Wednesday, December 19, 2012

မြန်မာ့ နိုင်ငံရေး ပဋိက္ခတွေ ဘာကြောင့် ဘယ်လို ဖြစ်ပေါ်နေတာလဲ၊ ဘယ်လို အဆုံးသတ်မှာလဲ


by ပြည်သူ့ခေတ် on Wednesday, December 19, 2012 at 10:35pm ·

၂၀၁၀ ပြည့်နှစ် နောက်ပိုင်း မြန်မာ့နိုင်ငံရေးမှာ အပြောင်းအလဲတွေ အတော်လေး ပေါ်ပေါက် လာခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲ၊ လွှတ်တော် အရပ်ရပ်၊ ဗိုလ်ချုပ်ဟောင်းတွေ လူဟောင်း တွေနဲ့  အရပ်သား အစိုးရတို့ ပေါ်ပေါက်လာခဲ့တယ်။
          ဒီနောက် ဒီမိုကရေစီ စနစ်ဆီကို ဦးတည် လျှောက်လှမ်းမယ်ဆိုတဲ့ ပြောဆို သံတွေ၊ နှုတ်ကတိတွေ၊ ဒီမိုကရေစီ မန္တန်တွေ၊ ဒီနောက်မှာတော့ သမ္မတနဲ့ အင်န်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တွေ့ဆုံဆွေးနွေးမှုတွေ၊ ရှစ်လေးလုံး ကျောင်းသား ခေါင်းဆောင်တွေ အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေကို အကျဉ်းထောင် အသီးသီးမှ လွှတ်ပေးခဲ့တဲ့လုပ်ရပ်။

          ဒီနောက်မှာတော့ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ၄၃ ဦး အနိုင်ရခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲစတဲ့ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
          ထိုနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ တစ်ချိန်တည်းလိုမှာပဲ စက်ရုံအလုပ်ရုံ အလုပ် သမားတွေရဲ့ လစာတိုးပေးရေး၊ လုပ်ငန်းခွင် အခြေအနေ တိုးတက်ကောင်းမွန်ရေး စတဲ့ အချက်အလက်တွေကို တောင်းဆိုတဲ့ အလုပ်သမား ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့တယ်။
          ဒီနောက် လယ်မြေ အသိမ်းခံရတဲ့  တောင်သူလယ်သမားတွေရဲ့ ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတယ်။ ဒီနောက် လျှပ်စစ်မီး  ပြတ်တောက်တဲ့အတွက် ပြတဲ့ ဖယောင်းတိုင် ဆန္ဒပြပွဲတွေ၊ အခွင့်အရေး ချိုးဖောက်ခံရတဲ့အတွက် ဆန္ဒပြပွဲတွေ၊ ရပ်ကွက် ပြောင်းရွှေ့ခံရတဲ့ အတွက် ပြတဲ့ ဆန္ဒပြပွဲတွေ စသည်ဖြင့် ဆန္ဒပြပွဲတွေ အများအပြား ပေါ်ပေါက်လာခဲ့တယ်။
          ဒီနောက်မှာတော့ မြစ်ဆုံရေကာတာ ဖျက်သိမ်းရေး ဆန္ဒပြပွဲ၊ မိုးထိမိုးမိ ရွှေတွင်း လုပ်သားတွေရဲ့ ဆန္ဒပြပွဲ၊ ကချင်ပြည်နယ် တိုက်ပွဲတွေ ရပ်စဲရေး ဆန္ဒပြပွဲ၊ ဒီနောက် လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲ။

ဂယက်ရိုက်ခတ်မှု  အပြင်းထန်ဆုံးပွဲ
လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အရှည်ကြာဆုံးနဲ့ ဂယက်ရိုက်ခတ်မှု အပြင်းထန်ဆုံး ရှိခဲ့ပြီး၊ အစိုးရရဲ့ အင်အားသုံး ဖြိုခွင်းမှုကို ခံခဲ့ရတဲ့ ဆန္ဒပြပွဲကတော့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကို ကန့်ကွက်တဲ့ ဆန္ဒပြပွဲပဲ ဖြစ်ပါတယ်။
          လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆန့်ကျင် ကန့်ကွက်မှုဟာ ဒေသခံ ပြည်သူ တွေရဲ့ ကန့်ကွက်မှုသာ မဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူ့ အလွှာအသီးသီးရဲ့ ကန့်ကွက်မှုအဖြစ်သို့ ပြောင်းလဲလာခဲ့တယ်။ လက်ပံတောင်းတောင် အရေးဟာ ကမ္ဘာကပင် အာရုံစိုက်ရတဲ့ မြန်မာ့ ဒီမိုကရေစီလမ်းကြောင်း ပေါ်က အရုပ်ဆိုး အကျည်းတန်လှတဲ့ အရေး အခင်း တစ်ခုဖြစ်လာခဲ့တယ်။
          မီးလောင် ဗုံးတွေနဲ့ နှိမ်နင်းခဲ့တဲ့အတွက် သံဃာတွေနဲ့ လူပုဂ်္ဂိုလ် အများအပြား ဒဏ်ရာ ရခဲ့ပြီး သံဃာတော် ခြောက်ပါးရဲ့ ဒဏ်ရာတွေဟာ ပြင်းထန် တဲ့အတွက် ဆေးရုံတင်ခဲ့ရတယ်။ သံဃာ တစ်ပါးဆိုရင် မီးလောင်ဒဏ်ရာတွေ ပြင်းထန်တဲ့အတွက် ထိုင်းနိုင်ငံ ဘန်ကောက် မြို့ကိုပင် ဆေးကုသဖို့ ပို့ဆောင်ခဲ့ရတယ်။
          လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်စဲရေးအတွက် ပြည်သူတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုတွေဟာ ယနေ့အထိ မပြီးဆုံးသေးပါဘူး။ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေနဲ့တကွ မြို့အသီးသီးမှာ အင်နဲ့ အားနဲ့ ဆက်လက် ဖြစ်ပွားနေဆဲပဲ ဖြစ်တယ်။
          မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ အတော်ကြာကြာ ရပ်တန့်နေခဲ့တဲ့ အဖမ်း အဆီးတွေ ဟာလည်း ပြန်လည်ပေါ်ပေါက်  လာပါတယ်။ သို့ပေမယ့် လက်ပံတောင်း ကြေးနီစီမံကိန်းကို ကန့်ကွက် ဆန္ဒပြတဲ့ သပိတ်စခန်းတွေဟာ ဆက်လက် ပေါ်ထွက်ခဲ့တယ်။
          တစ်ချိန်တည်းမှာလည်း ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ဟာ အရှိန် လျော့ကျ မသွားဘဲ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။

အခြေခံ အကြောင်းတရားတွေ
ယနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေဟာ ဘာကြောင့် ဘယ်လို ဖြစ်ပွားနေတာလဲ။ ထိုပဋိပက္ခတွေဟာ ဘယ်နေရာမှာ အဆုံးသတ်မှာလဲ။ ဘယ်ပုံ ဘယ်နည်းနဲ့ အဆုံးသတ်မှာလဲ။ တွေးစရာတွေ ရှိလာပါတယ်။
          စက်ရုံ အလုပ်ရုံ အလုပ်သမားတွေရဲ့ဆန္ဒပြမှုတွေ လယ်ယာမြေတွေ အသိမ်းခံရတဲ့ လယ်သမားတွေ၊ အခွင့်အရေး ချိုးဖောက်ခံရတဲ့ ပြည်သူတွေရဲ့ ဆန္ဒပြပွဲတွေမှသည်  လက်ပံတောင်းတောင် ဆန္ဒပြ သပိတ်မှောက်မှုတွေနဲ့ ကချင်ပြည်နယ်တွင်း စစ်မီးအထိ၊ တစ်နံ တစ်လျားမှာ ပေါ်ပေါက်နေတဲ့ ပဋိပက္ခတွေရဲ့ အခြေခံ အကြောင်းရင်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း  ငါးဆယ်အတွင်းက မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အစိုးရ အဆက်ဆက်ရဲ့ အာဏာရှင်စနစ် ကြောင့်ပဲ ဖြစ်ပါတယ်။

          ထိုနှစ် ကာလတွေအတွင်း မြန်မာ နိုင်ငံမှာ
၁။      နိုင်ငံရေး လွတ်လပ်မှု မရှိခြင်း၊ ဒီမိုကရေစီ ကင်းမဲ့ခြင်း။
၂။      အာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့ခြင်း။
၃။      ပြည်သူတွေရဲ့ ပြောရေး ဆိုခွင့်တွေ တားမြစ် ပိတ်ပင်ခဲ့ခြင်း။
၎။      နိုင်ငံရဲ့ စီးပွားရေးကို အာဏာရ အုပ်စုနဲ့ ၎င်းင်းတို့ရဲ့ ခရိုနီ (Cronies) တွေ ကသာ လက်ဝါးကြီးအုပ် ကြိုးကိုင် ချယ်လှယ်ကာ အမြတ်ထုတ်ခဲ့ခြင်း။
၅။      တရားဥပဒေ စိုးမိုးမှု မရှိခြင်း။
၆။      အလုပ်သမားတွေ တောင်သူလယ်သမားတွေဟာ ဥပဒေရဲ့ အကာအကွယ်ကို မရရှိခြင်း။
၇။      စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း။
၈။      အစိုးရ ယန္တရား အဆင့်ဆင့်မှာ အကျင့်ပျက် လာဘ်စားမှုတွေ တွင်တွင်ကျယ်ကျယ် ပေါ်ပေါက်ခဲ့ခြင်း၊ ပေါ်ပေါက် နေဆဲဖြစ်ခြင်း။
၉။      ပွင့်လင်း မြင်သာမှု ကင်းမဲ့ခြင်းဆိုတဲ့ အပျက်သဘောကိုဆောင်တဲ့ အခြေခံ အကြောင်း တရားတွေ  အားကောင်းခဲ့ ပါတယ်။

ပြည်သူတွေ ဆိုးကျိုး ခံစားခဲ့ရ
နိုင်ငံရေး ပွင့်လင်းမှုမရှိတဲ့ နှစ်ကာလတွေ တစ်လျှောက်မှာ ပြည်သူတွေဟာ အထက်ပါ အခြေခံ အကြောင်းတရားတွေရဲ့ ဆိုးကျိုးတွေကို ခါးစည်းခံခဲ့ကြရတယ်။ ပြည်သူတွေဟာ မိမိတို့ရဲ့ဘ၀မှာ ရင်ဆိုင်ခံစားနေရတဲ့ ဒုက္ခသုက္ခတွေ နစ်နာဆုံးရှုံးမှုတွေကို ဖွင့်ဟ ပြောဆို နိုင်ခွင့်မရ ခဲ့ကြပါဘူး။
          ယင်းသို့ ပြောဆိုခွင့် မရခဲ့ကြရုံ သာမကဘဲ မတရား ဖမ်းဆီးမှုတွေ၊ ဗိုလ်ကျ အနိုင် ကျင့်မှုတွေကိုလည်း အမျိုးမျိုး ခံခဲ့ကြရတယ်။ ဒါ့အပြင် ပြည်သူ တွေဟာ စီးပွားရေး ကျဆင်းမှု ဒဏ်ကိုလည်း အလူးအလဲ ခံခဲ့ကြရပါတယ်။
          ထိုအဖြစ်တွေကြောင့်ပဲ ပြည်သူတွေဟာ ဒီမိုကရေစီ ရောင်ခြည်သမ်းလာပြီလို့  အဆို ရှိတဲ့ အချိန်မှာတော့ မိမိတို့ရဲ့ မကျေနပ်ချက်တွေ၊ နစ်နာချက်တွေကို ဖော်ထုတ် တင်ပြ လာကြတာပါ။
          ယနေ့ အချိန်မှာတော့ ပြည်သူတွေရဲ့  ဆန္ဒ ဖော်ထုတ်ပွဲတွေနဲ့ ယင်း ဆန္ဒပြပွဲတွေကို တာဝန်ရှိသူတွေက မှန်မှန်ကန်ကန် ဖြေရှင်းမပေးမှုကြောင့် ပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေဟာ ပြင်းထန်လာခဲ့တယ်။
          ယနေ့ အချိန်မှာ အရေးတကြီး စဉ်းစားဖို့ လိုလာတဲ့ အချက်ကတော့ ထိုပဋိပက္ခတွေရဲ့ အဆုံးသတ်ဟာ ဘယ်လို ဖြစ်လာနိုင်မလဲဆိုတဲ့  အချက်ပဲဖြစ် တယ်။
          အကယ်၍ အစိုးရကလည်း ဒီမိုကရေစီဆီကို လုံးဝ မမှိတ်မသုန် ဦးတည်နေမယ်၊ ဒီမိုကရေစီ လမ်းကြောင်းကနေ တစ်လက်မမှ နောက်ကြောင်း ပြန်လှည့်ဖို့  မစဉ်းစားတဲ့ အစိုးရ တစ်ရပ် ဖြစ်မယ်ဆိုရင်တော့ ပဋိပက္ခတွေ အားလုံးကို ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီသာ ဆုံးဖြတ် ရမှာ ဖြစ်ပါတယ်။
          အစိုးရအနေနဲ့ ပြဿနာ မှန်သမျှကို ပြည်သူတွေ၊ ပြည်သူ့ ကိုယ်စားလှယ် စစ်စစ်တွေ၊ လူထုအဖွဲ့အစည်းတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ ဆွေးနွေးညှိနှိုင်းကာ အဖြေရှာတဲ့နည်းကို ကျင့်သုံးရမှာပါ။
          တစ်ချိန်တည်းမှာ ပြည်သူတွေ ဘက်ကလည်း မိမိတို့ရဲ့ ဆန္ဒဖော်ထုတ်မှု  လှုပ်ရှားမှု မှန်သမျှကို မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးကိုသာ ဦးတည်ပြီး လုပ်ဆောင်သင့်ပါတယ်။ အချိန်မကျသေးခင် တိုက်ပွဲ အရှိန်မမြှင့်သင့်ပါဘူး။ တိုက်ပွဲကျွံတဲ့ အခြေအနေအထိ မရောက်ဖို့ သတိရှိရှိနဲ့  ကိုင်တွယ်သင့်ပါတယ်။
          တစ်ချိန်တည်းမှာလည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဒီမိုကရေစီစနစ် လုံးဝ အောင်ပွဲခံနိုင်ရေးအတွက် စည်းရုံးပြင်ဆင်မှုတွေ လုပ်သင့်ပါတယ်။ ဒီမိုကရေစီ အင်အားစ တွေရဲ့ ညီညွတ်ရေးကို ပိုမို ခိုင်မာလာအောင် တည်ဆောက် သင့်ပါတယ်။
          ယနေ့အချိန်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး အဖြေရှာဖို့ အတွက် ညှိနှိုင်းဆွေးနွေး အဖြေရှာလို့ မရခဲ့ရင်တော့ အစိုးရအနေနဲ့ ပြည်သူ့ဆန္ဒခံယူပွဲ တစ်ရပ် ကို ကျင်းပပေး သင့်တယ်လို့ပဲ ဆိုချင်ပါတယ်။
          ယနေ့ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို စစ်မှန်တဲ့ ပြည်သူ့ဆန္ဒ အပေါ်မှာ အခြေခံတဲ့ နည်းလမ်းနဲ့ ဖြေရှင်းမယ်ဆိုရင်တော့ ရေရှည်တည်တံ့ပြီး နိုင်ငံနဲ့ ပြည်သူလူထုကို အကျိုး ပြုမယ့် အဖြေကို ရရှိမှာ ဖြစ်ပါတယ်။
          အကြမ်းဖက် နှိမ်နင်းမှု၊ အင်အားသုံးဖြိုခွဲမှု၊ ဖမ်းဆီး နှိပ်ကွပ်မှုဆိုတဲ့ နည်းလမ်းတွေနဲ့ ဖြေရှင်းမယ် ဆိုရင်တော့  ယနေ့ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေရဲ့ သံသရာဟာ ရှည်ကြာဦးမှာသာ ဖြစ်ပါတယ်။ ပဋိပက္ခတွေ အဆုံးသတ်ဖို့အတွက် ပေးဆပ်ရတဲ့ တန်ဖိုးဟာ လွန်စွာကြီးမားမှာ ဖြစ်ပါတယ်။    

ဝင်းထွဋ်ဇော်
(အတွဲ ၃၊ အမှတ် ၁၂၅၊ ပြည်သူ့ခေတ် ဂျာနယ်)         

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...