Friday, November 13, 2015

ပေးလို့ရတာလား၊ တိုက်ယူလို့ရတာလား

Tin Nyunt


ဒီနေ့ထုတ် သတင်းစာတစ်စောင်မှာ “ဘယ်သူတွေ ဘာပဲပြောပြော မြန်မာနိုင်ငံနဲ့ နိုင်ငံသားတွေအတွက် အလှပဆုံး၊ အတောက်ပဆုံး၊ မျှော်လင့် ချင်စရာအကောင်းဆုံး အနာဂတ်တစ်ခုကို ဦးသိန်းစိန်ရဲ့ခေတ်မှာ ဖန်တီးပေးနိုင်ခဲ့တယ်ဆိုရင် မှားမယ်မထင် ပါဘူး” လို့ရေးထားတာ ဖတ်လိုက်ရပါတယ်။
ဆောင်းပါးရဲ့ အနှစ်ချုပ်ကတော့ သမ္မတကြီး ဦးသိန်းစိန်ရဲ့ “မိဘပြည်သူများခင်ဗျား” ဆိုတဲ့ လေပြေထိုးနည်း လေးနဲ့ ဘုန်းတော်ဘွဲ့ကို ချီးကျူးရေးသားထားတဲ့ စာတစ်ပုဒ်ပါ။
၁၉၇၄ လောက်ကစပြီး ဒီမိုကရေစီ တတိယလှိုင်းဒဏ်ကို အာဏာရှင်တွေ အတော်လေးခံလိုက်ရတယ်။ ဆိုဗီယက် ယူနီယံဆိုတာကြီးကို ပြိုလဲစေခဲ့တာ အဲဒီ တတိယလှိုင်းပဲဗျ။ ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံကိုလည်း တတိယလှိုင်းဝင်ဆောင့်လိုက်တာ အာဏာရှင် ဦးနေဝင်း လွင့်ထွက်သွားတယ်။ ဒါပေမဲ့ နောက်ထပ် အာဏာရှင် ထပ်ရောက်လာလို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီအရသာကို အပြည့်အဝ မခံစားနိုင်ခဲ့ပါဘူး။
ဟန်တင်တန်ဆိုတဲ့ ပုဂ္ဂိုလ်ပြောသွားတဲ့ စကားကိုပဲ ပြန်ထောက်ပြချင်ပါတယ်။
“ဒီမိုကရေစီဆိုတာ အကြောင်းတရားများကြောင့် ပေါ်ပေါက်လာတာမဟုတ်ပါဘူး။ အကြောင်းတရားကို ဖြစ်အောင် ဖန်တီးသူများကြောင့် ပေါ်ပေါက်လာတာပါ” လို့ဆိုထားသဗျ။
ဒါကြောင့် ဒီမိုကရေစီဆိုတာ ဖန်တီးပေးသူကပေးလို့ ရလိုက်တာမဟုတ်ဘူး။ လိုချင်သူတွေကပဲ မရ, ရအောင် ကြံဆောင်သွားလို့ ရခဲ့တာပါ။
ဦးသိန်းစိန်ပေးလို့ ဒီမိုကရေစီရတယ်ဆိုတာ ကျွန်တော်လက်မခံပါဘူး။ ဦးသိန်းစိန်နဲ့ စစ်အာဏာရှင်တွေ ဘယ်လို ဒီမိုကရေစီမျိုးပေးခဲ့သလဲဆိုတာ အားလုံးသိပြီးသားပါ။ လက်ရှိအနေအထားက ကျွန်တော်တို့ ပြည် သူတွေ ကျွန်တော်တို့ လိုချင်တဲ့ ဒီမိုကရေစီကို ကျွန်တော်တို့ ဘာသာ ဖော်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။
အဲဒီ ဒီမိုကရေစီဆိုတာ ဦးသိန်းစိန်တို့ပြောနေတဲ့ “စည်းကမ်းရှိသော ဒီမိုကရေစီ” ဟုတ်ချင်မှလည်း ဟုတ်မယ်။ အာဏာရှင်တွေ စိုးရိမ်ပြီး တိုင်းပြည်ပျက်မယ်ထင်နေတဲ့ “စည်းကမ်းမဲ့သော ဒီမိုကရေစီ” ဖြစ်ချင်မှလည်း ဖြစ်လိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ ပြည်သူတွေက အဲဒီမိုကရေစီနှစ်မျိုး စလုံးကို ကောင်းကောင်း သိပြီး ဖြစ်နေတာကြောင့်ပဲ။
ယခု အစိုးရသစ်နဲ့ ပြည်သူတွေ လက်တွဲပြီး ဖော်ဆောင်ကြရမယ့် ဒီမိုကရေစီဆိုတာ “ဒီမိုကရေစီသစ်” တစ်နည်း ပြောရရင် စစ်တပ်နဲ့ စစ်ထွက်တွေရဲ့ Ideology ကနေ လွတ်မြောက်လာတဲ့ “ပြည်သူ့ဒီမိုကရေစီ” စစ်စစ်ဖြစ် မယ်ဆိုတာ သေချာတယ်။
အဲဒီ ပြည်သူ့ဒီမိုကရေစီဆိုတာ ဦးသိန်းစိန်ခေတ် ဟိုမရောက် သည်မရောက် ဒီမိုကရေစီမျိုး မဟုတ်ဘူးလို့တော့ ကျွန်တော်နားလည်မိတယ်။
၁၂.၁၁.၂၀၁၅

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...