Saturday, November 7, 2015

ဇွန်းနဲ့လင်ပန်း

ညက ညဥ့်နက်အောင် စာရေးနေမိလို့ မနက်စောစော မပျော့်တပျော် ဆက်ပြီး မှိန်းနေချိန်မှာ
“ဗြန်း … ဗြန်း … ဗြန်း … ဘုံး … ဘုံး … ဘုံး”
ဆိုတဲ့ အသံတွေကြောင့် လန့်နိုးသွားတယ်။ ဘာလဲဟ ဆိုပြီး ပြတင်းတံခါးဖွင့်လိုက်တော့ ငတာ။ ဒီကောင် လုပ်လိုက်ရင် သောက်ဆန်းကြီးပဲ။ ခုလည်းကြည့်လေ
လက်တစ်ဘက်က လင်ပန်းကြီးကိုကိုင် တဗြန်းဗြန်းထု၊ လည်ပင်းမှာ ဆွဲလာတဲ့ ဆီပုံးကိုလည်း တဘုံးဘုံးရိုက်ပြီး လမ်းထဲဝင်လာတယ်။
ထုံးစံအတိုင်း သူလာရင် သူ့ဘော်ဒါခွေးအပေါင်းက ဘေးကနေ တဝေါင်းဝေါင်းနဲ့ ဆိုတော့ တစ်လမ်းလုံး အပြင်ထွက်ကြည့်ကြရတဲ့အထိ ဖြစ်သွားတယ်။
“မိဘပြည်သူများ ဗြန်း … ဗြန်း … ဗြန်း … ဘုံး … ဘုံး … ဘုံး .. ယနေ့ည ဥက္ကဋ္ဌဦးဆောင်တဲ့ ပါတီကနေ မိဘပြည်သူတွေကို ဖျော်ဖြေပွဲကြီး ဝှဲချီးကျင်းပပါလိမ့်မယ်။ ဗြန်း … ဗြန်း … ဗြန်း … ဘုံး … ဘုံး … ဘုံး .. နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် နေယောင်နဲ့ ဇွန်ကြီးတို့က “ဘာမှမပါတဲ့ ဗလာ” ဆိုတဲ့ ပြဇာတ်ကို ကပြ အသုံးတော်ခံပါ့မယ် ဗြန်း … ဗြန်း … ဗြန်း … ဘုံး … ဘုံး … ဘုံး… လူရွှင်တော် ဘူးလက်က ပြည်သူတွေကို “ဇဂနာငိုသွားမယ်” ဆိုတဲ့ ဟာဒယရွှင်ဆေးနဲ့ တိုက်ကျွေးပါ့မယ် ဗြန်း … ဗြန်း … ဗြန်း … ဘုံး … ဘုံး … ဘုံး
… ဥက္ကဋ္ဌမိန်းမ ဦးစီးတဲ့ ပြာကလပ်စိန် ယိမ်းအဖွဲ့က “ဖရဲသီးယိမ်း” နဲ့ ကပြဖျော်ဖြေပါ့မယ် ဗြန်း … ဗြန်း … ဗြန်း … ဘုံး … ဘုံး … ဘုံး..” သီတင်းကျွတ်ဖျော်ဖြေပွဲကို နှစ်တိုင်းကျင်းပနေကျပဲ။ ဒါပေမယ့် ပြင်ပက ပုဂ္ဂိုလ်တွေ ခေါ်ပြီး ကျင်းပတာ ကျွန်တော်တို့ရပ်ကွက်ထုံးစံမဟုတ်ဘူး။
“ငတာ မင်းပေါက်ကရ လျှောက်အော်မနေနဲ့။ မင်းကို ဘယ်သူက အဲဒီလို လျှောက်အော်ခိုင်းတာလဲ”
“ဘယ်သူရှိရဦးမလဲ ကျောင်းဆရာရ ဥက္ကဋ္ဌကိုယ်တိုင်ပေါ့။ သူတို့ပါတီမဲဆွယ်တဲ့ သဘောသက်ရောက်အောင် လူလည်းစည်အောင် ခုတစ်လော ဟစ်ဟော့ဖြစ်နေတဲ့ လူတွေကို ဖိတ်ပြီးတော့ကို မဲဆွယ်မှာတဲ့”
“ဗြန်း … ဗြန်း … ဗြန်း … ဘုံး … ဘုံး … ဘုံး..”
ဖျော်ဖြေပွဲနေ့က နေယောင်လည်း မလာဘူး၊ ဇွန်ကြီးလည်းမလာဘူး၊ ရူးကြောင်ကြောင် လူရွှင်တော်ဘူးလက် လည်း မလာဘူး။
ဒီအချိန်မှာ ငတာတစ်ယောက် စင်ပေါ်ကို တက်လာပြီး လင်ပန်းနဲ့ ပုံးကိုထုလိုက်တယ်
“ဗြန်း … ဗြန်း … ဗြန်း … ဘုံး … ဘုံး … ဘုံး..”
“မိဘပြည်သူများ ခင်ဗျား … မိဘပြည်သူများခင်ဗျား … မစိုးရိမ်ပါနဲ့ ဗြန်း … ဗြန်း … ဗြန်း … ဘုံး … ဘုံး … ဘုံး.. ဇွန်ကြီးမလာရင်လည်း ဇွန်ကြီးလောက် အလုံးအထည်ရှိတဲ့ ဥက္ကဋ္ဌရဲ့ ဇနီး ဇွန်းကြီးက ပြဇာတ်ကို ဆက်ကမှာပါ။ ပရိသတ်တောင်းဆိုရင် သူထွက်လာမှာပါ”
အဲဒီအချိန်မှာ ပရိသတ်က “ ဇွန်းကြီး …. ဇွန်းကြီး” ဆိုပြီးဝိုင်းအော်ကြတယ်။
သူ့မိန်းမ ငယ်နာမည်ကို စင်ပေါ်တက်ပြီး ဖော်ထုတ်လိုက်တဲ့ ငတာ့ကို ဥက္ကဋ္ဌက ဓားနဲ့လိုက် … ရယ်လိုက်ရတာဗျာ။
၅.၁၁.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...