Wednesday, December 5, 2012

အင်တာနက် ခရီးကြမ်း (အပိုင်း ၂၂)

by May Thandar Win on Wednesday, December 5, 2012 at 12:44am

                                                        Marc
၁၉၉၃ ခုနှစ်အစပိုင်းမှာ မာ့နဲ့ အဲရစ်ဟာ မိုးဇက်ကို သူတို့ တက္ကသိုလ်က ကွန်ရက်မှာ စပြီးတင် လိုက်ပါတယ်။ တင်ပြီးပြီးချင်းပဲ မိုးဇက်ဟာကျောင်းသားတွေကြားမှာ တောမီးလိုပဲ ချက်ခြင်း ပျံ့နှံ့သွားပါတယ်။ နှစ်ကုန်ခါနီး လောက်မှာ မိုးဇက်ကို ပထမဆုံး စသုံးတဲ့ ၁၂ ယောက်ကနေ တိုးပွားလာလိုက်တာ တစ်သန်းနီးပါးလောက် ဖြစ်သွားပါတော့တယ်။
ဒါဟာနောက်ထပ်လည်း ဆက်လက်တိုးပွားနေဦးမှာဖြစ်တဲ့အတွက် မာ့အနေနဲ့ ဒါကို စီးပွားဖြစ်လုပ်လို့ရမယ့်အရာကို စစဉ်းစားပါတော့တယ်။

မိုးဇက်ဟာ အင်တာနက် အသုံးပြုသူတွေကြားမှာ အရမ်းကို စိတ်လှုပ်ရှားစရာဖြစ်တဲ့အပြင် world wide web ကိုလည်း ပိုမိုကြီးထွားအောင် ပံ့ပိုးပေးလိုက်သလိုပါပဲ။

“ဘာလို့ မိုးဇက် အခုလို နေ့ချင်းညချင်း အောင်မြင်သွားရလဲဆိုတော့ လူတွေအနေနဲ့ သူတို့ရဲ့ သတင်းအချက် အလက်တွေကို အလွယ်တကူမျှဝေစရာ နေရာတွေ့သွားလို့ပဲ။ လူတွေဟာ တစ်ခုမဟုတ်တစ်ခု မျှဝေရတာကို အတော်ဝါသနာထုံတယ်မလား။ တချို့တွေကတော့ အရေးကြီးတဲ့ သတင်းဖြစ်တဲ့အတွက် မျှဝေချင်တယ်။ တချို့ကတော့ ဘာပဲဖြစ်ဖြစ်ကို ဟိုလူ့ပြောပြချင် ဒီလူပြောပြချင်လုပ်ချင်တယ်..။ အဲဒါဟာ ဒီသတင်းနဲ့နည်း ပညာခရီးမှာ ဆက်ဖြစ်နေဦးမှာပဲ” ဆိုပြီး မာ့က မိုးဇက်ရဲ့အောင်မြင်မှုကို ကောက်ချက်ချပါတယ်။

ဒီလိုနဲ့ လူတိုင်းနီးပါးဟာ သူတို့ရဲ့ ကွန်ပြူတာတွေမှာ world wide web ကနေတစ်ဆင့် လူတိုင်းမြင်နိုင်တဲ့ home page တွေကိုယ်စီနဲ့ဖြစ်လာပါတယ်။ မကြာခင်မှပဲ world wide web ကြီးတစ်ခုလုံး နိုင်ငံရေး၊ ဘာသာ ရေး နဲ့ ကမ္ဘာအရပ်ရပ်က နိုင်ငံတွေအကြောင်းကနေစပြီး ဂြိုဟ်သားနဲ့တွေ့တဲ့အကြောင်းရေးထားတဲ့ စိတ်ကူး ယဉ်လိုလို တကယ်လိုလိုတွေပါ ပလုံစိနေအောင် အမျိုးစုံလှတဲ့ home page တွေ ပွထ လို့လာပါတော့တယ်။ home page လုပ်ရတာ ကုန်ကျစရိတ်လည်း ဘာမှမရှိတော့ လူတိုင်းဟာ home page တွေဖန်တီးကြပြီး အဲဒီ home page တိုင်းကိုလည်း နေရာအနှံ့က သန်းနဲ့ချီတဲ့သူတွေမြင်နိုင် ဖတ်နိုင်ပါတယ်။

အဲဒီအခြေအနေကို တင်မ် အပါအ၀င် တချို့သော လူကြီးတွေကတော့ စိတ်ပူလာကြပါတယ်။ ၁၉၉၃ ခုနှစ် နွေ ဦးပေါက်လည်းရောက်ရော တင်မ် ဟာ မာ့ကိုသွားတွေ့ပြီး မိုးဇက်နဲ့ပတ်သတ်လို့ ဝေဖန်ပြစ်တင်ပါတော့တယ်။

တင်မ်။    ။“မင်း ဘာလို့ ပုံတွေသွားတင်တာလဲကွာ.. ဒါတော့ တော်တော်မကောင်းဘူး”

မာ့။   ။ “ဘာဖြစ်လို့လဲ.. ခင်ဗျားလည်း ပုံမကြိုက်ဘူးလား ပြော”

တင်မ်။    ။“ကြိုက်တာပေါ့.. ဒါပေမယ့် အခုဟာက ကြည့်လိုက်ဦး လူတိုင်းရဲ့ အိမ်မွေးတိရိစ္ဆာန်ကအစ တင်နေ ကြတာ. အဲဒါတွေအကုန်လုံးက နေရာ တအားယူတာကွ.. အဲလိုတွေလုပ်ဖို့ ၀က်ဘ်ကို လုပ်ထားတာ မဟုတ် ဘူးလေ”

မာ့။   ။“ကျွန်တော်ကတော့ ပုံတွေကြိုက်တယ်..။ လူတိုင်းလည်းကြိုက်ကြတယ်။ ဘာဖြစ်သွားမှာမို့လဲဗျာ။ သိပ် လည်း စိတ်မပူပါနဲ့။ အပျော်သပ်သပ် ပဲအုတ်စာ”









CERN မှာရှိတဲ့လူအများစုဟာ ၀က်ဘ် ကို သုတေသနစီမံကိန်းတွေအတွက်ပဲ အသုံးပြုချင်တာပါ။ တစ်ခြားသူ တွေအနေနဲ့ တစ်ခြားရည်ရွယ်ချက်တွေအတွက်လည်းလက်တွေ့သုံးလို့ရသေးတယ်ဆိုတဲ့အမြင်မျိုး သူတို့မှာ မရှိကြပါဘူး။ အဲဒါကြောင့်လည်း မာ့ ဟာ သိပ္ပံပညာရှင်တွေ၊ အင်ဂျင်နီယာတွေ မဟုတ်တဲ့ သာမန်လူတွေ အတွက် ဖျော်ဖြေရေးမှာအသုံးဝင်နိုင်အောင် ရည်ရွယ်ပြီး မိုးဇက်ကို ဖန်တီးခဲ့တာပါ။

မာ့နဲ့ မိုးဇက်ကိုဖန်တီးသူ သူ့သူငယ်ချင်းတွေဟာ မိုးဇက် browser ရဲ့အောင်မြင်မှုနဲ့ပတ်သတ်ပြီး ကျေနပ်လို့ မဆုံးခင်မှာပဲ တစ်မနက် မတော့ သူတို့အဖွဲ့ရဲ့ပရိုဂရမ်ဆွဲတဲ့သူတွေထဲကတစ်ယောက်ဖြစ်တဲ့ ဂျွန်မစ်တယ်ဟူဆာ က သတင်းစာတစ်စောင်ကိုင်ပြီး အမောတကောနဲ့ရောက်လာပါတယ်။

“ဟေ့ရောင်တွေ.. ဒါမြင်ပြီးပြီလား” ဆိုပြီး ဒေါသပုန်ထနေတဲ့ အသံနဲ့ သူ့လက်ထဲက ၁၉၉၃ ဒီဇင်ဘာလ ရက်စွဲနဲ့ နယူးရော့ခ်တိုင်းမ် သတင်းစာရဲ့ စီးပွားရေးစာမျက်နှာကို လှန်ပြလိုက်ပါတယ်..။

“ဘာကြီးလဲ” ဆိုပြီး မာ့လည်း အလန့်တကြားဖြစ်သွားတဲ့ အသံနဲ့မေးလိုက်ပါတယ်။

ဂျွန်။    ။“ဒါ ဒီနေ့ သတင်းစာလေ။ ငါတို့ မိုးဇက် နဲ့ပတ်သတ်တဲ့ ဆောင်းပါး ခေါင်းကြီးပိုင်းမှာပါတယ်”
မာ့။   ။“အော်.. အဲတော့ ကောင်းတာပေါ့ကွ.. မင်းကလည်းကွာ ဒါများ အလန့်တကြား”
ဂျွန်။   ။“သေချာကြည့်ဦးကွ.. သူတို့ရေးထားပုံကိုဖတ်ကြည့်လိုက်ရင် မိုးဇက်က တစ်ခြားတစ်ယောက် ဆွဲထား တာလိုမျိုး ဖြစ်နေတယ်”

မာ့လည်း သတင်းစာကိုကြည့်လိုက်တော့ ဂျွန်ပြောတဲ့အတိုင်းပါပဲ.. ရေးထားတဲ့ဆောင်းပါးက သူတို့ကျောင်းက အကြီးအကဲ ဓာတ်ပုံအကြီးကြီးနဲ့ဖော်ပြထားတာကိုတွေ့ရပါတယ်။ ဆောင်းပါးရှင်က မိုးဇက်ဟာ အင်တာနက်နဲ့ ပတ်သတ်တဲ့ လုပ်ငန်းသစ်တွေ အတွက်ရှေ့ပြေးဖြစ်လိမ့်မယ်ဆိုတဲ့အကြောင်း၊ မိုးဇက်ရဲ့ ထူးခြားမှု၊ အသုံးဝင်ပုံ စသဖြင့် အသေးစိတ် ရေးပြထားပါတယ်။ ဒါပေမယ့် မာ့အပါအ၀င်မိုးဇက်ဖန်တီးသူ ဘယ်ပရိုဂရမ်သမားရဲ့ နာမည်ကိုမှ ဖော်ပြထားတာတော့မတွေ့ရပါဘူး။ တကယ်တော့ မိုးဇက်ကို ကျောင်းက ဖန်တီးဖို့မပြောနဲ့ အကူ အညီတောင်ရခဲ့တာမဟုတ်ပါဘူး။

“တွေ့တယ်မလား. ငါတို့ မိုးဇက် ကို ရေးကြတုန်းက အဲဒီ တက္ကသိုလ်က ဘော့စ်ငနဲ က ငါတို့ဘယ်သူမှန်း ဘာ လုပ်နေမှန်းတောင် သိတာမဟုတ်ဘူး။ မနက် ၂ နာရီလောက်ထိ ပီဇာနဲ့ ကုက်ခ် သောက်ပြီး သေအောင်လုပ်ခဲ့ တုန်းက ဘာမှတောင် အကူအညီရခဲ့တာမဟုတ်ဘူး။ အခုကျတော့ သူ့တို့လုပ်တာ ဖြစ်သွားပြီ.. တောက်…!” ဂျွန်က တက်တခေါက်ခေါက်နဲ့ မကျေမချမ်းပြောပါတယ်။

ဂျွန်ပြောမယ်ဆိုလည်း ပြောလောက်စရာပါ.. မကြာခင်မှာပဲ သူတို့ကျောင်းရဲ့ အကြီးအကဲဟာ မိုးဇက်စီမံကိန်း တစ်ခုလုံးကို လက်ဝါးကြီးအုပ်လိုက်ပြီးတော့ ကျောင်းက ပရိုဂရမ်မာတွေနဲ့ တစ်ခြား လူ ၄၀ လောက်ကို အစည်း အဝေးခေါ်ပြီး မိုးဇက် ကို ဘယ်လို့ရှေ့ဆက်လုပ်မလဲဆိုတဲ့အကြောင်းတွေ စတင်ဆွေးနွေးပါတော့တယ်။ ဒါပေ မယ့် ဦးဆောင်ဆွေးနွေးနေတဲ့ အဲဒီအကြီးအကဲတွေဟာ သူတို့ပြောနေတဲ့အကြောင်းလည်း ဂဃနဏသိပုံမပေါ် ပါဘူး။

“ကျောင်းတွေဟာ အစိုးရတွေဆီကနေ ကွန်ပြူတာကြီးတွေနဲ့ပတ်သတ်လို့ တစ်နှစ်တစ်နှစ် ဒေါ်လာ သန်းချီပြီးရ နေတာ။ အခု ဘယ်သူမှ အဲဒီ ကွန်ပြူတာအကြီးကြီးတွေကို ဆက်သုံးဖို့ မလွယ်တော့တဲ့အခါမှာ သူတို့မှာ ရွေး ချယ်စရာ လမ်းနှစ်လမ်းပဲရှိတော့တယ်။ တစ်လမ်းက အစိုးရငွေတွေကို ယူတာရပ်ချင်ရပ် မဟုတ်ရင် နောက် တစ်လမ်းက အစိုးရဆီက ပိုက်ဆံတောင်းစရာ နောက်ထပ်အကြောင်းအရာတစ်ခုခု ရှာချင်ရှာ။ ဒါပဲ.. ။ မင်းသိ တဲ့အတိုင်းပဲလေ.. တက္ကသိုလ်တွေအားလုံး အစိုးရပိုက်ဆံ လက်ဖြန့်တောင်းနေရတာ ဘယ်သူမှ အစိုးရဆီက ပိုက်ဆံမရဘဲ အဆင်မပြေနိုင်ဘူး။ အဲတော့လည်း သူတို့ ဒုတိယနည်းပဲသုံးမှာပေါ့.. အဲဒီမှာ ငါတို့ရဲ့ မိုးဇက်ကို သွားတွေ့တော့ လက်ဝါးကြီးအုပ်ပြီပေါ့ကွာ..” ဆိုပြီး မာ့လည်း အဲရစ်ကို မချိတင်ကဲ ပြောလိုက်ပါတယ်.။

မာ့လည်း မိုးဇက်ကို သူဘယ်လိုမှ ပြန်ယူလို့ရမှာ မဟုတ်တော့ဘူးဆိုတာ သဘောပေါက်တာနဲ့ ကျောင်းကနေ ထွက်ပြီး အမေရိကားရဲ့နည်းပညာရွာဖြစ်တဲ့ ဆီလီကွန်ဗယ်လီ ကို စိတ်နာနာနဲ့ထွက်သွားပါတော့တယ်။







အဲဒီအချိန်မှာ ဆီလီကွန်ဗယ်လီရဲ့ အအောင်မြင်ဆုံးလုပ်ငန်းရှင် ဂျင်မ်ကလာ့ခ် က သူ့ရဲ့ စီမံကိန်းအသစ်လုပ်ဖို့ တာဆူနေပါတယ်။ ဂျင်မ် ဟာ SGI ဆိုတဲ့ ကုမ္ပဏီငယ်လေးကို ကွန်ရက်မှာ ချိတ်ဆက်လို့ရမယ့် ကွန်ပြူတာ သေးသေးလေးတွေရောင်းချခြင်းအားဖြင့် ဒေါ်လာဘီလျှံနဲ့ချီဝင်ငွေရှိတဲ့ ကုမ္ပဏီကြီးအဖြစ် အသွင်ပြောင်းနိုင်ခဲ့ သူပါ။ ဒါပေမယ့် အဲဒီအချိန်မှာ သူဟာ SGI ကို အတော်လေးစိတ်ပျက်ပြီး ဆက်မဦးဆောင်ချင်တော့လောက် အောင်ဖြစ်နေပါတယ်။ ဘာလို့လဲဆိုတော့ သူ့သွားစေချင်တဲ့ပုံစံကနေ ကုမ္ပဏီရဲ့ တစ်ခြားအဖွဲ့ဝင်တွေက သွေဖီ လာလို့ပါ။

၁၉၉၄ ခုနှစ် ဇန်န၀ါရီလ မှာ ဂျင်မ် ဟာ SGI ကနေ ထွက်လိုက်ပါတယ်။ သူလုပ်ချင်တဲ့ ပုံစံအတိုင်း သူ့ကိုယ်ပိုင် ကုမ္ပဏီလေးတစ်ခု တည်ထောင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါ။ သူနောက်ဆုံး SGI ကနေ အလုပ်ထွက်မယ့်နေ့မှာ အဲဒီက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းဖြစ်သူ ဘေလ်ဖော့စ် ကို အသိထဲမှာ အင်ဂျင်နီယာကောင်းကောင်းတစ် ယောက်လောက်များ မရှိဘူးလားဆိုပြီး မေးလိုက်ပါတယ်။

ဂျင်မ်။   ။ “အိုင်ဒီယာကောင်းတဲ့သူမျိုးတွေကို ငါ လိုချင်လို့ကွာ”

အတော်ပဲဖြစ်သွားတာကတော့ ဆီလီကွန်ဗယ်လီကို မာ့အန်ဒရီဆန် ရောက်နေတယ်ဆိုတာကို ဘေလ် အနေနဲ့ သတင်းအတိအကျ ရထားပါတယ်။ အဲဒါနဲ့ ဘေလ် လည်း မာ့ ရဲ့ တယ်လီဖုန်းနံပါတ်ကိုရှာပြီး ဂျင်မ် ကိုပေးလိုက် ပါတော့တယ်။

ဂျင်မ်။   ။“သူ့ကိုဆက်လိုက်.. ငါကြားရသလောက်တော့ အဲဒီတစ်ယောက် အတော် တော်တယ်ပြောတယ်”

ပြောပြောဆိုဆို သက်သေအဖြစ်နဲ့ ကွန်ပြူတာကနေ မိုးဇက်ကိုပါ ဖွင့်ပြလိုက်ပါတယ်။ ဂျင်မ်အနေနဲ့ ကွန်ပြူတာ လုပ်ငန်းမှာသာ ကျင်လည်နေတာ အခုမှပဲ world wide web ကို ပထမဆုံးအကြိမ် မြင်ဖူးပါတော့တယ်။ ဘေလ် ပြတဲ့ မိုးဇက် ကို ကြည့်လို့မဆုံးခင်မှာပဲ ဂျင်မ်လည်း မာ့ ဆီကို အီးမေးလ် ပို့လိုက်ပါတော့တယ်။

“ငါ့ကိုတော့ မင်းသိချင်မှ သိလိမ့်မယ်။ SGI ကို ငါစခဲ့တာ” ဆိုတာနဲ့ အစချီပြီး နောက်နေ့မှာ သူနဲ့ တွေ့ဖို့ မာ့ ကို ချိန်းလိုက်ပါတော့တယ်။ မာ့ ကလည်း ဂျင်မ်ကလာ့ခ်ဘယ်သူဆိုတာ သိနှင့်နေပြီးသားဆိုတော့ အလွယ်တကူပဲ တွေ့ဆုံဖို့ လက်ခံလိုက်ပါတော့တယ်။




NETSCAPE founders, Jim & Marc FILE--Netscape Communications Corporation co-founders Jim Clark, left, and Marc Andreessen pose outside of their offices in Mountain View, Calif., in this undated file photo. The company's initial public offering price of $28 per share traded as high as $75 Wednesday, August 8, 1995. The company makes a popular software internet browser program called Netscape. (AP Photo/HO) AP1995




(အပိုင်း ၂၃ ဆက်ရန်)



မေသန္တာဝင်း



၂၀၁၂ ဒီဇင်ဘာ ၅ ရက်နေ့


နေ့လည် ၃ နာရီ ၀၈ မိနစ်




Ref: The Story of the Internet by Stephen Bryant

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...