Tuesday, November 24, 2015

ဥယျာဉ်မှူး၏ ဝေဒနာ


(၁)
ဆရာကြီး ဦးမြင့်မောင်ရဲ့ ရင်ထဲကိုတိုးဝှေ့ဝင်လာတဲ့ စာလေးတစ်စောင်၊ ဒီစာကလေးမှာ ကိုးတန်း တက်နေတဲ့ သမီးကြီးရဲ့စာ။ ဒီစာကိုအကြိမ်ကြိမ်ဖတ်ပြီးပေမယ့် ဘယ်လိုမှအဖြေရှာလို့မရသေးတာ တော့အမှန်။ ဒါကြောင့်လည်း သက်ပြင်းမောတွေကို အခါခါမှုတ်ထုတ်ရင်း အဖြေရှာနေမိတယ်။
သမီးကြီးရဲ့ စာထဲမှာ -
"ဖေဖေ - သမီးတို့ နယ်ကလာကြတဲ့
သူငယ်ချင်းတွေစုပြီး ကျောင်းကဆရာမတစ်ယောက်ဆီမှာ နှစ်ဘာသာလောက် ကျူရှင်ယူချင်တယ်။ ဝိုင်းသဘောမျိုးပါ။ ဆရာမကလည်း မအားတဲ့ကြားထဲက သင်ပေးရမှာတဲ့ ဖေဖေ။ တစ်လကို တစ်ဘာသာနှစ်ရာဆိုတော့ တစ်လလေးရာတော့ကုန်မယ် ဖေဖေ။ ဖေဖေနဲ့ မေမေတိုင်ပင်ပြီး အဆင်ပြေမှ သမီးတက်မှာပါ။"
သမီးကြီး၏ တောင်းပန်းတိုးလျှိုးအားငယ်စွာ ရေးလာသည့်ဆန္ဒတွေကို ပြည့်ဝအောင်ဖြည့်စွမ်းပေးလို သည်က ဆရာကြီးဦးမြင့်မောင်၏ အကြီးမားဆုံး ဆန္ဒတစ်ခုပင်။
သားသမီးလေးယောက်အနက် အကြီးဆုံးသမီး၊ မိသားစုဘဝကို နားလည်ပြီးမိဘစိတ်ဆင်းရဲအောင် တစ်ခါဘူးမျှ မကြံစဖူးမပြောစဖူး မလုပ်စဖူးသော သမီး။ ဖေဖေကျောင်းဆရာ မေမေကျောင်းဆရာမတို့ ရဲ့ အဦးဆုံးသမီးကြီးမို့ ပညာရေးနှင့်ပတ်သပက်လို့ ထူးချွန်ထက်မြက်တဲ့ သမီးကြီးဖြစ်စေရမယ်လို့ ဆန္ဒတွေမိုးထိလုထားခဲ့ရတဲ့ သမီး။ သမီးကြီးကလိုအပ်လို့တောင်းဆိုလာတဲ့ ဒီအရေးကိုမှ ဖြည့်ဆည်း မပေးနိုင်လျှင်ဆိုတဲ့အတွေးနဲ့ ဆရာကြီးဦးမြင့်မောင် ငေးမိငေးရာ ငေးနေမိတယ်။ ဆရာကြီး ဦးမြင့် မောင်ရဲ့ စားပွဲပေါ်က ဖတ်လက်စသတင်းစာ မျက်နှာဖုံးကိုမျက်လုံးက အလိုလိုကြည့်လိုက်မိတယ်။
"ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာအထက်တန်း ပညာရည်ချွန်ဆုရ ကျောင်းသူ၊ ကျောင်းသားများ စာရင်း" တဲ့။
ညစာစားအပြီးမှာတော့ ဆရာကြီးဦးမြင့်မောင်နဲ့ ဆရာကတော် ဒေါ်အေးအေးတို့ရဲ့ ဆွေးနွေးပွဲဝိုင်း လေးစဖြစ်ပါတယ်။
"ကဲ အဖေကြီး သမီးကျူရှင်ကိစ္စ ဘယ်လိုလုပ်ကြမလဲ"
"ဟေ ဘယ်လိုလုပ်ရမယ်ဆိုတာ မစဉ်းစားတတ်လို့ မင်းကိုတိုင်ပင်တာပေါ့ကွ၊ ဘယ်လိုလုပ်ရမယ်ဆို တာသိရင် အခုအချိန် ငါသမီးဆီ ရောက်နေပြီသိလား"
ဆရာကြီးရဲ့ ခပ်ထန်ထန်လေသံကို နားလည်စွာနဲ့ ဒေါ်အေးအေးရယ်မောလိုက်တယ်။ ဒီလိုနဲ့ ဆွေးနွေး ပွဲလေးဟာ အချိန်ကြာလာတယ်။ နောက်ဆုံးမှာတော့ ဆွေးနွေးပွဲလေးကို နိဂုံးချုပ်အမှာစကားပြော ကြားတဲ့သူကလည်း ဆရာကတော် ဆရာမဒေါ်အေးအေးပဲ ဖြစ်ပါတော့တယ်။
"အဖေကြီး သမီးကျူရှင်ကိစ္စကို စဉ်းစားပြီးတွေးပူ မနေနဲ့။ အဖေ အမေဆရာနဲ့ ဆရာမက မွေးလာတဲ့ သမီးဦးစနေ အရာရာမှာထက်ထက်မြက်မြက် ရှိစေချင်လွန်းလို့ "ထက်ထက်အောင်" လို့အမည်ပေးခဲ့ တဲ့သမီး၊ ပညာရေးမှာထူးချွန်စေရမယ်။ သမီးကျူရှင်စရိတ် ဖြစ်အောင်ရှာပေးမယ်၊ ရှင်ဒီလလစာထုတ် မြို့သွားရင်သာ သမီးကိုကျူရှင်အပ်ခဲ့ပေတော့"
"နေစမ်းပါဦး၊ မင်းက ကျူရှင်စရိတ် တစ်လလေးရာကို ဘယ်လိုရှာနိုင်မှာမို့ လွယ်လွယ်ပြောလိုက်ရ တာလဲ"
အံသြစိတ်နဲ့တုန်ယင်စွာ မေးလိုက်တဲ့ဆရာကြီးရဲ့အမေးကို ဒေါ်အေးအေးက ပြန်မဖြေဘဲ အပြုံးလေး နဲ့လက်မလေး ထောင်ပြလိုက်ပါတော့တယ်။
အဲဒီအချိန်မှာ ခြေရင်းအိမ်က ရေဒီယိုသံက ပြန်လွင့်လာပါတော့တယ်။ နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရဲ့ အမျိုးသားရေး ဆောင်ပုဒ်များပါ။ အဲဒီဆောင်ပုဒ်များထဲက ဒေါ်အေးအေး ရဲ့ရင်ထဲမှာ စွဲသွားစေတာက "ခြိုးခြံချွေတာ ပြည်ချမ်းသာ" တဲ့။
မိမိရဲ့အမေးအတွက် သိလိုတဲ့အဖြေကို သိခွင့်မရရှာတဲ့ ဆရာကြီးရဲ့အဖြစ်ကတော့ ပုစ္ဆာတစ်ပုဒ်ကို အဖြေရှာမရလို့ စိတ်ညစ်နေရှာတဲ့ကလေးငယ်တစ်ယောက် နှယ်ပါပဲ။
မြို့ပြရဲ့ နံနက်ခင်းဟာ လှုပ်ရှားသက်ဝင်နေပါသည်။ ယနေ့နံနက်မှာ သမီးကြီးကို ကျူရှင်အပ်ပေးနိုင်ဖို့ ဆရာကြီးကိုယ်တိုင် သမီးကြီးနဲ့အတူ လာခဲ့ကြပါတယ်။ တကယ်ဆိုတော့ သမီးကြီးကို အခုလိုမြို့ ကျောင်းသို့ ပို့နိုင်ခဲ့သည်မှာပင် ဆရာကြီး၏ အစ်ကိုရဲ့ကျေးဇူးကြောင့်ပင်။ သမီးကြီး၏ နေထိုင်စား သောက်ရေး ကိစ္စမှန်သမျှကို အစ်ကိုတို့မိသားစုမှာ တာဝန်ယူပေးခဲ့လို့ ဖြစ်တယ်။
မိသားစု ၇ ယောက်ရှိတဲ့ ဆရာကြီးတို့ မိသားစုရဲ့ နေ့စဉ်စားဝတ်နေရေး အခက်အခဲတွေကြားမှ သမီး ကြီးကျောင်းစရိတ်၊ နေထိုင်စားသောက်စရိတ်နဲ့ ကျူရှင်စရိတ်တွေသာ ပေါင်းရမယ်ဆိုရင်တော့ သမီး ကြီကျောင်းဆက်နေရေးမှာ မလွယ်လှပါ။ ယခုကျူရှင်စရိတ်တစ်ခုထဲကိုပင် အတော်လေးကြိုးပမ်းခဲ့ရပါ တယ်။
သမီးကြီးကို ကျူရှင်ဆရာထံမှာ ကိုယ်တိုင်ကိုယ်ကျလာရောက်အပ်နှံတဲ့ ဆရာကြီးရဲ့စိတ်ဓာတ်ဟာ မွန်မြတ်သန့်စင်ပါတယ်။ ဆရာကြီးကိုယ်တိုင်က တပည့်ရင်သွေးငယ်လေးတွေကို စေတနာ ဝါသနာ အနစ်နာဆိုတဲ့ နာသုံးနာအပြည့်နဲ့ ကျောင်းစာသင်ချိန်တွေမှာ မခိုမကပ်သင်ပေးခဲ့သလို ရသမျှအချိန် လေးတွေကိုလုပြီး အချိန်ပိုသင်ကြားရေးတွေနဲ့ အားဖြည့်နေသူပါ။ သို့သော်ယနေ့ ကုန်ဈေးနှုန်းကြီးမြင့် နေမှုကြောင့် ရတဲ့လခနဲ့မလောက်ငလို့ ကျူရှင်ပြတယ်။ အပိုဝင်ငွေရှာတယ်ဆိုတာ ဆရာကြီးနားလည် ခွင့်လွှတ်ပါတယ်။ မြို့ပြလူနေမှုစနစ်က ဆရာကြီးတို့ ကျေးလက်ထက် အစစမြင့်မားတယ်ဆိုတာ ဆရာကြီးသဘောပေါက်ပြီးသားပါ။ ဆရာကြီးတို့ ကျေးလက်မှာတော်ရုံတန်ရုံ ဟင်းသီးဟင်းရွက်တို့ ဒေသထွက်စားစရာတို့ ဝယ်စရာမလိုပါ။ စေတနာ ဆရာတို့အိမ်မှာ စေတနာ စားစရာတို့က အလျှံပယ် ရှိနေကြသည် မဟုတ်ပါလား။
"ဖေဖေ ဆရာမအိမ်နားရောက်ပြီ" ဆိုတဲ့ သမီးကြီးရဲ့ သတိပေးသံလေးကြောင့် အတွေးမြင့်မိုရ်တောင် ထိပ်ဖျားကိုတက်နေတဲ့ ဆရာကြီးခမျာ သတိပြန်ဝင်လာရင်း
"သြော် အေး အေး"
ဟု ပြန်ပြောလိုက်ရင်း ဆရာမရဲ့ အိမ်ဝိုင်းထဲကို သားအဖနှစ်ယောက် ဝင်ရောက်လာခဲ့ကြပါတော့ တယ်။
ဆရာကြီးတို့သားအဖ ဧည့်ခန်းထဲမှာ ရောက်ရှိနေချိန်မှာတော့ သမီးကြီးရဲ့ ကျူရှင်ဆရာမလေးဟာ ကျောင်းသား၊ ကျောင်းသူ ဆယ့်ငါးယောက်ခန့်နဲ့ အိမ်ရဲ့အတွင်းတစ်နေရာမှာ စာသင်နေတာကို တွေ့ လိုက်ရပါတယ်။ ဧည့်ခန်းထဲမှာရှိနေတဲ့ ကောင်းလေးတစ်ယောက်က မကြာခင်ဆရာမရဲ့ စာသင်ဝိုင်း ပြီးတော့မှာပါလို့ဆိုတဲ့အတွက် ဧည့်ခန်းမှာရှိတဲ့ ထိုင်ခုံလေးတွေမှာ သားအဖနှစ်ယောက် ထိုင်လိုက်ပါ တော့တယ်။
အတွင်းစာသင်ဝိုင်းလေးက ဆရာမလေးရဲ့အသံနဲ့ ကျောင်းသားလေးတွေရဲ့ စာဆိုသံတို့က အိမ်ရှေ့ ဧည့်ခန်းထဲမှာ ပြန့်ဝင်လာပါတယ်။ ဆရာကြီးဟာလည်း ဆရာတစ်ယောက်ပီပီ စာသင်ခန်းထဲမှာ စာ သင်သံလေးတွေကို ခံစားနားဆင်နေမိတော့တယ်။ အဲဒီလိုနားထောင်နေတဲ့ အချိန်အတွင်းမှာပဲ ဆရာ ကြီးရဲ့အတွေးထဲမှာ ဟိုအတိတ်အတော်ဝေးဝေးဆီက ကြားခဲ့ဖူးတဲ့ စကားသံလေးတွေများလားလို့ တွေးရင်းအဖြေရှာနေမိတယ်။
ဒါကြောင့် ဆရာမလေးရဲ့ စာသင်ဝိုင်းကို လှမ်းကြည့်လိုက်မိတယ်။ ဧည့်ခန်းနဲ့စာသင်ဝိုင်း အခန်းလေး ကိုခြားထားတဲ့ ခန်းဆီးလေးဟာ အနည်းငယ်လစ်ဟာလို့နေတာမို့ ဆရာကြီးအဖို့ စာသင်ဝိုင်းအခန်း လေးကို ကြည့်ခွင့်ရနေပါတယ်။ အဲဒီအခါ ဆရာကြီး၏ဦးနှောက်ထဲမှာ မြင်ဖူးတဲ့မျက်နှာလေးလားလို့ တွေငေးမောရင်း စဉ်းစားနေမိတယ်။ ကြားဖူးတဲ့စကားသံ၊ မြင်ဖူးတဲ့မျက်နှာလေးလို့ တွေဝေငေးမော ရင်းဆရာကြီး စူးစိုက်ကြည့်နေတာက သမီးကြီးရဲ့ကျူရှင်ဆရာမလေးပါ။
ဝေဝါးမှေးမှိန်နေရှာတဲ့အတွေးပုံရိပ်တွေကို သည်းမခံနိုင်တဲ့အဆုံး ဆရာကြီးဟာ အနားမှာထိုင်နေတဲ့ သမီးကြီးကို လှည့်ကြည့်လိုက်ပြီး မေးလိုက်မိတယ်။
"သမီး သမီးတို့ရဲ့ ဆရာမလေးနာမည်က ဘယ်လိုခေါ်သလဲဟင်"
"ဒေါ်နွယ်နွယ်ထွန်းလို့ ခေါ်ပါတယ် ဖေဖေ"
သမီးကြီးရဲ့ ပြန်ဖြေသံအဆုံးမှာ ဆရာကြီးဟာ သမီးကြီးပြောလိုက်တဲ့ ဆရာမလေးရဲ့ အမည်ကို စိတ်ထဲက တတွတ်တွတ်ရေရွတ်ရင်း အတိတ်ရဲ့ ပုံရိပ်တွေကို ကြိုးစားရှာဖွေနေမိတယ်။ အဲဒီအချိန်မှာ ဆရာကြီးရဲ့ မလှမ်းမကမ်းမှာရှိတဲ့ နံရံကပ်စင်မြင့်လေးပေါ်က ဆုတံဆိပ်ကလေးတစ်ခုကို ဆရာကြီး မြင်လိုက်မိတယ်။
ဆုတံဆိပ်လေးပေါ်မှာ "မြို့နယ် စတုတ္ထတန်း ပညာရည်ချွန် ပထမဆု၊ ၁၉၇၀ ခုနှစ်" ဆိုတဲ့ စာတမ်း လေးကို မြင်လိုက်ရတယ်။ ဒါကြောင့်လည်း ဝေဝါးမှေးမှိန်နေတဲ့ ဆရာကြီးရဲ့ အတွေးတွေဟာ ပြန် လည်ထင်ရှား ပီပြင်လာပါတော့တယ်။ ဆရာကြီးရဲ့အတွေးများဟာ လွန်ခဲ့သောအနှစ်နှစ်ဆယ်ကျော် သုံးဆယ်နီးပါးက ပုံရိပ်များကိုပြန်လည်ပုံဖော် နေမိပါတယ်။
(၄)
ဆရာလေး ကိုမြင့်မောင်သည် ဆရာအတတ်သင်မှ ဆင်းလာပြီးဤကျောင်းမှာ တာဝန်ကျနေခဲ့သည် မှာ မကြာလှသေးပေ။ ဤကျောင်းသည် မြို့ပေါ်မှမူလတန်းကျောင်းလေးတစ်ကျောင်း ဖြစ်ပါတယ်။ ကျောင်းအုပ်ဆရာကြီးမှာ လုပ်သက်ရင့် ဆရာကြီးဖြစ်ပြီး ဆရာကြီး၏ ဦးဆောင်ကြိုးပမ်းမှုကြောင့် ကျောင်း၏ဂုဏ်ရောင် ထွန်းပြောင်ခဲ့ပါတယ်။ အုပ်ချုပ်မှုကောင်းခြင်း၊ ကျောင်းသားများ စာရိတ္တကောင်း မွန်ခြင်း၊ စည်းကမ်းလိုက်နာခြင်းနှင့် မြို့နယ်ပညာရည်ချွန်ပြိုင်ပွဲတို့တွင် နှစ်စဉ်အောင်ပွဲဆင်နိုင်ခြင်းတို့ ကဆရာကြီးနှင့်တကွ အားလုံးသောဆရာ၊ ဆရာမတို့ စုပေါင်းဆောင်ရွက်မှု၏ အကျိုးရလဒ်များကို ဖော်ပြလျက်ရှိပါတယ်။
ယခုပညာသင်နှစ်၌ ဆရာကြီးမှာ လုပ်သက်ပြည့်ဖြင့် ပင်စင်ယူသွားပြီဖြစ်ပေရာ နောက်ထပ်ဆရာကြီး အသစ်ရောက်မလာမီ၌ ဤကျောင်းကို ဆရာလေးကိုမြင့်မောင်က ယာယီတာဝန်ခံ ကျောင်းအုပ်အဖြစ် တာဝန်ထမ်းနေခြင်း ဖြစ်ပါတယ်။
ယနေ့ နေ့လယ်အစည်းအဝေး ကျင်းပခဲ့ပါတယ်။ စတုတ္ထတန်း ကျောင်းသား၊ ကျောင်းသူများ ရာခိုင် နှုန်းပြည့်အောင်မြင်ရေးနှင့် စတုတ္ထတန်း မြို့နယ်ပညာရည်ချွန်ပြိုင်ပွဲ အောင်ပွဲဆင်နိုင်ရေးတို့အတွက် ပင်။ နှစ်စဉ် နှစ်တိုင်းလည်း ဤကိစ္စအတွက် နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် အချိန်ပိုသင်ပေးရေးနှင့် ညပိုင်းစာကြည့်ဝိုင်းလေးများ စီစဉ်ပေးမြဲဖြစ်ပါတယ်။
အစည်းအဝေးတွင် ကျောင်းသူတစ်ဦး၏ မိဘဖြစ်သူက
"ဆရာတို့က ကျူရှင်ပြမှာဆိုတော့ ကျွန်တော်တို့က ပိုက်ဆံဘယ်လောက်ပေးရမှာလဲ" တဲ့။
ဆိုလာသူက ဒီနှစ်မှ ဒီမြို့ဒီကျောင်းကို ပြောင်းရွှေ့လာတဲ့ ကျောင်းသူလေး မနွယ်နွယ်ထွန်းရဲ့ ဖခင် ဦးတင်ဌေးပါ။ ဦးတင်ဌေးက ဌာနတစ်ခုက ရုံးအုပ်စာရေးကြီး။
ဒီတော့ဆရာလေး ကိုမြင့်မောင်ကပဲ "ဒီလိုပါဦး" ကျွန်တော်တို့အချိန်ပို သင်ကြားပေးတာက ကလေး တွေရဲ့ ပညာရည်တိုးတက်မြင့်မားရေးအတွက် စေတနာသန့်သန့်နဲ့ သင်ကြားပေးတဲ့ စေတနာအချိန်ပို စာသင်ဝိုင်းပါ။ ငွေအသပြာတစ်ချပ်မှ ပေးစရာမလိုပါဘူး။ ဦးပြောသလို ကျူရှင်လည်းမဟုတ်ပါဘူး" ဟု စိတ်ရှည်နားလည်စွာ ပြန်လည်ရှင်းပြလိုက်ပါတယ်။
ဒီနေ့ဟာဆိုရင် ဆရာလေးကိုမြင့်မောင်နဲ့ ဘဝတူလုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမများ ရင်ခုန်သံများနဲ့ အတူ ကြည်နူးဝမ်းသာရတဲ့ နေ့တစ်နေ့ပါ။
ဆရာဆိုတာ ပန်းကလေးများလို နုနယ်လှပတဲ့ ကလေးငယ်တွေကို လောက ဥယျာဉ်အလယ်မှာ လန်း လန်းစွင့်စွင့် တင့်တင့်တယ်တယ် ဖူးဖွင့်ဝေဆာလာအောင် ပြုစုပေးရတဲ့ ဥယျာဉ်မှူးပါပဲတဲ့။ မြို့နယ် ပညာရည်ချွန် ဆုနှင်းသဘင်မှာ ဆရာလေးကိုမြင့်မောင်တို့ ကျောင်းက စတုတ္ထတန်း ပညာရည်ထူးချွန် ဆုဒုတိယအဆင့်ကို ကျောင်းအဆင့်အနေနဲ့ ရရှိခဲ့ပါတယ်။
အခမ်းအနားမှူးက ဆက်လက်ပြီး စတုတ္ထတန်း ပညာရည်ချွန်ဆုရကြပေမယ့် ကျောင်းသား၊ ကျောင်း သူများ အမည်စာရင်းကို ကြေငြာလိုက်ပါတယ်။ အခမ်းအနားမှူးရဲ့ ကြေငြာသံကြောင့် ပီတိအဟုန်ရေ ကာတာကြီး ကျိုးပေါက်သလို ခံစားလိုက်ရသူက ဆရာလေးကိုမြင့်မောင်ပါ။
"စတုတ္ထတန်း၊ မြို့နယ်ပညာရည်ချွန်ပထမဆု မနွယ်နွယ်ထွန်း အဘဦးတင်ဌေး --" ဆိုတဲ့ အခမ်းအနား မှူးရဲ့ ကြေငြာသံက ခန်းမတစ်ခုလုံး လွှမ်းခြုံသွားပါသည်။ ဆရာလေးကိုမြင့်မောင်ရဲ့ မျက်နှာလေး လည်း ဂုဏ်ယူဝင့်ကြွား ပီတိအပြုံးများနှင့်။
(၆)
"ဖေဖေ၊ ဖေဖေ တစ်ယောက်တည်း ဘာတွေတွေးပြီး ပြုံးနေတာလဲ ဖေဖေရဲ့၊ ဟိုမှာဆရာမ စာသင်လို့ ပြီးတော့မယ်"
ဆရာကြီး ဦးမြင့်မောင်ရဲ့ ညာဖက်လက်မောင်းလေးကို လှုပ်ယမ်းပြီး ခပ်တိုးတိုးပြောလိုက်တဲ့ သမီးကြီး ရဲ့ စကားသံကြောင့် ဆရာကြီးတစ်ယောက် ပြန်လည်သတိဝင်လာပါတော့သည်။
ချက်ချင်းဆိုသလိုပဲ ဆရာကြီးဟာ ထိုင်နေရာက မတ်တပ်ရပ်လိုက်ပြီး
"သမီးရေ-ဖေဖေ အခုမှသတိရတယ်။ ပညာရေးမှူးရုံးမှာ ရုံးကိစ္စအရေးတကြီး ဆောင်ရွက်စရာရှိသေး တယ်။ သမီးရဲ့ဆရာမဆီမှာ သမီးကိုယ်တိုင်ပဲ ကျောင်းအပ်လိုက်တော့နော်၊ ရော့-ရော့ ပိုက်ဆံ" လို့ ပြောရင်း သမီးကြီးလက်ထဲကို နှစ်ရာတန် ခပ်နွမ်းနွမ်းလေးနှစ်ရွက် ထိုးထည့်ပေးရင်း ဆရာကြီးအိမ်ထဲ က အမြန်ဆုံးထွက်လာခဲ့ပါတော့တယ်။
အရေးတကြီး ထွက်ခွာကျောခိုင်းသွားတဲ့ ဖခင်ဖြစ်သူကိုတစ်လှည့် လက်ထဲက နှစ်ရာကျပ်တန် ခပ်နွမ်း နွမ်းနှစ်ရွက်ကို တလှည့်ကြည့်ရင်း ပဟေဠိကို အဖြေညှိမရရှာသူက သမီးကြီး "ထက်ထက်အောင်" ပါ။
(၇)
ဆရာကြီး ဦးမြင့်မောင်ရဲ့ အပြန်လမ်းဟာ နှေးကွေးလေးလံလွန်းလှပါတယ်။ ဆရာကြီးရဲ့ အတွေးတွေ ကလဲ ပင်လယ်ပြင်မှာ လှိုင်းမိနေတဲ့ လှေအိုငယ်တစ်စီးလို လူးလွန့်လှုပ်ရှားနေပါတယ်။ စေတနာ၊ ဝါသ နာ၊ အနစ်နာဆိုတဲ့ နာသုံးနာနဲ့ ကျောင်းဆင်းချိန်မှာရော ကျောင်းချိန်ပြင်ပမှာပါ ဆရာကြီးသင်ကြားပေး ခဲ့လို့ ထူးချွန်ပေါက်မြောက်လာခဲ့တဲ့ တပည့်မလေးထံမှာ သမီးကြီးကို ငွေအသပြာနဲ့ ကျူရှင်အပ်ပေးရ မယ့် ဆရာကြီးရဲ့ ရင်ထဲကဝေဒနာကို ဘယ်သူတွေကများ စာနာနားလည်နိုင်ကြမှာလဲကွယ်။
ဆရာမလေး "ဒေါ်နွယ်နွယ်ထွန်း" အနေနဲ့လည်း တပည့်မလေး ထက်ထက်အောင်ဆီက ရလိုက်တဲ့ ကျူရှင်လစာဟာ မူလတန်းဆင့်တုန်းက သူမကိုစေတနာသန့်သန့်နဲ့ ကြိုးစားသင်ပေးခဲ့တဲ့ ဆရာကြီးရဲ့ မိသားစုချွေးနှဲစာပါလားဆိုတာ သိခွင့်ရနိုင်မှာ မဟုတ်ပါဘူး။
သိခွင့်ရအောင်လဲ ဆရာကြီးက ကြိုးစားမှာတော့ မဟုတ်ပါဘူး။ အရွယ်လွန်ဆရာအိုတစ်ဦးရဲ့ မှားယွင်း တဲ့ မာနလို့ပဲဆိုချင်ဆို နာပေါင်းများစွာနဲ့ သန့်ရှင်းဖြူစင်စွာ ပေးဝေခဲ့တဲ့ ဆရာကြီးရဲ့တစ်ချိန်တုန်းက ပညာဒါနတွေကို သမီးကြီးကျူရှင်အတွက်ပေးရမယ့် ငွေအသပြာတွေနဲ့ ဘယ်လိုမှမလဲနိုင်ဘူးဆိုတာ ကတော့ ဆရာကြီးရင်ထဲမှာ စွဲစွဲမြဲမြဲ ခံယူထားလျက်ပါပဲ။
သည့်ထက်ပို၍ သမီးကြီးရဲ့ ကျူရှင်စရိတ် လစဉ်ပုံမှန်ရရှိရေးအတွက် ဆရာကတော် ဆရာမဒေါ်အေး အေးတစ်ယောက် မိသားစုနေ့စဉ် ချက်စားကြမယ့် ဆန်တွေထဲက နံနက်စာ ဆန်နို့ဆီတစ်ဘူး၊ ညနေ စာဆန်နို့ဆီဘူး တစ်ဘူးတို့ကိုခြိုးခြံချွေတာ၍ ဖန်တီးလိုက်ကြောင်း ဆရာကြီးသိလျှင်--။
မောင်မင်းသိမ်း(သရက်)
ပညာတန်ဆောင်မဂ္ဂဇင်း
အတွဲ(၄၈)၊ အမှတ်(၃)၊ မတ်လ၊ ၁၉၉၉ ခုနှစ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...