ကမ္ဘာလဆန်း ၁ ရက်နေ့
by မင်းလူ၏ ၀တ္တုတိုများ on Saturday, December 22, 2012 at 7:15am ·

၁၉၉၉၊ ဒီဇင်ဘာ ၃၁၊ ထောင်စုနှစ်တစ်ခု၏ နောက်ဆုံးနေ့ နေမင်းကို ဘယ်လိုသဘောရကြပါသလဲ။ ပင်လယ်တွင်းသို့ လည်းကောင်း၊ တောင်စွယ်နောက်သို့ လည်းကောင်း၊ ကွင်းပြင်ကြီး၏အဆုံး မိုးကုပ် စက်ဝိုင်းဆီသို့ လည်းကောင်း တဖြည်းဖြည်းငုပ်လျှိုးဝင်ရောက်သွားသော နေမင်းကြီးကို ငေးမော ကြည့်ရှုမိခဲ့ကြပါရဲ့လား။
ထိုညနေဆည်းဆာသည် မြင်ဖူးသမျှထဲမှာ အလှဆုံး၊ နှမြောတသအဖြစ်ရဆုံး လွမ်းဆွတ်ကြည်နူးဖွယ် အကောင်းဆုံးဖြစ်ကြောင်းကိုကော သတိပြုခံစားမိကြပါရဲ့လား။
ခုလို မေးနေရတာက ဒီအကြောင်းတွေကို ကျွန်တော် မသိလိုက်ရသောကြောင့်ဖြစ်ပါသည်။ ထိုနေ့ ညနေခင်းနေ၀င်ချိန် လူသန်းပေါင်းများစွာတို့ ကသိုဏ်းရှုနေကြချိန်တွင် ကျွန်တော် အိပ်ပျော်နေခဲ့လေသည်။
အစတုန်းကတော့ သူများတကာလို ပင်လယ်ကမ်းစပ်အပန်းဖြေစခန်းမှာဖြစ်စေ၊ ကမ္ဘာ့အမြင့်ဆုံး မျှော်စင်ပေါ်မှဖြစ်စေ၊ ဂရင်းနစ်မျဉ်းဖြတ်သွားရာ ကျွန်းကလေးပေါ်ကဖြစ်စေ၊ ဇိမ်ခံပင်လယ်ကူးသင်္ဘောကြီးပေါ်မှ ဖြစ်စေ မကြည့်နိုင်သည့်တိုင် အိမ်နှင့်မနီးမဝေးမှာရှိသည့် မီးရထားခုံးကျော်တံတားပေါ်မှနေ၍ ထိုနေ့ဆည်းဆာ နေ၀င်ချိန်ကို အမှတ်တရကြည့်လိုက်ဦးမည်ဟု စိတ်ကူးမိခဲ့သေး၏။
သို့ရာတွင် နှစ်ကူးဖို့ နှစ်ရက်လောက်အလိုမှာ စာပေကိစ္စတစ်ခုဖြင့် ကျွန်တော် ခရီးထွက်ရသည်။သုံးဆယ့်တစ်ရက်နေ့ နေ့လယ်ကျမှ ပြန်ရောက်သည်။ နှစ်ညဆက်တိုက် အိပ်ရေးလည်းပျက်၊ ခရီးကလည်း ပန်းသဖြင့် လူက တော်တော်နွမ်းနေပြီ။
ရေမိုးချိုးလိုက်သောအခါ နည်းနည်းလန်းသလိုရှိလာ၏။ ထို့ကြောင့် အိမ်ရှေ့ခန်းက ပက်လက် ကုလားထိုင်မှာထိုင်ပြီး စာဖတ်နေလိုက်သည်။ ခဏအကြာမှာပင် မျက်လုံးတွေ စင်းလာပြန်သည်။ လက်ဖက်ရည် သောက်လိုက်လျှင် ကောင်းမည်ဟု စိတ်ကူးမိသော်လည်း မထဖြစ်။ နာရီဝက်လောက် မှေးလိုက်ရလျှင် မဆိုးလှဟု တွေးသည်။ အတွေးနှင့်တစ်ဆက်တည်းပင် အိပ်ပျော်ခြင်းသို့ ရောက်လေတော့သည်။
ဖျတ်ခနဲ ပြန်နိုးလာသောအခါ မှောင်တောင်မှောင်နေပြီးသွားပြီ။ နှစ်ပေါင်းတစ်ထောင်မှ တစ်ခါကြုံရသော ဘ၀တစ်သက်တာအဖို့ ထပ်မံမြင်တွေ့ခွင့် မရနိုင်တော့သော မဟာအခွင့်အရေးကြီးကို လက်လွှတ်ဆုံးရှုံးရချေပြီဟု ယူကြုံးမရဖြစ်လိုက်ရကောင်းမလား၊ နှမြောတသစိတ်၊ ၀မ်းနည်းပက်လက်ဖြစ်လိုသောစိတ်များ လုံးဝပေါ်မလာတော့လည်း ဘာမျှမတတ်နိုင်။ ကျွန်တော့်အဖို့ ညနေခင်းတစ်ခုကို လက်လွှတ်လိုက်ရခြင်းသာဖြစ်သည်။ နေမင်းကြီးကို ထာဝရဆုံးရှုံးသွားရတာမှ မဟုတ်ဘဲကိုး။
☼ ☼ ☼ ☼ ☼
တကယ်တော့ ခုနှစ်၊ သက္ကရာဇ်ဆိုသည်မှာ လူတို့က သတ်မှတ်ထားခြင်းသာဖြစ်၏။ နိုင်ငံအသီးသီး လူမျိုးအသီးသီးမှာ ကိုယ်ပိုင်သက္ကရာဇ်တွေရှိကြ၏။ ကျွန်တော်တို့နိုင်ငံမှာဆိုလျှင် သာသနာသက္ကရာဇ်နှင့် ကောဇာသက္ကရာဇ်ဆိုပြီး နှစ်မျိုးတောင်ရှိ၏။ ကောဇာသက္ကရာဇ်သည် ဟိုးရှေးအခါက မကြာခဏ သက္ကရာဇ်ဖြိုခဲ့ကြသောကြောင့် ခုအခါမှာ ၁၃၆၁ သာရှိသေးသည်။ တကယ်လို့သာ မြန်မာ့ကောဇာသက္ကရာဇ်သည် ကမ္ဘာသုံးဖြစ်ခဲ့လျှင် နှစ်ထောင်ပြည့်နှစ်ရောက်ဖို့ နှစ်ပေါင်း ခြောက်ရာကျော်မျှ လိုပါသေးသည်။ ဗုဒ္ဓပရိနိဗ္ဗာန်စံသည့်နှစ်မှစ၍ ရေတွက်သော် သာသနာသက္ကရာဇ်ကသာ ကမ္ဘာသုံးဖြစ်ခဲ့မည်ဆိုလျှင်လည်း နှစ်ထောင်ပြည့်နှစ်ရောက်လို့ နှစ်ငါးရာတောင် ကျော်လွန်လာခဲ့ပြီးဖြစ်လိမ့်မည်။
ခရစ်ခုနှစ်ကသာ ကမ္ဘာသုံးဖြစ်ခဲ့သောကြောင့် ဒီနှစ်မှာ နှစ်ပေါင်း နှစ်ထောင်ပြည့်ခဲ့ခြင်းဖြစ်၏။ ဒါတောင် တစ်ထစ်ချမပြောနိုင်သေး။ ခရစ်တော်ဖွားမြင်သည့်ရက်ကို ပညာရှင်များ တွက်ချက်ရာတွင် မူကွဲနှစ်မျိုးရှိခဲ့၏။တစ်ခုနှင့်တစ်ခု လေးနှစ်လောက် ကွာခြားနေသည်။ နှစ်ပေါင်းအတော်ကြာမှသာ တစ်မျိုးတည်း သတ်မှတ်နိုင် ခဲ့သည်။ မူကွဲကိုသာ လက်ခံခဲ့ကြလျှင် ခုအခါမှာ ခရစ်နှစ် ၂၀၀၄သို့ ရောက်နေလိမ့်မည် ဖြစ်၏။
နှစ်တစ်နှစ်ဆိုသည်မှာ ကမ္ဘာက နေကို တစ်ပတ်ပတ်မိသော ကာလကို ဆိုလိုသည်။ သာမန်အားဖြင့် ၃၆၅ရက်ကို တစ်ပတ် (တစ်နှစ်)ဟု သတ်မှတ်ကြသည်။ အမှန်တကယ် နေကို တစ်ပတ်ပတ်မိရန် ၃၆၅ရက်၊ ၅နာရီ၊ ၄၈မိနစ် ၄၆စက္ကန့်တိတိကြာသည်။ ထို့ကြောင့် စွန်းထွက်နေသည့် ခြောက်နာရီနီးပါးအတွက် လေးနှစ်လျှင် တစ်ကြိမ် ရက်ထပ်နှစ်အဖြစ် သတ်မှတ်ပြီး ဖေဖော်ဝါရီမှာ တစ်ရက် တိုးပေးရသည်။ ၂၀၀၀ပြည့်နှစ်သည် ရက်ထပ်နှစ် ဖြစ်သဖြင့် ဖေဖော်ဝါရီမှာ ၂၉ရက်ရှိသည်။ ဒါဆိုလျှင် ၁၉၉၉၊ ဒီဇင်ဘာ ၃၁သည် လူတို့သတ်မှတ်ထားသော သက္ကရာဇ်အရ နှစ်ကုန်ရက်ဖြစ်သော်လည်း ကမ္ဘာက နေကို အမှန်တကယ် တစ်ပတ်ပတ်မိရန် တစ်ရက်နီးပါး လိုနေသေးသည်။ ၂၀၀၀ပြည့်နှစ် ဇန်န၀ါရီ ၁ရက်၏ ညသန်းခေါင်ရောက်ရန် မိနစ်ပိုင်းအလိုကျမှသာ တကယ်နှစ်ကူးခဲ့ခြင်းဖြစ်သည်ဟု ဆိုရမလိုဖြစ်နေ၏။
နောက်တစ်ချက်က ကမ္ဘာက နေကို တစ်ပတ်ပတ်မိရန်ကြာသောအခါ အချိန်ကာလကို တွက်ချက် ရာတွင် ရှေးကအယူအဆနှင့် နောက်ထပ်တွေ့ရှိသော အယူအဆတို့ မိနစ်ပိုင်းမျှ ကွာနေသည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ ပြက္ခဒိန်ရက်စွဲကို တွက်ချက်ရာတွင် ရှေးကအယူအဆနှင့် နောက်ထပ်တွေ့ရှိသော အယူအဆတို့ မိနစ်ပိုင်းမျှ ကွာနေသည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ ပြက္ခဒိန်ရက်စွဲကို ပြင်ခဲ့ရဖူးသည်။ ၁၅၈၂၊ အောက်တိုဘာ ၅ရက် သောကြာနေ့ကို အောက်တိုဘာ ၁၅ရက် သောကြာနေ့အဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ခြင်း ဖြစ်၏။ တကယ်လို့ အယူအဆအဟောင်းကိုသာ ဆက်လက်အသုံးပြုဖြစ်ခဲ့လျှင် ၁၉၉၉ ဒီဇင်ဘာ ၃၁သည် ဒီဇင်ဘာ ၂၁ အဖြစ်သာ ရှိနေဦးမည်။ ဇန်န၀ါရီ ၁၁ ရက်ကျမှ နှစ်ဆန်းတစ်ရက်နေ့ဖြစ်လိမ့်မည်။
(အထက်ပါ အချက်အလက်များကို ဆရာတင်နိုင်တိုး၏ မြန်မာ-အင်္ဂလိပ်ပြက္ခဒိန်စာအုပ်မှ ကိုးကားပါသည်)
အမှန်အားဖြင့် ကမ္ဘာကြီးသည် တစ်ပြိုင်တည်း နှစ်သစ်ကူးခဲ့ခြင်းမဟုတ်။ ဂရင်းနစ်မျဉ်းမှစပြီး တစ်ဒီဂရီချင်း တရွေ့ရွေ့ကူးပြောင်းခဲ့ခြင်းသာဖြစ်၏။ လောင်ဂျီတွဒ်ချင်း မတူသောနိုင်ငံများအဖို့ နှစ်ကူးချိန်လည်း မတူနိုင်ကြပါ။ ကမ္ဘာကြီးတစ်ခုလုံး လွတ်လွတ်ကျွတ်ကျွတ် နှစ်သစ်ကူးဖို့အတွက် တစ်ရက်တိတိကြာပေလိမ့်မည်။
ပြီးတော့ နိုင်ငံတစ်ခု၏ စံတော်ချိန်ဆိုသည်မှာ မြို့တော် သို့မဟုတ် နိုင်ငံ၏ အလယ်ဗဟိုကို ဖြတ်သွားသော လောင်ဂျီတွဒ်မျဉ်းပေါ် အခြေခံ၍ သတ်မှတ်ထားခြင်းဖြစ်၏။ တချို့ အရှေ့အနောက် ကျယ်ပြန့်သော နိုင်ငံများဆိုလျှင် စံတော်ချိန် နှစ်မျိုး သုံးမျိုးထားရတာရှိသည်။ ထိုအခါ တစ်နိုင်ငံတည်းမှာပင် နှစ်ကူးချိန် နှစ်မျိုး သုံးမျိုးရှိနိုင်သည်။ စံတော်ချိန်တစ်မျိုးတည်းရှိသော နိုင်ငံများမှာပင် အရှေ့ဘက်စွန်း အရပ်များနှင့် အနောက်ဘက်စွန်း အရပ်များအဖို့ နှစ်ကူးချိန်မှာ နိုင်ငံ၏ စံတော်ချိန်နှင့် မိနစ်ပိုင်းလောက်တော့ ကွာခြားမှုရှိပါလိမ့်မည်။
တကယ်လို့ ခုချိန်ထိ အာကာသထဲမှာ လွှတ်တင်ထားသော မီယာစခန်းပေါ်မှာ လူတွေရှိနေဦးမည် ဆိုလျှင် ဒီထဲမှာ ရုရှက တစ်ယောက်၊ အမေရိကန်က တစ်ယောက်၊ တောင်အာဖရိကက တစ်ယောက်၊ ဂျပန်က တစ်ယောက်ရှိနေမည်ဆိုလျှင် သူတို့ ဘယ်စံတော်ချိန်နဲ့ နှစ်ကူးကြလေမလဲ။
တကယ်တော့ ကျွန်တော်တို့သည် နှစ်ပေါင်းနှစ်ထောင်လောက်ကိုသာ အထူးပြုပြီးပြောနေကြခြင်း ဖြစ်၏။ လူတို့ မြို့ပြနိုင်ငံများ အတည်တကျထူထောင်နေထိုင်ခဲ့ကြတာ နှစ်ပေါင်း ငါးထောင်မက ရှိခဲ့ပြီ။ လူဟူ၍ ဖြစ်ပေါ်လာခဲ့တာတောင် နှစ်သန်းနှင့်ချီ၍ကြာခဲ့ပြီ။ ကမ္ဘာကြီး စတင်ဖြစ်ပေါ်ခဲ့သည့်သက်တမ်းနှင့်ယှဉ်လိုက်လျှင် နှစ်ပေါင်းနှစ်ထောင်ဆိုတာ ပျင်းတောင်ပျင်းသေးသည်။ ဘာမှရေးကြီးခွင်ကျယ်လုပ်နေစရာမဟုတ်ဟု ဆိုသည်။
သို့ရာတွင်-
လူတို့သည် ကိန်းဂဏန်းများကို တီထွင်ခဲ့ကြသည်။ နောက်တော့လည်း ထိုကိန်းဂဏန်းများ၏ စိုးမိုးမှုကို ပြန်ခံကြရပြန်သည်။ တကယ်လို့ ကိန်းဂဏန်းတွေကိုသာ မတီထွင်ဘဲနေခဲ့လျှင် ကိုယ့်အသက် ဘယ်လောက်ကြီးလာပြီလဲဆိုတာ သိကြမည်မဟုတ်။ ကုန်ဈေးနှုန်းဆိုတာလည်း ရှိမှာမဟုတ်။ ကွန်ပျူတာတွေ ပေါ်လာစရာအကြောင်းမရှိသဖြင့် ၀ိုင်တူးကေပြဿနာလည်း စိုးရိမ်ရမှာမဟုတ်။ ထို့အတူ ဘာတိုးတက်မှုမှလည်း ရှိမှာမဟုတ်တော့။
ခုလောလောဆယ်မှာတော့ လူတို့သည် ၂၀၀၀ ဆိုသောကိန်းဂဏန်းတစ်ခု၏ စိုးမိုးချုပ်ကိုင်မှုကို ခံနေ ကြရသည်။ ခေတ်သစ်သမိုင်းတွင် သုညတွေ အများဆုံးသောခုနှစ်သက္ကရာဖ်ပင်ဖြစ်၏။ သုညဆိုသော ဂဏန်းသည် အလွန်ထူးခြားသောကိန်းတစ်ခုဖြစ်၏။ ဂဏန်းဆယ်လုံးထဲမှာ အပေါင်းလည်းမဟုတ်။ အနုတ်လည်း မဟုတ်တာဆိုလို့ သုညတစ်လုံးပဲရှိ၏။ သုညသည် လုံးဝမရှိခြင်းသဘောကို ဆောင်သလို ငြိမ်းချမ်းခြင်းသဘော ကိုလည်း ဆောင်သည်။ ရာပြည့်၊ ထောင်ပြည့်၊ သောင်းပြည့်၊ သိန်းပြည့်တို့ကို ဖော်ပြလိုသောအခါ သုည မပါလို့ မဖြစ်။ ထို့ကြောင့် သုညသည် တန်ဖိုးအကြီးဆုံးကိန်းဂဏန်းလည်းဖြစ်နိုင်၏။ လုံးဝပြီးပြည့်စုံသည့်သဘော ကိုလည်း ဆောင်နိုင်၏။
ကမ္ဘာကြီးပင်လျှင် သုညတစ်လုံးနှင့်တူသည်မဟုတ်လား။ သုညကို သို့တည်းမဟုတ် ကမ္ဘာကြီးကို ဘယ်လိုဆက်ပြီး အဓိပ္ပာယ်ဖော်ကြမလဲဆိုတာ စောင့်ကြည့်ဖို့သာရှိလေသည်။
☼ ☼ ☼ ☼ ☼
ကျွန်တော်သည် ၂၀၀၀ ပြည့်နှစ်နှင့်ပတ်သက်၍ တချို့လူတွေလောက် သည်းသည်းလှုပ်မဖြစ်ခဲ့။
နှစ်တစ်နှစ်ကနေ နောက်တစ်နှစ်ကိုကူးတာ ဘာဆန်းလို့လဲဟု တွေးခဲ့သည်။ သို့တိုင်အောင် ကိုယ်သည်လည်း လူထဲကလူသာဖြစ်သဖြင့် နှစ်သစ်ကို မဖြစ်မနေလိုက်ပါရပေလိမ့်မည်။
အစကတော့ နှစ်သစ်ကူးချိန်မှာ စာအုပ်တစ်အုပ်၊ လက်ဖက်ရည်တစ်ခွက်၊ ဆေးပေါ့လိပ်တစ်လိပ် လောက်နဲ့ပဲ ဘာသိဘာသာနေလိုက်မည်ဟု စိတ်ကူးခဲ့သည်။ နှစ်သစ်ကူးဖို့ အချိန်နီးကပ်လာသောအခါမှာတော့ အလိုလို စိတ်လှုပ်ရှားလာမိ၏။ နှစ်သစ်ကူးချိန်မှာ တစ်ခုခု အမှတ်တရလုပ်လိုသောဆန္ဒ ပေါ်လာမိ၏။ သို့ရာတွင် ဘာလုပ်ရမှန်းမသိ။ ညဆယ့်နှစ်နာရီထိုးဖို့ကလည်း မိနစ်ပိုင်းလောက်သာ လိုတော့သည်။ ထို့ကြောင့် စကြာဝဠာ အကြောင်း၊ ကမ္ဘာကြီးဖြစ်ပေါ်လာပုံ သက်ရှိတွေ ပေါ်ပေါက်လာပုံ၊ လူစတင်ဖြစ်လာပုံ၊ ခုနှစ်သက္ကရာဇ်အချိန်ကာလ သတ်မှတ်ပိုင်းခြားပုံအကြောင်းတွေကို လျှောက်စဉ်းစားနေမိ၏။
ထိုအခါ ကမ္ဘာပေါ်မှာ လူသားဟူ၍ စတင်ဖြစ်ပေါ်သည့်နေရာဟု ယူဆနိုင်သော မြန်မာနိုင်ငံ ပုံတောင် ဒေသမှာသွားပြီး နှစ်သစ်ကူးရရင် ကောင်းမှာပဲဆိုသောဆန္ဒဖြစ်မိ၏။ တစ်ဆက်တည်းမှာ လူစတင်ဖြစ်ပေါ်သည့် နေရာကို ဂုဏ်ပြုသည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာ ရက်စွဲသတ်မျဉ်းကို ပုံတောင်ဒေသသို့ ပြောင်းလဲ သတ်မှတ်ပြီး ထိုမျဉ်းကို ပုံတောင်မျဉ်းဟု ခေါ်သင့်သည်ဟု စိတ်ကူးယဉ်မိပြန်၏။
☼ ☼ ☼ ☼ ☼
ကမ္ဘာသူ ကမ္ဘာသားတို့သည် ၂၀၀၀ ပြည့်နှစ်ကို အကြီးကျယ်ဆုံး၊ အခမ်းနားဆုံးသော ပျော်ပွဲ ရွှင်ပွဲများဖြင့် ကြိုဆိုဖို့ အားခဲနေကြသည်။ ထို့အတူ ၀ိုင်တူးကေ ကွန်ပျူတာပြဿနာများ၊ အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်နိုင်သည် ဆိုသော သတိပေးချက်များ၊ အပျော်လွန်ရာမှ နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သောကိစ္စများ၊ နျူကလီးယားမတော်တဆဖြစ်နိုင်ခြေများ၊ ကမ္ဘာပျက်မည်ဟု အယူသီးမှုများ၊ အခြားကြိုတင်မမျှော်မှန်းနိုင်သော စိုးရိမ်မှုများကိုလည်း တစ်ပြိုင်နက် ကြုံကြရသည်။
နှစ်သစ်ကူးသည့်အချိန်တွင် ပျော်ရွှင်မြူးထူးစွာ အော်ဟစ်ကြိုဆိုကြသော အသံများ၊ ရှန်ပိန်ပုလင်း ဖော့ဆို့ဖွင့်သံများ၊ ဖန်ခွက်များ ထိခတ်သံများ၊ မော်တော်ကားဟွန်းသံများ၊ တေးဂီတသံများ၊ ခေါင်းလောင်းထိုးသံများနှင့်အတူ။
စိုးရိမ်စိတ်ဖြင့် ရင်တမမဖြစ်ခဲ့ရာမှ ဘာပြဿနာမှ ထူးထူးခြားခြားမပေါ်ပေါက်သဖြင့် စိတ်သက်သာရာ ရပြီး သက်ပြင်းချလိုက်ကြသည့်အသံများကိုလည်း ထွေးရောယှက်တင် ကြားကြရပေလိမ့်မည်။
ထိုအခိုက်အတန့်ကလေးများသည် သမိုင်းတစ်လျှောက် လူတို့ အရူးသွပ်ဆုံးသောကာလဟူ၍ပင် ဆိုနိုင်ပါသည်။
☼ ☼ ☼ ☼ ☼
မင်းလူ
------------------
ရွှေအမြုတေမဂ္ဂဇင်း
မတ်၊ ၂၀၀၀ ခုနှစ်
0 comments:
Post a Comment