Tuesday, December 18, 2012

သူတို့ဂွင်ဖမ်းတတ်ကြလေသည်

December 13, 2012

ဂွင်(၁)
ဆရာ…ပွဲမိန့်ခွင့်ပြုချက်လက်မှတ်ထိုး မလို့ပါ။
“ဘာပွဲမိန့်လည်းကွ။ လောင်းကစား တွေဘာတွေပါသေးလား”။ ကျွန်တော်မသိ ချင်ယောင်ဆောင်ပြီးမေးလိုက်သည်။
“ဘုရားပွဲတဲ့ဆရာ၊ ပွဲဖြစ်မြောက်ရေး ကော်မတီအနေနဲ့ လောင်းကစားတွေမပါaကြာင်း ၀န်ခံကတိတွေတော့ လက်မှတ် တွေထိုးထားတာပဲဆရာ”


“ပွဲက ဘယ်နှစ်ညလဲကွ”
“သုံးညပါဆရာ”
ဒီလိုပွင့်လင်းရာသီပွဲမိန့်များသည် အဆင့်ဆင့်ထောက်ခံသူများ၊ ပွဲကျင်းပ ရေးကော်မတီများ၊ လောင်းကစားဒိုင်များ အပြင်ခွင့်ပြုသူအထိ ဂွင်ဖြစ်သည်။ အဲဒီ အဖွဲ့တွေက ဒီလိုပွင့်လင်းရာသီကို မျှော် နေရတာကြာပြီ။ ကျင်းပကြပါလိမ့်မည်၊ ဘုရားပွဲ၊ ထီးတင်ပွဲ၊ ဘုန်းကြီးပျံပွဲ၊ ကျောင်းရေစက်ချပွဲ၊ ကထိန်အောင်ပွဲ၊ အကြောင်းအမျိုးမျိုးပြပြီး ပွဲများကျင်းပ ကြသည်။ ခွင့်ပြုရက်က (၃) ရပ်ဆိုပါက ပွဲကရက်က (၅) ရက် ခွင့်ပြုမိန့်က (၅) ရက်ဆိုပါက ပွဲကရက်က (၇) ရက်ဆို သည်က ထုံးစံလိုဖြစ်နေသည်။ ပွဲခင်းနှင့် မလှမ်းမကမ်းမမှောင့်တမှောင်နေရာများ မှာက အန်စာတုံး၊ ဂုံးဂင်း၊ ၄ကောင်ဂျင်၊ ရွှေဘောလုံး၊ မျှားပစ်စသည့်လောင်းကစား မျိုးစုံနှင့် အရက်ဆိုင်များ၊ ပွဲကျင်းပရေး ကော်မတီဟုဆိုသူများက ပွဲမိန့်ရရှိရေး အဆင့်ဆင့်ထောက်ခံချက်ရရှိရေးအတွက် မြို့နယ်အဆင့်ရဲ၊ စခန်းမှူး၊ စည်ပင်၊ ရပ်ကွက်နှင့် မြို့နယ်အဆင့်အုပ်ချုပ်ရေး မှူးမှ မီးသတ်အထိ အဆင့်ဆင့်ကို ပိုက်ဆံ ပေး၍ ဖြတ်သန်းခဲ့ရသည်။ ထိုအထွေထွေ သော ကုန်ကျစရိတ်များကာမိအောင် လောင်းကစားဒိုင်ကြီးများထံမှ ပုတ်ပြတ် ငွေတောင်း၍ ကျင်းပကြခြင်းဖြစ်သည်။
ကျွန်တော်သည် တပည့်ပေးလာသော ပွဲမိန့်ခွင့်ပြုချက်ထောက်ခံစာများအား တောလှန်တောင်လှန်၊ ဟိုလှန်ဒီလှန်ကြည့် ချင်ယောင်ဆောင်၍ “———–မှ ————ထိ (၃) ရက်ခွင့်ပြုသည်။ လောင်းကစားပွဲများ လုံးဝခွင့်မပြုပါ”ဟု ကိုယ်လွတ်ရုန်းမှတ်ချက်ရေး၍ လက်မှတ် ထိုးပေးလိုက်လေတော့သည်။ ထိုအခါမှ တပည့်ဖြစ်သူက ခါးကြားမှစာအိတ်တစ်လုံး ကိုဆွဲထုတ်ပြီး “ဒါကဆရာ့အတွက်”တဲ့ ပြောပြီးပါပကော မောင်တင့်အတွက် “ဂွင်”ပါလို့။

ဂွင် (၂)
မောင်တင့်တာဝန်ထမ်းဆောင်ခဲ့သည့် ရခိုင်ပြည်နယ်သည် ကမ်းနီးကမ်းဝေးငါး ဖမ်းလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းသော ပြည်နယ်ဖြစ်သည်။ ဗဟုသုတအဖြစ်ရေး ပြရသော် ရခိုင်ပြည်နယ်အတွင် ကမ်းနီး ဆိုသည်မှာ ပင်လယ်ကမ်းခြေမှ (၅) မိုင် အတွင်းသတ်မှတ်ထားသည်။ ကမ်းဝေး ဆိုသည်မှာ (၅) မိုင်၏အပြင်ဘက်ကိုဆို လိုသည်။ ကမ်းနီး (၅) မိုင်အတွင်းသို့ ကမ်းဝေးရေယာဉ်များ ကမ်းဝေးရေယာဉ် များ ကမ်းဝေးငါးဖမ်းပိုက်များ ၀င်ရောက် ဖမ်းဆီးခွင့်မရှိ၊ ဧရာဝတီတိုင်း၊ တနင်္သာရီ တိုင်းနှင့် မွန်ပြည်နယ်တို့တွင်မူ ကမ်းနီး ကိုကမ်းခြေမှ (၁၀) မိုင်အတွင်းသတ်မှတ် ၍ ထို (၁၀) မိုင်မှ အပြင်ဘက်ကို ကမ်းဝေးငါးဖမ်းကွက်အဖြစ်သတ်မှတ်သည်။
ဤတွင် ရခိုင်ပြည်နယ်နှင့် အခြား ဧရာဝတီ၊ တနင်္သာရီ၊ မွန်ပြည်နယ်တို့ ကမ်းနီး၊ ကမ်းဝေးမိုင်သတ်မှတ်ချက်မတူ ညီရသနည်းဆိုသော မေးခွန်းမေးရန်ပေါ် လာသည်။ ရခိုင်ကမ်းရိုးတမ်းသည် ကမ်းခြေစောင်နက်သဖြင့် ကမ်းနီး (၅) မိုင်သာသတ်မှတ်ရခြင်းဖြစ်ပြီး ကျန်ဧရာဝတီ၊ တနင်္သာရီ၊ မွန်တို့တွင်မူ ကမ်းခြေစောက် ပြေပြစ်သဖြင့် (ကမ်းပြန့်လွန်းသဖြင့်) ကမ်းနီးကို (၁၀) မိုင်အထိသတ်မှတ်ပေး ထားရခြင်းဖြစ်သည်။ မောင်တင့်ပြောချင် တာက ငါးဖမ်းပိုက်ကိစ္စဖြစ်သည်။ ငါးမျိုးများမပြုန်းတီးရေးအတွက် ကမ်းနီးတွင် တစ်မတ် (၂၅) လက်မအောက်ပိုက်ကွက် ရှိသော ငါးဖမ်းပိုက်ဖြင့် ဖမ်းဆီးခွင့်မရှိ။ (တစ်မတ်ဆိုသည်မှာ ခဲတန်လုံးခန့်ဖြစ် သည်။) ကမ်းဝေးတွင်မူ ငါးဖမ်းဒရွတ်ဆွဲ ဆိုပါက ပိုက်အစိပ် ၂ လက်မခွဲအထက်၊ ပုဇွန်ဖမ်းပါက ၁ လက်မအထက်သတ်မှတ် ထားသည်။ ၁ လက်မအောက်ပိုက်ကွက် ဖြင့် ဖမ်းခွင့်မရှိပါ။
“ဆရာ ခမောင်းတုန်းရွာကဥက္ကဋ္ဌကဆရာ နဲ့ တွေ့ချင်လို့တဲ့”
“အေးလွှတ်လိုက်ကွာ”
ထိုပင်လယ်ကမ်းခြေရှိ ခမောင်းတုံး ရွာကို ကျွန်တော်တစ်ခေါက်မှ မရောက် ဖူး။ ဥက္ကဋ္ဌဆိုသည်ကိုလည်း မမြင်ဘူးပါ ချေ။ ထိုရွာသည် ငါးဖမ်းလုပ်ငန်းဖြင့် စီးပွားဖြစ်နေသည်ဟု ကြားဖူးသည်။ ၎င်း ၏လက်ထဲတွင် စာအိတ်ထူထူတစ်အိတ် ဖြင့်
“ဆရာ ဒါဒီလအတွက် ဆရာဖို့ပါ”
“ဘာကိစ္စအတွက်လည်းဗျ”
ထိုကိစ္စကိုမောင်တင့်မသိပါ။ လူဟောင်းကလည်း မပြောသွားမလွှဲသွား ပါ။ ဒါကြောင့် ပြောင်ပင်မေးရတော့၏။
“ကျွန်တော်တို့ရွာတွေက ကမ်းခြေငါး ဖမ်းတဲ့ကိစ္စပါဆရာ။ အဲဒါ ငါးဖမ်းအဖွဲ့ တွေက ပိုက်စိပ်နဲ့ဖမ်းကြရတော့မှ ငါးပို ရတာ၊ သက်ဆိုင်ရာမြို့နယ်၊ ရဲ၊ နယ်မြေခံရဲကင်းနဲ့ ငါးဦးစီးကိုလည်း ပေးပြီးပါပြီ။ ဒါကဆရာအတွက်သီးခြားပါ။
ထိုအခါမှ မောင်တင့်သဘောပေါက် တော့၏။ သတ်မှတ်ပိုက်ကွက်ထက်သေး ငယ်သောပိုစိပ်သောပိုက်ဖြင့် ငါးခိုးဖမ်းနေ ခြင်းပေတကား။
ငါးမျိုးတုံး၊ မတုံးတော့မသိ။ မောင်တင့်အတွက်တော့ ဂွင်သစ်ပဲဖြစ်သည်။


ဂွင် (၃)
“ဆရာ အမဲဒိုင်ကမောင်စိန်ရောက် နေတယ်။ နွားသယ်ချင်လို့တဲ့။”
“နွားသယ်တာသယ်ပေါ့ကွာ။ သူတို့ က စည်ပင်ကတရားဝင်လေလံရထားတာ မို့လား။”
“ဒီတစ်ခါက မြို့နယ်ကျော်ဘယ်ရ မှာဆရာ။ အဲဒါဆရာ့ဆီက ထောက်ခံချက် လာတောင်းတာ။”
“နွားကဘယ်နှစ်ကောင်မို့လဲ”
“အကောင် ၅၀ တဲ့”
“များလှချေလားကွာ”
“ဟုတ်ကဲ့ မြို့နယ်တို့၊ ရဲတို့၊ စည်ပင် တို့ မွေးကုတို့လည်းပြောပြီး (ပေးပြီး) ပြီ တဲ့ အဲဒီကထောက်ခံချက်တွေလည်း ပါလာတယ်။
အမှန်တော့ စည်ပင်မှချပေးသာ အမဲလိုင်စင်ကိုအကြောင်းပြု၍ နွားမှောင် ခိုများဖြစ်ပေါ်ခဲ့သည်။ မြန်မာပြည်မှနွား မှောင်ခိုသည် အိမ်နီးချင်းနိုင်ငံအားလုံးသို့ ရောက်သည်။ သားသတ်မည့်နွားအား မြို့နယ်တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ စစ်ဆေးပေးရသည်။ (ရောဂါ ကင်းရှင်းရမည်၊ ခိုင်းနွားများမဖြစ်စေရ၊ မျိုးပွားမည့်အရွယ်မဖြစ်စေရ) ရခိုင်ပြည် နယ်မှနွားမှောင်ခိုများ တစ်ဖက်နိုင်ငံသို့ အလုံးအရင်းဖြင့် သွားရောက်နေသည်။ ရခိုင်ကမ်းရိုးတန်းမှ တစ်ဖက်နိုင်ငံသို့ စက်လှေအကြီးစားများဖြင့် အကောင်း စားခိုင်းနွားကြီးများကိုကြီးတုတ်၍ သယ်ဆောင်ကြသည်။ စက်လှေမှာ (၂၅) နာရီမှ (၂၉) နာရီခန့်သာမောင်းရသည်။
သို့သော် ထောက်ခံချက်အားလုံး ပါသည်ဆိုတော့ ထောက်ခံချက်ပေးလိုက် ရတော့သည်။ ပေါင်းစားသောဂွင်ဖြစ် သည်။ ၎င်းင်းအပြင် ဂွင် (၄၊၅၊၆)တို့လည်း ရှိပါသေးသည်။ အာဏာပါဝါသုံးသော ဂွင်၊ စုပေါင်းညှိနှိုင်းထားသောဂွင်၊ မသိ ချင်ယောင်ဆောင်သောဂွင်ဝန်ကြီးဌာန အလိုက်ဂွင်၊ ဌာနဆိုင်ရာအလိုက်ဂွင်နေရာ ဒေသအလိုက်ဂွင်အချိန်အခါအလိုက်ဂွင် ရာထူးသေးသေးအတွက်ဂွင်၊ ရာထူးကြီး ကြီးအတွက်ဂွင် ထိုထိုဂွင်များကို ၀န်ထမ်း များကမ၀င်ဝင်အောင်ဖမ်းကြသည်။ ဂွင် ၀င်လာပါကလည်း အောက်ခြေအဆင့် ဆင့်မှ အထက်အဆင့်ဆင့်ထလိုင်းကြေး များ၊ ဂါရ၀ကြေးများ၊ မေတ္တာကြးများ၊ လက်ဖက်ရည်ကြေးများတောင်းတတ်ကြ သည်။
မရိုးမသားစီးပွားရေးသမားများ၊ ငို့ဘစီးပွားရေးသမားများကလည်း လိုလို ချင်ချင်ပေးချင်ကြသည်။
“မင်းတို့အဘမှာ ဗိုက်ပါလား။ ဗိုက် ပါရင် ရပါတယ်ကွာ” ဆိုသော စီးပွားရေး သမားများနှင့် ဗိုက်အပိုများစွာပါသော ၀န်ထမ်းများရှိနေသ၍ လာဘ်ပေးလာဘ် ယူကိစ္စကြီးရှိနေပါလိမ့်ဦးမည်။
စည်ပင်ဂွင်၊ မြေစာရင်းဂွင်၊ ဆောက် လုပ်ရေးဂွင်၊ အခွန်ဦးစီးဂွင်၊ တရားသူကြီး ဂွင်၊ ဥပဒေအရာရှိဂွင်၊ ငါးဦးစီးဂွင်၊ ပညာရေးမှူးဂွင်၊ သစ်တောဂွင်၊ လျှပ်စစ်ဂွင်၊ အုပ်ချုပ်ရေးမှူးများဂွင် ထိုဂွင်အားလုံးတွင် သက်ဆိုင်ရာဌာနများအပြင် မပါမဖြစ်က နေရာတိုင်းမှာရှိသည့်ရဲများပင်ဖြစ်သည်။ ဂွင်အားလုံးသည် ရဲနှင့်ပတ်သက်ဆက်နွယ် နေသည်ချဲဂွင်၊ နွားဂွင်၊ W ဂွင်များသည် ရဲဂွင်များဖြစ်သည်။
ပြည်သူများ ထိုထိုသောဂွင်များဘေး မှ ကင်းဝေးကြပါစေ။

လှတင့်ဆွေ (ပိန်းဇလုပ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...