ကွယ်လွန်ပြီးနောက် သရဏဂုံတင်တဲ့ရည်ရွယ်ချက်။
ဓမ္မရတနာ
ကွယ်လွန်ပြီးနောက်အလောင်းကို သရဏဂုံတင်မှုဟာဗုဒ္ဓဘာသာဝင်တွေရဲ့ ထုံးစံတစ်ခုဖြစ်နေပါပြီ။ဘယ်လောက်ပဲ ဆင်းရဲနိမ်းပါးပါစေကျန်ရစ်သူမိသားစုတွေက သရဏဂုံတင်ဖြစ် အောင်ကြိုးစားတတ်ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့်အလောင်းကို သရဏဂုံတင်ခွင့်မရလိုက်တဲ့အခါမျိုးမှာ အင်မတန်ဝမ်းနည်းပက်လက် ဖြစ်တတ်ကြပါတယ်။
တကယ်တော့တစ်ဦးတစ်ယောက် ကွယ်လွန်တဲ့အခါအသက်ရှင်စဉ်ကသရဏဂုံ ယူထား ခဲ့ရင်လည်း ပျက်ပြယ်သွားပါပြီ။
အလောင်းကောင်ကဘာမှမသိနိုင် မဆိုနိုင်တဲ့အတွက်သရဏဂုံ တင်ပေးပေမဲ့သရဏဂုံမရနိုင်တော့ပါဘူး။ ဒါပေမဲ့ကွယ်လွန်သူဟာပြိတ္တာအုပ်စုမှာ ပါဝင်တဲ့ တစ္ဆေ၊သရဲ၊မင်စာ၊နတ်စိမ်း စတဲ့ဘ၀မျိုးကို ရောက်နေခဲ့ရင်သရဏဂုံယူနိုင် ဆောက်တည်နိုင် ပါတယ်။
ဒါကြောင့်..တကယ်လို့များ ဒီလိုဘ၀မျိုးကို ရောက်နေခဲ့ရင်သရဏဂုံဆောက်တည်နိုင်ပါ စေ၊သရဏဂုံနှင့်စပ်တဲ့အကျိုးတွေကို ခံစားနိုင်ပါစေဆိုတဲ့ရည်ရွယ်ချက်။
..အနီးအနားမှာရှိတဲ့အခြားတစ္ဆေ၊သရဲစတဲ့ သရဏဂုံယူနိုင်သူတွေလည်းသရဏဂုံခံယူ ဆောက်တည်ပြီးသရဏဂုံနှင့်စပ်တဲ့ အကျိုးတွေကိုရရှိခံစားနိုင်ကြပါစေဆိုတဲ့ ရည်ရွယ်ချက်။
..လက်ရှိဘ၀ကျန်ရစ်သူမိသားစုဆွေမျိုး၊ မိတ်ဆွေအပေါင်းအသင်းများလည်း သရဏဂုံ ဆောက်တည်ပြီးသရဏဂုံနှင့်စပ်တဲ့ အကျိုးထူးတွေကိုရရှိနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်။
ဒီလိုမွန်မြတ်သန့်စင်တဲ့ ရည်ရွယ်ချက်တွေနှင့်ကွယ်လွန်ပြီးနောက် အလောင်းကိုသရဏဂုံ တင်ကြခြင်းဖြစ်ပါတယ်။။
{အရှင်နန္ဒသေနာလင်္ကာရ(မဟာဓမ္မစရိယ၊ M,A)၏ဓမ္မဗိမာန်-ဓမ္မစာပေ ပထမဆုရ ဘာသာရေး အနှစ်သာရများ မှ ကောက်နုတ်ရေးသားပူဇော်ပါသည်။}

0 comments:
Post a Comment