Saturday, November 21, 2015

“အရောင်တင် အိပ်မက်နှင့် အနာဂတ် နိုင်ငံတော်”


အတိတ်က စနစ်ဆိုးကြောင့် လူငယ်အများစုဟာ အိပ်မက်တွေ ရေရေရာရာ မရှိခဲ့ကြသလို အိပ်မက်တွေကို အကောင်အထည် ဖော်ခွင့်မရဘဲ အရောင်လွင့်ပျယ်ခဲ့ရတာ မငြင်းနိုင်ပါဘူး။ ဒါပေမဲ့လည်း ဒီကနေ့ အပြောင်းအလဲကာလမှာတော့ လူငယ်တွေအနေနဲ့ ကိုယ့်အိပ်မက်တွေကို ကိုယ်တိုင်အရောင်တင်ဖို့နဲ့ ဘယ်လို အခြေအနေကြောင့်ပဲဖြစ်ဖြစ် အပျက်စီးမခံဘဲ အကောင်အထည်ဖော်ဖို့ လိုပါတယ်။

အခွင့်အလမ်းတွေ လက်တစ်ကမ်း အနေအထားကို ရောက်လာတော့မယ့် အနာဂတ်နိုင်ငံတော်ဟာ လူငယ်တွေရဲ့ အိပ်မက်တွေနဲ့ အရောင်အသွေးစုံစွာ လှပနေဖို့ လိုအပ်နေလို့ပါပဲ။ ဒါကြောင့် လူငယ်တိုင်းမှာ ဘ၀အိပ်မက်ဆိုတာ ရှိဖို့လိုသလို အကောင်အထည်ဖော် နိုင်ဖို့လည်း လိုပါတယ်။ လူကြီးတွေ အနေနဲ့လည်း လူငယ်တွေရဲ့ အိပ်မက်တွေ လွတ်လပ်စွာ အရောင်တင်ခွင့်ပေးဖို့ လိုပါတယ်။
ဖတ်ဖူးထားသော စာတစ်ပုဒ်ကို ပြန်လည်မျှဝေလိုပါတယ်။ လူငယ်တွေရဲ့ အိပ်မက်ကို ဖျက်ဆီးပစ်ခဲ့တဲ့ ကျောင်းဆရာတစ်ဦးနှင့် အိပ်မက်ကို မရမက အကောင်အထည် ဖော်ခဲ့တဲ့ လူငယ်တစ်ဦးရဲ့ အကြောင်းပါ။ တစ်ခါက ကျောင်းဆရာတစ်ယောက်ဟာ သူ့ရဲ့ကျောင်းသား/သူတွေကို အိမ်စာအဖြစ်နဲ့ အက်ဆေး တစ်ပုဒ်စီကို ရေးခိုင်းပါတယ်။ မိမိတို့ရဲ့ ရည်မှန်းချက်ကို အက်ဆေးအဖြစ် ရေးခဲ့ဖို့ ကျောင်းသား/သူ အားလုံး ကိုညွှန်ကြား လိုက်ပါတယ်။ ကျောင်းသား/သူတွေထဲကမှ ထူးထူးခြားခြား အကြောင်းအရာကို ရေးလာတဲ့ ကျောင်းသားတစ်ယောက် ရှိပါတယ်။
သူ့အမည်က မွန်တီရောဘတ်ပါ။ သူဟာ ဆင်းရဲလွန်းတဲ့ မိသားစုက ပေါက်ဖွားလာသူဖြစ်ပြီး သူ့ရဲ့အဖေဟာ မြင်းတွေကို ယဉ်ပါးအောင် လေ့ကျင့်ပေးတဲ့ အိမ်ပိုင်ယာပိုင်မရှိတဲ့ သူတစ်ဦးပါ။ လူဆင်းရဲရဲ့ သားဖြစ်တဲ့ မွန်တီရောဘတ်ဟာ ဧက(၂၀၀)လောက်ရှိတဲ့ မြင်းမွေးမြူရေး ခြံကြီးတစ်ခြံကို ပိုင်ဆိုင်ချင်တဲ့အကြောင်း သူ့ရဲ့အိပ်မက်ကို ရေးသားလာခဲ့ပါတယ်။
ကျောင်းရောက်တဲ့အခါ သူ့ရဲ့အိပ်မက်ကို ရေးသားထားတဲ့ စာမျက်နှာ (၇)မျက်နှာရှိတဲ့ အက်ဆေးကို သူ့ဆရာထံ ပြတဲ့အခါမှာ သူ့ဆရာက ဆင်းရဲသားတစ်ဦးအနေနဲ့ ငွေမရှိဘဲ မြင်းမွေးမြူရေး ခြံကျယ်ကြီးကို ပိုင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ကြောင်းနှင့် မွန်တီ့အနေနဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ မဖြစ်နိုင်ကြောင်း နှိမ်နှိမ်ချချ ပြောဆိုခဲ့တယ်။ ဒါကြောင့် ဒီအက်ဆေးကို လက်မခံနိုင်ကြောင်းနှင့် လက်တွေ့ကျတဲ့ အကောင်အထည် ဖော်နိုင်မယ့် အကြောင်းအရာကို ပြန်လည်ပြင်ဆင် ရေးစေလိုကြောင်း ပြောဆိုခဲ့တယ်။
စိတ်ဓာတ်ခိုင်မာတဲ့ မွန်တီကတော့ အက်ဆေးကို တစ်စုံတစ်ရာမှ ပြန်လည်ပြင်ဆင်ပြီး မရေးခဲ့ပါဘူး။ ရေးပြီးသား သူ့အိပ်မက်အတိုင်းပဲ သူ့အဖြေလွှာကို ဆရာ့ထံ ပြန်အပ်ပြီး ကျောင်းမှ ထွက်ခဲ့တယ်။ ကျောင်း ထွက်ပြီးနောက်ပိုင်း သူဟာ မလျှော့တဲ့ ဇွဲလုံ့လနဲ့ သူ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစား ခဲ့ပါတယ်။ အောင်မြင်မှုက သူ့ထံ ရောက်လာခဲ့ပါတယ်။ ငယ်စဉ်က သူ့အိပ်မက်အတိုင်း ဧက(၂၀၀)ကျယ်တဲ့ မြင်းမွေးမြူရေးခြံကို ပိုင်ဆိုင်သူ အောင်မြင်တဲ့ စီးပွားရေးသမားတစ်ဦး ဖြစ်လာခဲ့ပြီး သူ့အိပ်မက်ကို မဖြစ်နိုင်ဘူးလို့ သရော်ပစ်ခဲ့တဲ့ ကျောင်းဆရာကိုယ်တိုင်က မွန်တီ့ကို လူတော်တစ်ဦးဖြစ်ပြီး အခြား ကျောင်းသား/သူတွေလို ကိုယ့်အိပ်မက်ကို တစ်စုံတစ်ဦးကြောင့် အပျက်မခံဘဲ အကောင်အထည် ဖော်နိုင်ခဲ့ လို့ သူ့ရဲ့အမှားတွေကို တောင်းပန်ခဲ့ရတဲ့ အထိပါပဲ။
ဒါကြောင့် လူငယ်တွေရဲ့ ဘ၀ကို လမ်းညွှန်ပြသပေးသူတွေဟာ လူငယ်တွေရဲ့ အိပ်မက်တွေကို လွတ်လပ်စွာ မက်ခွင့်ပြုဖို့ လိုပါတယ်။ အထောက်အပံ့ မပေးနိုင်ရင်တောင်မှ အပျက်အစီး ဖြစ်စေမယ့် အရာမျိုးတွေကို ရှောင်ရှားဖို့ လိုအပ်ပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်ကို လူငယ်တွေရဲ့ လက်ဝယ်ကို လွှဲအပ်ရမှာမို့ လူငယ်တွေရဲ့ အိပ်မက်ကို ၀ိုင်းဝန်း အရောင်တင်ပေးဖို့ လိုအပ်ပါတယ်။ မဖျက်ဆီးမိဖို့ လိုအပ်ပါတယ်။
လီကွမ်ယုဆိုတဲ့ တက္ကသိုလ်ကျောင်းသား လူငယ်လေးတစ်ဦးဟာ သူ့အိပ်မက်ကိုသာ အရောင်တင်ခွင့် မရခဲ့ရင်၊ အကောင်အထည် မဖော်နိုင်ခဲ့ရင် ယနေ့စင်္ကာပူဆိုတာ ဖြစ်မလာနိုင်ပါဘူး။ ထိုနည်းတူပဲ တက္ကသိုလ်ကျောင်းသား မောင်အောင်ဆန်းသာ သူ့အိပ်မက်ကို အကောင်အထည် မဖော်နိုင်ခဲ့ဘူးဆိုရင် ယနေ့မြန်မာနိုင်ငံဆိုတာ ကိုယ်ပိုင်အချုပ်အခြာနဲ့ နေခွင့်ရမှာ မဟုတ်ပါဘူး။ လူငယ်တွေ အနေနဲ့လည်း ဘယ်လို အတားအဆီးမျိုးပဲ ကြုံရကြုံရ ကိုယ့်ရဲ့အိပ်မက်ကို မဆုတ်မနစ် အကောင်အထည် ဖော်ဆောင်ပါ။
နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ် သာယာလှပဖို့အတွက် အဓိကအခန်းကဏ္ဍကနေ တာဝန်ယူရမယ့် လူငယ်တွေ အနေနဲ့ ကိုယ့်ရဲ့ အိပ်မက်တွေကို အောင်မြင်စွာနဲ့ အကောင်အထည် စတင်ဖော်ဆောင်ဖို့ Rhett Powerရဲ့ နည်းလမ်း(၆)သွယ်ကို ပြန်လည်မျှဝေလိုက်ပါတယ်။ အဲဒီ နည်းလမ်း(၆)သွယ်ကတော့-
(၁) ကိုယ့်ရဲ့ အိပ်မက်ကို ရောင်ဝါးဝါး မဟုတ်ဘဲ အသေးစိတ် ချယ်မှုန်းပါ။
(၂) ကြောက်စိတ်နဲ့သိမ်ငယ်စိတ်ကို တစ်စက်ကလေးတောင် မမွေးပါနှင့်။
(၃) အောင်မြင်မှုကို ရရှိဖို့ စာပေဖတ်ရှုပြီး စိတ်ဓာတ်ရေးရာကိုပါ အရံသင့် ပြင်ဆင်ထားပါ။
(၄) အလုပ်ကို ကြိုးကြိုးစားစား လုပ်ကိုင်ပြီး စွန့်စားရဲပါစေ။
(၅) လူ့အသိုင်းအ၀န်းကို ၀င်ဆန့်ပေါင်းသင်း တတ်ပါစေ။
(၆) ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း ဂရုပြုဖို့ မမေ့ပါနှင့်။
လျှံဇွဲကို(စီးပွားရေးတက္ကသိုလ်)
၂၀.၁၁.၂၀၁၅
Ref: http://academictips.org/blogs/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...