Saturday, November 21, 2015

မောင့်မှာ ရဟန်းဖြစ်သောကြောင့် ( အပိုင်း ၁ )


နာရီကိုလှမ်းကြည့်တော့ ည(၁၂)နာရီ ထိုးနေလေပြီ။ ဦးသုမနအဖို့ ယနေ့ညအိပ်လို့ရတော့ဟန်မတူ။ မဖြူဟူသော နာမည်လေးကို အထပ်ထပ်ရွတ်နေမိသည်။ ဒီလောက်လှတဲ့ မိန်းကလေးမျိုး လောကမှာ ရှိသေးပါလားဟူသော အတွေးနှင့်အတူ မျက်ခုံးမျက်လုံး လှလှ၊ နှာတံပေါ်ပေါ်၊ ပွင်ကာစ နှင်းဆီပွင့်လေးကဲ့သို့ စုစုဖူးဖူး နီရဲနေသည့် နှုတ်ခမ်းအလှပိုင်ရှင် မဖြူ၏ မျက်နှာလေးက ထင်ထင်ရှားရှားကြီး ပေါ်လာသည်။

ကာယအလှမယ်ကဲ့သို့ အချိုးအဆစ် ပြေပြစ်လှသော သူမ၏ ကိုယ်ခန္ဓာအလှကိုလည်း ဦးသုမနတစ်ယောက် မေ့ပျောက်၍မရ။ တကယ်တော့ ဦးသုမနသည် ရည်ရွယ်ချက်ကြီးသော ရဟန်းတစ်ပါးသာဖြစ်၏။ စာချတန်းအောင်သည်နှင့် မဂ်ဖိုလ်ရသည်အထိ တရားအားထုတ်မည်။
မိမိအတွက် စိတ်ချ ရသောအခါတွင်မှ တရားပြမည်။ တရားဟောမည်။ စာရေးမည်ဟူ၍ ပိုင်းဖြတ်ထားသည်။ ယခု ရဟန်းသုံးဝါ ရနေပြီ။ စာချတန်းလည်း အောင်ခါနီးနေပြီ။ ထိုအချိန်တွင်မှ မဖြူဆိုသော ဆယ်တန်းကျောင်းသူ မိန်းကလေးတစ်ယောက်ကို တွေ့ပြီး ရည်ရွယ်ချက်တွေ ဖျက်ပစ်ရမလို ဖြစ်နေသည်။
မည်သည့်ယောက်ျား၊ မိန်းမ မဆို တစ်သက်တာတွင် တစ်ခါတော့ ချစ်စိတ်ပေါ် ပေါက်ကြသည်သာဖြစ်၏။ ဘဝါဘဝက ဖူးစာဖက်ဟု ဆိုရပေလိမ့်မည်။ ဗုဒ္ဓလက်ထက်က ခုနှစ်သမီးအရွယ် ကတည်းက သောတပန်တည်ခဲ့သော စူဠဝိသာခါအမည်ရှိ သူဌေးသမီးသည် အရွယ်ရောက်သောအခါ သားသတ်သမား မုဆိုးကြီးတစ်ယောက်နောက်သို့ မိမိဘာသာလိုက်သွားပြီး ဇနီးမယားအဖြစ် ပြုစုလုပ်ကျွေးနေခဲ့သည်။
အင်္ဂလန်မှ မင်းသားတစ်ယောက်သည်လည်း ထီးနန်းကိုစွန့်ပြီး အမေရိကန်သူ မုဆိုးမတစ်ယောက်ကို ဇနီးမယားအဖြစ် ပေါင်းသင်းနေထိုင်သွားခဲ့သည်။ ဤကဲ့သို့ ဖိုနှင့်မတို့၏ အချစ်စိတ်ပေါ်ရခြင်း၏ အကြောင်းနှစ်ခုကို ဗုဒ္ဓက ဓမ္မပဒပါဠိတော်တွင် ဟောထားသည်မှာ -
ပုဗ္ဗေဝ သန္နိဝါသေန၊ ပုစ္စုပန္နဟိတေန ဝါ။
ဧဝံ တံဇာယတေ ပေမံ၊ ဥပ္ပလံဝ ယထောဒကေ။
အရင်ဘဝက အတူတကွ ပေါင်းသင်းနေထိုင်ခဲ့ဘူးခြင်း၊ ပစ္စုပ္ပန်ဘဝ၌ တစ်ယောက်အကျိုးတစ်ယောက် ဆောင်ရွက်ခြင်း၊ ဤအကြောင်းနှစ်ပါးကြောင့် အချစ်ဆိုသော သဘာဝတရားသည် ပေါ်ပေါက်လာရသည်။ ကြာပန်းသည် ရေနှင့် ရွှံညွှန်နှစ်ခုကို အကြောင်းပြုပြီး ပေါ်ပေါက်သကဲ့သို့တည်းဟူ၍ ဖြစ်သည်။ ယခုလည်း ရှေးအတိတ်ဘဝက ဦးသုမနနှင့် မဖြူတို့သည် အတူတကွ နေထိုင်ဘူးသောအကြောင်းရှိ၍လော မဆိုတတ်။ ဦးသုမနကား အစွဲလမ်းကြီး စွဲလန်းနေပေပြီ။ ညက အိပ်မပျော်သော်လည်း မနက်ကား စောစောနိုးသည်သာဖြစ်၏။ အကြောင်းကား မဖြူတို့အိမ်ကို ဆွမ်းခံမြန်မြန် ကြွချင် နေသောကြောင့်တည်း။
မဖြူနှင့် အတွေ့မီက ဆွမ်းခံမကြွမီ ပါဠိတော် နိဿယတစ်ခေါက် ပေါက်အောင်လှည့်သည်။ ပြီးမှ ရေချိုးပြီး ဆွမ်းခံထွက်လေ့ရှိသည်။ ယခုတော့ စာချဆရာတော်ပြောမှာ ကြောက်၍သာ စာလိုက်ရသည်၊ စိတ်က စာထဲမှာမရှိ။ မဖြူနှင့် တွေ့ပါစေ။ တွေ့လျှင် ဘယ်လိုစကားတွေပြောလိုက်မည် စသည်တို့ကို စိတ်ကူးရင်း စာဝါချိန်ပြီးသွားသည်။
စာဝါပြီးသည်နှင့် ရေချိုးကာ သင်္ကန်းရုံပြီး ဆွမ်းခံစောစောထွက်လိုက်သည်။ ဆွမ်းမရချင်နေ မဖြူနှင့် တွေ့ရရင်ပြီးရောဟူသော စိတ်က ဘယ်ကဘယ်လို ပေါ်လာသည်ကို ဦးသုမနကိုယ်တိုင်မသိ၊ မဖြူတို့ အိမ်ရောက်ပါပြီ။ ရဟန်းတို့ ဝိနည်းစည်းကမ်းက မြို့ရွာထဲကြွလျှင် ရှေ့ကို လေးတောင်ခန့်သာ ကြည့်ရသည်။
ဦးသုမနလည်း လေးတောင်ခန့်သာ ကြည့်ပါသည်။ မဖြူတို့ အိမ်မရောက်မီက လက်လေးတောင်သာ ရှေ့ကိုကြည့်ခဲ့သော်လည်း မဖြူတို့အိမ်ရှေ့ ရောက်သည်နှင့် ရိုးရိုးလေးတောင်မဟုတ်ဘဲ မန္တလေးတောင်၊ စစ်ကိုင်းတောင်၊ ရန်ကင်းတောင်၊ ပုပ္ပါတောင်တို့ ဖြစ်ကုန်တော့သည်။
မဖြူဘယ်နားမှာ ရှိလေသနည်း ဟူသောအတွေးဖြင့် အိမ်ဝိုင်းအတွင်း အထက်အောက် အရပ်လေးမျက်နှာကို မျက်စိကစားပစ်လိုက်သည်။ အပေါ်ထပ် လာသာဆောင်ပေါ်မှ မဖြူကလည်း အောက်ထပ်သို့ လှမ်းအကြည့် ဦးသုမနအကြည့်ကလည်း အပေါ်သို့ရောက်အသွား လမ်းခုလတ်မှာ အကြည့်ခြင်းဆုံသွားကြသည်။
နှစ်ဦးလုံး၏ နှုတ်ဖျားမှ လှပသော အပြုံးပန်းလေးတစ်ပွင့်စီ ပွင့်သွားကြသည်။ မဖြူရင်ထဲ ရှိန်းကနဲဖြစ်သွားသလို ဦးသုမနရင်ထဲတွင်လည်း သိမ့်ကနဲဖြစ်သွားသည်။ အလွန်အမင်းလိုချင်နေသာ အပြုံးပန်းတစ်ပွင့်ကို အလွယ်တကူရရှိလိုက်သောကြောင့် နှစ်သက်ချမ်းမြေ့မှု ပီတိဇောများက ဦးသုမနတစ်ကိုယ်လုံး ပြည့်ကျပ်လို့သွားသည်။
အပေါ်ထပ်မှ အပျိုဖြန်းမလေး မဖြူမှာလည်း သူ့ရင်ဘတ်ကို လက်ဝါးနှစ်ဖက်နှင့် ခပ်ဖွဖွလေးအုပ်ထားရင်း ငါဘယ်လိုဖြစ်ပါလိမ့်။ ရင်တွေကလည်း ခုန်လိုက်တာ မနေ့ကမှ စတွေ့တဲ့ ကိုယ်တော်တစ်ပါးကို ငါဘာဖြစ်လို့ တအားခင်သွားပါလိမ့်။ ငါဟာ ယောက်ျားလေးတွေကို မခင်တတ်ပါဘူးဟူသော အတွေးနှင့်အတူ အောင်ထပ်သို့ ဖြေးဖြေးခြင်းဆင်းလာမိသည်။
လှေခါးအောက်ထစ်ဆုံး ရောက်သောအခါ အိမ်ရှေ့ဧည့်ခန်းထဲသို့ ခပ်စောင်းစောင်း လှမ်းကြည့်လိုက်သည်။ ဘဲဥပုံကျသော မျက်နှာနှင့် ဝါဝင်းသောအသားအရေတို့ကို နီညိုရောင်သင်္ကန်းလေးဖြင့် ပုံဖော်ထားသည်မှာ မြင်ရသူအားလုံးအတွက် ကြည်ညိုတတ်စရာပင်ဖြစ်၏။ ထူထဲသောမျက်ခုံး၊ ပေါ်လွင်သောနှာတံ၊ ပိပိယိယိ နှုတ်ခမ်းအစုံပိုင်ရှင် ဦးသုမန၏ နုနယ်ပျိုမြစ်သောအလှကို မဖြူတစ်ယောက် တမေ့တမောကြည့်နေမိသည်။
အို - ကိုယ်တော်တစ်ပါးအပေါ်မှာ ငါဒီလိုစိတ်တွေ မပေါ်သင့်ဘူးဟု ကိုယ့်ကိုယ်ကို ဆုံးမကာ သူမအိပ်ခန်းထဲသို့ ကမန်းကတန်းဝင်သွားမိသည်။ ရှက်စိတ်ကြောင့် ဆွမ်းပင် ထွက်မလောင်းရဲတော့။ မေမေ လောင်းလိမ့်မယ်ဟူသော အတွေးနှင့်အတူ အပြင်ဘက်က အသံများကို နားစွင့်နေမိသည်။
ဟော - အပြင်ဘက်က မေ့မေ့အသံနှင့် ကိုယ်တော်၏ အသံကို ကြားနေရပြီ။
“သြော် .. မဖြူက ဆွမ်းလောင်းပါဆိုတာ ဘယ်ထွက်သွား ပြန်တယ်မသိဘူး။ အရှင်ဘုရား ရောက်နေတာ အတော်ကြာပြီးလား ဘုရား”
“မကြာသေးပါဘူး၊ ဒါယိကာမကြီး”
“အရှင်ဘုရား၊ မနေ့ကမှ ဆွမ်းခံအိမ် လာဖိတ်ထားတာ မဟုတ်လား”
“ဟုတ်ပါတယ်၊ ဒါယိကာမကြီး”
“အရှင်ဘုရား၊ ဇာတိကကော”
“မြင်းခြံခရိုင်၊ တောင်သာမြို့နယ်ကပါ”
“အရှင်ဘုရားက မန္တလေးသားပဲ၊ အခု ရန်ကုန်မှာ စာလိုက်ရတာ အဆင်ပြေရဲ့လားဘုရား၊ လိုတာရှိရင် ပြောပါဘုရား၊ တပည့်တော်တို့ တတ်နိုင်သလောက် လှူပါမယ်”
“အဆင်ပြေပါတယ် ဒါယိကာမကြီး၊ လိုတာရှိရင် ပြောပါမယ်”
ဒေါ်ခင်ဝင်းက ဆွမ်းလောင်းသပိတ်ကပ်ပြီး ဦးချရင်းဖြင့်
“အရှင်ဘုရား ရဟန်းခံပြီးပြီလား”
“ပြီးပြီ ဒါယိကာမကြီး၊ အခု ရဟန်းသုံးဝါ ရနေပြီ”
“အင်း … ထင်တော့ထင်သား၊ သေချာအောင် မေးကြည့်လိုက်တာ၊ ဒါဆိုရင်လဲ ဦးပဉ္ဇင်းလို့ပဲ ခေါ်ရတော့မှာပေါ့။ ဦးပဉ္ဇင်း မျက်နှာက နုနုငယ်ငယ်လေးဆိုတော့ မသိရင် ကိုရင်လေးလို့ ထင်စရာပဲ”
အပြင်ဘက်က စကားသံဆုံးသည်နှင့် အိပ်ခန်းထဲမှ မဖြူတစ်ယောက် သူလိုရာဆွဲတွေးနေမိပြန်သည်။
“သုံးဝါဆိုတော့ (၂၃)နှစ်ပေါ့။ ဒါဆိုရင် ငါ့ထက် ငါးနှစ်လောက်ကြီးတယ်။ ယောက်ျားနဲ့မိန်းမ ယောက်ျားက အသက်ကြီးတာ ကောင်းပါတယ်။ ဒါမှ ငါကသူ့အပေါ် နွဲ့ဆိုးဆိုးလို့ရမှာ၊ ဟင် မဟုတ်သေးပါဘူး။ ငါ ဘာတွေလျှောက်တွေးနေပါလိမ့်၊ ငရဲတော့ ကြီးတော့မယ်ထင်ပါတယ်” ဟု ကိုယ့်ကိုယ်ကို မနဲကြီး ဆုံးမလိုက်ရလေသည်။
အခန်း (၂)
မနက်ခင်း မဖြူထံမှ ရခဲ့သည့် အပြုံးပန်းပွင့်လေးသည် ဦးသုမနအတွက် ဘယ်သောအခါမှ နွမ်းယိသွားမည်မဟုတ်။ အမြဲတမ်း လန်းဆန်းနေမည်သာ ဖြစ်သည်။ ယခုလည်း ညသန်းခေါင်ရောက်သည်အထိ ထိုအပြုံးပန်းပွင်းလေးကို အထပ်ထပ်အခါခါ နမ်းရှုပ်နေမိသည်။
မိုးမြန်မြန်လင်းပါစေတော့ဟုသာ ဆုတောင်းမိသည်။ ဆွမ်းခံကြွမှသာလျှင် မဖြူနှင့် တွေ့နိုင်သည်မဟုတ်ပါလား။ အချစ် ဒီဂရီတွေ ဘယ်လောက်ပင် မြင့်တက်ပါစေ။ ရဟန်းတစ်ပါးအနေနှင့် ဆွမ်းခံချိန်မှတစ်ပါး ရပ်ကွက်ထဲသို့ မသွားသင့်ဟူသော ကန့်သတ်ချက်ကိုကား ဦးသုမန လိုက်နာပေသည်။
အရင်က ဆွမ်းခံကြွခါနီးလျှင် မေတ္တာသုတ်ပရိတ် သုံးခေါက်ရွတ်သည်။ ယခု မရွတ်နိုင်တော့။ မဖြူ၊ မဖြူဟူသော အမည်လေးကိုသာ အထပ်ထပ်အခါခါ ရွတ်နေမိသည်။ မျက်လွှာချသွားခြင်းဖြစ်သဖြင့် လမ်းတစ်လျှောက်လုံး မြေကြီးကိုသာ မြင်သွားရပေမည်။
ဤကား သာမန်လူသားများအတွက်ဖြစ်၏။ အချစ်နယ်ဖမ်းစားခြင်းခံနေရသော ဦးသုမန၏ မျက်စေ့ထဲတွင်ကား လမ်းမြေပြင်တစ်လျှောက် မဖြူ၏ လှပသော မျက်နှာလေးကိုသာ မြင်နေသည်။
မဖြူတို့အိမ်ရှေ့ အရောက်တွင်ကား ဦးသုမနအတွက် အချိုရှာ သကာတွေ့လေပြီ။ အိမ်ရှေ့တွင် မဖြူတစ်ယောက် ပဲပြုတ်ဝယ်နေသည်ကို တွေ့လိုက်ရသည်။ ကျောင်းစိမ်းဝတ်စုံလေးက သူမ၏ ရှိပြီးသားအလှကို အရောင်တင်ပေးသကဲ့သို့ ရှိသည်။ ဦးသုမနအိမ်ထဲသို့ တန်းမဝင်နိုင်သေးဘဲ တစ်ရှိုက်မတ်မတ် ရပ်ကြည့်နေမိသည်။
မဖြူက ဦးသုမနကို မြင်သော်လည်း ချက်ခြင်းပြန်ကြည့်ရဲသည်အထိ သတ္တိမရှိ။ ထို့ကြောင့် မမြင်ဟန်ပြုကာ ပဲပြုတ်ကိုသာ ပြီးအောင်ဝယ်နေလိုက်သည်။ ထုံးစံအတိုင်း ဦးသုမနကို မြင်လိုက်သည်နှင့် ရင်တွေခုန်လာပြီး ဣနြေ္ဒရှင်မိန်းကလေးမို့ ပြန်ကြည့်ချင်စိတ်ကို မျိုသိပ်နေခြင်းသာ။
ကုလားထိုင်မှာ ထိုင်ပြီးသည်နှင့် မဖြူကို စတွေ့ကတည်းက သူမမျက်နှာမှာ အမြဲတပ်ထားသော မျက်မှန်လေးကြောင့် မျက်စိအားနည်း လို့ထင်တယ်ဟူသော အတွေးဖြင့် သနားစိတ်လေးတစ်ခုပါ ပိုနေမိသည်။ သေချာသိအောင်လည်း မေးကြည့်ချင်သည်။
ချောမောလှပပြီး ဣနြေ္ဒရှိသော မိန်းကလေးတစ်ယောက်ကို ခင်မင်ဖို့မဆိုထားနှင့် စကားပြောဖို့ပင် သိပ်မလွယ်ပေ။ ထို့ကြောင့်လည်း မဖြူနှင့် စကားပြောဖို့ရန် အခွင့်အလမ်းကို ဦးသုမနစဉ်းစားနေသည်။ ယောက်ျားမာယာက မိန်းမထက်သာသည်မို့ အကြံကောင်း ဉာဏ်ကောင်းက ချက်ခြင်းပေါ်လာသည်။ ထို့ကြောင့်လည်း ပဲပြုတ်ဝယ်ပြီး ဝင်လာမည့်မဖြူကို သေချာစောင့်ကြည့်နေမိသည်။ ဟော … မဖြူဝင်လာပြီ၊ ဦးသုမနအချိန်ဆွဲမနေတော့၊
“မဖြူ … ဦးပဉ္ဇင်း ရေတစ်ခွက်လောက် သောက်ချင်တယ်”
“တပည့်တော် ခပ်ပေးပါ့မယ်ဘုရား”
မဖြူက ပဲပြုတ်ပန်းကန်လေးကို နောက်ဖေးကို အမြန်သွားပို့ကာ သောက်ရေကို ဖန်ခွက်ဖြူဖြူလေးထဲထည့်ပြီး အောက်ခံပန်းကန်ပြားပေါ် တင်လာကာ ဦးသုမနကို ကပ်လိုက်သည်။ ရှက်ရွံ့တတ်သော မိန်းကလေးပီပီ ဦးသုမနကို မကြည့်ရဲ ကြမ်းပြင်ကိုသာ စိုက်ကြည့်နေသည်။
သနပ်ခါးရေကျဲ ပါးပါးအောက်မှာ ဖြူဝင်းစိုနေသော နဖူး၊ နှာတံနှင့် ပါးမို့မို့လေးများ အကြောစိမ်းလေးများ မြင်နေရသည့် လည်တိုင်လေးများကို အနီးကပ်မြင်လိုက်ရသောအခါ ဦးသုမနသည် ပြောရမည့်စကားကိုပင် မေ့ပျောက်သွားကာ တဒင်္ဂမှင်သက်မိသွားသည်။ ရေကိုလည်း မသောက်မိသေး။
အတန်ကြာတော့ ဦးသုမန ရေသောက်ပြီးလောက်ပြီ အထင်နှင့် မဖြူက ဖန်ခွက်ကိုယူရန် မော့ကြည့်လိုက်ရာ သူမကိုစိုက်ကြည့်နေသော ဦးသုမနနှင့် မျက်လုံးချင်းဆုံသွားကြ၏။ မဖြူမျက်နှာတွင် ပန်းရောင်ပြေးသွားကာ “အို” ဟူသော မပွင့်တပွင့်အသံလေးနှင့် အတူ အောက်ကို ကမန်းကတန်း ပြန်ငုံသွားသည်။
ထိုအခါကျမှ ဦးသုမနမှာလည်း ဥပုသ်သည်ပိုး သူခိုးလူမိ ဖြစ်သွားကာ အားနာပါးနာနှင့် မျက်လွှာကို ကမန်းကတန်း အောက်ချလိုက်ရသည်။ ဦးသုမနမှာလည်း ရှက်သွားသဖြင့် ဖန်ခွက်ကိုကိုင်ကာ ဘာမှမပြောနိုင်ဖြစ်သွားသည်။ မိန်းမတို့ ဣနြေ္ဒ ရွှေပေးလို့မရသလို ရဟန်းတို့ဣနြေ္ဒသည်လည်း စိန်ပေးလို့မရပေ။ ဣနြေ္ဒရှင် နှစ်ဦးတို့ ချစ်ခင်ရင်းနှီးမှု ရဖို့ကား ခက်လှဘိကောင်း။
မိမိတို့အလှကို နှစ်သက်သောသူကို သဘောမကျသော မိန်းကလေးဟူ၍ မရှိပေ။ ထို့ကြောင့်လည်း မဖြူက ပြုံးပြုံးလေးဖြင့် မော့ကြည့်ကာ -
“ဦးပဉ္ဇင်း ရေဘုဉ်းပေးလေ” ဟု သတိပေးလိုက်သောအခါ ဦးသုမနမှာ အယောင်ယောင်အမှားမှားဖြင့်
“မဘုဉ်းပေးချင်ပါဘူး” ဟု ဖြေလိုက်၏။ ထိုအခါ မဖြူက အံ့သြသော မျက်နှာလေးဖြင့်
“ဟင် … တပည့်တော်ကိုတော့ ရေခပ်ခိုင်းပြီး” ဟုလျှောက်လိုက်သောအခါတွင်မှာ ဦးသုမနမှာ သူ့စကားမှားသွားမှန်း သတိရသွားသဖြင့် -
“အဲ … အဲ … ဟုတ်ပါဘူး၊ ဘုဉ်းပေးမှာပေါ့” ဟု ပြင်ပြောပြီး ရေကို မော့သောက်လိုက်လေသည်။ ပြီးလျှင် နှစ်ယောက်သား တိုးညှင်းစွာရယ်မိကြသည်။ လွတ်လပ်စွာ ရယ်မောခြင်းသည် လူစိမ်းနှစ်ယောက် ခင်မင်လွယ်သော အကောင်းဆုံး နည်းလမ်းတစ်ခုပင်ဖြစ်၏။ ဦးသုမနက စမေးရသည်။
“မဖြူ ဘယ်အတန်းဖြေမှာလည်း”
“ဆယ်တန်းပါဘုရား”
“မျက်လုံးအားနည်းတယ်ထင်တယ်၊ ကြာပြီလား”
“နှစ်နှစ်ကျော်လောက်ပဲ ရှိသေးတယ်ဘုရား”
“ဦးပဉ္ဇင်းဆီမှာ မျက်လုံးအားပြန်ကောင်းပြီး မျက်မှန်လွတ်တဲ့ နည်းကောင်းတစ်ခုရှိတယ်။ သူ့နည်းက တစ်သက်လုံး ကျင့်သွားရမှာ ကြာလေကောင်းလေပဲ။ မဖြူကျင့်ကြည့်မလား”
“မျက်လုံးသာ အားကောင်းလာမယ်ဆိုရင် ဘယ်လို လေ့ကျင့်ရ လေ့ကျင့်ရပါ ပြောပြပါဘုရား”
“ဦးပဉ္ဇင်းရဲ့ ကိုယ်တွေနည်းပါ။ ဦးပဉ္ဇင်းကိုယ်တိုင် အသက် (၁၉)နှစ်လောက်က မဖြူလိုပဲ မျက်လုံးအားနည်းလာတယ်။ စာကြည့်တာနဲ့ ဇတ်ကြောတွေက တအားတတ်ပြီး မျက်ရည်တွေကျလာတယ်။ မျက်စိ ဆရာဝန်နဲ့ ပြကြည့်တော့ ဒီဂရီ မျက်မှန်တပ်ရမယ်လို့ ပြောတော့တာပဲ”
“ဦးပဉ္ဇင်းက စာပေသမားဆိုတော့ မျက်မှန်လွတ်ကျင့်နည်း ဆိုတဲ့ စာအုပ်တစ်အုပ်ကို ရှာဝယ်လိုက်တယ်။ နောက်မန္တလေးမြို့က ကျမ်းပြုစာချအကျော် ဆရာတော် ဦးကောဝိဒါဘိဝံသ သက်တော် (၇၀)ကျော်မှ မျက်မှန်လွတ်သွားတဲ့ ကျင့်စဉ်အကြောင်းကိုလည်း ဆောင်းပါးတစ်ပုဒ်ထဲမှာ ဖတ်လိုက်ရတယ်”
“တစ်ခါ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ သွားကိုက်ပျောက် ကျင့်စဉ်တစ်ခုကိုလည်း ရလိုက်ပြန်တယ်။ ဒီသုံးနည်းကို ပေါင်းစပ်ပြီး နည်းသစ်တစ်ခုကို သဘာဝကျအောင် ပေါင်းစပ်ပြီး ကျင့်လိုက်တာ အခုဆိုရင် ဦးပဉ္ဇင်းစာ ဘယ်လောက်ကြည့်ကြည့် ဇတ်ကြောမတက်တော့ဘူး။ မျက်ရည်ပူလည်း မကျတော့ဘူး။ မျက်မှန်လည်း မတပ်ရတော့ဘူးပေါ့”
“တပည့်တော် အတော်စိတ်ဝင်စား သွားပြီဘုရား၊ ပြောပါ တပည့်တော်လည်း စွဲစွဲမြဲမြဲလေ့ကျင့်ပါ့မယ်”
“ပထမဆုံး အိပ်ယာက နိုးပြီးပြီးချင်း မျက်နှာကို အရင်မသစ်ရဘူး၊ ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက် လောင်းပေးရတယ်။ ဒါက တစ်ကိုယ်လုံးမှာ ပြန့်နှံနေတဲ့ အပူခိုးတွေကို ခြေထောက်ရောက်သွားအောင် ဆွဲချလိုက်တာပါ”
“အိပ်ယာက ထလာတာနဲ့ အပူတွေက တစ်ကိုယ်လုံးမှာ နှံနေတာပါ။ ဒီအချိန်မှာ အရင်ကထုံးစံအတိုင်း မျက်နှာကို အရင်သစ်လိုက်မယ်ဆိုရင် ရေနဲ့ထိပြီး အေးသွားတဲ့ မျက်နှာတစ်ပြင်လုံးကို တစ်ကိုယ်လုံးက အပူတွေအကုန်ပြေးလာကြပါတယ်။ ဒါ့ကြောင့် မျက်စိကို တစ်ကိုယ်လုံးကရှိတဲ့ အပူခိုး၊ အပူငွေ့တွေက လာရိုက်တော့တာပေါ့”
“သေချာသိချင်ရင် မျက်နှာသစ်ပြီးတာနဲ့ မှန်ထောင်ကြည့်လိုက်ပါ။ မျက်စိနှစ်လုံးစလုံး ရဲနေတာ တွေ့ရလိမ့်တယ်။ အဲဒီလို အပူခိုးတွေ ရိုက်ပါများလာတဲ့အခါ ဒီမျက်စိကမှုန်ပြီး အားနည်းသွားတာပဲပေါ့”
“ဒါ့ကြောင့် အပူခိုးတွေ မျက်စိမသွားဘဲ အောက်ရောက်သွားအောင် ခြေထောက်ကိုအရင် ရေလောင်းရတာပေါ့။ ဒူးကနေ ရေလောင်းပြီးတဲ့အခါမှာလည်း ချက်ခြင်းမျက်နှာ မသစ်ရသေးဘူး။ ချိုင်းကြားနှစ်ဘက်မှာ ကပ်ကျန်နေတဲ့ အပူခိုးတွေထွက်သွားအောင် မတ်တပ်ရပ်ပြီး လက်နှစ်ဘက်ကို ခေါင်းပေါ်မြှောက်တင်လိုက် အောက်ချလိုက်နဲ့ အနည်းဆုံး အကြိမ်နှစ်ဆယ်လောက် လုပ်ပေးရမယ်”
“အဲဒါပြီးတဲ့အခါ တက်နေတဲ့ ဇတ်ကြောတွေ လျှော့ကျသွားအောင် ခေါင်းကို နောက်ကျောဘက် ရောက်နိုင်သလောက် လှန်ချရမယ်။ ရှေ့ကိုလည်း ရသလောက်ငုံ့ရမယ်။ ဒါကလည်း အကြိမ် နှစ်ဆယ်လောက်ပေါ့။ ပြီးရင် ခေါင်းကို ဘယ်ညာအခါ နှစ်ဆယ်လောက် လှည့်ပေးရမယ်။ ဒီလေ့ကျင့်ခန်း သုံးခုပြီးတာနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ အပုခိုးတွေ ခြေထောက်ကတစ်ဆင့်ထွက်နေတာ ကုန်သွားပါပြီ”
“သေချာသိချင်ရင် ခြေထောက်ကို စမ်းကြည့်လိုက်ပေါ့။ ရေတစ်စက်မှ မရှိတော့ဘဲ ခြောက်နေတာတွေရလိမ့်မယ်။ အဲဒီကျတော့မှ မျက်နှာကို ဆပ်ပြာနဲ့ သေချာသစ်ရမယ်။ သွားမတိုက်ရသေးဘူး။ ပါးစပ်ကို ပိတ်ထားရမယ်။ မျက်နှာသစ်ပြီးတာနဲ့ မျက်နှာသုတ်ပုဝါနဲ့ သုတ်ပေတော့”
“ဒီအချိန်မှာ မျက်နှာမှာရှိတဲ့ မွှေးညှင်းပေါက်တွေ အကုန်ပွင့်သွားတာပေါ့။ အဲဒီကျတော့မှ သွားတိုက်ရမယ်။ သွားတိုက်ရင်းနဲ့ သွားကြို သွားကြားမှာရှိတဲ့ အခိုးအငွေ့တွေဟာ မျက်နှာက မွှေးညှင်းပေါက်များမှ တစ်ဆင့် ထွက်ကုန်တာပေါ့။ ဒီနည်းက အပူကြောင့်ဖြစ်တဲ့ သွားကိုက်ရောဂါကို ကြိုတင် ကာကွယ်တဲ့နည်းပါ။ မဟာစည်ဆရာတော်ဘုရားကြီး ညွှန်ပြတာပေါ့။”
“ဘာမှ ခဲယဉ်းတာ မပါပါဘူး၊ ဘုရားတပည့်တော် လေ့ကျင့်ပါ့မယ်”
“နောက် … အစားအစာနဲ့ ပတ်သက်ရင်တော့ အရည်ရွှမ်းတဲ့ လတ်လတ်ဆတ်ဆတ် အသီးအရွက်တွေကို ဦးစားပေးပြီး စားရမယ်။ နောက်ပြီး အစားအစာကို စားတဲ့အခါမှာလည်း အာဟာရဖြစ်တဲ့ ကြေလွယ်တဲ့အစာကို ဦးစားပေးပြီးစားရမယ်”
ထိုအချိန်မှာပင် ဒေါ်ခင်ဝင်းလည်း အနားသို့ရောက်လာပြီး ဦးသုမနကို ဦးချလိုက်ကာ
“ဟော … မဖြူက ဦးပဉ္ဇင်းကို ဆွမ်းမလောင်းပဲ ဘာတွေမေးနေတယ်မသိဘူး” ဟု ပြောလိုက်ရာ မဖြူက
“ဦးပဉ္ဇင်းက မျက်မှန်လွတ် မျက်စိအားကောင်းတဲ့ နည်းတွေ ပြောပြနေတာ မေမေရဲ့ သိပ်စိတ်ဝင်စားစရာကောင်းတာပဲ” ဟု ပြောလိုက်ပြီး ဦးသုမနကို ကျေးဇူးတင်သောမျက်လုံးလေးများနှင့် ကြည့်နေသည်။ ဒေါ်ခင်ဝင်းက
“ဆုံးမပါဘုရား၊ ဦးပဉ္ဇင်း တပည့်မက ညဆို မီးနဲ့စာ အရမ်းကြည့်၊ အရမ်းရေးတာ၊ ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်မှန်တပ်နေရတာ” ဟု ပြောလိုက်သဖြင့် ဦးသုမနက
“ဖြစ်နိုင်ရင် နေ့ဘက်ကို ဦးစားပေးပြီး စာကြည့်သင့်တယ်။ ညဘက်တော့ နည်းနည်းပဲကြည့်ပေါ့။ ပျံလွန်တော်မူသွားပြီဖြစ်တဲ့၊ စစ်ကိုင်း ရွှေဟင်္သာတောရ ဆရာတော်ဘုရားကြီးဆိုရင် အသက်တစ်ရာကျော်တဲ့ အထိ စာကြည့်နိုင်သေးတယ်။ ၁၀၂ နှစ်ကျမှ ပျံတော်မူတာ။ အဲဒါ ညဘက်မီးနဲ့ စာမကြည့်လို့တဲ့ ဆရာတော်ကြီးက အမိန့်ရှိတယ်”
သူ့အတွက် အချိန်တော်တော်ကုန်သွားသည်ကို သတိထား မိသွားသော မိဖြူက
“ဦးပဉ္ဇင်း ဆွမ်းခံနောက်ကျနေဦးမယ်ဘုရား” ဟု လျှောက်လိုက်မှ ဦးသုမန ရှေ့ဆက်ကြွဖို့ သတိရတော့သည်။
ဆက်ရန်။
[ အပိုင်း ၂ ၊ ၃ ၊ ၄ တို့အား နေ့စဉ်တင်ပေးပါမယ် ]
မေတ္တာရှင်-ရွှေပြည်သာ
စာရိတ္တသတ္တိ စာအုပ်မှ
ကူးယူဖော်ပြပါသည်။
ခွင့်ပြုချက်မတောင်းဘဲရှယ်နိုင်သည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...