ့ သတင်းအချက်အလက်တွေအရ ကချင်ပြည်နယ်မှာ စစ်ပွဲရပ်ဖို့အတွက် တာဝန်ရှိတာ အစိုးရနဲ့မြန်မာ့တပ်မ တော်တစ်ခုတည်း မဟုတ်ပါဘူး။ ဒါကြောင့် ကချင်ပြည်နယ်ငြိမ်းချမ်းရေးရဖို့ သမ္မတကြီးတစ်ဦးတည်းကိုပဲ ဖိအားပေးဖို့မဖြစ်သင့်ပါဘူး။
ဒါ့အပြင် Online တွေမှာ ကချင်လူမျိုးအချို့ရဲ့ ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒကို အခြေခံပြီး ဗမာလူမျိုးတွေကို လူမျိုးကြီးဝါဒ ကျင့်သုံးတယ်ဆိုပြီး ဗမာတွေနဲ့ အခြားတိုင်းရင်းသားတွေအကြား ရန်တိုက်ပေးတာဟာ ပြဿနာရှိပါတယ်။ ဒါ့အပြင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကိုပါ လူလိမ်လူညာအဖြစ် ပုံဖော်ရေးသားမှုတွေရှိတာကို လက်မခံနိုင်ပါဘူး။ ဒါတွေအတွက်တော့ ရှင်းလင်းရပါလိမ့်မယ်။ တကယ်တော့ ကချင်ပြည်နယ်မှာ တောင်တန်းတွေမှာ ဂျိမ်းဖော၊ ကချင်တွေနေပြီး မြေပြန့်မှာ ရှမ်း၊ ဗမာတွေနေတာ နှစ်ပေါင်းရာထောင်ချီနေပါပြီ။ ကျွန်တော့်ရဲ့ဘိုးဘွားတွေကလည်း ကချင်ဒေသခံ ရှမ်းဗမာတွေပါ။ မြန်မာနိုင်ငံဟာ ဗမာလူမျိုးတွေချည်းပဲ ပိုင်တာမဟုတ်သလို။ ကချင်ပြည်နယ်ဟာလည်း ကချင်လူမျိုးတွေနဲ့ချည်း သက်ဆိုင်တာတော့ မဟုတ်ပါဘူး။ စစ်တိုက်ကောင်းတဲ့ ဗမာ၊ ကချင်၊ ကရင် တွေရဲ့ ပြဿနာရှေ့တန်းရောက်ပြီး စစ်တိုက်မကောင်းတဲ့ ရှမ်း၊ ရခိုင်၊ မွန်၊ ချင်းတွေ နောက်တန်းရောက်နေတာလားလို့တောင် စဉ်းစားမိတဲ့အထိ စစ်ပွဲတွေ၊ စစ်ဘုရင်တွေဟာ မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးနေတယ် ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီနိုင်ငံစစ်စစ် တည်ထောင်ချင်ရင် ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် တည်ထောင်ချင်ရင် စစ်ပွဲတွေ အရင်ရပ်ရပါမယ်။
(၃)
ကျွန်တော်နဲ့သိတဲ့ ကချင်လူမျိုးတွေနဲ့ ပတ်သက်တဲ့သူတွေကို KIA အနေနဲ့ အပစ်အခတ်ရပ်သင့်တဲ့အ ကြောင်း ကျွန်တော်အမြဲပြောတော့ သူတို့က ကျွန်တော့်ကို အမြဲပြန်ပြောပါတယ်။ ကျွန်တော်တို့ အလိမ်ခံခဲ့ရတာ ခဏခဏရှိပါပြီ။ ခင်ဗျားဘယ်လို အာမခံမှာလဲလို့ မေးပါတယ်။ ကျွန်တော်က ပြန်ပြောလိုက်ပါတယ်။ ကိုယ့်ဘ၀ကိုယ်တောင် ကိုယ်အာမ မခံနိုင်ပါဘူး။ တကယ်လို့ နောက်ပြန်လှည့်ပြီဆိုရင် ဘယ်အပေါက်ကနေ ပြေးရမလဲဆိုတာတောင် ကျွန်တော့်ကိုယ်ကျွန်တော် မတွက်ချက်ရသေးပါဘူး၊အလိမ်ခံရတာတွေ၊မယုံကြည်တာတွေ ဘေးမှာထားပြီး ကျွန်တော်တို့ ယုံကြည်တာတွေဖြစ်လာဖို့ ကြိုးစားရပါမယ်။ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေ ဆက်ဖြစ်နေတာဟာ မြန်မာ့ဒီမိုကရေစီအတွက်ရော၊ ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရေးအတွက်ပါ အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီတော့ စစ်ပွဲရပ်ဖို့အတွက် ဒီမိုကရေစီလိုလားသူတွေ၊ပြည်ထောင်စုစစ်စစ် လိုလားသူတွေ လုပ်ရပါမယ်။
တကယ်တော့ ၂၁ ရာစုမှာ ကမ္ဘာ့နိုင်ငံရေးမှာပဲ ဖြစ်ဖြစ်၊မြန်မာနိုင်ငံရေး ပြဿနာတွေမှာပဲဖြစ်ဖြစ် အင်အားကို အခြေပြုတဲ့ နိုင်ငံရေးစနစ်ကို ထည့်သွင်းမစဉ်းစားလို့ မရနိုင်ပါဘူး။အင်အားကြီးတဲ့နိုင်ငံတွေ၊ အာဏာရှိတဲ့လူတွေဟာ သူတို့ရဲ့အင်အား(Power) တည်မြဲရှင်သန်ကြီးထွားအောင်
၁။စစ်ရေးအင်အား(Military Power)
၂။ စီးပွားရေးအင်အား (Economic Power)
၃။ မမြင်နိုင်တဲ့ ယုံကြည်မှုအင်အား (သြဇာတိက္ကမ) (Soft Power)
ဒီသုံးခုကို အမြဲတည်ဆောက်ဖို့ ကြိုးစားပါတယ်။
၂၀ ရာစုမှာ စစ်ရေးအင်အားနဲ့ စီးပွားရေးအင်အား နှစ်ခုပေါင်းထားတဲ့ (Hard Power) ကို အလေးအနက်ထားပေမယ့် သတင်းနည်းပညာခေတ် ရောက်တဲ့အခါ (Soft Power)ဟာ ရှေ့တန်းရောက်လာပါတယ်။ ဟစ်တလာ၊ စတာလင်၊ မော်စီတုန်းအစ ရှိတဲ့ အာဏာရှင်တွေဟာ ၀ါဒဖြန့်ချိရေးအင်အား (Propaganda) ကို Soft Power အဖြစ် အမှတ်မှားခဲ့ကြပါတယ်။ စတာလင်ဟာဆိုရင် ပုပ်ရဟန်းမင်းကြီးမှာ စစ်တပ်မ ဘယ်နှခုရှိလို့လဲလို့တောင် ပြက်ရယ်ပြုခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာပေါ်မှာ အကြီးမားဆုံး စစ်တပ်ပိုင်ဆိုင်သူတွေ၊စီးပွားရေး အင်အားကြီးသူတွေတောင် သမိုင်းကနေ ကွယ်ပျောက်ခဲ့ကြတဲ့ သာဓကတွေ အများကြီးရှိလာတော့ စစ်ရေးအင်အား၊ စီးပွားရေး အင်အားနှစ်ခုတည်းနဲ့ အလုပ်မဖြစ်တော့ပါဘူး။ ဒါပေမယ့် အယ်လ်ကေးဒါးကို နှိမ်နင်းဖို့အတွက်တော့ အာဖဂန်ကို စစ်အင်အားသုံးခဲ့ရတာဖြစ်လို့ Hard Power ကလည်း အရေးကြီးပါတယ်။
(၄)
ဒေသတွင်းမှာ အင်အားလေးသိန်းရှိတဲ့ အင်အားကြီးစစ်တပ်ကို ပိုင်ဆိုင်တဲ့နိုင်ငံ၊ နှစ်ပေါင်း ၅၀ စစ်တပ်က တိုင်းပြည်ရဲ့ အာဏာကို ချုပ်ကိုင်ထားတဲ့နိုင်ငံမှာ စစ်တပ်ဟာအခိုင်မာဆုံး အဖွဲ့အစည်း(Institution) ဖြစ်တာဟာ မထူးဆန်းပါဘူး။ ဒါပေမယ့် စစ်တပ်က အာဏာကိုကြာ ရှည်ချုပ်ကိုင်ဖို့ဆိုတာ မဖြစ်နိုင်လို့ ၁၉၇၄ ခုမှာ မဆလပါတီအသွင်ပြောင်းပြီး တစ်ပါတီစနစ်နဲ့ သွားခဲ့သလိုမျိုး အခုတစ်ခါရော ပါတီစုံစနစ်ကို စတင်ကျင့်သုံးပြီး အာဏာကို တစ်ဆင့်ပြီး တစ်ဆင့် ရေရှည်ချုပ်ကိုင်လိုသူတွေ ရှိမှာဖြစ်သလို တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီမိုကရေစီစနစ်ကို မဖြစ်မနေသွားရမယ်လို့ ယူဆသူတွေဟာ တပ်မတော်နဲ့ဆိုင်တဲ့ အ၀န်းအ၀ိုင်းအတွင်းမှာ အများကြီးရှိပါတယ်။
ခရိုနီစီးပွားရေးစနစ်ကို ပစ်ပယ်ပါမယ်လို့ သမ္မတက ဘယ်လိုပဲပြောပြော တိုင်းပြည်ရဲ့ ပိုင်ဆိုင်မှုတစ်ဝက်လောက်ဟာ လူဦးရေသောင်းဂဏန်း လောက်ပဲရှိတဲ့ မိသားစုတွေရဲ့လက်ထဲမှာပဲ ရှိပါတယ်။ တိုင်းပြည်ရဲ့ GDP တက်လာပြီ၊ ရင်းနှီးမြှုပ်နှံမှုတွေ တက်လာပြီ ဘယ်လောက်ပဲဆိုဆို တိုင်းပြည်ရဲ့ လူလတ်တန်းစား တွေ ဆင်းရဲသားတွေရဲ့မျော်လင့်ချက်က ၀ိုးတ၀ါးပါပဲ။
ဘဏ်တွေ၊ ကုန်ထုတ်အရင်းအနှီးဖြစ်တဲ့ ငွေကြေး၊ မြေ၊ စက်ရုံအလုပ်ရုံတွေ အားလုံးကို ခရိုနီတွေကပဲ ပိုင်ဆိုင်ပြီး အခုအစိုးရလက်ထက်မှာ မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာ ရင်းနှီးမြှုပ်နှံမှုတွေရဲ့ ၉၀ ရာခိုင်နှုန်းက ခရိုနီတွေနဲ့သာ သက်ဆိုင်မှုရှိနေတာတွေ့ရပါတယ်။ လယ်ယာမြေ အဓမ္မသိမ်းယူမှု ပြဿနာတွေဟာ ထင်တာထက်အရမ်း ဆိုးရွားလွန်းလှပြီး နိုင်ငံရဲ့ လူဦးရေအများစု အလုပ်လက်မဲ့ ဖြစ်ရခြင်း၊ ဆင်းရဲမွဲတေခြင်းရဲ့ ပြဿနာအရင်းခံမှာ လယ်ယာမြေတွေကို ဥပဒေနဲ့အညီ မတရားသဖြင့် သိမ်းယူခြင်းဟာ အဓိကဖြစ်ပါတယ်။ အာဏာရဲ့အခြေခံတစ်ခုဖြစ်တဲ့ မိမိရဲ့အ၀န်းအ၀ိုင်းအတွင်း Economic Power ထူထောင်လိုခြင်းဆိုတဲ့ မဟာ ဗျူဟာအောက်မှာ မြန်မာနိုင်ငံရဲ့ လူထုမျော်လင့်ချက် ကင်းမဲ့စေတဲ့စိတ်တွေ ဖြစ်ပေါ်စေပါတယ်။ ခရိုနီတွေအပေါ် အခွန်ကောက်ခံမှု ပေါ့လျော့ခြင်း( အခွန်ရှောင်သူလို့ ယူဆခံရသူကို သမ္မတကိုယ်တိုင် လူလယ်ကောင်မှာ ချီးမြှောက်ခြင်းဟာ ဆိုးရွားလှပါတယ်) ဟာ အခြားသူတွေအပေါ် ၀န်ထုပ်ဝန်ပိုး ပိုပိစေပါတယ်။
တကယ်တော့ နောက်ပြန်ဆွဲလိုသူတွေဟာ Soft Power အပေါ်မှာလည်း မေ့လျော့ထားပုံမရပါဘူး။ Soft Power ရဲ့အဓိကအားတွေက လူထုရဲ့ အတွေးအမြင်(Public Opinion)၊ နိုင်ငံရေးအတွေးအခေါ်တန်ဖိုး (Political Values) ၊ မူဝါဒအပြောင်းအလဲ(Policy Shift) တွေပဲ ဖြစ်ပါတယ်။ Soft Power ချုပ်ကိုင်ဖို့အတွက် နိုင်ငံရေးအရ တစ်ဦးချင်းထိတွေ့စည်းရုံး ခြင်း (Divide & Rule Policy) ၊ သတင်းစီးဆင်းမှုကို သွယ်ဝိုက်ချုပ်ကိုင်ခြင်း(Indirect Media Control)၊ နိုင်ငံရေးဝန်းကျင်အား ပြောင်းလဲခြင်း (Political Environment Shift) တို့ကို လုပ်ဆောင်လေ့ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအပြောင်းအလဲကို တကယ်ဖော်ဆောင်မယ်ဆိုရင် ၁။ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး၊ ၂။စစ်မှန်တဲ့ ပြည်ထောင်စုဖော်ဆောင်ရေးဆိုတဲ့ အခြေခံမူ (Basic Principle) ပေါ်မှာ ရပ်တည်ရပါမယ်။အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတာကလည်း ခေါင်းဆောင်နှစ်ဦး လက်ဆွဲနှုတ်ဆက်ရုံနဲ့ ပြီးသွားတာ မဟုတ်ပါဘူး။ တပ်မတော်၊ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသားတွေ အကြားမှာ မှန်ကန်တဲ့ အခြေခံမူအပေါ် ရပ်တည်တဲ့ သွေးချင်းညီတဲ့ ပြန်လည်သင့်မြတ်ရေးသာလျင် စစ်မှန်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပါတယ်။
(၅)
Nation က Doing Business in the New Myanmar ဆိုပြီး စာအုပ်တစ်အုပ် ထုတ်ဖို့လုပ်ပါတယ်။ အစကတော့ အသေးစိတ်ဝင် Edit လုပ်မလို့ပါ။ ဒါပေမယ့် လုပ်ချင်စိတ်မရှိတော့ဘူး။ အမှာစာ (Preface) ရေးပေးပါဆိုတာကို ဗြောင်ပဲငြင်းလိုက်တယ်။ အသေးအဖွဲ့ ကိစ္စမျိုးလေးတွေမှာတောင် ကတိသစ္စာ မရှိဘူးဆိုတာ ရှင်းပြလိုက်တယ်။ ဒီနေ့ဒီအချိန်မှာတော့ ကျွန်တော်က အတူတူရောပြီး လိမ်တဲ့လူ မဖြစ်ချင်တော့ဘူး။ ကိုယ့်ဟာကိုယ် Risk ယူနိုင်ရင် လာလုပ်ကြပါလိမ့်မယ်။ အခြေအနေတွေက မပြတ်သားဘူး။ တွေဝေတယ်။ နောက်ပြန်မလှည့်ဘူးလို့သာ ဆိုတယ် ရှေ့ကိုမရွေ့ဘူး။ ဒီအခြေအနေမျိုးမှာ စိတ်ရောကိုယ်ပါ ထောက်ခံဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။
မှန်ကန်တဲ့ အခြေခံမူတွေအပေါ်မှာ ရိုးရိုးသားသား ရှင်းရှင်းလင်း လင်း မှန်မှန်ကန်ကန်မရပ်ဘဲ ပုဂ္ဂိုလ်ရေးတွေနဲ့ပဲ လိုက်စည်းရုံးရင် တိုင်းပြည်က ဘာမှဖြစ်လာမှာမဟုတ်ဘူး။ နောက်ဆုံးကုန်ကုန်ပြောရရင် တစ်ဦးချင်း စည်းရုံးလို့ရသွားသူဟာ ကျွန်တော်ဖြစ်နေခဲ့ရင်တောင် အခွင့်အရေးသမားတစ်ယောက်၊ ငဖား တစ်ယောက် ထပ်တိုးလာမှာကလွဲလို့ တိုင်းပြည်ကတော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။ တိုင်းပြည်အတွက် တကယ်လိုနေတာက စစ်မှန်တဲ့အပြောင်းအလဲပါ။
ဒေါက်တာသန်းထွဋ်အောင်
(၂၂-၁၂-၂၀၁၂)
0 comments:
Post a Comment