Tuesday, December 18, 2012

သတင်းထောက်တော်လှန်ရေး


by Naung Taw Lay on Tuesday, December 18, 2012 at 10:04am 

နောင်တော်လေး (ဘိုကလေး)

နိဒါန်း
          ကျွန်တော်သည် စာပေ၊ စာနယ်ဇင်း၊ မီဒီယာလောကသို့ စတင်ဝင်ရောက်ဖြစ်ခဲ့သည်ကား သတင်း သမားတစ်ဦးအနေဖြင့်မဟုတ်။ မထင်မရှား ဘလော့ရေးသားရာမှ ကျွန်တော်၏ ဆောင်းပါးလေးများကို ဂျာနယ် တိုက်သို့ ပေးပို့မိသည်ဖြစ်၍ ဂျာနယ်တွင်ဖော်ပြခြင်းခံရပြီး ကြီးတောင့်ကြီးကျယ် မီဒီယာလောက ထဲသို့ ၀င်ရောက်ခဲ့ပြီး သကာလ အခက်အခဲများစွာ ကြုံရ၏။ ကိုယ့်အတွေးကိုယ့်အမြင်ကို ရေးသားခြင်း ထက် အများ ပြည်သူတို့ တွေ့ကြုံခံစားနေရသည့် အခက်အခဲ၊ ဒုက္ခတို့ကို ဖော်ထုတ်ရေးသားနိုင်လျှင် ပို၍ ကောင်းလေစွ ဟူသော ဆရာသမား၏ ဆုံးမသွန်သင်မှုဖြင့် သတင်းလောကသို့ ၀င်ရောက်ကာ သတင်း လိုက်ပါရယူရေးသား ခဲ့ခြင်းဖြစ်၏။
ထိုသို့စတင်ဝင်ရောက်စဉ်ကပင် ကျွန်တော်နည်းတူ ၀ါသနာလည်းတူ အမတစ်ယောက်နှင့် ရင်းနှီး ကျွမ်းဝင်းစွာ သတင်းတစ်ခုအသံကြားလျှင် အမောကတောလိုက်ကြရင်း သူ့အပေါ် ကိုယ်အလိုမကျ ၊ ကိုယ့် အပေါ် သူအလိုမကျ ဖြစ်ကြရသော်လည်း အတူတကွလက်တွဲ၍ ကိုယ်ပိုင် အွန်းလိုင်းမီဒီယာတစ်ခုကိုပင် တည်ထောင်နိုင်ခဲ့၏။ နယ်သတင်းတစ်ခုကို လိုက်ပါရယူပြီး နောက်ကျနေရာမှ ရုံးသို့အရောက်ပြန်လာရမည် ဟူသော ပြောကြားချက်ကြောင့် အရောက်ပြန်ခဲ့လေရာ လူပါးဝ အယ်ဒီတာ . . . သူသိ . . . သူတတ် အယ်ဒီ တာဟူသော စာပေလောက ထွဋ်ခေါင် အယ်ဒီတာ အယောင်ဆောင် တစ်ယောက်၏ လူပါးဝ စကားများကို ပြန်လည်ကြားသိရ၍ `သတင်းထောက် တော်လှန်ရေး´ဟူသော ဤဆောင်းပါးကို ရေးသားမိလေသည်။


သတင်းလောက
          သတင်းလောကသို့ စိတ်ဝင်တစား ၀င်ရောက်လုပ်ကိုင်ကြသူများအဖို့ အထင်ကြီးလေးစား ၀င်ရောက် လုပ်ကိုင်မိကြသော်ငြား အကြီးမားဆုံးအကြပ်အတည်းကား ထိုထိုသော အယ်ဒီတာများ၏ ဖိနှိပ်မှု ချုပ်ခြယ်မှု သာဖြစ်သည်။ ကျွန်တော်ကိုယ်တိုင် သတင်းလောကသို့ စတင်ဝင်ရောက်ရန် ဆုံးဖြတ်၍ မထင်မရှား ဂျာနယ် တိုက်တစ်ခုသို့ စတင်ဝင်ရောက်ခဲ့မိသည်။ ပြင်းရိဖွယ်ကောင်းလေစွ ဟု ဆုံးဖြတ်၍ တစ်ပတ်မျှသာ လုပ်ကိုင်ပြီး အလုပ်ထွက်ခဲ့သည်။ သို့ပေသော်ငြား ကျွန်တော်ကိုယ်တိုင်သည် ပုံနှိပ်မင် စွန်းထင်းခဲ့မိသည် ဖြစ်၍ ကြပ်တည်း သည်၊ ခက်ခဲသည် ဟူသောကြားမှပင် လက်ရှိအလုပ်မှ ထွက်၍ သတင်းထောက်ရာထူးဖြင့် ဂျာနယ်တိုက် တစ်ခုသို့ဝင်ရောက်မိပြန်ရာသတင်းလိုက်စရာ လမ်းစရိတ်မရှိသည်ဖြစ်၍ အလုပ်ထွက် ခဲ့ရပြန်သည်။ ဤသို့ ဤနှယ် သုံးခုမြောက် သတင်းတိုက်တွင် မှ မြဲမြဲမြံမြံလုပ်ကိုင်ခဲ့ဖြစ်လေသည်။ ဆောင်းပါးရေး ၊ သတင်းရေး ၊ website တာဝန်ခံအဖြစ်လုပ်ကိုင်ရာမှာ သတင်းထောက်အဖြစ်သာ သတင်းလိုက်ပါရယူရေးသားရန် ဆုံးဖြတ် လုပ်ကိုင်ခဲ့မိသည်။

အယ်ဒီတာ
          ကျွန်တော်ဝင်ရောက်လုပ်ကိုင်သော သတင်းတိုက်တွင် အယ်ဒီတာချုပ်နှင့် ရင်းနှီးကျွမ်းဝင် လက်စွဲ တော်အဖြစ် လုပ်ကိုင်ခွင့်ရခဲ့သည်ဖြစ်ရာ သူတွေ့ကြုံခဲ့ရသည်များကို ပြန်ပြောင်းပြောပြသည်ဖြစ်၍ အယ်ဒီတာ တို့၏ မဟုတ်မမှန် လုပ်ကြံငွေဖန်ပုံတို့ကို စေ့ငှစုံလင်ကြားသိခွင့်ရသည်။ သူကိုယ်တိုင် စာပေလောကသို့ ခြေစုံပစ် ၀င်ရောက်ခဲ့သည်ဖြစ်ရာ အယ်ဒီတာ လူလည် လူနပ်တို့၏ လုပ်ကြံဇာတ်များတွင် သိန်းပေါင်းများစွာ ဆုံးရှုံးပြီးနောက် စာပေလောက ၊ မီဒီယာလောကအကြောင်း နောကြေသွားတော့၏။ စာပေနှင့် စာနယ်ဇင်း နယ်ပယ်တွင် တတ်သယောင် ၊ နပ်သယောင် အယ်ဒီတာတို့က လူပါးဝသလို ဘိုးဘေးဘီဘင် အယ်ဒီတာ ကြီးများ၏ အရှုပ်ထုတ်များကိုပါ ကြားသိခွင့်ရ၍ ကျွန်တော်ကိုယ်တိုင် သံဝေဂ ရမိသည်မှာ မည်သည့်လောက ၊ မည်သည့်နယ်ပယ်မဆို အရှုပ်ထုတ် များရှိနေသည်သာ ဖြစ်သည်ဟူ၍ပင်။ သို့ပေသော်ငြား လူးပါးဝ အယ်ဒီတာ တို့လက်အောက်မှ မ၀င်လျှင်လည်း ကျွန်တော်တို့၏ ၀ါသနာ အတွက် နေရာမရှိဖြစ်ရလေကာ ပိုးဖလံမျိုး မီးပုံတိုး ဆိုသလိုမျိုး ၀င်ရောက်လုပ်ကိုင်နေရာမှ တော်လှန်ရန် အချိန်တန်ပြီဟု ထင်မိ၏။

မီဒီယာလောက
          တစ်ချိန်တစ်ခါက ခေတ်အခြေအနေဆိုး မီဒီယာလွတ်လပ်ခွင့်မရှိ ၊ အများပြည်သူကိစ္စ ဖော်ထုတ်ပြဖို့ မလွယ် စသည့် အခက်အခဲများကြားမှပင် တိုင်းပြည်အတွက် အဓိကလိုအပ်ချက်ဖြစ်သော မီဒီယာကဏ္ဍတွင် စွဲမြဲစွာပြည်သူ့အတွက် ရပ်တည်ခဲ့ကြသော ဂျာနယ်များလည်း ရှိပါ၏။ ဖော်လံဖား ၊ ကော်လံစား ဟူသော ဂျာနယ်များလည်း အများပြည်သူအကျိုးမဟုတ် ကိုယ်ကျိုးအတွက် မီဒီယာလောကတွင် နေရာဝင်ယူထား သည်ကိုလည်း လက်ခံကြရမည်။ ဆက်သွယ်ရေးဆိုင်ရာ နိမ့်ကျမှု ၊ IT ပစ္စည်းများကို အကျွမ်းတ၀င် သုံးစွဲ နိုင်ခြင်း မရှိသည့် ခေတ်အခြေအနေတွင် ပြည်သူတို့သည် သတင်းစား ၊ ဂျာနယ်တို့မှသာ နိုင်ငံတော်ကို အုပ်ချုပ်သူတို့၏ အခြေအနေ ရပ်နီးရပ်ဝေး ၊ တိုင်းတပါးမှ အခြေအနေတို့ကို သိရှိခွင့်ရကြသည်။ ယနေ့အချိန် တွင် Telecom လုပ်ငန်းများ IT ပစ္စည်းများလည်း ကျယ်ပြန့်လာရာ မြို့နေလူတန်းစားအနေဖြင့် သတင်းစာ တွင် မပါရှိသေးသော သတင်းအချက်အလက်များကိုပင် အင်တာနက် ၊ website များမှ အချိန်နှင့် တပြေးညီသိရှိ နိုင် ပြီဖြစ်သည်။ သတင်းစာများ ဂျာနယ်များအနေဖြင့် ထိုထိုသော အင်တာနက် website များမှ တစ်ဆင့်ပြန်လည် ဖော်ပြလာကြရသည်လည်း ရှိသည်။ ဤသည်ကို အကြောင်းပြု၍လည်း အယ်ဒီတာများအကြောင်း ဆက်ရန် ရှိလာပြန်သည်။

အယ်ဒီတာ အလုပ်
          အယ်ဒီတာဟူ၍ အမည်ခံသော ပုဂ္ဂိုလ်များသည် သတင်းစာကို ဖတ်၍လည်းကောင်း၊ အင်တာနက် မှ Update တက်နေသော သတင်းများကိုလည်းကောင်း ပုံစံအမျိုးမျိုးပြောင်း ကူးယူရေးသားပြီး သကာလ သတင်း ထောက်များအား ဟိုသတင်း မသိရသလော့၊ ဒီသတင်း မသိရသလော့ တစ်ခါတရံ သတင်းထောက်က သတင်း လိုက်ပါ ရယူနေစဉ် အယ်ဒီတာဆိုသူက ကူယူရေးသားပြီး ဖြစ်နေတတ်သည်။ ဤသို့သော ပြဿနာများသည် လည်း ဂျာနယ်တိုက်များတွင် သတင်းထောက် နှင့် အယ်ဒီတာကြား သောက်ထင်ကြီးစရာ မရှိသော အချက် တစ်ချက် ဖြစ်လာပြန်သည်။ ပင်းပန်းဆင်းရဲခံ၍ သတင်းလိုက်ပါရယူသူတို့ထက် တိုက်ထိုင် အယ်ဒီတာကြီးများ က သတင်းပိုရနေသည်။ ထိုအချက်နှင့် ပတ်သက်၍လည်း ကြုံတောင့်ကြုံခဲ တစ်ခုကြားသိဖူး၏။ ထိုအယ်ဒီတာ ချုပ်သည်ကား သူကိုယ်တိုင် တာဝန်ယူလုပ်ကိုင်နိုင်ခြင်းမရှိဘဲ တာဝန်ခံ အယ်ဒီတာနှင့် ၎င်း၏ သတင်းဂျာနယ် အား လုပ်ကိုင်ခဲ့ရာ အပတ်စဉ် ထိုတာဝန်ခံ အယ်ဒီတာသည် စာမူခများစွာထုတ်၏။ မောကြီးပန်းကြီး သတင်း လိုက်ပါရယူသူတို့မှာ ကြာလာသော် မခံမရပ်နိုင်ဖြစ်၍ ထကြွကြသည်ဖြစ်ရာ ထိုအယ်ဒီတာအား အလုပ်မှ ထုတ်ကာ နောင်ခန့်အပ် သောတာဝန်ခံ အယ်ဒီတာများကိုပါ စာလုံးဝမရေးသားရန် ပိတ်ပင်သည်အထိ ဖြစ်ခဲ့ဖူး ၏။ ဤသည်တို့ကား အယ်ဒီတာတို့ အမှန်တကယ် လုပ်ရမည့်အလုပ်မဟုတ်။ အယ်ဒီတာအလုပ်ကိုမူ အယ်ဒီ တာကြီးများ၊ အယ်ဒီတာ အမည်ခံများသာ သိကြပေမည်ဖြစ်၍ ထည့်သွင်း မရေးဖွဲ့လို။

သတင်းထောက်
          သတင်းထောက်အဖြစ်ဝင်ရောက်လုပ်ကိုင်သူများထဲတွင် သက်ကြားရွယ်အိုနည်းပါး၏။ လူငယ်လူရွယ် များ အဘယ်ရည်ရွက်ချက်ဖြင့် ၀င်ရောက်လုပ်ကိုင်ကြသည်မသိ။ တချို့က အလုပ်တစ်ခုအနေဖြင့် လုပ်ကိုင် ကြ၍ တချို့မူ စိတ်ဓာတ် နှင့် ၀ါသနာကို အရင်းခံ၍ လုပ်ကြခြင်း ဖြစ်၏။ သတင်းထောက်အဖြစ် ၀င်ရောက် ရပ်တည်ခြင်းသည် အုပ်ချုပ်သူ ၊ ထင်ပေါ်ကျော်ကြားသူတို့ထံမှသိရှိရသော အကောင်း၊ အဆိုးကို အများပြည်သူ သိရှိရန်နှင့် အများပြည်သူ ကြုံတွေ့ခံစားနေရသော အခက်အခဲ ၊ ဒုက္ခများကိုလည်း အုပ်ချုပ်သူ တို့ သိရှိစေရန် ဖော်ထုတ်ရေးရမည် ဖြစ်၏။ အုပ်ချုပ်သူတို့အား အမြဲအမွှန်းတင်ရေးသားရန် မဟုတ်ဘဲ အကောင်း အဆိုး မှန်သမျှကို ဖော်ထုတ်ရေးသားရန်ဟု ဆိုခဲ့၏။ ထို့ကြောင့်ပင် ပညာရှင်ကြီးများက သတင်းစာ သော်လည်း ကောင်း၊ ဂျာနယ်သော်လည်းကောင်း အစိုးရ၏ လက်ကိုင်တုတ်မဖြစ်စေရဟူသော ရပ်တည်ချက် ဖြင့် မီဒီယာ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဆင်နေသည်မှာ ယနေ့တိုင် ဖြစ်တော့သည်။
          သတင်းထောက်ဟူသည် အရပ်တကာ နယ်တကာမှ အများပြည်သူ သိသင့်သိထိုက်သော သတင်း၊ တိမ်မြှုပ်နေသော ပြဿနာများကို ရှာဖွေ ဖော်ထုတ်ရေးသား တင်ပြရမည်ဟု ယုံကြည်၏။ ယနေ့ခေတ်သည် ထိုသို့လုပ်ကိုင်နိုင်ပြီ ဖြစ်သော အခြေအနေလည်း ဖြစ်၏။ နိုင်ငံတကာ သတင်းမီဒီယာများတွင်လည်း သတင်း ထောက်များသည် မီဒီယာ လုပ်ငန်းသုံး ပစ္စည်းများနှင့် နယ်တကာလှည့်၍ ရရှိသည့်သတင်းကို မိမိ၏ သတင်း ဌာနသို့ အချိန်မီပေးပို့ရန်သာ ဖြစ်သည်။ ထိုမှသာ ပေးပို့လာသော သတင်းအပေါ် ဖြည့်စွက်လိုသည်များ၊ ဖြတ် တောက်လိုသည်များကို သတင်းထောက်နှင့် ညှိနှိုင်းကာ ပြင်ဆင်ခြင်း အမှုကို အယ်ဒီတာများက ဆောင်ရွက် ကြခြင်းဖြစ်လေသည်။

          ကျွန်တော်တို့၏ မြန်မာ့သတင်းလောကတွင်မူ ဤပုံဤနည်း လုပ်ကိုင်နိုင်ခြင်း မရှိသေး။ သတင်း ထောက်အနေဖြင့် သတင်းကို တစ်နေ့လုံးလိုက် တစ်ညလုံး သတင်းပြန်ရေးရသည့် အဖြစ်ကိုလည်း အယ်ဒီ တာဆိုသူများ မသိမရှိ။ ထို့အတွက်ကြောင့် အလုပ်သမားအခွင့်အရေးအရ OT ဟူ၍လည်း မရှိပေ။ သတင်း တစ်ပုဒ်ရေးနိုင်မှ ၂၀၀၀ ၊ ၂၅၀၀ အဘယ်မှာ စားလောက်အံ့နည်း ။ သတင်းနောက် အပူတပြင်း လိုက်ရင်း နောက်ကြောင်းလည်း စိတ်မချရ။ တွေ့ကရာ မြင်ကရာ သတင်းဖြစ်အောင် ရေးသားရန်လည်း အယ်ဒီတာ အချို့က ဆိုတတ်ကြသေးပြန်။
 ယနေ့အချိန်တွင်အစိုးရ၏ ထုတ်ပြန်ချက်များကိုမူ အချိန် နှင့် တပြေးညီ သိရှိနိုင်ပြီ ဖြစ်သည်။ သမ္မတရုံး website ၊ ပြန်ကြားရေး website နှင့် ဌာနဆိုင်ရာ အသီးသီးမှ သတင်း အချက်အလက်များကို website များမှ အလွယ်တကူ သိရှိရယူနိုင်သော်လည်း အများပြည်သူ၏ သတင်း အချက်အလက်များကိုမူ လိုက်လံစုံစမ်း ထောက်လှမ်းနိုင်ပါမှ ရရှိနိုင်သည်ဖြစ်ရာ သတင်းထောက်များ ၏ လွတ်လပ်စွာ သတင်းလိုက်ပါ ရယူလုပ်ကိုင်ခြင်းကို ချုပ်ကိုင်ခြင်း မပြုအပ်သည့်အကြောင်း နှင့် အချိန်မှီ သတင်း ပေးပို့နိုင်ရန်သာ ထောက်ပံ့ ပေးရန် လိုအပ်ကြောင်း တစ်ဆပ်တည်းပြောလို၏။

နိဂုံး
          တွေ့ရကြုံရသည်များကို အရှည်ဖွဲ့က ပြီးဆုံးနိုင်မည် မဟုတ်။ အတိုးချုန်းရသော် မီဒီယာလောက နှင့် အကျွမ်းတ၀င်မဖြစ်သော ၀ါသနာအလျှောက် ၀င်ရောက်ရင်းနှီးမြှပ်နှံသော လုပ်ငန်းရှင်းများသည် လေပြေ ဖြန်း၍ ယန်းသမ်းတုတ်သော အယ်ဒီတာများကြောင့် ပြုတ်ပြုတ်ပြုန်းခဲ့ကြရ၏။ ထိုထိုသော သာဓကများ အပြင် သတင်းလောကတွင် သတင်းထောက်များအနေဖြင့် တည်နေရာတစ်ခုတွင် မြဲမြန်စွာ လုပ်ကိုင်နိုင်ခြင်း မရှိသည် မှာလည်း လူပါးဝ အယ်ဒီတာများကြောင့်သာလျှင် ဖြစ်လေစွ။ သတင်းထောက်အပေါင်းတို့သည် လယ်သမား တော်လှန်ရေး၊ အလုပ်သမားတော်လှန်ရေး စသည့် တော်လှန်ရေးပေါင်းများစွာ အကြောင်းကို စီကာပတ်ကုန်း သတင်းလုပ်ရေးဖွဲ့ခဲ့ကြသော်လည်း ကိုယ်တိုင်တော်လှန်ကြရမည့် အယ်ဒီတာ မဆန်သော တတ်ယောင်ဝါး အယ်ဒီတာများနှင့် လူပါးဝလွန်းအားကြီးသော အယ်ဒီတာများကိုမူ တော်လှန်ခြင်းမပြုနိုင်ကြ။ တစ်ခုမကောင်း တစ်ခု ပြောင်း၍ အသစ်တဖန် တည်ဆောက်ခြင်းလုပ်ငန်းများဖြင့်သာ အချိန်ကုန်နေကြရသည်ဖြစ်ရာ လူပါးဝ အယ်ဒီတာများအား တော်လှန်ရေး ၊ မောင်းထုတ်နိုင်ရေးသည် ဒို့အရေး ဟူသော ကြွေးကျော်သံကို ကြားသိခဲ့ ကြပြီးဖြစ်ရာ ` သတင်းထောက်တော်လှန်ရေး´ ဆိုသည်ကို အယ်ဒီတာတစ်ယောက် အကြောင်းပြု၍ ရေးသား ခြင်းပြုလိုက်ရလေသတည်း။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...