Saturday, November 14, 2015

ဘ၀တန်ဖိုး (The value of life...)

Ko Myo


တစ်နေ့မှာ လူငယ်လေး တစ်ဦးဟာ အဖိုးဖြစ်သူ အနားကို သွားပြီး...
"ဘ၀တန်ဖိုး ဆိုတာ ဘာလဲ... အဖိုး..?" ဆိုပြီး မေးလိုက်တယ်...
ဒါနဲ့ အဖိုးဖြစ်သူလည်း ကျောက်တုံး တစ်တုံးကို လူငယ်လက်ထဲ ထည့်ပေးလိုက်ပြီး... 
"ကဲ... ဒီကျောက်တုံးရဲ့ တန်ဖိုးဟာ ဘယ်လောက် ရှိလဲ ဆိုတာ သွားစုံစမ်းခဲ့ချေ... 
ဒါပေမဲ့ ရောင်းတော့ မရောင်းခဲ့နဲ့နော်..." ဆိုပြီး မှာလိုက်တယ်...

လူငယ်လည်း အဖိုးပေးလိုက်တဲ့ ကျောက်တုံးကို ယူပြီး ထွက်သွားလိုက်တယ်...
လမ်းမှာ လိမ္မော်သီးရောင်းတဲ့ ဆိုင်တစ်ဆိုင်ကို တွေ့တော့ အထဲဝင်ပြီး ကျောက်ရဲ့ တန်ဖိုးကို မေးလိုက်တယ်... ဈေးသည်က..." ဒီကျောက်တုံးဆိုရင် လိမ္မော်သီး ၁၂ လုံးတော့ ရမယ်... ယူမှာလား" ဆိုပြီး ဈေးဖြတ်လိုက်တယ်... လူငယ်လည်း အဖိုးဖြစ်သူက မရောင်းနဲ့လို့ မှာထားတဲ့ အတွက် ဈေးသည်ကို တောင်းပန်ပြီး ပြန်ထွက်လာခဲ့တယ်...
ဆက်သွားပြီးမကြာခင် ဟင်းသီးဟင်းရွက် ရောင်းတဲ့ ဆိုင်တစ်ဆိုင်ကိုတွေ့ပြီး အထက်ပါအတိုင်း ဈေးသည်ကို ကျောက်တုံးရဲ့တန်ဖိုးကို မေးလိုက်တယ်... ဒါနဲ့ ဈေးသည်လည်း ပြောင်လက်နေတဲ့ ကျောက်တုံးကို ကြည့်ပြီး... "ကျောက်တုံးပေးရင် အာလူးတစ်အိတ် ရမယ်" ဆိုပြီး လူငယ်ကို ပြောလိုက်တယ်... လူငယ်လည်း မရောင်းသေးဘူး ဆိုတဲ့အကြောင်း တောင်းပန်ပြောဆိုပြီး ပြန်ထွက်လာ ခဲ့တယ်...
ရှေ့နားမှာ လက်ဝတ်ရတနာ အရောင်းဆိုင် တစ်ဆိုင်ကို တွေ့ပြီး ကျောက်တန်ဖိုးကို ၀င်မေးလိုက်ပြန်တယ်... ဆိုင်ရှင်လည်း ကျောက်တုံးကို မှန်ဘီလူးနဲ့ တချက်ကြည့်လိုက်ပြီး.. "ဒေါ်လာ သန်း ၅၀ ပေးမယ်" ဆိုပြီး လူငယ်ကို ကမ်းလှမ်း လိုက်တယ်... လူငယ်လည်း ခေါင်းခါပြီး မရောင်းနိုင်သေးဘူး ဆိုတဲ့အကြောင်း ရှင်းပြတောင်းပန်ကာ ဆိုင်ထဲကနေ ပြန်ထွက်လာခဲ့တယ်...
ဒီိလိုနဲ့ ရှေ့ကို ဆက်ပြီး သွားလိုက်တဲ့ အခါ မှာတော့ အဖိုးတန် ကျောက်မျက် ရတနာတွေ ရောင်းဝယ်တဲ့ ဆိုင်ကြီး တစ်ဆိုင်ကို တွေ့လိုက်တယ်... လူငယ်လည်း အလားတူပဲ ကျောက်ရဲ့တန်ဖိုးကို ဝင်မေးလိုက်တယ်... ဆိုင်ပိုင်ရှင်က တောက်ပြောင်နေတဲ့ ပတ္တမြားကြီးကို တွေ့လိုက်တဲ့ အခါမှာ အ၀တ်အနီစ တစ်ခုကို ဖြန့်ခင်းလိုက်ပြီး အပေါ်မှာ တင်လိုက်တယ်... ကျောက်တုံး ဘေးပတ်လည်ကို လှည့်ပတ်ကြည့် လိုက်တယ်... ပြီးတော့ ခါးကို ကိုင်းကာ ကျောက်တုံးကို သေသေချာချာ စိုက်ကြည့်ရင်း... "ဒီလောက် အဖိုး မဖြတ်နိုင်တဲ့ ပတ္တမြားကြီးကို ဘယ်ကနေ ရလာတာလဲ"... လို့ လူငယ်ကို မေးလိုက်ပြီး... "ကမ္ဘာကြီး တခုလုံးကို ရောင်းပြီးတော့ ၀ယ်မယ် ဆိုရင်တောင် ဒီလောက် တန်ဖိုးကြီးတဲ့ ပတ္တမြားကြီးကို ၀ယ်နိုင်မှာ မဟုတ်ဘူး"... လို့ တအံ့တသြ ပြောလိုက်တယ်...
လူငယ်လေးလည်း နားမလည်နိုင်အောင် ဖြစ်ကာ ကြက်သေသေပြီး အဖိုးဖြစ်သူထံ ပြန်လာခဲ့ လိုက်တယ်... အဖိုးကို သူကြုံတွေ့ခဲ့ရတာတွေကို ပြောပြပြီး တဲ့နောက်... "ကဲ... အခု.. အဖိုးက ကျနော့ကို 'ဘ၀တန်ဖိုး' ဆိုတာ ဘာလဲ ရှင်းပြပေတော့" လို့ ပြောလိုက်တယ်...
ဒါနဲ့ အဖိုးဖြစ်သူက... "ဘ၀တန်ဖိုးက ဘာလဲ ဆိုတာ ငါ့မြေးသွားခဲ့တဲ့ လိမ္မော်သီးဆိုင်၊ ဟင်းသီး ဟင်းရွက်ဆိုင်၊ လက်ဝတ်ရတနာဆိုင်နဲ့ အဖိုးတန် ကျောက်မျက် ရတနာတွေ ရောင်းဝယ်တဲ့ ဆိုင်တွေက အဖြေပေးခဲ့ပြီ မဟုတ်လား... ငါ့မြေးဟာ ဒီလို အဖိုးမဖြတ်နိုင်တဲ့ ကျောက်တုံးတစ်တုံး ဖြစ်ကောင်းဖြစ်မယ်... ဒါပေမဲ့ လူတွေဟာ သူတို့ရဲ့ ငွေကြေးအခြေအနေ... ပညာအရည်အချင်း... အသိပညာ အဆင့်အတန်း... ယုံကြည်ချက်တွေ... သူတို့ ကျင်လည် ဖြတ်သန်းရတဲ့ ဘ၀တွေပေါ်မှာ အခြေခံပြီး ငါ့မြေးရဲ့ ဘ၀ကို တန်ဖိုး ဖြတ်ကြလိမ့်မယ်... လူတွေဟာ သူတို့ အဆင့်အတန်းနဲ့ ယှဉ်ပြီး အခြားသူတွေရဲ့ ဘ၀ကို တန်ဖိုး ဖြတ်တတ်ကြတယ်... ဒါပေမဲ့ မစိုးရိမ်ပါနဲ့... ငါ့မြေးရဲ့ ဘ၀တန်ဖိုး အစစ်အမှန်ကို ထိုးထွင်း သိမြင်နိုင်တဲ့ လူတွေကို ငါ့မြေး ကျိန်းသေပေါက် ရှာတွေ့မှာပါ... ကိုယ့်ကိုကိုယ် လေးစားမှု ရှိပါ... 'ငါ့မြေးဟာ... ငါ့မြေးပါပဲ'......။"
"ဘ၀ကို တန်ဖိုးထားတတ်ကြပါစေ..."
ကိုမျို:
ref:wittycracks/google
lwanmapyay.blogspot.com

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...