Tuesday, December 18, 2012

အသည်းအစားထိုးကုသခြင်း အတိတ်၊ ပစ္စုပန်၊ အနာဂတ် (အပိုင်း ၂)



            ၁၉၆၆တွင် antilymphocyte သွေးရည်ကြည်ဆိုတာပေါ်လာသည်။ထိုသွေးရည်ကြည်က ကိုယ်ခံစွမ်းအားခုနှိမ်ရေးမှာ အသုံးတည့်သည်။ ၁၉၆၇တွင် သောမတ်သည် ထိုသွေးရည်ကြည်ကို အသုံးပြုလျက် ၁၉ လသမီးလေး၏ အသည်းကင်ဆာရောဂါကို အောင်မြင်စွာ အသည်းအစားထိုး ခွဲစိတ်ပေးနိုင်ခဲ့လေသည်။
ထိုကလေးမလေးမှာ ၁၃လခန့်အကြာတွင် ကွယ်လွန်ခဲ့သော်လည်း သေဆုံးရသည့်အကြောင်း ရင်းမှာ အသည်းပျက်စီးမှုကြောင့်မဟုတ်ချေ။ မူလကင်ဆာရောဂါမှတဆင့် တခြားနေရာများသို့ ပျံ့နှံ့သွားခြင်းကြောင့်ဖြစ်သည်။
           ၁၉၆၈ခုနှစ်တွင် ကလိန်းကလည်း ဥရောပတိုက်၏ ပထမဆုံးသော အသည်းအစားထိုးခွဲစိတ်မှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့သည်။ ၁၉၆၀ပြည့်လွန်နောက်ပိုင်းနှစ်များမှသည် ၁၉၇၀ပြည့်လွန်နှစ်များအတွင်း အသည်းအစားထိုးကုသခြင်းကို ပြုလုပ်စမ်းသပ်ခဲ့သူ တခြားသောဆရာဝန်များရှိခဲ့သော်ငြားလည်း သောမတ်နှင့် ကလိန်းတို့လောက် ဖိဖိစီးစီးဆောင်ရွက်ခဲ့ခြင်း မရှိကြချေ။
            ၁၉၇၀ပြည့်လွန်နှစ်များတွင်မူ သောမတ်နှင့် ကလိန်းအသည်းခွဲစိတ်ဆရာဝန်ကြီး နှစ်ဦး ပေါင်းစပ်မိသွားကြပြီး ဥရောပတိုက်တွင်အသည်းအစားထိုးခွဲစိတ်မှုများကို ပိုမိုတွင်ကျယ်စွာ ဆောင်ရွက် လာကြသည်။
Azathioprine၊ ပရက်နီစလုံး၊ antilymphocyte သွေးရည်ကြည်စသည့် ကိုယ်ခံအားခုနှိမ်ဆေးဝါး သုံးမျိုးကို ပေါင်းစပ်သုံးစွဲခဲ့ကြသော်လည်း ၁၉၇၀ပြည့်လွန်နှစ်များတလျှောက် အသည်းအစားထိုး လူနာတစ်နှစ် သက်တမ်းရှည်မှုနှုန်းမှာ ၂၀%အောက်မှာသာရှိခဲ့သည်။ ၈၀%သောအသည်းအစားထိုးလူနာများမှာ အသည်းအစားထိုးပြီး တစ်နှစ်အတွင်း သေဆုံးသွားကြသည်။ ခွဲစိတ်မှုကလည်း စိတ်မချရ၊ခွဲစိတ်ပြီးရင်လည်း ဘယ်အချိန်သေမယ်မှန်းမသိ၊ မသေချာမရေရာသည့် အသည်းအစားထိုးကုသခြင်းမှာ ဘာမှဆက်လုပ်လို့မရတော့သည့် လမ်းဆုံးလူနာများအတွက် စွန့်စားပြီးမှီတွယ်ဖမ်းဆုပ်ဖွယ်ရာ ကောက်ရိုးတစ်မျှင်သာဖြစ်ပါသည်။ဘာမှမလုပ်ပဲထားလည်း
သေတော့မည့်အတူတူ စမ်းသပ်ကြိုးစားကြည့်ချင်သေးသည့် စွန့်စားခန်းတစ်ခုသာဖြစ်နေသည်။
            အစပိုင်းမှာ ရှုံးနိမ့်မှုများစွာရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ တစတစအောင်မြင်မှုတွေရှိလာ ခဲ့သည်။ အသည်းအစားထိုးကုသမှုများ သမိုင်းသည် လူ့အသက်ထွက်ချိန်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်လည်း သက်ဆိုင်နေသည်။ ၁၉၆၈ခုနှစ်များမတိုင်ခင်က လူတစ်ယောက်သေဆုံးချိန်ကို နှလုံးခုန်နှုန်းရပ်သွားချိန်ဟု သတ်မှတ်ခဲ့ကြသည်။ လှူဒါန်းမည့် အသည်းဟူသည် အသက်ထွက်ပြီးမှ ထုတ်ယူခွင့်ရှိသည်ဖြစ်ရာ နှလုံး ခုန်နှုန်းရပ်သွားပြီးမှ အသည်းကိုထုတ်ယူရရိုးထုံးစံဖြစ်နေသည်။ အမှန်တော့ နှလုံးရပ်သွားသည်နှင့် သက်မဲ့ ခန္ဓာကိုယ်၏ ပျက်ယွင်းမှုများကစနေပြီ။ သည်တော့ နှလုံးရပ်ပြီးသွားသည့် အချိန်မှာ အသည်းသည် သိပ်လတ်လတ်ဆတ်ဆတ်ဖြစ်မနေတော့။ သည်တော့ အသည်းအလှူခံသူ၏ ခန္ဓာကိုယ်ထဲမှာ မလတ်ဆတ်သည့် အသည်းက ဘယ်လောက်ခံမလဲပြောလို့မရ။
            ၁၉၆၈နောက်ပိုင်းမှာတော့ လူ့အသက်ထွက်သည့်အချိန်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ပြောင်းလဲ သွားသည်။ နှလုံးရပ်သွားမှ၊အသက်ရှူရပ်သွားမှ လူ့အသက်ထွက်သည်မခေါ်တော့။ဦးနှောက်ထဲက လှုပ်ရှားမှုတွေ ရပ်သွားပြီဆိုသည်နှင့် လူကိုသေပြီဟု သတ်မှတ်လိုက်သည်။ထိုအချိန်မှာ နှလုံးနှင့် အဆုတ်၏ လှုပ်ရှားမှုများကရှိနေသေးသည် ။သည်တော့ နှလုံးရပ်သည်အထိစောင့်မနေပဲ ဦးနှောက်သေသွားသည်နှင့် အသည်းကိုထုတ်လိုက်ရင် နှလုံးမှသွေးကို အတိုင်းအတာတစ်ခုအထိ ရနေသေးသဖြင့် အသည်းပျက်စီးမှုလည်း သိပ်မရှိနိုင်တော့။ထို့အတွက်ကြောင့် အသည်းအစားထိုးခံ လူနာများ၏ အစားထိုးအသည်းများ၏ ပျက်စီးမှုလျော့ကျလာသည်။ သို့တိုင်အောင် ၁၉၇၀ ပြည့် လွန် နှစ်များအထိ အသည်းအစားထိုးခံလူနာများ ခွဲစိတ်ပြီးစသေဆုံးမှုမှာ ၇၀%ခန့်အထိရှိနေသေးသည်။
            ၁၉၇၉တွင် ကလိန်းက ကိုယ်ခံစွမ်းအားခုနှိမ်ရာတွင် အသုံးဝင်သည့် Cyclosporin ဆေးသည် ကိုယ်အင်္ဂါအစားထိုးကုသခြင်းများမှာအကျိုးသက်ရောက်မှုရှိသည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။ Cyclosporin  မပေါ်ခင်က ၁၉၆၃မှ ၁၉၇၉အတွင်း အသည်းခွဲစိတ် ဆရာ ၀န်ကြီး သောမတ်သည်  လူနာပေါင်း ၁၇၀ တွင် အသည်းအစားထိုးခဲ့ရာ တစ်နှစ်အထိအသက်ရှင်မှုနှုန်းမှာ  ၃၃%သာရှိခဲ့သည်။ Cyclosporinပေါ်လာပြီး ၁၉၇၉ မှ ၁၉၈၀ တစ်နှစ်အတွင်း လူနာ၁၂အသည်းအစားထိုးကုသခဲ့ရာ ၁၁ ဦးမှာ တစ်နှစ်ကျော်အထိ အသက်ရှည်ခဲ့သည်။
၁၉၈၀မှ၁၉၈၁အတွင်းပြုလုပ်ခဲ့သည့် အသည်းအစားထိုးလူနာ ၄၀ဦးတွင် ၇၀%မှာ တစ်နှစ်သက်တမ်းထက် အသက်ရှည်ခဲ့ကြသည်။ Cyclosporin ပေါ်ပေါက်လာခြင်းက အသည်းအစားထိုးကုသခြင်းသမိုင်းကြောင်း ကို အချိုးအကွေ့ဖြစ်ခဲ့လေသည်။
            ထိုသို့ဖြင့် ၁၉၈၃တွင် အမေရိကန်ပြည်ထောင်စု၌ အသည်းအစားထိုးကုသခြင်းကို လူ့အသက် အား အမှန်တကယ် ကယ်တင်နိုင် သည့် အရေးပါသော ကုထုံးတစ်ရပ်အဖြစ် တရားဝင်အတည်ပြုပေးနိုင် ခဲ့သည်။ အသည်းအစားထိုးကုသရေးမှ မရှိမဖြစ်အရေးပါသည့် ခွဲစိတ်ကုသမှု နည်းပညာတွေ ပိုမိုတိုး တက်လာသည်။ အသည်း၏ ဇီဝကမ္မဖြစ်စဉ်ကို ပိုမိုအသေးစိတ်နားလည်လာကြသည်။ ကိုယ်ခံစွမ်းအား ခုနှိမ်သည့် ဆေးဝါးများကို ပိုမိုကျယ်ပြန့်စွာ အသုံးပြုလာနိုင်ကြပြီး ထိုဆေးဝါးများကြောင့် ဖြစ်ပွားသည့် ကိုယ်ခံအားကျဆင်းမှုကြောင့် ဖြစ်ပွားရသည့် ကူးစက်ရောဂါများကိုလည်း ပိုမိုကျွမ်းကျင်ပိုင်နိုင်စွာ ကုသလာနိုင်ကြသည်။
            လှူဒါန်းသူထံမှ ထုတ်ယူပြီးသည့် အသည်းကို ဘယ်လိုထိန်းသိမ်းမည်၊ ဘယ်လိုနေရာမှာ သိုလှောင်ထားမည်၊ အဘယ်သို့ သယ်ဆောင်မည်ကို ပိုမိုနားလည်လာခြင်းကြောင့်လည်း လှူဒါန်းအသည်း များက ပိုမိုကြာကြာခံပြီး အလှူခံသူ၏ ကိုယ်ထဲမှာ အမှန်တကယ်ပိုမိုအလုပ်လုပ်လာနိုင်ကြသည်။ထိုသို့ဖြင့် ၁၉၈၀ပြည့်လွန်နှစ်များသို့ရောက်လာသည့်အခါ အသည်းအစားထိုးကုသခြင်းသည် နောက်ဆုံးအဆင့်မှ ပြုလုပ်ရသည့် ကုသမှုမျိုးမဟုတ်တော့ပဲ ဖြစ်ပွားနေသည့် ရောဂါကိုလုံးဝပျောက်ကင်းသွားစေရန် ဦးစားပေးပြုလုပ်ရသည့် ကုသနည်းတစ်ခုဖြစ်လာလေတော့သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...