Tuesday, December 25, 2012

အငြိုး ကြမ္မာ


by Win Ko on Tuesday, December 25, 2012 at 3:58am 

၁၉၉၆ ဇွန်လ စစ်အစိုးရ၏ ဖြတ်လေးဖြတ်စစ်ဆင်ရေးစီမံချက်ကြောင့် ကျွန်တော်တို့နေထိုင်သော တနီးလဲရွာလေးမှာလည်း လက်နှက်ကြီးဒဏ်ရာဒဏ်ချက်တို့ကို အလူးအလဲခံစားကြရသည်။ နောက်ဆုံး ထိုင်းနိုင်ငံအတွင်းသို့ ၀င်ရောက်ခိုလှုံခဲ့ကြသည်။
          ထိုင်းနိုင်ငံတွင်းသို့ရောက်သောအခါ UNHCR မှ လူသားချင်းစာနာထောက်ထားမှုဖြင့် ရွက်ဖျင်တဲအမိုး ခြောက်တောင်ပတ်လည်တစ်ချပ်သာ ရရှိကြသည်။ အခြေခံစားသောက်ကုန်နှင့် ဆေးဝါးရိက္ခာတို့မှာ အခက်အခဲဖြစ်နေ ကြသည်။ ထိုင်းနိုင်ငံကျန်းမာရေးဌာနကလည်း ကူးစက်ရောဂါများ ဖြစ်ပွားမည်စိုး သောကြောင့် ကြိုတင်ကာကွယ်ဆေးများကို တိုက်ကျွေးပြီး ထိုင်နိုင်ငံအတွင်းပိုင်းသို့ ၀င်ရောက်ခွင့်မရရှိရေး အတွက် ပိတ်ဆို့ထားကြသည်။ မိုးတွင်းကာလဖြစ်သောကြောင့် ငှက်ဖျားနှင့် ၀မ်းရောဂါတို့ အဖြစ်များနေကြသည်။
ဒုက္ခသည်အားလုံးက ကိုယ့်အပူနှင့်ကိုယ်မို့ တစ်ဦးကိုတစ်ဦး ဂရုမစိုက်အား ကြ။ အဲဒါကြောင့် သေဆုံးသွားသူတချို့ကို ၀ါးခြမ်းကို စိတ်ဖြာပြီး ထုပ်ပိုးကာ မြုပ်နှံကြသည်။ ဆေးခန်းကလည်း ဗွက်တောထဲမှာမို့ လူနာထားရန်နေရာမရှိဖြစ်နေသည်။ မိုးတို့က အဆက်မပြတ်ရွာသွန်းနေသောကြောင့် နေအိမ်များဆောက်ရန်အခက်အခဲဖြစ်နေကြသည်။ ရရှိလာသော မိုးကာများအောက်တွင် မိသားစုများ ဖြစ်သလို နေထိုင်ချက်ပြုတ်စားသောက်ကြရသည်။ မိုးရေကြောင့် ဆန်များမှာ မှိုတက်ပြီး ချပ်ခဲများဖြစ်နေသည်။ ထုထောင်းပြီးချက်ပြုတ်စားကြရသည်။ မိုးစဲသောအခါ တောထဲသို့ အိမ်ဆောက်ရန် သစ်ဝါးများသွားရောက်ခုတ် ယူရသည်။
          ကျွန်တော်က ကျောင်းဆရာဖြစ်သောကြောင့် အားလုံးက ၀ိုင်းဝန်းကူညီပေးကြသည်။ ကျွန်တော်နှင့် ခင်မင်ရင်းနှီးသော ရဲဘော်လေး ဘိုဘိုက ပိုမိုလုပ်ကိုင်ကူညီပေးခဲ့သည်။ ထိုကာလဆိုးကြီးကို ဖြတ်ကျော်ပြီး ၆လခန့်ကြာသောအခါ တာဝန်ကျရာစာသင်ခန်းတွင် သင်ကြားနေစဉ် ‘ဆရာကျောင်းရေ……ဆရာကျောင်း.. ကျွန်တော်တို့အကူအညီတောင်းချင်လို့ပါ။ ကျွန်တော်တို့ရပ်ကွက်မှူး ဦးစိုး ပျောက်နေတာ ၃ ရက်ရှိသွားပြီ… သွားရှာဖို့ လူလိုတာနဲ့ ဆရာကျောင်းနဲ့ ကျောင်းသားကြီးအချို့ပါ ကူညီရှာပေးစေချင်ပါတယ်’ ဟု ဆိုလာသော ကြောင့် ကျွန်တော်လည်း အခန်းထဲမှ ကျောင်းသား ၁၅ ဦးခန့်ကို ရွေးထုတ်ကာ တောနင်းလူပျောက်ရှာတော်ပုံ ခရီး စတင်ထွက်ခဲ့ကြသည်။
          ကျွန်တော်နေသော ရွာနံဘေးချောင်းရိုးလေးအတိုင်း ရှာဖွေကြသည်။ အချို့က တောင်ကုန်းများပေါ် တွင် တက်ကာရှာဖွေကြသည်။ ၃ နာရီခန့်ကြာသောအခါ ရပ်ကွက်မှူးဖြစ်သူကို ရှာဖွေတွေ့ရှိတော့သည်။ အသက်ရှင်လျက်မဟုတ် ၀ိညာဉ်ကင်းရှင်းလျှက်တွေ့လိုက်ရသည်။ သေဆုံးပုံကိုကြည့်ပြီး အံ့အားသင့်သွားရ သည်။ တောင်စောင်းအောက်သို့ မှောက်လျက်ဦးခေါင်းစိုက်နေသည်။ ၃ လက်မအရွယ်သစ်ပင်ငယ်က သူ့ ခန္ဓာကိုယ်ကြီးကို ထိန်းထားလျက် ဦးခေါင်းမှာ ယိုကျစီးဆင်းနေသော သွေးတန်းကြီးက အတော်ပင်ရှည်လျား သည်။ သူနှင့်မနီးမဝေးတွင် နံပတ်၂ လေသေနတ်တစ်လက်၊ လက်ဖြင့်ဆုပ်ထားသော ကျည်လေးငါးတောင့် နံဘေးတွင် ပုတ်ပွနေသော ဘုတ်ကလုံ စာလေးဆယ်ကောင်ကျော်ကျော်ရှိနေသောကြောင့် ရုတ်တရတ်အပေါ် သို့ မော့ကြည့်လိုက်မိသည်။ ညောင်သီးလာစားသော ရှဥ့်ကြွက်နှင့် ငှက်တို့ကိုပစ်ခက်ရင်း လုပ်ကြံခံရတာဖြစ် မည်ဟု ကျွန်တော်တွေးနေမိသည်။
          တာဝန်ရှိလူကြီးမှ ‘ကဲ….ကဲ အားလုံးဒီအလောင်းကို ရွာပြန်သယ်သွားကြမယ်။ ပုဆိုးကို ကွင်းလုပ်ပြီး တုတ်လျှိုထမ်းကြမယ်။ မကျအောင် နွယ်ကြိုးတွေနှင့် မြဲမြန်အောင် ချည်ထားကြ’ ဟု ပြောကာ သယ်ဆောင်ရန် ပြင်ဆင်ကြသည်။ အလောင်းကိုသယ်ဆောင်ပြီး ရွာနံဘေးချောင်းလေးသို့ရောက်သောအခါ သေဆုံးသူကို ဆေးကြောသုပ်သင်ကြသည်။ ဦးခေါင်းအတွင်း ယင်ကောင်များဥထားသောကြောင့် ဖြူဖွေးပြီးလောက်တွယ်စ ပြုနေသည်။
          ရွာသို့ပြန်ရောက်သောအခါ အလောင်းကို သူ့အိမ်တွင်နေရာချထားပေးပြီး ကျွန်တော်လည်းအိမ်သို့ပြန် ကာ ရေချိုးရန်ပြင်ဆင်နေစဉ် ကျွန်တော့်မိတ်ဆွေ ရဲဘော်လေးဘိုဘိုက ‘ဆရာကျောင်း ဘယ်ကပြန်လာ တာလဲ..’ ဟုကောက်ကာမေးလိုက်သောကြောင့်  ‘အေး..ကွ ရပ်ကွက်မှူးတော့ တောသွားလည်ရင်း ဘယ်သူ ပစ်သတ်လိုက် လဲမသိဘူး သူ့အလောင်းသွားရှာတာ အခုမှပဲပြန်ရောက်တာ။ ရေးချိုးပြီးမှပဲသွားတော့မယ်..’ ဟု ပြောလိုက်မိသည်။ ရဲဘော်လေးမှ ‘ဟာ…. ဟုတ်လား ဒါဆိုကျွန်တော်လည်းသွားကြည့်ပြီး လိုအပ်တာသွား လုပ်ပေးလိုက်အုံးမယ် ဆရာကျောင်းရေ’ ဟုဆိုကာ ကျွန်တော့်အပါးမှ အမြန်ထွက်ခွာသွားတော့သည်။
          ရပ်ကွက်မှူးလုပ်ကြံခံရခြင်းက တရွာလုံးကို လှုပ်လှုပ်ရွရွဖြစ်စေခဲ့သည်။ သို့လောသို့လောနှင့် အဖြေရှာနေကြပြီ။ ရပ်ကွက်မှူးဇနီးမှာလည်း မျက်ရည်ပင်မဆယ်နိုင်ရှာ။ အရွယ်မရောက်သေးသူ သားသမီး ၄ ဦးနှင့် အနာဂတ်ကို မည်သို့လျှောက်ရမည်ကို တွေးတောပူပန်နေပုံရသည်။ စိတ်မကောင်းဖြစ်ယုံမှတပါး မည်သို့ မှမတက်နိုင်ကြ။
          ထို့နှင့် အလောင်းမြေချနေ့သို့ပင် ရောက်ရှိလာခဲ့သည်။ ထိုဒေသထုံးစံအရအသုဘကို မနက်ပိုင်းတွင် သာ ချလေ့ရှိသည်။ အလောင်းထမ်းရန်အဖွဲ့၊ အကအဖွဲ့ လိုက်ပါပို့ဆောင်သူ ကျောင်းသူကျောင်းသားနှင့် ရပ်မိရပ်ဖတို့မှာ တန်းစီလျက်လိုက်ပါပို့ဆောင်ကြသည်။ သင်္ချိုင်းမြေသို့ရောက်သောအခါ သူ့အားမြုပ်နှံရန် တွင်းကြီးနံဘေးတွင် အခေါင်းကိုချစေပြီး တာဝန်ရှိသူများက လိုက်ပါပို့ဆောင်သူများကို တောင်ကုန်းအောက်သို့ ဆင်းစေခဲ့သည်။ တာဝန်ရှိလူတစ်ဦးမှာ ကျွန်တော့်ထံချဉ်းကပ်ပြီး ‘ဆရာကျောင်း အကူအညီတစ်ခု လောက်ပေးပါ။ တခြားတော့ မဟုတ်ပါဘူး။ ဒီအလောင်းထဲက ကျည်ဆံကို ကျွန်တော်တို့ လိုချင်တယ်။ ဒါမှလူသတ်တရားခံကို ဖော်ထုတ်လို့ရမှာ ဆရာကျောင်းသူ့ကိုခွဲစိတ်ပြီး ကျည်ဆံရှာပေးစေချင်တယ်။ အသုဘတိုင်းမှာ ဆရာကျောင်းက အမြဲကူညီလုပ်ကိုင်ပေးနေကြ အတွေ့အကြုံလည်းရင့်ကျက်သူမို့ ခုလိုအကူအညီတောင်းရတာပါ’ တဲ့။
          ကျွန်တော်မငြင်းသာတော့…… ငယ်ရွယ်ပြီး လက်ရဲဇက်ရဲစိတ်က ကျွန်တော့်ကိုလွှမ်းမိုးဆဲကာလ။ ဟုတ်ပါပြီ …ခွဲမယ်ဆိုတော့ ‘ဘာတွေပါလဲ’ ဟုဆိုလိုက်တော့ ‘အကုန်ပါပါတယ် ဆရာကျောင်း’ ဟုဆိုကာ  ဆာလာအိပ်ထဲမှ ပစ္စည်းများကို သွန်ချပြလိုက်သည်။ ကြည့်လိုက်တော့ ဓါးမကြီးတစ်ချောင်း၊ ဓါးဦးချွန်တစ်လက် သံဖြတ်လွှတစ်လက်နှင့် တူတစ်လက်တို့ဖြစ်သည်။ ကျည်ဆံရှာရန်အတွက်ပြင်ဆင်လိုက်သည်။ အလောင်းကို အခေါင်းထဲမှ လူရှစ်ယောက်ဆွဲထုတ်ယူရသည်။ သေဆုံးသည်က ခြောက်ရက်ဖြစ်ပြီဆိုသောကြောင့် အလွန်တ ရာပုတ်ပွနေပြီ။ ကျွန်တော်အနံ့ဆိုးကိုကာကွယ်ရန် အင်္ကျီဖြင့် နှာခေါင်းကိုစည်းနှောင်လိုက်ပြီး ဦးခေါင်းကို အရင် မ,ကာကြည့်လိုက်သည်။ ကျည်ဆံက ခေါင်းထိပ်တည့်တည့်ဝင်နေသောကြောင့် ဦးစွာပထမ သံချောင်းဖြင့် ဦးခေါင်းအတွင်း ထိုးသွင်းကြည့်လိုက်သည်။ ဦးခေါင်းအတွင်း ကျည်ဆံရှိမည်ဟု ယူဆပြီး ဦးခေါင်းကိုခွဲစိတ်လိုက်သည်။ သို့သော် ဦးခေါင်းအတွင်းမွှေနှောက်ရှာဖွေသော်လည်း မရှိ။ လည်ပင်းမှတဆင့် ရင်ခေါင်းအတွင်း တောက်လျှောက် ကျည်ဝင်သွားတော့ကြောင့် ဗိုက်ကိုထပ်မံခွဲစိတ်ရပြန်သည်။ ရင်ခွဲလိုက်သောအခါ လှောင်ပိတ်နေသော သွေးပုပ်နှင့် ခိုအောင်းနေသော လေအနံ့က အလွန်ပင်ဆိုးဝါးလွန်း လှသည်။
          ပုပ်ပွနေသောဝမ်းတွင်းကလီစာများအကြား မွှေနှောက်ရှာဖွေရာ နောက်ဆုံး တင်ပါးဆုံတွင်စိုက်ဝင်နေ သော ကျည်ဖူးကို ရှာဖွေတွေ့ရှိတော့သည်။ ကျည်ဖူးမှာ AK47 ကျည်ဖူးဖြစ်နေသည်။ မနီးမဝေးမှ ပစ်လိုက်သောကြောင့် ကျည်ဖူးမှာ ဦးခေါင်း လည်ပင်းမှတဆင့် ၀မ်းတွင်းကလီစာများကို ဖြတ်သန်းကာ တင်ပါးဆုံတွင် အဆုံးသတ်သွားပုံရသည်။ AK47 ကို ထိုင်းနိုင်ငံသားများ ကိုင်ဆောင်ခြင်းတော့ မဖြစ်နိုင်။ ကျွန်တော်တို့ဘက်က ရဲဘော်များသာ အကိုင်များကြသည်။
          ကျည်ဆံရှာဖွေတွေ့ရှိပြီးနောက် အလောင်းကို သေချာစွာပြန်လည်ချုပ်ရသည်။ မိုးကာနှင်ရစ်ပတ်ကာ အခေါင်းထဲသို့ထည့်ပြီး မြေမြုပ်သဂြိုလ်ခြင်းကို ဆက်လက်ဆောင်ရွက်ကြသည်။ အချိန်လည်းအတော်လင့်သွား ပြီ။ ဆာလောင်လာသောကြောင့် ရွာသို့ ကျွန်တော့်ကိုအရင် ဆိုင်ကယ်ဖြင့်လိုက်ပြန်ခဲ့သည်။ ကျွန်တော်စား သောက်ရန်အတွက် အသုဘအိမ်တွင် အသင့်ပြင်ဆင်ထားပေးသည်။ ဟင်းလျာမှာ ၀က်သားဟင်းတစ်ခွက်၊ ၀က်အူအသည်းတစ်ပွဲနှင့် ဟင်းချိုတို့ဖြင့် ကျွေးမွေးခဲ့သည်။ ဆာလောင်မှုကြောင့် အားရပါးရစားလိုက်မိသည်။ ထိုနေ့ည ကျွန်တော့်အိမ်နံဘေးသစ်ပင်မှ ကျွန်တော့်အမည်ကိုသေဆုံးသူမှ ကျယ်လောင်စွာအော်ဟစ်နေသည့် အသံကို ပတ်ဝန်းကျင်အကုန်လုံး ကြားသည်ဟုဆိုကြသည်။ ကျွန်တော်ကားမောမောဖြင့် အိပ်ကောင်းနေခဲ့ သည်။ သို့သော် ကျွန်တော့် ခန္ဓာကိုယ်တွင် စွဲကပ်နေသော သွေးပုပ်နံ့မှာ ရက်အတော်ကြာခဲ့သည်။
၁၉၉၇ ခုနှစ် ကျောင်းပိတ်ရက်တွင် ရဲဘော်သစ်သင်တန်းတက်ရန်အတွက် တောင်ပေါ်သို့ကျွန်တော် တက်ရောက်ခဲ့သည်။ သင်တန်းနှင့်မနီးမဝေးတွင်ရှိသော အချုပ်ခန်းသို့ ရောက်သွားသောအခါ အချုပ်ခန်းအတွင်းမှ ခေါ်သံကြားသောကြောင့် သွားရောက်ကြည့်ရှု့လိုက်ရာ ကျွန်တော်နှင့်အလွန်ရင်းနှီးသော ရဲဘော်လေး ဘိုဘိုဖြစ်နေသည်ကို အံ့အားသင့်ဖွယ်တွေ့လိုက်ရသည်။ သူ့ထံချဉ်းကပ်ပြီး အကျိုးအကြောင်း မေးမြန်းလိုက်သောအခါ မှင်သက်သွားရသည်။
‘ကျွန်တော့်ကို တပ်က ဟွေ့ချောင်းရွာမှာ ဖမ်းခဲ့တာ ဆရာကျောင်းရေ…..။ဆရာကျောင်းနဲ့တွေ့ရလို့ ၀မ်းသာပါတယ်။ နောက်နေ့တွေမှာတွေ့ခွင့်ရမှာ မဟုတ်တော့ဘူး….ဆရာကျောင်းရေ…..။သံသရာဆိုတာ လည်ပတ်နေတယ်ဆိုတာ ကျွန်တော်ယုံကြည်သွားပြီ ဆရာကျောင်း…။ ကျွန်တော့်အငြိုးက ကျွန်တော့်ကို ပြန်သတ်ပြီ။ ဆရာကျောင်းအိမ်ဆောက်ဖို့ တောထဲတိုင်သွားခွဲပြီး ထမ်းပြန်လာတော့ ရပ်ကွက်မှူးအိမ်ရှေ့ အရောက် ဟေ့ကောင်.. မင်းကျွန်းပင်မခွဲရဘူးဆိုတာ နားမလည်ဘူးလားကွ။ ဒီတိုင်ကို မင်းတို့သုံးပိုင်ခွင့်မရှိဘူး။ ဒီမှာထားခဲ့လို့ပြောတာနဲ့ ကျွန်တော်သူ့အိမ်မှာပဲထားခဲ့ရတယ်။ ရပ်ကွက်မှူးအိမ်ဆောက်တော့ ကျွန်တော် မယောင်မလည်သွားကြည့်ပါသေးတယ်။ ကျွန်တော့်ဆီက သိမ်းထားတဲ့တိုင်ကို သူ့အိမ်မှာထည့်သုံးတာမြင် တော့ ဘယ်လိုမှမခံစားနိုင်တော့ဘူး။ တနေ့တွေ့မယ်လို့ တေးထားခဲ့တယ်။ ကျွန်တော်လည်း တနေ့တောလည် သွားမယ်ဆိုပြီး အိမ်အောက်မှာထိုးထားတဲ့ AK47 ကိုကျောမှာလွယ် ပုဆိုးခြုံပြီးထွက်လာခဲ့လိုက်တယ်။ တောကောင်ရှာရင်း ငှက်အော်သံကြောင့် တောင်ကုန်းအောက်ကို ဖြည်းဖြည်းဆင်းသွားခဲ့တယ်။ ဖြစ်ချင်တော့ ကျွန်တော့်ရှေ့မှာ လူတစ်ယောက်လေသေနတ်နဲ့ ငှက်ပစ်နေတာလှမ်းမြင်လိုက်ရတယ်။ ကြည့်လိုက်တော့ ရပ်ကွက်မှူးဖြစ်နေတာ။   ငါ့အလှည့်ရောက်ပြီလို့စိတ်ထဲက ကြုံးဝါးပြီး သစ်ပင်မှာကပ်ပြီး သူ့ခေါင်းကို သေသေ ချာချာ ချိန်ပြီးပစ်လိုက်တယ်။ တစ်ချက်တည်းပဲပစ်တာပါ။ သူခေါင်းစိုက်ပြီး ကျသွားတော့ အနီးကပ်သွား ကြည့်လိုက်သေးတယ်။ သေပြီဆိုတာနဲ့ သေနတ်ကိုလွယ်ပြီး ညမှောင်မှ ရွာကိုပြန်လာခဲ့တာ။ ဘယ်သူမှလည်း မရိပ်မိကြပါဘူး။ ဆရာကျောင်းတို့ အလောင်းသွားရှာပြီးပြန်လာတော့ သင်္ကာမကင်းမဖြစ်အောင် အသုဘအိမ်မှာ လုပ်စရာရှိတာဝိုင်းလုပ်ရင်း အချိန်ကုန်ခံလိုက်တယ်။’
‘သင်္ချိုင်းမှာရင်ခွဲပြီး ကျည်ဆံရှာတာ ဆရာကျောင်းဖြစ်နေလို့ အခြားလူသာဆိုရင် ကျွန်တော်သတ်ဖြစ် အုံးမယ်ထင်တယ်။’ ဟု သူကပြောပြီး စကားရပ်လိုက်၏။
 ‘ဖြစ်မှဖြစ်ရလေ’ လို့ ကျွန်တော်ရေရွတ်လိုက်မိသည်။
‘ဒါနဲ့ဒီအမှုကဘာလို့ပေါ်သွားတာလဲကွ’ လို့ မေးလိုက်တော့ သူသက်ပြင်းရှည်တစ်ချက်မှုတ်
လိုက်သည်။
‘ဆရာကျောင်းကျွန်တော့်ဇနီးကို သိတယ် မဟုတ်လား။’
‘အေး….သိတယ်လေ။ သူမင်းဆီကိုမလာဘူးလား…။’
‘အခုသူနောက် အိမ်ထောင်နဲ့….’
‘ဘယ်လိုကွ…။’
‘ဟုတ်တယ် ဆရာကျောင်း ကျွန်တော်သူ့ကိုသိပ်ချစ်သလို ယုံလည်းယုံကြည်ခဲ့တယ်။ ရပ်ကွက်မှူးကို သတ်တဲ့အကြောင်း သူ့ကို အသေးစိတ်ပြောပြခဲ့ဖူးတယ်။ ကျွန်တော်တပ်မှာ တာဝန်နဲ့ခရီးထွက်သွားတုန်း အိမ်ထောင်ရေးဖောက်ပြန်ပြီး လင်ငယ်နောက်လိုက်သွားတယ်။ အချစ်ကြီးလို့ အမျက်ကြီးတာလား လည်းမသိပါဘူး ဆရာကျောင်းရယ်…။ သူတို့နှစ်ယောက်ကိုသတ်ဖို့ ကျွန်တော်သူတို့နေတဲ့ ဟွေ့ချောင်းကို လိုက်သွားတဲ့အချိန်မှာပဲ ကျွန်တော့်ဇနီး ဖော်လိုက်တာနဲ့ အခုလိုအဖမ်းခံလိုက်ရတာပါ။ အခုအမိန့်လည်း ချပြီးပြီဆရာကျောင်းရေ။ သေဒဏ်တဲ့..။ ကျွန်တော်ယောက်ျားပါ။ လုပ်ရဲရင်ခံရဲတဲ့သတ္တိ ရှိပါတယ်။ ဒီဘ၀က အငြိုးတွေ နောင်ဘ၀အထိမသယ်ဆောင် ချင်တော့ဘူး ဆရာကျောင်း။ ကျွန်တော့်အတွက် ကုသိုလ်ကောင်းမှု လုပ်ပေးပါ။’
သူ့ကိုကြည့်ရင်းကျွန်တော်ကြေကွဲနေမိသည်။ တိုက်ဆိုင်မှုတွေက မထင်နိုင်စရာလောကကြီးဖြစ်နေ သည်။
‘ဆရာကျောင်း ကျွန်တော့်ကိုခေါ်ဖို့ လာနေကြပြီ။ ဆရာကျောင်း ပြန်..ပြန်….ပြန်တော့နော်…..။’ ဟု သူက ကျနော်ကိုနှင်သည်။
          သူ့အတွက် ဘဝကူးကောင်းဖို့ ဆုတောင်းပေးရုံမှတပါး ကျွန်တော်ဘာတတ်နိုင်မည်နည်း…………။
တော်လှန်ရေးနယ်မြေတွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်မှန်ဖြစ်သည်။ နာမည်တို့ကိုသာ လွှဲပြောင်းရေးသားထားခြင်းဖြစ်သည်။

အုပ်ကြီးဖေ
၂၅-၁၂-၂၀၁၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...