Thursday, December 6, 2012

လောင်စာပေါ် ဘယ်သူ ခုန်ချသလဲ

Popular Myanmar News Journal, Wednesday, December 05, 2012 at 2:19pm

မြန်မာ စကားသည် အလွန်ကြွယ်ဝပါသည်။

အနက်အဓိပ္ပာယ်များစွာ၊ အသိတရားများစွာ၊ ဆင်ခြင်စရာ တရားများစွာပါဝင်နေတတ်သည်။ အခုအချိန် ကျွန်တော့်ခေါင်းထဲ ရောက်နေသည်က ‘တစ်သက်လုံး မွေးထားတဲ့ကြက် တစ်မနက်တည်း နဲ့ ရိုက်သတ်စားတယ်’ ဟူသော စကား။


ထိုကဲ့သို့ဆိုပါက ရိုက်သတ်သူတွင် အကြောင်းပြချက်ရှိရပါမည်။ ငတ်လို့ သို့မဟုတ် ငွေလို၍ သို့မဟုတ် သတ်ချင်လို့ စသဖြင့် အမျိုးမျိုးဖြစ်နိုင်ပါသည်။ သို့တည်းမဟုတ်၊ ဧည့်သည်ကို ဧည့်ခံလို၍ရော မဖြစ်နိုင်ဟု မဆိုသာ။ သာမန်အားဖြင့် မိမိယုယုယယမွေးထားသော ကြက်ကို ရိုက်သတ်ဖို့ မလွယ်ပါ။
မလွယ်၍လည်း ဤစကားက ဖြစ်လာခြင်း မဟုတ်လော။ အနှစ်နှစ်အလလ တည်ဆောက်ခဲ့ရသမျှ မည်သူက အလွယ်တကူ ဖျက်ဆီးပစ်ရက်ပါမည်နည်း။ အကယ်၍ ထိုသို့ဖြစ်လာသည်ဆိုစေဦး ပြူမူသူ၏ အနေအထားကို ကျွန်တော်တို့ သုံးသပ်ရမည်ဖြစ်သည်။

တရားဥပဒေတွင် ထိုကဲ့သို့ အခြေအနေမျိုးအတွက် အသက်ရှူပေါက်တစ်ခု ရှိသည်။ ‘သံသယ အကျိုးခံစားခွင့်’။

သံသယဆိုသည်မှာ အလုံးစုံမယုံကြည်နိုင်သေးခြင်းဖြစ်သည်။ တရားခံဖြစ်နိုင်သလို မဖြစ်နိုင်ဟုလည်း မပြတ်သားသော အခြေအနေ။ ယင်းသို့ဖြစ်ခြင်းမှာ တရားခံသည် အခြားသူများလည်း ဖြစ်နိုင်သောကြောင့်ပင်။ ထိုကဲ့သို့အခြေအနေသည် အလွန်အန္တရာယ်ရှိပါသည်။ အမှားမခံသော၊ အတိမ်းအစောင်းမခံသော စိန်ခေါ်မှုများ ရှိနေတတ်သည်။

အထူးသဖြင့် နိုင်ငံရေးသည် တိမ်တောင်သဖွယ် မင်းရေးကျယ်ဆိုသကဲ့သို့ နက်နဲ၏။ အကွေ့အကောက်များ၏။ မြင်သလောက် မဖြောင့်စင်း။ ထင်သလောက်လည်း မရိုးဖြောင့်တတ်။ တစ်ခါတစ်ရံတွင် လွယ်ကူလွန်းသယောင်ယောင်။ အဆိုပါအခြေအနေများထဲ မြွေပူရာ ကင်းမှောင့်တတ်သည်က ပရိသတ်ကြောင့် ပွဲဆူတတ်ခြင်း ဖြစ်သည်။ ကျွန်တော်တို့မြို့တွင် ကျောင်းသားဘောလုံးပွဲများ မဖြစ်တော့သည်မှာ ကြာခဲ့ပြီ။ အကြောင်းရင်းမှာ ရန်ဖြစ်၍။ မြို့ပေါ်အထကနှင့် ရွာများမှ အထကခွဲများနှင့် ပွဲဆိုလျှင် မပူနှင့်။ ချပြီ။ ကျောင်းသားအချင်းချင်းက အဲဒီလောက် မဟုတ်ပါ။ မတော်တဆ တိုးမိတိုက်မိသည်နှင့် ဘေးမှပရိသတ်က ဆူပြီ။ ဘာလုပ်တာလဲကွ၊ ပြန်ချဟေ့ကောင်။ လူပါးဝလို့ကွာစသဖြင့် ဗိန်းမောင်းတီးပါသည်။ ဖြစ်ပြီ။ မည်မျှထိဆိုပါလျှင် ကားဖြင့်ထွက်ပြေးရသည်အထိ မြို့ပေါ်မှာ တဝုန်းဝုန်းနှင့်လိုက်ကြပြေးကြ။ ဤမှစ နိဋ္ဌိတံခဲ့သည်မှာ ကျွန်တော်တို့ ကျောင်းသားဘဝကတည်းက ယခုထိ။

ဆိုလိုသည်မှာ ပွဲဆူတတ်သော ပရိသတ်သည် တစ်ခါတစ်ရံ ထောင်ချောက်နင်းမိတတ်ခြင်းသာမက တရားခံအဖြစ်သို့လည်း ရောက်သွားတတ်ခြင်းကြောင့် ဖြစ်သည်။ ထို့ထက်မက ပွဲဆူသောပရိသတ်ကြောင့် တရားခံအစစ်ကို အာရုံမကျဖြစ်သွားတတ်သည်ကလည်း ကျွန်တော်တို့နိုင်ငံတွင် သာဓကများစွာ ရှိပါသည်။

လက်ပံတောင်းတောင်အရေးသည် ယခုမှစသော ပြဿနာမဟုတ်ပါ။ သို့သော် ယခုနှစ်မှစအသံ ထွက်ခွင့်ရသော အမွေဆိုးတစ်ခု။ အဓိကပြဿနာမှာယခင့်ယခင် စီမံကိန်းများကို ကျွန်တော်တို့ မသိခဲ့ရ၊ သိခွင့်လည်း မရှိ။ ဧရာဝတီမြစ်ဆုံစီမံကိန်းပြီးနောက် ဤပြဿနာက ဒုတိယအကြိမ် အရှိုက်ထိခြင်းဖြစ်သည်။ အရှိုက်ထိခြင်းဟု ဆိုရသည်မှာ မြစ်ဆုံစီမံကိန်းရပ်တန့်သွားခြင်းသည် တရုတ်အတွက် မျှော်လင့်မထားသော နစ်နာမှုဖြစ်ပြီး မြန်မာပြည်သူတို့၏ ပထမဆုံးအကြိမ် ၄င်းတို့ကို ရဲရဲရင့်ရင့် တရားဝင်ဆန့်ကျင်ခြင်းလည်း ဖြစ်သည်။ ညောင်မြစ်တူး ပုတ်သင်ဥပေါ်ဆိုသလို ယခု ကြေးနီစီမံကိန်းတွင်လည်း တရုတ်နှင့်အတူ ပူးတွဲလက်ညှိုးထိုးရမည့် သူများလည်း ပါဝင်လာပါသည်။

ချပြသင့်သည်မှာ မည်သည့် သဘောတူညီချက်များ၊ မည်သည့်အပေးအယူများ၊ မည်သည့်နှစ်ကာလများ၊ မည်သည့်သဘောတူညီချက်များဖြင့် လုပ်ကိုင်ခွင့်ပေးသည်၊ သို့မဟုတ် ကြွေးဆပ်သည်၊ သို့မဟုတ် ချစ်ကြည်ရေးပေးသည်စသဖြင့် ပြည်သူကို ချပြသင့်ပါသည်။

သို့သော် ယင်းသို့မဟုတ်ခဲ့သည်က ပွင့်လင်းမြင်သာသည်ဆိုသော ယနေ့အထိ။ ကြေးနီစီမံကိန်းသည် ယခုမှစအသံထွက်သည်မှန်သော်လည်း ဒေသခံတို့ ခံစားနေရသည်က ကြာခဲ့ပြီဆိုသည်ကို အဆိုပါဒေသသို့ ကိုယ်တွေ့ မျက်မြင်သွားရောက်ခဲ့သည့် မီဒီယာများ၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် လေ့လာသူများ သိပြီးဖြစ်သည်။ ဒေသခံများ၏ ဆန္ဒဖော်ထုတ်ပွဲများ စတင်စဉ်ကတည်းက စီမံကိန်း၏ သက်ဆိုင်ရာ သက်ဆိုင်ရာ တာဝန်ရှိသူများ မျက်ခုံးလှုပ်နေပြီဖြစ်သည်။ ထို့အတူ မီဒီယာများ၏ ရေးသားချက်များကြောင့်လည်း တစ်နိုင်ငံလုံးမှ အာရုံစိုက်လာသည့်အခါ လာလတ္တံ့သော အရှုံးကို ယင်း ပုဂ္ဂိုလ်တို့ တွက်ချက်ပြီးဖြစ်ပါလိမ့်မည်။ ထို့အတူ မဟာဗျူဟာ၊ နည်းဗျူဟာများလည်း ပြင်ဆင်အကွက် ချပြီးဖြစ်သည်ဟုဆိုဝံ့ပါသည်။

ကစားကွက်တစ်ခု၏ အသက်မှာ အသုံးပြုရမည့် အချိန်ကို ကောင်းစွာတွက်ချက်နိုင်ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအရ အကောင်းဘက်သို့ ဦးတည်နေသည်ကို ငြင်းမရ။ နိုင်ငံ၏ အဓိကပုဂ္ဂိုလ်များဖြစ်သည့် သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ လျှောက်သောလမ်းသည်လည်း ပန်းရနံ့တို့ကို စတင်ခံစားခွင့်ရနေချိန်ဟု ဆိုနိုင်သည်။ သမ္မတဦးသိန်းစိန်သည် ယခင်တပ်မတော်အစိုးရ၏ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပြီး အရပ်သားအစိုးရအဖြစ် ပြောင်းလဲချိန်တွင်

လူဝတ်လဲခဲ့သူတစ်ဦးမို့ ၄င်း၏ ပထမနေ့ရက်များအပေါ် အယုံအကြည်မဲ့ခဲ့ကြသည်။

သို့သော် ဒီလူတွေပါပဲကွာ ဟူသောစကား အားပျော့အောင် ဦးသိန်းစိန် ကြိုးစားခဲ့ရသည်ဟု ကျွန်တော်တစ်ဦးတည်းအနေဖြင့် ယူဆသည်။ ထို့အတူ ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်နေ့အထိ ဦးသိန်းစိန်အပေါ် ပြည်သူအများစု၏ ယုံကြည်မှုနှင့် ချစ်ခင်လေးစားမှုက ထင်မှတ်ထားသည်ထက် ပိုရခဲ့သည်ဟု တိတိကျကျပြောနိုင်ပါသည်။

နိုင်ငံတကာအမြင်ကိုကြည့်ပါလျှင်လည်း လတ်တလောတွင် သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦးမှာ ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်များကိုပင် ကျော်လွန်၍ ကမ္ဘာတစ်ဝန်းထိပ်တန်းတွေးခေါ်မြော်မြင်သူ ၁ဝဝ ၏ ပထမနေရာ။

အဓိပ္ပာယ်မှာ ပရိသတ်မေတ္တာနှင့် လက်ခုပ်သံရနေသော မင်းသားတစ်ဦးကို အော့နှလုံးနာဖွယ် ဗီလိန်လူကြမ်းတစ်ဦးအဖြစ် ပြောင်းလဲပစ်ရန်မှာ အင်မတန်စွန့်စားလွန်းရာကျသလို ထိုမင်းသားကိုယ်တိုင်သည်ရော စရိုက်တစ်ခုကို ခပ်မြန်မြန်ပြောင်းလဲပစ်ရန် အသင့်ဖြစ်နေပါမည်လား တွေးရမည်ဖြစ်သည်။

မငြိမ်းသေးသော ကချင်အရေး၊ ဖွဲမီးကဲ့သို့ဖြစ်နေသော ရခိုင်ပြဿနာ၊ ပြည်တွင်းနိုင်ငံရေး အင်အားစုများ၏ ယုံကြည်မှု၊ အတိုက်အခံပါတီနှင့်ဆက်ဆံရေး၊ နှစ်ပေါင်း ၂၄ နှစ်ကျော်ကြာ အာဏာရှင်စနစ်အောက် အမှောင်ချခဲ့သောစာချုပ်များ၊ ကြွေးများ၊ အပေးအယူများ။ ၄င်းတို့၏ကြား နိုင်ငံတကာဆက်ဆံရေးရှေ့ခရီးအပြင် အိမ်နီးချင်းနိုင်ငံများနှင့် သဟဇာတဖြစ်ရေး။ တန်းစီနေသောပြဿနာများစွာကြား တစ်သွေး တစ်သံ တစ်မိန့်စိတ် မဖျောက်နိုင်သေးသော မူလလက်ဟောင်း ဗန္ဓုလများသည် လက်ရှိအစိုးရ၏ အဓိကဗြဟ္မာဦးခေါင်း ဖြစ်နိုင်ပါသည်။ တချို့သော နိုင်ငံရေးလေ့လာသူများ ယူဆသလို အစိုးရအဖွဲ့အတွင်း အင်အားနှစ်ခုဖြစ်နေနိုင်သည်ဆိုသော ပြဿနာကို ကျွန်တော်တို့ သက်သေမပြနိုင်၊ တိတိကျကျမသိနိုင်သော်လည်း ယူသော်ရ၏ဟု ဆိုနိုင်သောအခြေအနေကို ဝန်ကြီးများ အပြောင်းအလဲက တစ်စွန်း တစ်စချပြခြင်းဟု တွေးခဲ့မိဖူးပါသည်။ ဤစကားသည် စွပ်စွဲခြင်းဖြစ်သည်ဟုဆိုခဲ့သော် မှန်ကန်သော အကြောင်းတရားက အဘယ်သို့ ဖြစ်သည်ဟု ရှင်းပြရန်တောင်းဆိုရမည်ဖြစ်သည်

လက်တလောအားဖြင့် လက်ပံတောင်းတောင်သပိတ်စခန်းအား လိုအပ်သည်ထက် အင်အားသုံးအကြမ်းဖက်ဖြိုခွဲမှုသည် အကျည်းတန်သော ဖြေရှင်းမှုဖြစ်ပြီး ၄င်းနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၁/၂ဝ၁၂ ထုတ်ပြန်ချက်အား နာရီပိုင်းအတွင်း ပြန်လည်ပယ်ဖျက်ခြင်းသည်ပင် အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ ရှိနေသည်မှာ ပေါ်လွင်နေပြီဖြစ်သည်။ မည်သူက အမိန့်ပေး၍ မည်သူက ကန့်ကွက်ပါ သနည်း။ မည်သူက ထုတ်ပြန်ရန် ညွှန်ကြား၍ အဘယ်သူက ပြန်လည်ပယ်ဖျက်ပါ သနည်း။

လက်တလောအားဖြင့် လက်ပံတောင်းတောင်သပိတ်စခန်းအား လိုအပ်သည်ထက် အင်အားသုံးအကြမ်းဖက်ဖြိုခွဲမှုသည် အကျည်းတန်သော ဖြေရှင်းမှုဖြစ်ပြီး ၄င်းနှင့်ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၁၁/၂ဝ၁၂ ထုတ်ပြန်ချက်အား နာရီပိုင်းအတွင်း ပြန်လည်ပယ်ဖျက်ခြင်းသည်ပင် အစိုးရအဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ ရှိနေသည်မှာ ပေါ်လွင်နေပြီဖြစ်သည်။ မည်သူက အမိန့်ပေး၍ မည်သူက ကန့်ကွက်ပါ သနည်း။ မည်သူက ထုတ်ပြန်ရန် ညွှန်ကြား၍ အဘယ်သူက ပြန်လည်ပယ်ဖျက်ပါ သနည်း။

ထို့အတူ ဤကဲ့သို့ ဆောင်ရွက်ရန်မည်သူက အမိန့်ပေး၍ မည်မျှထိလုပ်ပိုင်ခွင့်ပေးထားပါသနည်း။ အကယ်၍ သမ္မတကိုယ်တိုင် သဘောတူညွှန်ကြားသည်ဟုဆိုပါလျှင် သမ္မတ၏အမိန့်နှင့် မြေပြင်ဆောင်ရွက်မှု မည်မျှလောက် ကွဲလွဲပါသနည်း။

အဆိုပါ မေးခွန်းများသည်လက်ရှိအချိန်တွင် သမ္မတအိမ်တော်အတွင်း အပူတပြင်း ပြုလုပ်နေနိုင်သည့် မျက်နှာချင်းဆိုင် အစည်းအဝေးများထံတွင် ရှိနေပါစေဟု မျှော်လင့်ပါသည်။ အဖြေရှိပြီးသားဟုဆိုပါကလည်း အဆိုပါ အဖြေကို ပြည်သူ့ထံ ချပြနိုင်မည့် သတ္တိရှိပါစေဟုသာ ဆုတောင်းရမည်ဖြစ်သည်။

အစတွင် ဆိုခဲ့သည့်အတိုင်း ‘တစ်သက်လုံး မွေးထားသည့်ကြက် တစ်မနက်တည်းနှင့် ရိုက်သတ်’ ခြင်းသည် တကယ်တော့ ပြဇာတ်ဆန်လွန်းနေပါသည်။ ခပ်ညံ့ညံ့ ဝတ္ထုဆရာတစ်ဦး ဇာတ်မြန်မြန်သိမ်းချင်သည့်အတွက် ယုတ္တိမတန်စွာ ဇာတ်ကိုဇွတ်ချိုးကွေ့လိုက်သည်နှင့် တူနေပါသည်။

အကယ်၍ ယင်းသို့ဖြစ်ခဲ့သည်ဆိုပါလျှင် မည်သူ့ကို ဇာတ်သိမ်းလိုပါသနည်းဟု မေးခွန်းထုတ်ရမည်ဖြစ်သည်။ ၂ဝ၁ဝ ခရီးကို ပြည်သူ၏ သံသယကြားမှ ကျားကုတ်ကျားခဲ လျှောက်ခဲ့ရသော သမ္မတဦးသိန်းစိန်သည် နှစ်နှစ်အတွင်း ပြည်တွင်းနှင့် ပြည်ပတို့မှ ထောက်ခံအားပေးမှု ရရှိအောင် လုပ်ဆောင်ခဲ့မှုများအား ကြေးနီစီမံကိန်း သပိတ်စခန်း ဤသို့ဖြေရှင်းပုံတစ်ခုတည်းနှင့် ရိုက်သတ်မည့် လူစားဖြစ်နိုင်ပါသလား။ မည်သူမှလက်ခံလိမ့်မည် မဟုတ်သော ယင်းကဲ့သို့ အပြုအမူအတွက် ပေးဆပ်ရမည့်အရာများကို မမြင်နိုင်သည့်လူ ဖြစ်ပါသလား။ ဖြစ်နိုင်သည်ဟု ကျွန်တော်တို့ ယူဆပါလျှင် မြန်မာနိုင်ငံကို ယခုပင်ရေစက်ချ၍ အမျှဝေရန်သာ ရှိပါတော့သည်။

အခြေအနေက အလွန်အထိ မခံသော အနေအထားဖြစ်သည်။ မြန်မာနိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံဖြစ်သည့်အလျောက် ကိုးကွယ်သည့် ဘာသာနှင့် သံဃာတော်များအပေါ် ကြည်ညိုကိုးစားမှုက အမျိုးသားရေးအသွင်သဏ္ဌန်ဖြစ်သည်။ အဘယ့်ကြောင့် သံဃာတော်များ စုရုံးပါဝင်မှ ဤကဲ့သို့ ဖြိုခွင်းနည်းကို သုံးပါသနည်း။ ရွှေဝါရောင်တော်လှန်ရေး ကြီးထွားခဲ့ရခြင်းသည် မည်သည့်အကြောင်းကြောင့်ဆို သည်ကို တွေ့ကြုံခဲ့ရသူတိုင်း သိပါသည်။

မြန်မာနိုင်ငံဘာသာတရား၏ အသက်ဖြစ်သော သံဃာတော်များအား ထိပါးခြင်းဖြင့် အဘယ်သို့သော အခြေအနေများကို ဖြစ်စေလိုပါသနည်း။ ဤသော့ချက်ကို ကိုင်ဆွဲ၍ ပြည်တွင်းရေး မငြိမ်မသက်ဖြစ်စေရန် လုပ်တတ်သူများ အစိုးရအဖွဲ့အတွင်းရှိနေဆဲဟုဆိုပါလျှင် တစ်သက်လုံးမွေးထားသည့် ကြက် ရိုက်သတ်ခြင်းသည် ပိုင်ရှင်ကိုသာမက ရပ်ကွက်ကိုပါ ရန်တိုက်ပေးလိုခြင်းဟု ယူဆရမည်ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် လက်လွန်ခဲ့ပြီးသော စီမံကိန်းများ ပြန်လည် နာလန်ထဖို့ရန်နှင့် အဆီးအတားမရှိ ဆောင်ရွက်နိုင်ရေးအတွက်

ယခင်ကစားကွက်ကို ပြန်အသက်သွင်းရန်နှင့် ယခင်နည်းပြဟောင်းများ၊ ကစားသမားဟောင်းများကို ပြန်လည်ပွဲထုတ်မှသာ ဖြစ်နိုင်မည် မဟုတ်လော။

သေချာသည်က သမ္မတဦးသိန်းစိန် ရှေ့သို့သာသွားနေခြင်းကို ပြည်သူက ကြည်ဖြူသော်လည်း မည်သူက ငြူစူနေသည်ဆိုခြင်းက အဓိက ပြဿနာဖြစ်သည်ဟု ကျွန်တော်ထင်သည်။ အဆိုပါအချက်သည်ပင် သမ္မတဦးသိန်းစိန် လူမသိ သူမသိ ကျိတ်ခံနေရသော အိပ်မရသည့် ညများလည်း ဖြစ်နိုင်ပါသည်။

ကြေးနီစီမံကိန်းဖြေရှင်းမှု ပြဿနာက ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း ဘေးကျပ်နံကျပ် ဖြစ်စေပါသည်။ ကချင်အရေးတုန်းက သဘောထားကို တချို့က မကျေနပ်၊ ရခိုင်အရေးတွင် ဘက်မလိုက်၍လည်း မကျေနပ်ကြ။

ကျွန်တော်ကတော့ နားမလည်။ ခေါင်းဆောင်တစ်ဦးသည် ဘက်လိုက်ပြောရန် လိုအပ်ပါသလော။ ဘက်လိုက်ပြောခြင်းထက် အခြေအနေကို အမှန်အတိုင်းနားလည်၍ အရှည်သဖြင့် အကျိုးကိုတွေး၍ မျှတသော ဖြစ်သင့်သောစကားကို ဆိုရမည် မဟုတ်လော။ ခေါမပညာ ရှင်အရစ္စတိုတယ်၏ နာမည်ကျော် စကားတစ်ခွန်းဖြစ်သော "ကျွန်ုပ် ဆရာပလေတိုကို ချစ်ပါသည်။ ထို့ ထက်မူ ဆရာပလေတိုထက် အမှန် တရားကို ပိုချစ်ပါသည်” ဟူသော စကားကိုအဘယ်ကြောင့် လူကြိုက်များပါသနည်း။

သူ့ဘက်ကိုယ့်ဘက်ဆိုသည်ထက် အမှန်တရားကို ရွေးချယ်ခြင်းသည် မလွယ်ကူ။ မလွယ်ကူခြင်းကို လုပ်နိုင်သူကိုပင် အာဇာနည်ဟု သမုတ်ကြခြင်းဟု ကျွန်တော် မှတ်သားဖူးပါသည်။ (ဤသို့ပင် သုံးနှုန်းသွားမည် ဖြစ်ပါသည်။ အများသုံးအခေါ်အဝေါ်ဖြစ်သည်။) ဒေါ်စုသည်အစိုးရအဖွဲ့မှ တာဝန်ရှိသူ

မဟုတ်။ သူသည် NLD ပါတီခေါင်းဆောင်၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌတစ်ဦးသာ ဖြစ်သည်။ ဆိုလိုသည်မှာ ဒေါ်စု၏ နိုင်ငံရေးသမိုင်းအရ မည်မျှအရှိန်အဝါရှိသည် ဆိုစေဦး၊ သေချာသည်က လတ်တလောတွင် သူ၏ အခြေအနေသူ၏ ရပ်တည်ချက်အရ ပြောသင့်သော စကားကိုသာ ဆိုရမည်။ မပြောသင့်သော သဘောထားမှတ်ချက်ကို ပြုရန်မသင့်။ ထိုကဲ့သို့ ပြောရမည့် စကားနှင့်အခြေအနေကို တတ်သိခြင်းကပင် သူ၏ အရည်အချင်းဖြစ်သည်။

ထို့ကြောင့်ပင် ဒေါ်အောင်ဆန်းစုကြည်အား လေးစားကြခြင်းပင် မဟုတ်ပါလော။ အကယ်၍ ကချင်အရေးတွင် စစ်တပ်ကအမှားတွေလုပ်နေတယ်ဟု ပြောသည်ဆိုပါစို့။ ရခိုင်ပြဿနာတွင် ဘင်္ဂါလီတွေ မရှိသင့်ဟု ပြောသည်ဆိုပါစို့။ နိုင်ငံအတွက် အကျိုးတရားနှင့်အဆိုးများ မည်သည့်ဘက် အလေးသာမည်ဟု ထင်ပါသနည်း။ ဒေါ်အောင်ဆန်းစုကြည်၏ ရင်ထဲတွင် ခံစားချက်ရှိချင်ရှိမည်။

သို့သော် ‘လိုအပ်ရင် စစ်တလင်းမှာထွက်ပြီး အသေခံလိုက်မယ်’ ဟု ဆိုရန် အကြောင်းမရှိ။ ဦးသိန်းစိန်သည် ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်သည် ဒေါ်အောင်ဆန်းစုကြည် သာဖြစ်ပြီး မင်းကိုနိုင်သည်လည်း မင်းကိုနိုင်ဖြစ်၍ ၄င်းတို့၏ ရပ်တည်မှု အနေအထားနှင့် ကိုက်ညီသော စကားကိုသာ ထိုက်တန်စွာ ဆိုရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ကြေးနီစီမံကိန်းပြဿနာသည် ဒေါ်စု၏ ခရီးစဉ်နှင့် အဘယ့်ကြောင့် အချိန်ကိုက်ဖြစ်လာပါသနည်း။

ပြည်သူများက မုံရွာတွင်စောင့် ၍ ဆေးရုံသို့ ဝင်ကြည့်ရန် ပြောကြသည်။ ထိုအချိန်က ကျွန်တော် မြင်ခဲ့ရသမျှ ဒေါ်စုပြောမည့်စကားကို စောင့်စားနေသူများစွာရှိပါသည်။ စိတ်မကောင်းစရာမှာ ထိုစကားကို အဘယ်ကြောင့် စောင့်နေမှန်း မကြာမီသိခဲ့ရ၍ဖြစ်သည်။ 

‘မယုံ ကြည်ဘူး’ ‘မယုံကြည်ဘူး’။ မည်သည်ကို မယုံကြည်၍ ချက်ချင်းပင် ဒေါ်စုအပေါ် တစ်သက်လုံးလေးစားခဲ့သမျှ သွားပါပြီဟု အချို့သောပုဂ္ဂိုလ်တို့ ဆိုကြပါသနည်း။

"ကိုယ်လုပ်ချင်သလို လုပ်လို့ မရဘူး။ အများနဲ့ညီအောင်လို့ အများကောင်းကျိုးအတွက် တစ်ခါတလေ ကိုယ့်ရဲ့ အကျိုးကို အနောက်မှာထားပြီးတော့ လုပ်ရတယ်။ အဲဒီလိုလုပ်မှသာ တိုးတက်နိုင်မှာဖြစ်ပါတယ်။ ဒီဒေသမှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ပတ်သက်လို့ ကျွန်မတို့ဟာ နိုင်ငံကြီးသားအမြင်နဲ့ ဖြေရှင်းရမယ်။ ကျွန်မတို့ နိုင်ငံကို အပြစ်မရှိတဲ့နိုင်ငံ၊ အပြစ်မဲ့တဲ့နိုင်ငံ၊ ကမ္ဘာက လေးစားတဲ့နိုင်ငံဖြစ်အောင် ဘယ်လိုလုပ်မလဲ၊ ဘယ်လိုနေမလဲ၊ ဘယ်လိုထိုင်မလဲ။ ဘယ်လိုပြဿနာတွေကို ကိုင်တွယ်မလဲဆိုတာ ကျွန်မတို့ဆုံးဖြတ်ရလိမ့်မယ်” ဆိုသည်ကို မယုံကြည်ခြင်းလား။

"ကိုယ့်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတိုင်းလူတိုင်းမှာ တာဝန်ရှိဖို့ လိုပါတယ်။ နိုင်ငံတစ်နိုင်ငံ သိက္ခာရှိဖို့ဆိုတာ လူတစ်ယောက်တည်းနဲ့လည်း မရဘူး။ အဖွဲ့အစည်း တစ်ခုတည်း လုပ်လို့လည်း မရဘူး။ အစိုးရချည်းလုပ်လို့လည်း မရဘူး။ ပြည်သူလူထုအားလုံးပါဝင်မှ ကျွန်မတို့နိုင်ငံ သိက္ခာရှိအောင် ကျွန်မတို့ လုပ်နိုင်မှာပါ။ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့အခါမှာ ပြည်သူတွေအကြိုက်ကို ကျွန်မ အမြဲလိုက်ပြီးတော့ လုပ်တာ မဟုတ်ပါဘူး။ ကျွန်မ မှန်တဲ့အတိုင်းပဲ ပြောမယ်။ ပြည်သူတွေက မကြိုက်ရင်လည်း မကြိုက်ဘူးလို့ ပြောပိုင်ခွင့် ရှိတယ်။ ကြိုက်ရင်လည်း ကြိုက်တယ်လို့ ပြောပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ကျွန်မ သေသေချာချာ ကတိပေးနိုင်တယ်။ ကျွန်မ ပြည်သူတွေကို လှည့်ဖြားတဲ့ နိုင်ငံရေးမျိုး လုပ်လို့ မရဘူး” ကို လက်မခံခြင်းဖြစ်ပါသလား။

"အခုဒီဒေသမှာ ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး ဖြစ်နေတဲ့ ပြဿာနာဟာ ကျွန်မကနေပြီးတော့ အေးအေးချမ်းချမ်းနဲ့ ပြေလည်သွားစေချင်တယ်။ ဒီလိုအေးအေးချမ်းချမ်းနဲ့ ပြေလည်တော့ ကျွန်မတို့ ပြည်သူတွေလည်း ဝမ်းသာတယ်။ နိုင်ငံလည်းသိက္ခာရှိတယ်။ ကျွန်မတို့ အနာဂတ်အတွက်လည်း ကောင်းတဲ့ခြေလှမ်း ဖြစ်တယ်။ အဲ့လိုရအောင် ကျွန်မကြိုးစားမယ်။ ကြိုးစားပေမယ့်လို့ အောင်မြင်မယ်၊ မအောင်မြင်မယ်ဆိုတာကတော့ ကျွန်မကနေပြီးတော့ ဘယ်လိုအာမခံချက်မှ မပေးနိုင်ဘူး။

ဒါပေမဲ့ ပြည်သူကသာ ကျွန်မနဲ့ လက်တွဲပြီးတော့ ပြေလည်မှုရှာမယ် ဆိုလို့ရှိရင် အောင်မြင်နိုင်မယ်လို့ ကျွန်မယုံပါတယ်” ဟူသည့်စကားကို လက်မခံဟုဆိုလျှင် အေးအေးချမ်းချမ်း တရားနည်းလမ်းတကျ ဖြေရှင်းမည်ဟု ဆိုခဲ့ခြင်းကို မကျေ နပ်၍လော ကျွန်တော်တော့တွေးမရ။

တစ်ခု သတိထားရမည်မှာ ကျွန်တော်တို့သည် လက်ရှိအစိုးရကို မယုံကြည်၍ ဖြုတ်ချလိုသည် ဆိုပါက ထိုသို့ဖြုတ်ချနိုင်သည့်အား ရှိပါသလော။ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို မယုံကြည်ပါက မည်သူ့ကိုခေါင်းဆောင် အဖြစ်တင်ပါမည်လဲ။ အဖြေ ရှိရမည် ဖြစ်သည်။

ကျွန်တော်တို့သည် စိတ်ခံစားမှုကို ရှေ့တန်းတင်ကြလေ့ရှိသည်။ စကားတို့ကို ခံစားမှုအလိုက် အလျင်စလိုပြောမိတတ်ကြသည်။ ထိုအခါ ဖြစ်ပျက်နေသည့် ပြဿနာကတခြား၊ ဖြစ်လာသည့်အခြေအနေက တစ်မျိုးနှင့် လွဲချော်တတ်ပါသည်။ အဓိကပြဿနာမှာ ထိုပဋိပက္ခကို ဖန်တီးသူများဖြစ်စေ လိုသောအခြေအနေအတိုင်း လိုက်လျှောက် မသွားမိဖို့ဖြစ်သည်။

ဤ အရေးအခင်းကြောင့် သမ္မတ ဦးသိန်းစိန်ကို ပြစ်တင်ကြသည်။ ကဲ့ရဲ့နေကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားရပ်တည်မှုအပေါ် တရားခံတစ်ဦးသဖွယ် ဝိုင်း၍ ဝေဖန်ကြသည်။ နိုင်ငံရေးသုခမိန်များသဖွယ် သုံးသပ်ကြသည်။ ဆုံးဖြတ်ကြသည်။ မည်မျှမှန်သည်ဟု ကျွန်တော်တို့ သိနိုင်ပါမည်လဲ။ ထိုပဋိပက္ခသည် တစ်နိုင်ငံလုံး ဆူပူမှု၊ အုံကြွမှုဖြစ်လာရန် အစပျိုးသော မီးပွားတစ်စဟုဆိုပါက လောင်စာသည် ဦးသိန်းစိန် မဟုတ်၊ ဒေါ်အောင်ဆန်းစုကြည် မဟုတ် ။ ကျွန်တော်တို့ ပြည်သူသာ ဖြစ်ပါလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် လတ်တလောတွင်ပင် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် ယုံကြည်မှုသည် လွယ်ကူစွာပင် ဆေးရောင်ပြယ်လာပြီ မဟုတ်ပါလော။ ကြက်ကိုရိုက်သည့် တစ်ချက်တည်းသော တုတ်ချက်သည် ပိုင်ရှင်၊ ရပ်ကွက်နှင့် ဖျန်ဖြေသူတို့ကိုပါ ရည်ရွယ်သည်ဆိုပါက ကျွန်တော်တို့ ဆတ်ဆတ်ထိမခံ လက်ခမောင်းခတ်ခြင်းသည် ထောင်ချောက်တွင်း ပျော်ပျော်ရွှင်ရွှင်သွားနေသကဲ့သို့ ဖြစ်နေမည်ဟု ထင်သည်။

အချုပ်ဆိုရလျှင် အပြုအမူအားဖြင့် ကြေးနီစီမံကိန်းသပိတ်စခန်း ဖြိုခွဲမှုတွင် ကိုင်တွယ်ဖြေရှင်းပုံကို လုံးဝကန့်ကွက်သည်။ အစိုးရအနေဖြင့် ထုတ်ပြန်ချက်ကို ပက်ဖျက်ခြင်းတွင် ခိုင်လုံသောအကြောင်းရင်း ရှိရမည်ဖြစ်ပြီး ထိုဖြစ်စဉ်ကို မည်သူညွှန်ကြားသည်၊ မည်သူအလွဲသုံးစားလုပ်သည်၊ မည်သည့်အချက်တွင် လွဲချော်သည်ဆိုသည်ကို ပြည်သူအားရိုးသားစွာ ချပြရန် လိုအပ်သည်။ အရေးအကြီးဆုံးမှာ လက်ရှိ အရပ်သားအစိုးရအနေဖြင့် ပြည်သူယုံကြည်ကိုးစားရန်အတွက် ယခုထက် ပွင့်လင်းသော အခြေအနေကို ဖန်တီးပေးရန်လိုအပ်ပြီး ယခင် အစိုးရလက်ထက်တွင် သဘောတူညီခဲ့သည့် ( ပြဿနာ ထပ်မံပေါ်ပေါက်ဖြစ်ပွားလာနိုင်သည့်) စီမံကိန်းများ၊ အလျော်အစားများကို ပြည်သူလူထုအား ချပြရန် မဖြစ်မနေလိုအပ်နေပြီဖြစ်သည်။ ယင်းအပြင် ယခုပြဿနာတွင် နိုင်ငံရေးအရ လုပ်ကြံမှု ဟုတ် မဟုတ် ရှင်းလင်းရန် လိုအပ်သည့်အပြင် ပြည်သူလူထုအနေဖြင့် တိုင်းပြည်နွံတွင်း ထပ်မံသက်ဆင်းရမည့် လှုံဆော်မှုများ၊ အပြုအမူများအား ထိန်းသိမ်းကာ မတရားမှုကို မတရားမှုအတိုင်း၊ နစ်နာမှုကို နစ်နာမှုအတိုင်း အခြေအနေမှန်အားဘောင်အတွင်းမှ ချပြနိုင်ရန် ကြိုးစားသင့်သည်ဟု ထင်ပါသည်။

ပြည်သူတို့ ယုံကြည်စွာ ခန့်အပ်ထားသော အစိုးရနှင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း ပြည်သူတို့၏ ဆန္ဒအမှန်ကို မျက်ကွယ်မပြုဘဲ ရဲရဲရင့်ရင့်ဖြင့် ပြည်သူကို ကိုယ်စားပြုရန်လည်း အရေးတကြီး လိုအပ်နေပြီဖြစ်သည်။

သေချာသည်မှာ ကျွန်တော်သည် နိုင်ငံရေးကျွမ်းကျင်သူ မဟုတ်၊ နိုင်ငံရေးသမားမဟုတ်၊ မည်သည့် ပါတီဝင်မှ မဟုတ်၊ အစိုးရဘက်တော်သားမဟုတ်။ ကျွန်တော်သည် နိုင်ငံကိုစနစ်ကျသော ဖွံဖြိုးတိုးတက်မှုဖြစ်စေလိုသည်။ တိုင်းပြည်အတွက် ခေါင်းဆောင်ပီသသော စိတ်ဖြင့် အုပ်ချုပ်မည့် အရည်အချင်း ပြည့်ဝသော မည်သူ့ကိုမဆို ကြိုဆိုလိုသည်။ ထို့အတူအမှားကို အမှားအတိုင်း အမှန်ကိုအမှန်အတိုင်း အကျိုးအကြောင်းဖြင့် လွတ်လပ်ပွင့်လင်းစွာ ပြောခွင့်ရချင်သော ပြည်သူတစ်ဦးအနေဖြင့် ဤစာကို ရေးပါသည်။

ကျွန်တော်မှားသည် ဆိုပါလျှင်လည်း ကျွန်တော့်အသိဥာဏ်အလျောက် ရိုးသားစွာတွေး၍ ပြုလုပ်မိသော မပြည့်ဝသူ တစ်ယောက်၏ အမှားသာဖြစ်စေလိုပြီး တစ်စုံတစ်ယောက်၏ လွှမ်းမိုးမှု၊ ခြယ်လှယ်မှု၊ အကျပ်ကိုင်မှုနှင့် အဓမ္မမှုများကြောင့် မှားရသည်ဆိုခြင်းများ မည်သည့်အခါမှ မရပါစေကြောင်း ဆုတောင်းနေမိသည့် ပြည်သူတစ်ဦးအဖြစ်သာ အမြဲရှိနေနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါသည်။

မေတ္တာဖြင့်

အောင်ခွန်းဆက်

( ၂၈.၁၁.၂ဝ၁၁- ၃ဝ.၁၁.၂ဝ၁၂)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...