Thursday, December 13, 2012
ရေးတော့အမှန် - ၃
by မင်းလူ၏ ၀တ္တုတိုများ on Thursday, December 13, 2012 at 1:34pm ·
    ကျွန်တော်သည် ကြိမ်လုံးဆောင်းပါးနှင့်ပတ်သက်၍ ထောက်ခံရေးသားပါဦးမည်ဟု ဆိုခဲ့သည်။ ထိုအခါ ဘယ်ဘက်ကို ထောက်ခံမှာလဲ၊ "ကလေးတွေကို ရိုက်နှက်ဆုံးမသင့်သည်"ဆိုသောဘက်ကိုလား၊ "မရိုက်သင့်"ဆိုသောဘက်ကိုလား မေးစရာ ရှိပါသည်။ နှစ်ဘက်စလုံးကိုပင် ထောက်ခံခဲ့သည်။
    ဆိုလိုသည်မှာ ရိုက်သင့်လျှင် ရိုက်ရမည်။ ဒီလိုဆိုသောကြောင့် မရိုက်သင့်ဘဲ ရိုက်လျှင်တော့ ကန့်ကွက်လိုသည့်သဘော ဖြစ်ကြောင်း ထင်ရှားပါသည်။
    ဒါဖြင့် ဘယ်လိုအခါမျိုးမှာ ရိုက်သင့်သလဲ။ ယနေ့ပညာရေးမူဝါဒအရ ကျောင်းသား/ကျောင်းသူလေးများကို တတ်နိုင်သမျှ နှုတ်ဖြင့်သာ ဆုံးမရန်၊ ရိုက်နှက်ဆုံးမခြင်းကို နောက်ဆုံးအဆင့်ကျမှ အသုံးပြုရန် တိုက်တွန်းထားကြောင်း ကြားဖူးပါသည်။ ထိုအချက်ကို အခြေခံထားသင့်ပါသည်။
    ကလေးတွေကို ရိုက်သင့်၊ မရိုက်သင့် တက်ကြွစွာ အပြန်အလှန်ရေးခဲ့ကြသောဆောင်းပါးရှင်များသည်လည်း အယူအဆချင်းမတူသော်လည်း ကလေးများအတွက် ကောင်းစေချင်သောစေတနာအခြေခံချင်းတော့ တူညီလိမ့်မည်ဟု ယုံကြည်ပါသည်။
                    ☼ ☼ ☼ ☼ ☼
    ရိုက်နှက်ခြင်းအလေ့အထသည် ဘယ်တုန်းက စတင်ပေါ်ပေါက်လာကြောင်း မသိရ။ သုတေသနသမားတို့ တူးကြ၊ ဖော်ကြရာတွင် ကျောက်လက်နက်များ၊ ကြေးသတ္တုအသုံးအဆောင်ပစ္စည်းများ ရှာဖွေတွေ့ရှိကြသည်ဟူ၍သာ ကြားဖူးသည်။ ကြိမ်လုံးများတွေ့သည်ဟု သတင်းမရသေးပါ။ တုတ်ချောင်းတို့၊ ကြိမ်လုံးတို့ဆိုသည်မှာ ကြာရှည်ခံသောပစ္စည်းများ မဟုတ်သောကြောင့် မတွေ့တာလည်းဖြစ်နိုင်၏။ ဒါမှမဟုတ် ဟိုတုန်းက တုတ်နှင့်မရိုက်ဘဲ ကျောက်ခဲနှင့်ထုတာ၊ ဓားနှင့်ခုတ် ဆုံးမတာတို့သာရှိခဲ့သောကြောင့်လည်း ဖြစ်နိုင်၏။
    တကယ်တော့ ရိုက်နှက်ခြင်းဆိုသည်မှာ လူတွေ စတင်ယဉ်ကျေးလာသောအချိန်မှာမှ ပေါ်ပေါက်လာခြင်းဖြစ်နိုင်၏။
    မယဉ်ကျေးခင်ခေတ်က ကလေးများမှာ ကျောင်းတက်စရာမလိုသဖြင့် ဆရာ/ဆရာမဟူ၍လည်းမရှိ။ ကျောင်းပြေးစရာ မလို။ စာမရလို့ အတန်းထဲမှာစကားများလို့၊ ကျောင်းသားချင်းရန်ဖြစ်လို့ဆိုပြီး အရိုက်ခံရစရာအကြောင်းလည်းမရှိ။ တီဗွီဂိမ်းချည်း ကစားနေလို့၊ အဖေ့အိတ်ထဲကပိုက်ဆံခိုးလို့၊ မူးယစ်ဆေးဝါးသုံးစွဲလို့ဆိုသော ပြဿနာတွေလည်းမရှိသဖြင့် မိဘတို့၏ အရိုက်ခံရစရာ အကြောင်းကလည်း အလွန်နည်းပါးလှသည်။
    နောက်ပိုင်း လူတွေက ပိုယဉ်ကျေးလာပြီး မြို့ရွာတည်ထောင်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတွေရှိလာ၊ လောဘဒေါသတွေ ပိုများလာသောအခါမှာတော့ ကလေးတွေလည်း အရိုက်ခံလာရလေတော့၏။
    ဒီလိုဆိုတော့ ရိုက်နှက်ခြင်းသည် ယဉ်ကျေးမှုလက္ခဏာတစ်ရပ်ဟု ဆိုရမလိုဖြစ်လာ၏။ ယဉ်ကျေးကြောင်းပြတဲ့အနေနဲ့ များများစားစားရိုက်ပေးရမလိုတောင်ဖြစ်နေပြီ။ မဟုတ်ပြန်ပါ။ ခုနောက်ပိုင်းကျတော့ ရိုက်နှက်ခြင်းသည် ယဉ်ကျေးမှုနှင့် ဆန့်ကျင်ဘက်ဖြစ်သည်ဟု ဆိုလာကြပြန်သည်။
                    ☼ ☼ ☼ ☼ ☼
    ကျွန်တော်တို့မြန်မာ့သမိုင်းတွင်လည်း ရိုက်နှက်ဆုံးမခြင်းသည် ဘယ်တုန်းကစပေါ်ခဲ့ကြောင်း အတိအကျပြောဖို့ ခက်သည်။
    ငယ်ငယ်တုန်းကသင်ရသည့် သမိုင်းစာမှာတော့ ပျူခေတ်တွင် တာဝန်ရှိသူတို့ကို ကြိမ်ဒဏ်ပေးခြင်းစနစ် ပေါ်ပေါက်နေပြီဟု ဆိုပါသည်။ သို့ရာတွင် အလကားနေရင်း ကြိမ်ဒဏ်ပေးနေတာမျိုးမဟုတ်ပါ။ သာမန်အမှုအခင်းမျိုးဆိုလျှင် တရားစီရင်သူတို့က နှုတ်ဖြင့်ဆိုဆုံးမခြင်း၊ နတ်ကွန်းများ၊ ဘုရားကျောင်းများတွင် နောက်နောင် ဒါမျိုးမလုပ်ပါဟု ၀န်ခံကတိပြုစေခြင်း၊ နစ်နာသူကို လျော်ကြေးပေးစေခြင်းတို့နှင့်ပြီးပါသည်။ ပြစ်မှုကြီးကြီးကျူးလွန်သူကိုသာ ကြိမ်နှင့်ရိုက်ပြီး ဆုံးမသည်ဟု ဆိုပါသည်။
    ဒဏ္ဍာရီပုံပြင်များအရဆိုလျှင်တော့ ပထမဆုံးသော လူသိရှင်ကြားကြိမ်ဒဏ်အပေးခံရသူများမှာ ရွှေဖျဉ်းညီနောင်ပင် ဖြစ်၏။ အပြစ်ကတော့ ဘုရားတည်ရာ အုတ်နှစ်ချပ်လပ်မှု၊ အနော်ရထာမင်းကြီးမှာ ကျောသားရင်သားမခွဲခြားတတ်သူဖြစ်၍ မွေးစားမြေးများပင်ဖြစ်လင့်ကစား အပြစ်ပေးရတော့သည်။ ဖခင်ဖြစ်သူ ဗျတ္တ၏မျက်နှာကိုထောက်ထား၍ ရွှေဖော့ရိုးနှင့်ရိုက်ပြီး ဆုံးမစေဟု သက်ညှာစွာအမိန့်ချသည်။ သို့ရာတွင် ဆုံးမဖို့တာဝန်ကျသူများမှာ အရိုက်ကြမ်းသောဆရာကြီးများ၏ ပထမမျိုးဆက်ဖြစ်ဟန်တူ၏။ ရွှေဖော့ရိုးနှင့်မရိုက်ဘဲ ထန်းပလက်နှင့် အသားကုန်တွယ်လေရာ ရွှေဖျဉ်းညီနောင်မှာ ပုဂံစကားအရ (သေခမုနာသရော၌တည်း)ဖြစ်ပြီးလျှင် အသက်ထွက်ရရှာလေ၏။ (ပုဂံခေတ်တွင် ပေါ်ပ္လူလာတို့၊ အလင်းတန်းဂ္လါနယ်တို့လို စာနယ်ဇင်းတွေမပေါ်သေးသဖြင့် ရိုက်သင့်၊ မရိုက်သင့် အခြေအတင်ရေးသည့်ပြဿနာလည်း မပေါ်ခဲ့ပါ။ ဂျာနယ်တွေသာ ရှိခဲ့လို့ကတော့ ရွှေဖျဉ်းညီနောင် နတ်စိမ်းဖြစ်ပြီး အနော်ရထာမင်းကြီး၏ဖောင်တော်ကိုဆွဲထားသည့် သတင်းအတွက် ဆရာကိုဦးဆွေတို့ ကင်မရာလေး၊ ကက်ဆက်လေးကိုင်ပြီး အပြေးအလွှားသွားမှာ မြင်ယောင်မိပါသေး)
                    ☼ ☼ ☼ ☼ ☼
    သမိုင်းတွင်အောင်အရိုက်ခံရသည့် နောက်တစ်ဦးကတော့ မင်းတုန်းမင်းကြီးဖြစ်၏။ ဆရာကြီးမြကေတု၏ နန်းဓလေ့ မှတ်တမ်းများစာအုပ်တွင် ရေးသားထားချက်အရ ...
    နောင်တွင် မင်းတုန်းမင်းကြီးဖြစ်လာမည့် မင်းသားမောင်လွင်သည် ငယ်စဉ်က စံကျောင်းဆရာတော်ထံတွင် ပညာ သင်ကြားခဲ့ရ၏။ ဆရာတော်က ငါးခြောက်အလွန်ကြိုက်သည်။ တစ်ရက်တွင် ဆွမ်းဘုဉ်းပေးရာတွင် ထည့်ကပ်ရန် မောင်လွင်အား ငါးခြောက်တစ်ပြားကို သိမ်းခိုင်းထား၏။ ငါးခြောက်မှာ လက်သည်မပေါ်ဘဲ ပျောက်သွားလေသည်။ ထိုအခါ ဆရာတော်က မောင်လွင်ကိုခေါ်၍...
    "ဟဲ့... ငလွင်၊ တစ်နေ့မှာ ရှင်ဘုရင်လုပ်မယ့်သူက ဒီငါးခြောက်တစ်ပြားတောင် လုံခြုံအောင် မထိန်းသိမ်းနိုင်ရင် တိုင်းပြည်ကို ဘယ်လိုလုံခြုံအောင် အုပ်ချုပ်မလဲ"
    ဟု ဆိုပြီးလျှင် ကြိမ်နှင့်အချက်များစွာ ရိုက်လေသည်။ မောင်လွင်၏အသားအရေမှာ အလွန်နူးညံ့သဖြင့် သွေးများပင် စို့လာရ၏။ နောင် မင်းတုန်းမင်းကြီးဖြစ်လာသောအခါ ထိုအရှိုးရာများကို သားတော်များအားလှန်ပြ၍ ကျေးဇူးရှင်ဆရာများက ဘယ်လိုပင် ရိုက်နှက်ဆုံးမစေ ကျေနပ်စွာ ခံယူရမည်ဖြစ်ကြောင်း ဆုံးမလေ့ရှိသည်ဟု ရေးထားပါသည်။
    စာပေနယ်မှ စာရေးဆရာကြီးများသည်လည်း သူတို့ငယ်စဉ်က အရိုက်ခံခဲ့ရပုံများကို အမှတ်တရ ပြန်ရေးလေ့ရှိကြ ပါသည်။
    ဆရာကြီးရွှေဥဒေါင်းသည် သူ၏တစ်သက်တာမှတ်တမ်းထဲတွင် ငယ်စဉ်က အရိုက်ခံခဲ့ရပုံများကို တခမ်းတနား ထည့်ရေးခဲ့သည်။
    ခြောက်တန်းတွင် ကျောင်းပြောင်းတက်ရခဲ့သောအခါ ကျောင်းသစ်မှ ဆရာနိုင်ဆိုသူမှာ အရိုက်ကြမ်းသည်။ မျဉ်းလုံးနှင့်တောင် ဆော်သည်ဟု နာမည်ကြီး၏။ ထိုကိစ္စနှင့်ပတ်သက်၍ ...
    ...အရိုက်ခံရသောဝေဒနာနှင့်ပတ်သက်၍(ကျောင်းရော၊ အိမ်ပါ)အကျင့်ရခဲ့သူဖြစ်သဖြင့် ကြောက်လှအောင် မရှိသော်လည်း ရိုက်နေကျလူက ရိုက်ခြင်းမဟုတ်သည့်အတွက်ကြောင့် အလွန်ထိတ်လျက်ရှိ၏။ (နာကျင်ခြင်းအတူတူ ဖြစ်သော်လည်း "မျက်နှာသိ"၏ရိုက်ခြင်းနှင့် သူစိမ်း၏ရိုက်ခြင်းတို့ မတူပုံကို နားလည်ကောင်းမှ နားလည်ကြပေလိမ့်မည်။
ကျွန်ုပ်ကဲ့သို့ရိုက်ခြင်းအမျိုးမျိုးခံရဖူးမှသာ နားလည်နိုင်လိမ့်မည်ထင်သည်)
    ဟု ဆရာကြီးက ရေးထားခဲ့ပါသည်။
    ကျွန်တော့်အဖေ (ဦးသာဓု)သည်လည်း သူ၏ငယ်ဘ၀ကိုအခြေခံထားသော "အတာ" အမည်ရှိဝတ္ထုထဲတွင် သူငယ်ငယ်က အရိုက်ခံရပုံများကို အတော်ပြည့်ပြည့်စုံစုံရေးခဲ့သည်။ အဘွားက တော်တော်အရိုက်သန်သည်။ တစ်ခါတစ်လေ "ဟဲ့ကောင်..လာဦး"ဟု ရုတ်တရက်လှမ်းခေါ်ပြီး ဘာမပြော ညာမပြော ခေါင်းကိုခေါက်၊ ကျောကိုထု၊ နားရင်းကိုအုပ်၊ ပေါင်တွင်းကြောဆွဲလိမ်၊ စိတ်ရှိလက်ရှိလုပ်ပြီးမှ "သွားတော့"ဆိုပြီး လွှတ်တတ်၏။ အဖေ့ခင်မျာ သူ ဘာအပြစ်လုပ်မိလို့ အရိုက်ခံရမှန်းတောင် မသိလိုက်ရတာမျိုး မကြာခဏရှိခဲ့ကြောင်း ပြန်ပြောပြဖူးသည်။
                    ☼ ☼ ☼ ☼ ☼
    လူကြီးများသည် ကလေးများကို ဘာကြောင့်များ ရိုက်ကြပါသလဲ။ အဖြေက လွယ်လွယ်လေး။ အပြစ်ရှိလို့ပေါ့။ ရည်ရွယ်ချက်ကတော့ကော။ ကောင်းစေချင်လို့ ဆုံးမတာလေ။
    သို့ရာတွင် ထိုအကြောင်းပြချက်သည် အမြဲတမ်းမှန်ရဲ့လား ဆိုတာ စဉ်းစားဖို့လိုသည်ဟု ထင်၏။ တစ်ခါတစ်လေ ကလေးက မုန့်စားချင်လို့ ပူဆာသည်။ မိဘမှာ ငွေမရှိသည့်အချိန်နှင့်ကြုံသဖြင့် ကလေးကိုရိုက်မိသည်။ ထိုကိစ္စတွင် ကလေးမှာ အပြစ်မရှိ။ ငွေကြေးပြဿနာကသာ အပြစ်ဖြစ်၏။ ပွဲလမ်းသဘင်အများသူငါရှေ့မှောက်မှာ ကလေးက မဖွယ်မရာပြုမိသဖြင့် အရိုက်ခံရသည်။ ဒါကျတော့ အဓိကအကြောင်းအရင်းက ရှက်ခြင်းဖြစ်နေ၏။
    ရုံးမှာ အထက်အရာရှိကဆူ၊ ဘတ်စ်ကားပေါ်မှာ စပယ်ယာကဟောက်၊ အိမ်ရောက်တော့ မိန်းမက ပြဿနာရှာသဖြင့် နောက်ဆုံး ကလေးအပေါ် ဒေါသက ပုံကျသွားတာမျိုးလည်းရှိ၏။
    ယောက်ျားကိုမကျေနပ်လို့ ကလေးကိုမဲတတ်သူ။ ပါဝါပြဖို့သက်သက်အတွက် ကလေးကိုရိုက်ချင်တတ်သူတွေလည်း တွေ့ဖူးသည်။
                    ☼ ☼ ☼ ☼ ☼
    တကယ်တော့ ကလေးကိုဆုံးမသည့်နည်းတွေ အမျိုးမျိုးရှိပါသည်။ ရိုက်နှက်ခြင်းအပြင် အကျိုးအကြောင်းရှင်းပြခြင်း၊ ဆူပူကြိမ်းမောင်းခြင်း၊ ဒဏ်ပေးခြင်း၊ ပေးနေကျအခွင့်အရေးများ ဖြတ်တောက်ခြင်း စသည်ဖြင့် ...။
    ဒီအထဲမှာ ရိုက်နှက်ခြင်းသာလျှင် အသုံးအများဆုံးနှင့်ခေတ်အစားဆုံး ဖြစ်ခဲ့ရတာ ဘာကြောင့်ပါလဲ။
    တချို့မိဘတွေက နှုတ်နဲ့ဆုံးမရာမှာ လိပ်ပတ်လည်အောင်ရှင်းမပြတတ်။ တချို့က ဒီလိုရှင်းပြရကောင်းမှန်းတောင် မသိကြ။ တချို့က သိတော့သိသည်။ ဒါမျိုး ၀ါသနာမပါ။ လေကုန်မခံချင်။ ထို့ကြောင့် အလွယ်ကူဆုံးနှင့် အချိန်ကုန် အသက်သာဆုံးဖြစ်သော ရိုက်နှက်ခြင်းကသာ တွင်ကျယ်နေခြင်းဖြစ်၏။
    တချို့သောမိဘတွေကျတော့ သနားဖို့တောင်ကောင်းသည်။ သူတို့ခမျာ စီးပွားရေးကိစ္စ၊ တိုက်ဆောက်ဖို့ကိစ္စ၊ ကားလဲဖို့ ကိစ္စ၊ မြေရောင်းဖို့ကိစ္စ စသည် စသည်တို့နှင့် လုံးချာလိုက်နေသဖြင့် ကလေးတွေကို ရိုက်ဖို့တောင်အချိန်မရရှာကြပါ။
    ဒီအခါ နောက်ဆုံးပေါ် ဆုံးမနည်းဖြစ်သည့် ငွေတွေပုံပေးပြီး သုံးစေခြင်း၊ မော်တော်ကား၊ ဆိုင်ကယ် စသည်တို့ ၀ယ်ပေးခြင်းကို ပြုလုပ်ကြ၏။ နောက်ဆုံးတော့ သူတို့ကိုယ်စား ယာဉ်မှုစစ်ဌာနတို့၊ မူးယစ်အထူးအဖွဲ့တို့က ဆုံးမပေးရလေတော့၏။
                    ☼ ☼ ☼ ☼ ☼
    ရိုက်နှက်ခြင်းကိစ္စတွင် ဘက်တစ်ဘက်တည်းရှိရုံနှင့်မပြီးပါ။ ရိုက်သူ (လူကြီး၊ မိဘ၊ ဆရာ)ရှိသလို အရိုက်ခံရသူ (ကလေး၊ ကျောင်းသား)လည်းရှိမှ အထမြောက်နိုင်ပါသည်။
    ဒီတော့ အရိုက်ခံရသူတွေဘက်ကို ကြည့်ရအောင်၊ ကလေးတွေမှာလည်း စရိုက်အမျိုးမျိုး၊ ခံနိုင်ရည်အမျိုးမျိုး၊ စိတ်ဓာတ် အပျော့အမာအမျိုးမျိုးရှိတတ်သည်။
    တချို့ကလေးတွေက လူကြီးက မျက်နှာထားခပ်တင်းတင်းစိုက်ကြည့်ရုံဖြင့် ထိတ်ထိတ်ပျာပျာဖြစ်သွားတတ်တာမျိုးရှိ၏။ တချို့ကတော့ ဆူမှ၊ ကြိမ်းမှ၊ အသားနာမှ ကြောက်တတ်သောကလေးမျိုးလည်းရှိ၏။ တချို့က တစ်ခါရိုက်ရုံနှင့် မှတ်သွားတတ် သော်လည်း ဘယ်လောက်ရိုက်ရိုက် ပျင်းတောင်ပျင်းသေးတယ်ဆိုသော ထူးထူးခြားခြားကလေးမျိုးလည်းရှိတတ်သည်။
    ကိုယ့်သားသမီး၊ ကိုယ့်တပည့်က ဘယ်လိုကလေးမျိုးလဲဆိုတာ ဆန်းစစ်ကြည့်ပြီး ရိုက်သင့်၊ မရိုက်သင့် စဉ်းစားရပါလိမ့်မည်။
    နှုတ်ဖြင့်ဆုံးမရုံဖြင့်ရနိုင်သည့်ကလေးကို အကြမ်းပတမ်းသွားလုပ်မိလျှင် သူ့စိတ်ထဲ ထိခိုက်နာကျင်သွားနိုင်သည်။ ရိုက်မှ ဖြစ်မည့်ကလေးမျိုးကို လွှတ်ထားမိပြန်တော့လည်း ပတ်ဝန်းကျင်ကိုပါဒုက္ခပေးလာနိုင်သည်။
    ကလေးများ၏တုံ့ပြန်မှုကလည်း အမျိုးမျိုးရှိနိုင်သည်။ တချို့က အသားနာမှာကြောက်သည်။ တချို့က ရိုက်မှာကို မဖြုံသော်လည်း ဒဏ်ပေးခံရမှာကျတော့ သေမလောက်လန့်တတ်သည်။ တချို့လည်း ဆူပူကြိမ်းမောင်းခံရလို့ နားပူတာထက် စာလျှင် အရိုက်ခံလိုက်ရတာကမှ မြန်မြန်ကိစ္စပြီးသေးသည်ဟု ယူဆတာမျိုးလည်းရှိ၏။
    တစ်ခါတစ်လေကျတော့ လူကြီးက စိတ်လက်ကြည်သာနေသောအချိန်မှာ ဘာလုပ်လုပ် ခွင့်လွှတ်ထားတတ်ပြီး စိတ်ညစ်နေသောအခါကျတော့ သာမန်အသေးအဖွဲအပြစ်ကလေးကြောင့် အသေအလဲထရိုက်ချင် ရိုက်တတ်သည်။
    လူကြီးတွေ သတိမပြုမိသည့်အချက်တစ်ချက်ရှိသေးသည်။ ကလေးတော်တော်များများက အရိုက်ခံလိုက်ရပြီးလျှင် သူတို့မှာရှိသည့်အပြစ်တွေ ကျေသွားပြီဟု ထင်တတ်ကြသည်။ အရိုက်မခံရမချင်း နေမထိထိုင်မသာဖြစ်ရပြီး အရိုက်ခံလိုက်ရ ပြီးတာနဲ့ စိတ်လက်ပေါ့ပါးပျော်ရွှင်သွားတတ်ပြန်လေသည်။
    တကယ်တော့ ခုခေတ်မှာ ရိုက်နှက်ဆုံးမခြင်းသည် သိပ်ခေတ်မစားတော့ပါ။ မိဘများ၊ ဆရာ/ဆရာမများကလည်း ရိုက်နှက်ဆုံးမခြင်းအပေါ် စိတ်ဝင်စားမှုလျော့ကျလာပါပြီ။ နောင်တစ်ချိန်တွင် ရိုက်နှက်ခြင်းအလေ့အထသည် တဖြည်းဖြည်း တိမ်ကောပျောက်ကွယ်ကောင်း ပျောက်ကွယ်သွားနိုင်သည်။ ကြိမ်လုံးဆိုသည်မှာ ပြတိုက်အတွင်း ထည့်သွင်းပြသထားပြီး "နှစ်ဆယ်ရာစုနှစ်များအတွင်းက မိဘဆရာများ ကလေးရိုက်ရာတွင် သုံးသောပစ္စည်း"ဟု စာတန်းထိုးပြချင်ပြရလိမ့်မည်။
    ဒီလိုဆိုသောကြောင့် အရိုက်ဝါသနာရှင်များ စိုးရိမ်ထိတ်လန့်စရာလည်း မလိုသေးပါ။ လုံးဝတိုက်ဖျက်နိုင်လုနီးပါး ရှိနေရာမှ ပြန်လည်ခေါင်းထောင်လာသော အဆုတ်ရောဂါတို့၊ ငှက်ဖျားတို့ကဲ့သို့ ရိုက်နှက်ဆုံးမခြင်းသည်လည်း ပြန်လည် ရေပန်းစားကောင်း စားလာနိုင်ပါသေးသည်။
                    ☼ ☼ ☼ ☼ ☼
    ဘာပဲဖြစ်ဖြစ် လောလောဆယ်မှာတော့ ရိုက်နှက်ဆုံးမခြင်းကို မရှိသုံးအဖြစ် သုံးနေရဦးမည်ပင်ဖြစ်၏။ ရိုက်သင့်သော ကလေးကို ရိုက်ရဦးမည်ပင်ဖြစ်၏။
    သို့ရာတွင် သတိထားစရာအချက်ကလေးတွေတော့ ရှိပါသည်။ အလယ်တန်း၊ အထက်တန်းအဆင့်ရှိ မိန်းကလေးများကို ဖြစ်နိုင်လျှင် လုံးဝမရိုက်သင့်တော့ပါ။ ခုနစ်တန်း၊ ရှစ်တန်း၊ ရှစ်တန်းမှစ၍ မိန်းကလေးများမှာ အပျိုဘော်ဝင်လာပါပြီ။ ဒီလိုအရွယ်မျိုးမှာ အခန့်မသင့်ဘဲ တိုက်ဆိုင်မှုရှိသွားလျှင် သူတို့၏သဘာဝတရားကို ထိခိုက်သွားနိုင်ပါသည်။
    အထက်တန်းအဆင့်ယောက်ျားလေးများကိုလည်း မရိုက်သင့်တော့ပါ။ ထိုအရွယ်သည် ကြီးကောင်ဝင်ကာစဖြစ်၍ ဆုံးမပုံ မမှန်လျှင် နုံချာသောအငုံ့စိတ်ဝင်လာခြင်း သို့မဟုတ် ပုန်ကန်လိုသောစိတ်ဝင်လာခြင်း စသည်ဖြင့် အစွန်းဘက်သို့ ရောက်သွားတတ်သည်။
    ပြီးတော့ ကလေးတို့၏ကိုယ်ခန္ဓာပေါ်တွင် မရိုက်သင့်သောနေရာများလည်း ရှိပါသေးသည်။ ဦးခေါင်း၊ နားရင်း၊ ဇက်ပိုးတို့မှာ ဦးနှောက်နှင့်နီးလွန်းသည်။ လက်ဖ၀ါး၊ မတော်တဆ လက်ချောင်းကလေးများကို ထိနိုင်သည်။ ကလေးများမှာ အမြဲလိုလို အရိုးများများ ရှည်ထွက်နေတတ်သဖြင့် လက်ချောင်းအရိုးအဆစ်များ နုနယ်လှပါသည်။ စာရေးခြင်းကို အနှောင့်အယှက် ဖြစ်နိုင်ပါသည်။
    ကျောကုန်းကိုထုလျှင် အဆုတ်ကို ထိခိုက်နိုင်သည်။
    ခါးကို မရိုက်သင့်။ ခါးရိုးအတွင်းထဲမှ ဗဟိုအာရုံကြောမကြီးရှိ၏။
    ပေါင်၊ ခြေသလုံးတို့မှာ လမ်းလျှောက်ခြင်း၊ အားကစားပြုလုပ်ခြင်းတို့အတွက် အဓိကဖြစ်သဖြင့် ရှောင်သင့်ပါသည်။
    ဒါဖြင့် ဘာကျန်တော့သတုန်း။
    တင်ပါးကျန်ပါသည်။ တင်ပါးသည် အသားအများဆုံးနှင့် အာရုံကြောများ အလွတ်ကင်းဆုံးဖြစ်သဖြင့် ရိုက်လို့ ကောင်းသောနေရာဟု ဆိုကြပါသည်။ သို့တိုင်အောင် ကြိမ်လုံးနှင့်ရိုက်လျှင် အရှိုးရာ ထင်နိုင်ပါသေးသည်။
    အကောင်းဆုံးကတော့ တင်ပါးကို လက်ဝါးနှင့်ရိုက်ခြင်းပင်ဖြစ်၏။ ထိုအခါ သူ့အသားနာသလို ကိုယ့်လက်ဝါးလည်း စပ်ဖျဉ်းဖျဉ်းဖြစ်သွားရသဖြင့် ကိုယ်ချင်းစာစိတ်ဝင်ပြီး ဒေါသကို ထိန်းချုပ်နိုင်ပါလိမ့်မည်။
    ကလေးကို ဆုံးမရာမှာ နာကျင်စေခြင်းသည် အဓိကမဟုတ်၊ ကောင်းစေလိုသောစေတနာသာ အရေးကြီးကြောင်း မိဘများ၊ ဆရာ/ဆရာမများ သိပြီးသားပင်ဖြစ်ပါသည်။
----------------------------
မင်းလူ
အလင်းတန်းဂျာနယ်
၉-၁၆၊ ၂၊ ၁၉၉၉
---------------------------
ရေးတော့အမှန်-၂ ဒီမှာနှိပ်ပါ
ရေးတော့အမှန်-၁ ဒီမှာနှိပ်ပါ
  2 comments:
  1. ဆရာ ဆရာမတွေ များများ ဖတ်သင့်ပါတယ် ကျမတို့ခေတ်တုန်းက မြန်မာဆရာကြီး အချိန်ဆို စာသင်တာ ၄၅ မိနစ်မှာ ဆုံးမတာ နာရီဝက်ရှိပါတယ် ဆရာကြီးက စာအသင်အပြလည်း အရမ်းကောင်းပါတယ် ဆုံးမတာလည်း တုတ်နဲ့ ၇ိုက်တာ ထိုင်ထလုပ်ခိုင်းတာမျိုးတွေ လုံးဝမလုပ်စေပဲ နားဝင်အောင် ပြောတတ်တော့ ဆရာကြီး အချိန်ဆို အရမ်း ပျော်မိပါတယ် ကျမ အမြင်ပြောရရင်တော့ ကလေးတွေကို ရိုက်နှက်ဆုံးမ တာမျိုး ထိုင်ထ လုပ်ခိုင်းတာမျိုးတွေ မလုပ်စေချင်ပါဘူး
    ReplyDelete
    Replies
    1. ကျွန်တော့်သင်တန်းမှာဆရာမအချို့ကသူ့တို့ကို ကိုယ်ကမသိလို့ နားမလည်လို့ပြန်ပြီးမေးခွန်းမေးယင်မကြိုက်ချင်ကြဘူး။အဲဒါတွေက ပညာရေးစနစ်နဲ့လည်း ဆိုင်လိမ့်။
      Delete
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...