Wednesday, December 19, 2012

~ မသာယာပါနဲ့ - မတောင့်တပါနဲ့ လို့ ဆိုတာဟာ ~


by Vipassana on Wednesday, December 19, 2012 at 10:12pm ·

မသာယာပါနဲ့ - မတောင့်တပါနဲ့ လို့ ဆိုတာဟာ - အပြောလွယ်သလောက် လက်တွေ့ကျတော့ မလွယ်ပါဘူး။ အလွန်ခက်ပါတယ်။

ဘာကြောင့်လဲ ဆိုရင် တဏှာဆိုတဲ့ သာယာ တောင့်တ တဲ့ ဒီအာသဝ တရားဟာ ဘုံအားဖြင့် ဘဝဂ်၊ ဓမ္မအားဖြင့် ဂေါတြဘူ တိုင်အောင် လိုက်ပြီး စီးသွားတတ်၊ သာယာတတ်တဲ့ အတွက် ကြောင့်ပဲ။

ဒါ့ကြောင့် ဈာန် သမာပတ် ရအောင် အားထုတ်တဲ့ သူမှာ မရမီ ကပဲ ရချင်တဲ့ တဏှာတွေက ဖြစ်လာနိုင်တယ်။ ရပြန်တော့လည်း အဲ့ဒီ ရလာတဲ့ ဈာန်ကို သာယာပြန်တယ်။ ဝိပဿနာ ရှုတဲ့ ပုဂ္ဂိုလ်မှာလည်း အားထုတ် ခါစမှာ စိတ်က မငြိမ်သက်သေးဘူး။ နီဝရဏ စိတ်တွေနဲ့ ရောနေသေးတယ်။ မစင်ကြယ်သေးဘူး။ ဒါကြောင့် စိတ် စင်ကြယ်မှု၊ သမာဓိ ဖြစ်မှု ကို ရချင်တယ်။ စိတ်တွေ မပျံ့လွင့်ဘဲ ငြိမ်ငြိမ်သက်သက်နဲ့ အမှတ်ကောင်း နေစေချင်တယ်။
အဲ့ဒီလို ငြိမ်ငြိမ်သက်သက်နဲ့ မှတ်ကောင်းလာပြန်တော့ အဲ့ဒီ မှတ်လို့ ကောင်းတာလေးကို သာယာ ပြန်တယ်။

အဲ့ဒီ အခါ စိတ်ကလေးဟာ ဘယ်လိုမှ မပျံ့လွင့်၊ မပြေးသွားတော့ဘဲ မှတ်သင့်တဲ့ အာရုံကလေး တွေရဲ့ အပေါ်မှာသာ ကျလျက် ကျလျက် ဖြစ်တယ်။ တည်ငြိမ်နေပါတယ်။ မှတ်စရာ အာရုံတွေက ပြောင်းလဲ နေပေမယ်လို့ မှတ်စိတ်ကလေးရဲ့ တည်ငြိမ်ပုံ ကတော့ မပြောင်းလဲဘူး။ တသမတ် တည်း ဖြစ်ပြီး တည်ငြိမ်နေတယ်။ အဲ့ဒါကို ဝိပဿနာ ခဏိက သမာဓိ လို့ ခေါ်ပါတယ်။ ဒါဟာ သမထ ဘာဝနာ အလုပ်က ရလာတဲ့ ဥပစာရသမာဓိ နဲ့ တူညီနေပါတယ်။ ဒါကြောင့် အဲ့ဒါကို စိတ္တဝိသုဒ္ဓိ လို့ ဆိုရတယ်။

ဒီလို စိတ်စင်ကြယ်ပြီး အမှတ်ကောင်းလာတော့ ရုပ်နာမ်တွေကို ပိုင်းပိုင်းခြားခြား သိလာတယ်။ မှတ်ရတဲ့ အာရုံရုပ်က တခြား၊ မှတ်သိတဲ့ စိတ်က တခြား စသည်ဖြင့် ရုပ်နဲ့ နာမ် တစ်ခြားစီ ကွဲပြားပြီး သိလာတယ်။ အဲ့ဒါာ နာမရူပ ပရိစ္ဆေဒဉာဏ် ပဲ။ အဲ့ဒီလို သိတာကိုလည်း သာယာပြန်တာပဲ။

အဲ့ဒီကနောက် ဆက်ပြီး ရှုမှတ် သွားပြန်တော့ အကြောင်းတရားနဲ့ အကျိုးတရား မျှပဲ ဆိုတာကိုလည်း ရှုမှတ်နေရင်း သိလာတယ်။ ဖြစ်ပြီးရင်း ပျက်သွားရင်း ဖြစ်ပြီးရင်း ပျက်သွားရင်း နဲ့ အနိစ္စ - မမြဲတာတွေ ချည်းပဲ။ ဒုက္ခ - နှစ်သက်စရာ အားကိုးစရာ မရှိ တဲ့ ဆင်းရဲတွေ ချည်းပဲ။ အနတ္တ အသက်ကောင် သတ္တဝါကောင် မဟုတ်တဲ့ သဘောတရားမျှချည်းပဲ ဆိုတာတွေကိုလည်း ရှုမှတ် နေရင်း သဘောကျပြီး သိလာတယ်။ အရောင်အလင်း တွေကိုလည်း တွေ့ရတယ်။ ကိုယ်ထဲ စိတ်ထဲမှာ ပီတိပဿဒ္ဓိတွေ၊ ချမ်းသာမှု၊ ဝမ်းသာမှုတွေ ဖြစ်လာတာကိုလည်း တွေ့ရတယ်။ အဲ့ဒါတွေကိုလည်း သဘောကျ သာယာပြန်တာပဲ။ အဲ့ဒါကိုလည်း ရှုမှတ်ပြီး ပယ်ရတယ်။

အဲ့ဒါကို ပယ်ပြီး ဆက်လက် ရှုမှတ်သွားရင် မှတ်တိုင်း မှတ်တိုင်း ကုန်ကုန် ပျောက်ပျောက် နေတာကိုချည်း တွေ့ရတယ်။ အဲ့ဒါက ဘင်္ဂဉာဏ် တဲ့။ အတိုချုံး ပြောရင် - အဲ့ဒီက ဆက်အားထုတ်သွားတော့ ဝိပဿနာ ဉာဏ်တွေ အစဉ်အတိုင်း တက်ပြီး သင်္ခါရုပေက္ခာဉာဏ် လည်း ရောက်သွားတော့တာပဲ။

အဲ့ဒီ သင်္ခါရုပေက္ခာ ဉာဏ် ရောက်တော့ ဘာမှ ကြောင့်ကြ မစိုက်ရတော့ဘဲနဲ့ အမှတ်အသိကလေးတွေဟာ သိမ်သိမ်မွေ့မွေ့ နဲ့ အဆင်သင့် သူ့ဟာသူ မပြတ် ဖြစ်နေတယ်။ အဲ့ဒါကိုလည်း သဘောကျနေ နှစ်သက်နေ တတ်ပြန်တာပဲ။

အဲ့ဒီ သဘောကျတာကို ရှုမှတ်ပယ်ပြီး မှတ်မြဲမပြတ် မှတ်သွားရင် အရိယမဂ်ဉာဏ် ဖြစ်နိုင်လောက်တဲ့ အခါ၊ အမှတ်အသိကလေးတွေဟာ သူ့အလိုလိုပဲ အထူးသွက်လက် လျင်မြန်လာတယ်။ ဒီလို အလျင်အမြတ် သိနေရင်း ထဲက သင်္ခါရ ချုပ်ငြိမ်းတဲ့ သဘောဆီကို ညွှတ်သွားတယ်။ အဲ့ဒါက ဂေါတြဘူစိတ် ပဲ။ အဲ့ဒီလို ညွှတ်ပြီး အဲ့ဒီ သင်္ခါရ ချုပ်ငြိမ်းတဲ့ သဘောထဲကို ကျရောက်သွားပါတယ်။ အဲ့ဒါကတော့ မဂ်ဖိုလ် ပဲ။ အဲ့ဒီ ဂေါတြဘူ၊ မဂ်၊ ဖိုလ် ဖြစ်နေတဲ့ အချိန်မှာတော့ သာယာတဲ့ တဏှာ ဖြစ်ဖို့ အခွင့်မရဘူး။ ချုပ်ငြိမ်းတဲ့ သဘောထဲ ကျရောက်သွားတဲ့ မဂ် ဖိုလ် ဖြစ်ပုံကလည်း သာယာဖွယ် အနေနဲ့ မထင်ဘူး။ ဒါကြောင့် မဂ်ဖိုလ် နိဗ္ဗာန် ဆိုတဲ့ တရားတွေကိုတော့ သာယာတပ်မက်မှု မဖြစ်နိုင်ဘူး။

ဒါပေမယ့် ပြန်လည် စဉ်းစားမိတဲ့ အခါမှာ ရှေ့ပိုင်းက အထူးသွက်လက်ပြီး တက်လာတဲ့ ဝုဋ္ဌာနဂါမိနီ ဝိပဿနာ နဲ့ ချုပ်ငြိမ်းရာ ဆီကို ညွှတ်သွားတဲ့ ဂေါတြဘူ စိတ်ကိုတော့ သာယာတပ်မက်မှု ဖြစ်နေမယ် ဆိုရင် ဖြစ်နိုင်သေးတယ်။ အဲ့ဒီ ဉာဏ်တွေ မဖြစ်မီကလည်း မျှော်လင့်တောင့်တမှု ဖြစ်နိုင်တယ်။ ဒါကြောင့် ဒီ သာယာတပ်မက်မှု တဏှာကို ဓမ္မအားဖြင့် ဂေါတြဘူ တိုင်အောင် စီးသွားတတ်တယ် လို့ ဆိုရတာ ဖြစ်ပါတယ်။

ယခု ပြောခဲ့တဲ့ အတိုင်း ဘုံအားဖြင့် ဘဝဂ်၊ ဓမ္မအားဖြင့် ဂေါတြဘူ တိုင်အောင် အရိယမဂ်နား အထိ လိုက်ပြီး ဖြစ်နိုင်တဲ့ ဒီ အာသဝ ကိလေသာတွေဟာ အတော်ကို အစွမ်းကောင်းတဲ့ တရားဆိုး တွေ ပါပဲ။ သာယာဖွယ် အာရုံတွေဆီကို အာသဝ တဏှာက နှစ်သက်သာယာပြိး စီးဆင်းသွားတာတွေပဲ။

အဲ့ဒီလို စီးဆင်းသွားတတ်တဲ့ တဏှာကို စီးဆင်းခွင့် မရစေရအောင် ဆိုရင် ပေါ်လာသမျှ အာရုံတွေကို မပြတ် ရှုမှတ် နေရတယ်။ အမှတ်ကတော့ မပြတ် ရှုမှတ်နေမယ် ဆိုရင် - မြင်ရာမှာလည်း ဖြစ်ပြီး ပျောက်သွားလို့ မမြဲဘူး - အနိစ္စ - ဒုက္ခ - အနတ္တ ပဲ ဆိုတာ သိရတယ်။ ကြားရာ၊ နံရာ၊ စားသိရာ၊ တွေးထိရာ၊ ကြံသိရာ တွေကလည်း ဖြစ်ပြီး ပျောက်သွားလို့ မမြဲဘူး။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ပဲ ဆိုတာ သိရတယ်။ ဒါကြောင့် ဘယ်မှာမှ သာယာစရာ မရှိဘူး။ မရှုနိုင်၊ မမှတ်နိုင်၊ မသိနိုင်ကြလို့သာ ဒီအာရုံ ခြောက်ပါးကို သာယာဖွယ် လို့ ထင်နေတာပဲ။ သာယာဖွယ် ထင်လို့ အဲ့ဒီ အာရုံတွေ နောက်ကို လိုက်ပြီး ကြောင့်ကြစိုက်ရင်း ဒုက္ခ ရောက်ကုန်ကြရတော့တယ်။

ပုရာဘေဒသုတ် တရားတော်၊ မဟာစည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...