မြန်မာ့တပ်မတော်မှာ ထမင်းထုပ်မသိုးတော့ပါ
Thant ZinFollow
မြန်မာ့တပ်မတော်မှာ စစ်ဗိုလ်ချုပ်ပေါင်းများစွာရှိတဲ့အနက် သတင်းစင်တဲ့ ဗိုလ်ချုပ်တွေက အနည်းစုဖြစ်ပါတယ်။ အဲဒီသတင်းစင် တဲ့ ဗိုလ်ချုပ်တွေထဲမှာ ထင်ရှားတာကတော့ ဗိုလ်ချုပ်ကတ်စိန်၊ ဗိုလ်ချုပ်မောင်လှ၊ ဗိုလ်ချုပ်လွန်းမောင် တို့ပါပဲ။

ကျန်တာတော့ အားလုံးသိကြတဲ့အတိုင်း ငါမလုပ်၊ ငါ့သားသမီးလုပ်၊ ငါနဲ့မဆိုင်၊
ငါမပိုင် ဆိုပြီး ရူးချင်ယောင်ဆောင်နေကြတဲ့သူ တွေပဲများပါတယ်။
ကျွန်တော်အရင် Status တွေမှာပြောခဲ့ဖူးသလို ပြည်သူက စစ်တပ်ကိုမုန်းတာ အာဏာရှိတုန်းမှာ အဲဒီလို အာဏာအလွဲသုံးစားလုပ်ခဲ့တဲ့ အဘတွေ၊ အဘကတော်တွေကြောင့်လည်းပါပါတယ်။ အဆိုးကြားက အကောင်းဆိုသလို ဝမ်းသာဖို့ကောင်းတာက ဒီကနေ့ ဗိုလ်ချုပ်တွေမှာ အဲဒီလို ဆိုးဆိုးရွားရွား အသံမျိုးမကြားရ သေးတာပါပဲ။ ဒါကတော့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်က တပ်တွင်းပြုပြင်ပြောင်းလဲရေးတွေ တတ်စွမ်း သမျှ ဆောင်ရွက်နေတာကြောင့်ဖြစ်နိုင်သလို အရပ်သားအစိုးရ အုပ်ချုပ်နေတဲ့ ကာလကြောင့်လည်း ဖြစ်နိုင်ပါတယ်။
စားစရာမရှိလို့ မစားတာနဲ့ စားစရာရှိရဲ့သားနဲ့ မိမိသီလကို အကျိုးအပေါက်မခံဘဲ အာဏာအလွဲသုံးစားမလုပ်တာဟာ ကွာခြားပါ တယ်။ သစ်ကြုတ်ဥပုသ်ဆိုတာလေး ကြားဖူးကြမယ်ထင်ပါတယ်။ မကြားဖူးသေးတဲ့သူတွေအတွက် အကျဉ်း ချုပ်လေးပြောပြ ချင်ပါတယ်။
တစ်ခါက သစ်ကြုတ်တစ်ကောင် ဟာ ချောင်းဖြတ်ကူးရင်း ရေကြီးတာ နဲ့ကြုံပြီး ချောင်း လယ်က ကျောက်တုံးကြီးတစ်တုံးပေါ်မှာ သောင်တင်နေပါတယ်။ ရေကလည်း ညနေစောင်းတဲ့အထိမကျဆိုတော့ သစ်ကြုတ်က စဉ်းစားပါတယ်။ “အင်း…ဒီညတော့ ငါ ဒီကျောက်တုံးပေါ်မှာပဲ အိပ်ရတော့မယ်။ မထူးပါဘူး။ ဒီပေါ်မှာ အိပ်ရမယ့်အတူတူ ညစာမစားဘဲ ဥပုသ်စောင့်လိုက်တာကောင်း မယ်ထင်ပါရဲ့” လို့ တွေးပြီး ကျောက်တုံး ကြီးပေါ်မှာ လှဲနေလိုက်တယ်။
သစ်ကြုတ်ရဲ့အတွေးကို သကြားမင်းကသိပြီး သစ်ကြုတ် သီလကို စမ်းသပ်ချင်တာနဲ့ သိကြားမင်းဟာ သမင်ပေါက်ကလေး အယောင်ဆောင်ပြီး သစ်ကြုတ်လိုပဲ ရေကြီးလို့ ခိုလှုံဖို့ရောက်လာတဲ့ပုံစံနဲ့ အဲဒီကျောက်တုံးကြီးပေါ်ကို လွှားခနဲ ရောက်လာ ပါတယ်။ သမင်လေးကိုလည်းမြင်ရော သစ်ကြုတ်က ဇာတိပေါ်လာတယ်။
သူက အသားစားသတ္တဝါလေ။ “အင်း..ဥပုသ်က ဘယ်နေ့စောင့်စောင့် စောင့် လို့ရပါ တယ်။ ငါ Lunch ဆွဲထားတာ တော်တော်ကြာနေလို့ ဗိုက်ကလည်း တဂွီဂွီမြည်နေပြီ။ Dinner လည်းမဆွဲရသေးဘူးဆိုတော့ ဒီသမင်လေးကိုပဲ ကိုင်လိုက်ရင်ကောင်း မယ်လို့တွေးပြီး သမင်လေးကိုခုန်အုပ်လိုက်ပါတယ်။
သမင်က အစစ်မှမဟုတ်ဘဲ။ သိကြားမင်းလေ။ ဒီတော့မှ သမင်ပုံစံပျောက် သကြားမင်း အသွင်ရောက်ပြီး သိကြားမင်းက “ဟယ် သစ်ကြုတ်လူမိုက် ငါဟာ သင့်သီလ ဘယ်လောက်မြဲသလဲ သိချင်လို့ တမင်သက်သက်စမ်းသပ်ကြည့်တာ။ အခုတော့ သင်ရဲ့ သီလဟာ တစ်ညနေတောင်မခံတဲ့ သစ်ကြုတ်သီလပါတကား။” လို့ ပြောပြီး ကိုယ်ရောင်ဖျောက်သွားပါသတဲ့။ သစ်ကြုတ်က တော့ ဥပုသ်လည်းကျိုး၊ သမင်သား လည်းမစားရ၊ မိုးကသည်းလာတော့ ချမ်းလည်းချမ်းနဲ့ ဟဒ်ကောဒ့်ကြီး ကျန်ခဲ့တာပေါ့။
ခိုးစရာမရှိလို့ မခိုးတာဟာ သီလစောင့်တာမဟုတ်ဘဲ ခိုးစရာရှိလို့ အများစုခိုးနေကြ တာတောင်မှ မိမိသီလကို အကျိုး အပေါက် မခံဘဲ စောင့်တဲ့သီလမျိုးကသာ အင်မ တန်ဖြူစင်မွန်မြတ်တဲ့သီလမျိုးဖြစ်တယ်ဆိုတာ အထူးပြောစရာလိုမယ်မထင်ပါ။ တကယ် တော့ ကိုယ်ဆုံးဖြတ်ထားတဲ့ သီလလေးတစ်ညစာကိုတောင် မထိန်းနိုင်တဲ့ သူဟာ ကျန်တဲ့အရာတွေကိုစောင့်ရှောက် ထိန်းသိမ်းဖို့ ဆိုတာ အတော်မလွယ်တဲ့ ကိစ္စပါ။
ဒီနေရာမှာ အရေးကြီးတာက စိတ္တသတ္တိအားကောင်းဖို့ပါ။ စိတ္တသတ္တိအားကောင်းတဲ့သူမှာ ကာယသတ္တိကလည်း အလိုလိုရှိပြီး သားပါပဲ။
အခုတလော လေကာ (လေကြောင်းရန်ကာကွယ်ရေးတပ်) တွေက အရာရှိစစ်သည်တွေ သူတို့တပ်ချုပ်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းအကြောင်း ကို တော်တော်လေး ချီးကျူးပြော ဆိုနေကြတာ သတိထားမိကြမယ်ထင်ပါတယ်။ အင်မတန် စစ်သားပီသပြီး အဂတိတရား ကင်းရှင်းတဲ့ အာဏာအလွဲသုံးစားမလုပ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်တယ် လို့ကြားရတော့ သာဓုခေါ်မိ ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းတပ်ရင်းမှူးဘဝက တစ်ရက် ရုံးခန်းတစ်ခုဘေးက လမ်းလျှောက်လာရင်း တပ်ခွဲမှူးဗိုလ်မှူးနှစ်ယောက် စကားပြောသံကြားလို့ နားစွင့်ကြည့်လိုက်တယ်။
“သူငယ်ချင်း စစ်တပ်မှာ တပ်ရင်းမှူး တစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်အိမ် ကိုယ်ပိုင်ကားမှ မရှိရင် အဲဒီတပ်ရင်မှူး တော်တော် အသုံး မကျတာလို့ ပြောရမှာပဲကွ။” ဆိုတဲ့စကားသံ ကိုကြားလိုက်ရတယ်။
“အေး…ဟုတ်တယ်သူငယ်ချင်း၊ တပ်ရင်းမှူးတစ်ယောက်ဖြစ်မှတော့ ကိုယ်ပိုင်အိမ်လေး၊ ကားလေးတော့ ရှိသင့်တာပေါ့ကွာ။” လို့ ကျန်တဲ့တစ်ယောက်က ထောက်ခံပြောဆို ပါတယ်။
သူတို့နှစ်ယောက်စကားသံတွေကိုကြားလိုက်ရတဲ့ အဲဒီအချိန်က တပ်ရင်းမှူးဒုတိယဗိုလ် မှူးကြီး စိန်ဝင်းဟာ အံ့သြခြင်းကြီးများစွာနဲ့ စိတ်မကောင်းဖြစ်သွားပြီး ခေါင်းထဲမှာ မိုက်ခနဲဖြစ်သွားတယ်။ စစ်သားဆိုတော့ စိတ်လည်းတိုသွားတာပေါ့။
ဒါနဲ့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစိန်ဝင်းဟာ အဲဒီအရာရှိနှစ်ယောက်ကို သူ့ရုံးခန်းခေါ် ပြီး ဆုံးမစကားပြောပါတယ်။
“အေး…ငါဟာ စစ်သားတစ်ယောက်ဖြစ်တဲ့အတွက် စစ်သားပီသစွာပဲ အလုပ်လုပ်တယ်။ မင်းတို့ပြောတဲ့ အိမ်တွေ၊ ကားတွေ ငါ စိတ်မဝင်စားဘူး။ စိတ်ဝင်စားဖို့နေနေသာသာကွာ၊ အတွေးထဲမှာတောင်မရှိဘူး။ စစ်သားဆိုတာ ကုန်သည်ပွဲစားမဟုတ်ဘူးကွ၊ ဘာဖြစ်ရင် ဘယ်လိုနေရမယ်ဆိုပြီး ဈေးတွက်တွက်လို့မရဘူး။ စစ်သားဟာ စစ်သားပီသအောင်နေ မှသာ သိက္ခာရှိတဲ့ စစ်သား ဖြစ်တော့မပေါ့။ မင်းတို့လည်း စစ်သားတွေဆိုရင် စစ်သား ဆန်ဆန်တွေး၊ စစ်သားဆန်ဆန်စဉ်းစား၊ မဟုတ်တမ်းတရားလုပ်ပြီး ချမ်းသာဖို့ ဘယ်တော့မှ မစဉ်းစားနဲ့။” လို့ ပြောဆိုဆုံးမပါတယ်။
ဒုတိယဗိုလ်မှူးကြီးစိန်ဝင်းဟာ ဗိုလ်ချုပ်ဖြစ်တဲ့အထိ သူပိုင်အိမ်မရှိဘူးလို့ ဆိုပါတယ် ။ နောက်ပိုင်း မနေနိုင်တဲ့ စီးပွားရေးပြေလည် နေတဲ့ တပည့် တပန်းဟောင်းတချို့က ပံ့ပိုးလို့ နိုင်ငံတော်က ပေးတဲ့မြေကွက်လေးမှာ အိမ်လေးတစ်လုံးဆောက်ထားတယ်လို့ သိရပါတယ်။
အခုဒုတိယဗိုလ်ချုပ်ကြီးဖြစ်နေပြီဖြစ်တဲ့သူက တပည့်တွေနဲ့တွေ့တော့ သူ့အိမ်လေးနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့စကားတွေကလည်း နှောင်းဗိုလ်ချုပ်များအတုယူသင့်တဲ့စကားတွေဖြစ်ပါတယ်။
“ကဲ ငါအိမ်ရှိပြီကွာ။ ဒ.ါ…ငါ့အိမ်ပဲဆိုပါတော့ အိမ်ဆောက်ပြီးတဲ့ကာလ ၃နှစ်အတွင်းမှာ ငါဒီအိမ်လေးမှာ ၂ရက်ပဲ အိပ်ဖူးသေး တယ်။ ၃ရက်မြောက်မအိပ်ခင် ငါ သေရင် လည်းသေသွားနိုင်တာပဲကွ။ ဒါဆိုရင် ပိုင်ဆိုင်မှုဆိုတာ ဘဝမှာ အရေးပါလို့လား။ လူဆို တာ ကွေးသောလက်မဆန့်မီ ဆန့်သောလက်မကွေးမီ ရုတ်ချည်းသေသွားနိုင်တာပဲ။ ဒါ့ကြောင့် အလိုရမ္မက်မကြီးနဲ့။ ကိုယ့်ရဲ့ professional အသက်မွေးဝမ်းကြောင်း အလုပ် က စစ်သားအလုပ်ပဲ။ ဒီတော့ ကိုယ့်အသက်မွေးဝမ်းကျောင်းအလုပ်ကိုပဲ သေသေ ချာချာ အားထည့်ပြီးစနစ်တကျလုပ်။ မဆိုင်တဲ့ စီးပွားရေးအလုပ်တွေ မတရားရှာဖွေရတဲ့ အလုပ်တွေကို စိတ်မဝင်စားနဲ့။” လို့ သူက တပည့်တွေကိုပြောပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းဟာ တပ်စစ်လာတဲ့အခါမှာလည်း ငါးဟင်းနဲ့သာထမင်း စားလေ့ရှိပြီး အစားအသောက်နဲ့ပတ်သက်လို့ ဇီဇာမကြောင်ဘူး ဆိုတာ လည်း လေကာ လောကအသိုင်းအဝိုင်းကတဆင့် သိရပါတယ်။
ပြီးတော့ တပ်မတော်မှာ ထူးခြားတယ်လို့ပြောရမယ့်ကိစ္စကတော့ တပ်စစ်ဆေး ပြီး ပြန်ခါနီးကျရင် သူ့ကိုဧည့်ခံကျွေးမွေးတဲ့ ကုန်ကျစရိတ်ကို သက်ဆိုင်ရာ တပ်ရင်းမှူးကို အမြဲလိုလို ပြန်ထုတ်ပေးလေ့ရှိတယ်လို့ ဆိုပါတယ်။ သဘောကတော့ သူ့ကြောင့် အောက်က တပ်ရင်းတွေကို ဝန်မပိစေချင်တဲ့သဘောပါ။ (လေးစားလိုက်တာ အဘရေ၊ ကျွန်တော်တို့ကြုံဖူးတဲ့ ကစထမှူး၊ တိုင်းမှူး၊ တပ်မမှူးတွေ ကတော့ ပေးတာ ယူ၊ ကျွေးတာစား၊ တိုက်တာသောက်ပြီး အော်ဟစ်ငေါက်ငမ်းပြန်သွားကြတာချည်းပါပဲ။)
သူဟာ မနက် ၄နာရီခွဲ ပုံမှန်ထပြီး လမ်းလျှောက်လေ့ရှိပြီး လမ်းလျှောက်ရင်း ဘုရားစာဆို၊ ပရိတ်/ပဌာန်းရွတ်၊ မေတ္တာပို့ အမျှဝေ လေ့ရှိတယ်လို့လည်း သိရပါတယ်။
ညဘက်တွေမှာ သူ့ဆီကို ဂျင်းသုပ်သွားပို့တဲ့အချိန်တိုင်းမှာလည်း ဂျင်းသုပ်လာပို့တဲ့ အရာရှိငယ်လေးတွေကို ကြည်သာရွှင်ပျတဲ့ မျက်နှာထားနဲ့ “အေး.. အေးကွာ ကျေးဇူးတင်ပါတယ်။” လို့ မပျက်မကွက် အလေးထားပြောလေ့ရှိ ပါတယ်။ အသေးအဖွဲလေးက အစ လက်အောက်ငယ်သားရဲ့ activity လုပ်ရပ်အပေါ် အသိအမှတ်ပြုကြောင်းပြသတာပါ။ ဒါဟာ လူကြီးလူကောင်းဆန်တဲ့ စာနာစိတ်ရှိတဲ့ သူတွေရဲ့ အပြုအမူပါ။
“အဘ ဦးစိန်ဝင်းက ကားကို ထုတ်ပေးတဲ့ ဓါတ်ဆီပိုတာ ပြန်အပ်တယ်။ သသန မှာတုန်း က ညနေတိုင်း အရာရှိတွေ Fatigue လုပ်ရင် သူ့အတွက်မြက်ပေါက်စရာ ဧရိယာ တစ် ကွက်ပေး ရတယ်.။(အဲဒီတုန်းက ဗိုလ်ချုပ်နော်) ကိုယ်တိုင်မြက်ပေါက်တယ်.။ သူ့အိမ်မှာ တပ်ထောက်က သစ်သားဆက်တီပဲရှိတယ်။ သားသမီးတွေကိုလည်း အင်မတန် ထိန်းသိမ်းတာတော်တယ်။ သူ့သား သမီးတွေက အဝတ်အစား အလန်းကြီးတွေ မဝတ် ဘူး သပ်သပ်ရပ်ရပ်နဲ့ ယဉ် ယဉ်ကျေးကျေး မွန်မွန်ရည်ရည်နဲ့ စာကြိုးစား တယ်။ လေကြောင်းရန်အရာရှိချုပ်ဖြစ်လာတော့ တပ်စစ်သွားရင် ခြေလှမ်း ကျဲကြီးတွေ နဲ့နောက်က PSO က ပြေးလိုက်ရတယ်။ ခုချိန်ထိ ဗိုက်မထွက်၊ အရပ်ကလည်း အမြင့်ကြီးပါ။ တကယ်ရှာမှရှားတဲ့ လူမှန်ကြီးပါ။” လို့ လေကြောင်းရန် ကာကွယ်ရေး တပ်က အရာရှိ တစ်ဦးက ပြောပါတယ်။
အရာရှိတွေ Fatigue လုပ်ရတယ်ကြားလို့ ကျွန်တော်တော့ တော်တော်လေး အံ့သြသွား ပါတယ်။ နိုင်ငံတကာမှာတော့ အထူးသဖြင့် ချမ်းသာတဲ့ဒီမိုကရေစီနိုင်ငံတွေမှာ အရာရှိရော အခြားအဆင့်ပါ Fatigue လုပ်ရတာမရှိပါဘူး။ အဲဒီအလုပ်တွေလုပ်ဖို့ အရပ်သားဝန်ထမ်းတွေခန့်ထားပါတယ်။
ကျွန်တော်တို့တပ်မတော်မှာကတော့ ကျွန်တော်တို့အဖေလက်ထက် ရိုင်ဖယ်ခေတ်မှာ အရာရှိတွေ Fatigue လုပ်/ မလုပ်မသိရ ပေမဲ့ ကျွန်တော်တို့ G3 ခေတ်မှာတော့ ဘယ် အရာရှိမှ Fatigue လုပ်တာမတွေ့ဖူးပါဘူး။ ဒါတွေအားလုံး အခြားအဆင့် စစ်သည် တွေ ရဲ့တာဝန်ချည်းပါပဲ။
ဒါ့ကြောင့် ဒီဘက်ခေတ်အရာရှိတွေကို ကျွန်တော်ပိုအထင်ကြီးပါတယ်။ စုန်းပြူးနည်းနည်း ပါးပါးတော့ ဘယ်နေရာမဆိုရှိစမြဲပေါ့။ အရာရှိကိုယ်တိုင်ကင်းစောင့်ရတယ်၊ ပွိုင့်ပြေး ရတယ်၊ ထမင်းချက်ရတယ်ဆိုတာ ဒီဘက်ခေတ်အရာရှိတွေမှသာ ကြုံရတဲ့ ထူးခြား တဲ့ အတွေ့အကြုံပါ။ စစ်သည်နည်းလို့ဆိုပေမဲ့ ဒါကိုလည်း အရာရှိတွေ ဗျူရိုကရက်စိတ်လျော့ ပါးလာအောင် ကာချုပ်က စီမံထား သလားလို့တောင်တွေးနေမိပါတယ်။
ဘာပဲဖြစ်ဖြစ် သူများတွေအဆိုးမြင်ချင်မြင်ပေမဲ့ ကျွန်တော်ကတော့ အကောင်းမြင် ပါ တယ်။ မြန်မာ့တပ်မတော်ဟာ တဖြည်းဖြည်း နဲ့ အကောင်းဘက်ကိုပြောင်းလာမှာပါ။
အာဏာအလွဲသုံးစားလုပ်တဲ့ အရာရှိတွေကိုလည်း ထိုက်သင့်သလို ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်လို့ထင်ပါတယ်။
ကျွန်တော့်စစ်သက်တစ်လျှောက်လုံးမှာရော အပြင်လောကမှာပါ ဦးနေဝင်းကလွဲလို့ ဘယ်အရာရှိကိုမှ အဘလို့ မခေါ်ခဲ့ဖူးပါ။
အခုလို ကျက်သရေမင်္ဂလာရှိတဲ့ သတင်းမျိုးကြားရတဲ့အတွက် တပ်မတော်ကြည်း ၊ လေကြောင်း ရန်ကာကွယ်ရေးတပ်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းကို ရိုသေလေးစားစွာ နဲ့ “အဘ” လို့ ရင်ထဲကလှိုက်လှိုက်လှဲလှဲခေါ်ဆို အလေးပြုလိုက်ရပါကြောင်း…။
(ရဲကျော်သူရ)

0 comments:
Post a Comment