Saturday, November 21, 2015

#‎စာရေးနည်း‬

နီကိုရဲ - မကြည်ပြာနှင့် ချစ်ခြင်း၏ နဂ္ဂတစ်များ စ - ဆုံး ပေါင်းချုပ်

ဝတ္ထုတို တစ်ပုဒ်ကို ဘယ်လို စဖွင့်မလဲ ။
ထိုမေးခွန်းသည် ကျွန်တော့်အချစ် နှလုံးသားနှင့် ဘဝကျဉ်းကျဉ်းကလေးကို လွင့်စဉ်ကြေမွ ပျက်စီးသွားအောင် ရိုက်ခတ်နေသည် ။ တစ္ဆေတစ်ကောင်၏ မုန်တိုင်းသာလျှင် ဖြစ်သည် ။ ထိုမေးခွန်းအတွက် ကျွန်တော်သည် လစဉ်ထုတ် မဂ္ဂဇင်းများထဲမှ နာမည်ကြီး စာရေးဆရာများ၏ ဝတ္ထုတိုပေါင်း များစွာတို့ကို လေ့လာဖတ်ရှုခဲ့ရသည် ။ ဝတ္ထုတိုရေးနည် စာအုပ်များ အကြိုက်ဆုံး ဝတ္ထုတို သုံးသပ်ချက် ၊ ကျော်အောင်၏ ဝတ္ထုတိုရေးနည်း ၊ မလိခ၏ မြန်မာဝတ္ထုတိုအညျွန်း ( ၁ ) ၊ ( ၂ ) ၊ ဂန္ထဝင် ( ၁၀ ) ၊ ဒဂုန်တာရာ ၊ ကြည်အေး ၊ သစ္စာနီ ၊ ဖေမြင့် ၊ ဝင်းဖေ ၊ မောင်သစ်ဆင်း ၊ ပိုင်စိုးဝေ ၊ မိုးငြိမ်းဧ ၊ ဂျူး ၊ နေမျိုး ၊ ဆမ္မားဆက်မွန် ၊ ချက်ကော့ ( ဖ် ) ၊ ကက် ( ဖ် ) ကာ ၊ မိုရေဗီးယား အားလုံးစုံအောင် လေ့လာပြီးသောအခါ ကျွန်တော့်ဦးခေါင်းသည် ခါချဉ်အုံလို တရွရွ ဖြစ်လာ၏ ။ ခြတောင်ပို့လို ထူပွလေးလံလာ၏ ။


ထိုအချိန်သည် မြန်မာဝတ္ထုတို ရွှေခေတ် ဖြစ်နေခြင်းမှာလည်း ကျွန်တော်၏ ကံဆိုးမှု တစ်ခုပင် ဖြစ်လေသည် ။ အယူအဆ အမျိုးမျိုး ၊ ရည်ရွယ်ချက် အသီးသီးဖြင့် ဇာတ်လမ်းအဖုံဖုံကို ကြုံသလို ညွှန်းနေကြသော ဝတ္ထုတိုများနှင့် ဆောင်းပါးများသည် ကျွန်တော့်အတွက်တော့ ဦးခေါင်းပေါ် နောက်ထပ် တက်လာသော ခါချဉ်များ ဖြစ်နေခဲ့သည် ။
ဝတ္ထုတိုဟာ ပြည်သူရဲ့ ဘဝကို ထင်ဟပ်သရုပ်ဖော်နိုင်ရမယ် ။ အသစ်တစ်ခုခု မပေးနိုင်ရင် ဘာကြောင့် ဝတ္ထုတို ရေးနေတော့မလဲ ။ အနုပညာ ဘာရည်ရွယ်ချက်မှ မရှိ ။ အနုပညာဟာ ပြည်သူအတွက် ၊ အနုပညာဟာ လူတစ်ယောက်ရဲ့ အတ္တပေါက်ကွဲရာ ၊ အနုပညာဟာ လူ့ဘဝ ရိုက်ခတ်ချက်၏ ရောင်ပြန် ၊ ဝတ္ထုတို တစ်ပုဒ်ဟာ အစအဆုံး ပြောစရာမလို ၊ ဝတ္ထုတို ဆိုတာ အပြော ၊ ဝတ္ထုတို ဆိုတာ အပြနှင့်အပြော ညီညွတ်မှု ၊ နံရံတွင် သေနတ်ကို ဝတ္ထုမဆုံးခင် ပစ်ရမည် ။ ဝတ္ထုတို ဆိုတာ . . . ။
ကျွန်တော် ထိတ်လန့်တကြား စာရေးစားပွဲမှ ထရပ်မိသည် ။ ဦးခေါင်းသည် တဒိန်းဒိန်း ကိုက်လျက်ရှိကာ လက်ဖဝါးမှာ ချွေးစေးများ ရွှဲနစ်နေ၏ ။ ပြိုးခနဲ ပြက်ခနဲ လွတ်ထွက်သွားရန် တာစူနေသာ စိတ်ကို မနည်းထိန်းထားရ၏ ။ ပြတင်းပေါက်ကို ကမန်းကတန်း လှမ်းငေးရသည် ။ လသည် ညအပေါ်တွင် သာလျက်ရှိ၏ ။ ကြယ်များသည် အမိန့်ရထားသလို တလက်လက် ခုန်လျက်ရှိသည် ။
ဖတ်မှတ်လေ့လာမှပင် ကျွန်တော်သည် ဘာကိုမှ ရေးမချတတ်တော့ ။ ငါဟာ အနုပညာဓာတ်ခံ ချို့တဲ့သိမ်ဖျင်းလှပါကလား ။ ဆရာ မောင်သစ်ဆင်း၏ ဝတ္ထုတို တစ်ပုဒ်သည် စားပွဲပေါ်မှာပွင့်လျက် ကျွန်တော့်ကို လှောင်ပြောင်နေ၏ ။ ကျွန်တော် ဦးခေါင်းငိုက်စိုက်ကျသွားသည် ။ မကြည်ပြာ . . . ငါဟာ မင်း ပြောခဲ့သလိုပဲ တကယ့်ကို ဘာမှသုံးမရတဲ့ လူတစ်ယောက်ပါကွာ ။ တိတ်ဆိတ်နေသော ညအမှောင်ထဲမှာ ကျွန်တော်သည် အမှုန်စက်ကလေး တစ်စက်လို လွင့်စဉ်ကွဲရှ ထွက်သွား၏ ။
ကျွန်တော့်ညီ၏ ဟောက်သံမှန်မှန်နှင့် အမေ၏ မသဲမကွဲ ယောင်သံကို ကြားရသည် ။ သြော် . . . အားကျစရာ တက်ကြွမှု တစ်ခုပါလား ။ ညလေသည် သံဆန်ခါများကို တိုးဝှေ့ကာ ဘယ်သူမှမရှိ အထင်ဖြင့် ဝင်လာရာ ကျွန်တော့်ကို ပွတ်တိုက်မိသဖြင့် လန့်သွားပုံရကာ စားပွဲပေါ်မှ လုံးချေတင်ထားသော စက္ကူများကို တွန်းတိုက်မိ၏ ။ ကျွန်တော် မကြိုက်သော ဝတ္ထုတို တစ်ပုဒ်၏ အဖွင့်သည် စားပွဲပေါ်မှ ပေါ့ပါးစွာ ခုန်ချသွားလေသည် ။
‘ မင်းအတွက် ဘယ်လောက် ပင်ပန်းနေရတယ် ဆိုတာ မြင်လှည့်စမ်းပါ မကြည်ပြာရေ . . . ’
ယခုအချိန် မဂ္ဂဇင်းတွင် ဝတ္ထုတိုတစ်ပုဒ် ပါလာရေးသည် ကျွန်တော့်အတွက်တော့ သေရေးရှင်ရေး ကိစ္စတစ်ခုပင် ဖြစ်သည် ။ ချစ်သူ ရှိနှင့်ပြီးသား ယောင်္ကျားလေး တစ်ယောက်သည် ချစ်သူအတွက် တစ်ခုခုတော့ တည်ဆောက်ပြဖို့ လိုအပ်သည်မှာ အမှန်ပင် ဖြစ်သည် ။ ထို့အတွက်ကြောင့်ပင် ဟစ်တလာလည်း ဥရောပတိုက်ကို သိမ်းခဲ့သည် ။ နပိုလီယန်လည်း ရုရှားကို တိုက်ခဲ့သည် ။ ကိုလံဘတ်လည်း နယ်မြေသစ် ရှာဖွေခဲ့သည် ။ ရာမလည်း အဃုစန္ဒာလေးကို တင်ခဲ့သည် ။ အလောင်းတော် သိဒ္ဓတ္ထလည်း ကျောက်လွှာခုနှစ်ချပ် ထုတ်ချင်းခတ်ခဲ့သည်ဟု ကျွန်တော် ထင်သည် ။
ဘာမဆို အင်မတန် အကြွားသန်သော ကြည်ပြာသည် ကျွန်တော်နှင့် ပတ်သက်၍ ရေငုံနှုတ်ပိတ် ဖြစ်နေရရှာသည် ။ ငါ့ရည်းစားက ဘာ ၊ ငါ့ကောင်လေးက ညာ ဆိုသည့် အတန်းအားချိန် စကားဝိုင်းများတွင် ကြည်ပြာသည် မျက်နှာငယ်နေရရှာ၏ ။ ပိုက်ဆံကလည်း မချမ်းသာ ၊ နာမည်ကြီး မင်းသားတစ်ယောက်နှင့်လည်း ရုပ်ချင်းက မဆင် ၊ ပတ်စ်ပို့တွေဘာတွေ လျှောက်ထားသည့် လူကလည်း မဟုတ် ၊ အရပ်ငါးပေ ၊ အဆီပြန်နေသည့် မျက်နှာတစ်ခု ၊ ငွေတောင်ဆေးပေါ့လိပ်အတို ၊ ဝတ္ထုစာအုပ်တစ်အုပ်နှင့် အူကြောင်ကြောင် ကျွန်တော့်ကို ကြိုက်မိတာ မှားပြီဟု ကြည်ပြာသည် သူငယ်ချင်းများရှေ့တွင် ညည်းရှာသည် ။ ကျွန်တော်နှင့် ပတ်သက်၍ ကြည်ပြာ၏ အခန်းကဏ္ဍသည် မိန်းကလေးတို့ စကားဝိုင်းတွင် တိုးမှိန်ဖျော့ကျ နေရသည် ဆိုခြင်းကို ကျွန်တော် ဝမ်းနည်းထိတ်လန့်စွာ သိခဲ့ရသည် ။
‘ ဟဲ့ ရဲဝင်း . . . နင် အူကြောင်ကြောင်နဲ့ စကားကြီး စကားကျယ်တွေ လျှော့ . . . ကြည်ပြာ့အတွက် တစ်ခုခု လုပ်ပေးဦး ’
ဟု လွင်မာက တိုးတိုးမှာရှာသည် ။
ကျွန်တော် ဘာလုပ်ရမည်နည်း ။ မြင်းမိုရ်တောင်ကိုသာ နေရာရွေ့ပစ်လိုက်ချင်သည် ။ ကြယ်အမြီးဖျားကို စမ်း၍သာ ခါချလိုက်ချင်သည် ။ ကျွန်တော် ဘာလုပ်ပေးရမည်နည်း ။ ကြည်ပြာသည် ကျွန်တော့်အတွက် နှစ်ရာ့နှစ်ဆယ်တန် နှုတ်ခမ်းနီကိုလည်း ဆိုးရရှာသည် ။ ထောင့်ငါးရာ ပေးရသော ဗူးပါတိတ်ကိုလည်း ဝတ်ပေး၏ ။ ဆံပင်ကိုလည်း တစ်ရာကျော် အကုန်အကျခံကာ ပြုပြင်သည် ။ Promina မိတ်ကပ်ကိုလည်း တစ်လတစ်ဘူး သုံးစွဲပေးနေ၏ ။ သူငယ်ချင်းများက ‘ ရဲဝင်း . . . နင့်ကောင်မလေးက ချစ်စရာလေး ၊ နင်နဲ့ တန်တောင်မှ မတန်ဘူး ’ ဟု ပြောတိုင်း ကြည်ပြာက နှုတ်ခမ်းတို့ကိုကွေးကာ မျက်စောင်းထိုးတတ်သည် ။ ကျွန်တော် ခေါင်းငိုက်စိုက် ကျသွားရသည် ။
ဒန့်ဒလွန်သီးနှင့် တူလှသော ကျွန်တော့်လက်ချောင်းများ အတွင်းသို့ ပင်လယ်ရှာမတွေ့သော မုန်တိုင်းများသာ ဝင်ရောက်လာခဲ့ရသည် ။
ဤသို့ဖြင့် ‘ ဝတ္ထုတို တစ်ပုဒ်ကို ဘယ်လို စဖွင့်ရမလဲ ’ ဟူသော မေးခွန်းနှင့် ကျွန်တော် တည့်တည့်တိုးခဲ့ရလေတော့သည် ။ ကျွန်တော့်မှာ ဝတ္ထုတို ဇာတ်လမ်းများစွာ ရှိသည် ။ ရေးလည်း ရေးဖူးပါ၏ ။ သို့သော် ထုံးစံအတိုင်း ကလောင်သစ်တို့၏လားရာ အပယ်ဘုံသို့ လားသည်က များလေသည် ။
ခက်သည်က ဝတ္ထုတိုရေးသူ ၊ ကဗျာရေးသူ ၊ ငရဲကျသူ ၊ ထီထိုးသူ ၊ ပတ်စ်ပို့လျှောက်သူ ၊ ရှယ်ယာဝင်သူ ၊ ကုမ္ပဏီထောင်သူ ၊ ဘတ်စ်ကားစောင့်သူ လူဦးရေးထက်ပင် များသေး၏ ။ ကျွန်တော်တို့လို မပါဖူးသူတွေ ဒုနဲ့ဒေး ။ ထို့အပြင် ကိုယ့်စာမူ အသစ်တစ်ပုဒ်ကို မဂ္ဂဇင်းမှ အယ်ဒီတာတစ်ယောက် ဖတ်မိဖို့ အခွင့်အရေးသည် ဗြဟ္မာ့ပြည်က အပ်တစ်ချောင်းနှင့် ဟိမဝန္တာတောင်အောက်တွင် ပိနေသော အပ်တစ်ချောင်း ထိဖို့ထက်ပင် ခက်သေးသည် မဟုတ်လား ။
ထိုအပ်နှစ်စင်း ထိမိသည်ထားဦး ။ ကောက်ယူဖတ်ကြည့်ခွင့် ကြုံလာသော ကျွန်တော်၏ ဝတ္ထုအဖွင့်သည် အယူအဆ အမျိုးမျိုး ၊ စိတ်အထွေထွေဖြင့် ဖြစ်တည်ပြီးနှင့်သော အယ်ဒီတာ တစ်ဦး၏ စိတ်နှလုံးကို ကောင်းစွာဆွဲယူ သိမ်းသွင်းနိုင်စွမ်း မရှိခဲ့ပါလျှင် . . . သွားပြီ ။ ဝတ္ထုတို တစ်ပုဒ်ဖြင့် ကလောင်သစ်တစ်ယောက် မဂ္ဂဇင်းတွင် ပါလာနိုင်ရေးသည် ကံကြမ္မာ အခါအခွင့်သင့်စဉ် ဖြုန်းခနဲ တွေ့လိုက်ရသော ဝတ္ထုတိုအဖွင့် စကားလုံးများ၏ ဆွဲဆောင်မှုနှင့် လုံးဝပတ်သက် ဆက်နွယ်နေသည်ဟု ကျွန်တော် ဆုံးဖြတ်သည် ။
ဆရာ ဒဂုန်တာရာ၏ ‘ လေနုအေးတို့ တရွေ့ရွေ့ နော့ဆဲကို ’ မေ ဝတ္ထုအဖွင့် ၊ ဆရာမ ကြည်အေး၏ ‘ မောလိုက်တာကွယ် ’ ဆိုသည့် နွမ်းလျအိမ်ပြန် အဖွင့် ၊ ဆရာမ မိုးငြိမ်းဧက ‘ ကြွေသည် ကွယ်လွန်ခဲ့လေပြီ ’ ၊ ‘ ထိုညက မီးမလာပါ ’ ဟု ဆရာ မောင်သစ်ဆင်းက စ၏ ။ ဆရာ သစ္စာနီက ‘ သေဆုံးနေသော လိပ်ပြာတစ်ကောင်ကို မြင်တွေ့ရခြင်းမှာ ထူးခြားသော ကိစ္စတစ်ခု မဟုတ်ချေ ’ တဲ့ ။ ‘ ပျင်းရိလေးလံနေသော ဂြိုဟ်တစ်လုံး မိမိကိုယ်ကို တစ်ပတ်ပတ်မိအောင် အချိန်မည်မျှ အားထုတ်ရပါသနည်း ’ ဟု ဆရာ နေမျိုးက တစ်မျိုး ၊ ‘ ကျွန်မက လရောင်သည် အလွန်ကြည်နူး နှစ်သက်စရာ ကောင်းသည်ဟု ထင်သည် ’ ဆရာမ ဂျူးက တစ်ပုံစံ ။
ဤသို့ဖြင့် ဝတ္ထုတို အဖွင့်များသည် ကျွန်တော်၏ မရှိမယ့် ရှိမယ့် အသားနှစ်ပေါင် ( 2 lb ) လောက်ကို လရောင်နှင့် ဖျော်သောက်သွားခဲ့လေသည် ။
*
ကြည်ပြာ့ကို လုံးဝအသိမပေးဘဲ ထားခဲ့သော ကိစ္စနှစ်ခုမှာ သူမကို ဘယ်လောက် ချစ်ပါသည် ဆိုသည့် ကိစ္စနှင့် သူမ အတွက် ကျွန်တော် ဝတ္ထုတိုတွေ ကြိတ်ရေးနေသည် ဆိုသည့် ကိစ္စသာလျှင် ဖြစ်သည် ။
တောင်ပံမဲ့ စကားလုံးများသည် ကျွန်တော့်ဦးခေါင်းထဲတွင် ဟိုဟိုသည်သည် ပျံသန်း၍ အချိန်ပြည့် ရှိနေကြသည် ။ ဝတ္ထုတို တစ်ပုဒ်၏ အဖွင့်ပိုင်းနှင့် ကျွန်တော်သည် လိုက်လေဝေးလေ ဖြစ်နေဆဲ ရှိ၏ ။
ထိုနေ့က ကြည်ပြာနှင့် ကျွန်တော် ဘတ်စ်ကား အတူတူ စီးလာကြသည် ။ ကားက အတော်ကျပ်သော်လည်း သစ်သားဘတ်စ်ကား ဖြစ်သဖြင့် ကျွန်တော်၏ အရပ်ငါးပေသည် ကိုင်စရာ တော်တော်များများနှင့် အဆင်ပြေလျက် ရှိလေသည် ။ ထုံးစံအတိုင်း နှုတ်ခမ်းပါးပါးသည် ရောက်တတ်ရာရာ စကားများနှင့် မှန်မှန်တုန်ခါလျက် ရှိသည် ။ ကျွန်တော်က ဝတ္ထုတို တစ်ပုဒ်၏ အဖွင့်ပိုင်းကို စဉ်းစားနေခဲ့သည် ။
ဒါပေမယ့် ကျွန်တော့်နှုတ်ခမ်းက သြော် . . . အင်း . . . ဟာ . . . ဟုတ်လား ၊ ဟားဟား ဟီးဟီး စသည့် အသံများကိုတော့ ကြည်ပြာ့စကားများနှင့် လိုက်ဖက်အောင် လုပ်ပေးရ၏ ။ ဒါကလည်း ကျွန်တော့်အတွေးများကို မထိခိုက်တော့ ကျွမ်းကျင်နေတာ ကြာခဲ့ပြီ ။
စိန်ပေါလ် မှတ်တိုင်ရောက်တော့ ကျွန်တော်တို့ မတ်တတ်ရပ်နေသော သုံးယောက်ထိုင်ခုံမှ လူနှစ်ယောက် ထသည် ။ ကြည်ပြာက စကားကိုရပ်ကာ ကျွန်တော့်ပခုံးကို တွန်းတော့မှ ကျွန်တော် အသိဝင်ခြင်း ဖြစ်၏ ။ နေရာရပြီ ။
ပြတင်းပေါက် နံဘေးမှ လူတစ်ယောက် ။ ကြည်ပြာ့ကို အရင်ဝင်ထိုင် ဖွင့်ပေးလိုက်လျှင် ကြည်ပြာနှင့် ထိုလူ ဘေးချင်းကပ် ဖြစ်သွားမည် ။ ဒါမျိုးတော့မဖြစ် ။ ကျွန်တော်က အရင်ဝင်ထိုင်၏ ။ ကြည်ပြာက ကျွန်တော့်နံဘေးမှာ ထိုင်သည် ။
‘ ဟယ် . . . ဟိုမှာ ဟိုမှာ တွေ့သလား ၊ ခရမ်းနုရောင်ကလေး ၊ အဲဒါမျိုးလေးဟ ၊ ပထမတော့ ငါက ရေညှိစိမ်းရောင် ယူမလို့ ၊ မမွန်ရွှေလေ သိလား ၊ အေး . . . သူနဲ့ပေါ့ ဆင်တူဆိုပြီး မရခဲ့ပါဘူးဟာ ။ အဲဒီ မမွန်ရွှေကလေ သိပ်ညည်းတာပဲ သိလား ၊ မြစ်တို့၏မာယာ သွားကြည့်တဲ့ နေ့ကလေ . . . နဝဒေးမှာ နှစ်ပွဲဆက် တန်းစီရတာဟ ၊ ညည်းလိုက်တာဟာ ၊ အံမယ် . . . အရှေ့က ကောင်တွေက ကြားဝင်တိုးတာ သိလား ၊ ငါက အော်တာပေါ့ ၊ သူက ကြောက်လို့တဲ့ ။ ငါ့ကို သူက အံ့သြနေတာ သိလား . . . ၊ လက်မှတ်ရလို့ပေါ့ ၊ မရရင် ငါက မန်နေဂျာကို ဝင်တိုင်မှာ ။ ရဲအောင်က ကောင်းတယ်ဟ ၊ ငါက ရဲအောင်ပဲ ကြိုက်တာ ၊ နင်ကရော ဘာ ၊ အေး . . . ဒါဆို လွင်မာကလည်း မကြည့်ရသေးဘူးတဲ့ ၊ သူ့ကောင်လးနဲ့ သူနဲ့ တစ်ခါမှ ရုပ်ရှင်မကြည့်ဖူးဘူးတဲ့ ။ နင် ယုံလား ၊ အံမယ် . . . မိစုတို့ကတော့ ပြောမနေနဲ့ ၊ သြော် . . . နင်က ငါ့ကက်ဆက်ကလေးကို ပြင်ထားဦးနော် ။ အဲဒါ ငါ့အစ်မယောင်္ကျား ဝယ်ပေးတာဟ ၊ ငါကလေ သိလား . . . ’
သစ်သားဘတ်စ်ကား စက်သံတဂီးဂီးနှင့် အဆက်မပြတ်သော ကြည်ပြာ့စကားသံသည် ကျွန်တော့်နားထဲတွင် လုံးထွေး၍ နေကြသည် ။ ထိုင်စရာ နေရာရသွားသဖြင့် စကားသံက ပို၍ဆိုးလာသည် ။ ကျွန်တော့်ခေါင်းထဲမှာ စီနေသော ဝတ္ထုတိုအဖွင့် စကားလုံးများကို မကြိုက်တော့သဖြင့် ပြန်ဖျက်ပစ်လိုက်ပြန်သည် ။
ပြတင်းပေါက် နံဘေးလူက ကျွန်တော့်ကိုကျော်ကာ ကြည်ပြာ့စကားများကို နားထောင်လျက် ရှိသည် ။ ကျွန်တော် လှည့်မကြည့်ဘဲ သူတို့နှစ်ယောက်အကြားတွင် မြှုပ်ဝင်နေသော ခန္ဓာကိုယ်ကို ဆန့်ထားကာ ထိုသူ့ကို ဖိတွန်းလိုက်ရင်း ကြည်ပြာ့ပခုံးကို နောက်မှီမှ လက်တင်ကာ ကိုင်ထားလိုက်သည် ။ ဘေးမှာ သူ့ချစ်သူ တစ်ယောက်လုံး ရှိနေသည်ဆိုသည့် သဘော ။
ကြည်ပြာကတော့ ဘာကိုမှ မသိ ။ စကားသာ တွင်တွင်များလျက်ရှိ၏ ။ ဝတ္ထုတို အဖွင့်တစ်ခုက ကျွန်တော့်ဦးခေါင်းထဲ ဝင်လာပြန်၏ ။ ကားဂီယာချိန်းသံ ၊ ကြည်ပြာ့စကား ၊ စပယ်ယာ့အသံ အားလုံး ပျောက်သွားပြန်သည် ။
‘ ဟယ် ရဲဝင်း . . . ရဲဝင်း ဟိုမှာတွေ့လား ၊ အဖြူနဲ့ ပန်းနုရောင်အစင်းကလေးလေဟာ ဟိုမှာ . . . ’
ကားက မင်္ဂလာဈေး မှတ်တိုင်မှာ ရပ်သည် ။ ကြည်ပြာက ချိတ်ထားသော ရယ်ဒီမိတ် အင်္ကျီများကို ပြ၏ ။ ကျွန်တော် အာရုံများထဲမှထကာ ကမန်းကတန်း ကြည့်ပေးရသည် ။ ပြီး တစ်ချက်တည်း ပြတင်းပေါက် နံဘေးမှ လူကိုပါ ခိုးကြည့်လိုက်သည် ။ ဟိုက် . . . ။
‘ ဟာ . . . အဖေ ’
‘ တွေ့လား . . . ထောင့်စွန်းက တစ်ခုအကျော်မှာဟာ ’
‘ တွေ့လား . . . နင်က ဘာဖြစ်နေတာလဲ ၊ ငါ ပြနေတာ ဟိုမှာ . . . ’
ကြည်ပြာက ကျွန်တော့်ကျောကိုတွန်းကာ အော်သည် ။ အဖေနှင့် ကျွန်တော်က တစ်ယောက်နှင့်တစ်ယောက် ကြောင်ကာ ကြည့်နေမိသည် ။ အဖေ၏ မအီမလည် မျက်နှာနှင့် ကျွန်တော်၏ ကြောင်အမ်းနေသော မျက်နှာတို့သည် စက္ကန့်အတော်ကြာ မလှုပ်မယှက် ၊ မရှုနိုင် မကယ်နိုင် ရှိလေသည် ။
‘ အဖေ . . . ကျွန်တော်တို့ကျောင်း အဲဒါ ဟိုလေ . . . ’
‘ ဟဲ့ ရဲဝင်း . . . နင် ဘာဖြစ်နေတာလဲ ၊ ငါ ပြောနေတာကို . . . ’
‘ အေးပါကွာ . . . ငါ မင်းတို့ တက်လာကတည်းက မြင်ပါတယ် ၊ ကဲ . . . ကဲ . . . ဟိုက ဘာပြတာလဲ မသိဘူး ၊ ကြည့်လိုက်ဦး . . . ကြည့်လိုက်ဦး ’
အဖေက ပြောရင်းဆိုရင်း ထိုင်ရာမှ ထသည် ။ ကျွန်တော် မျက်နှာပူလွန်းသဖြင့် ဘာလုပ်ရမှန်း မသိတော့ ။ အခုမှ နားစွန်နားဖျား ကြားသွားသော ကြည်ပြာက ‘ ဟဲ့ အဖေ ၊ ဘာအဖေလဲ ’ ဟု မေးပြန်သည် ။ အဖေက လူတွေကြားထဲ တိုးသွားကာ မင်္ဂလာဈေး မှတ်တိုင်မှထွက်ကာ ဘတ်စ်ကားပေါ်မှ အတင်းခုန်ချသည် ။ အဖေသည် လဲတော့မလို ယိုင်သွားကာ လွင့်ခနဲ အဝေးမှာ ကျန်ရစ်ခဲ့လေသည် ။
‘ ဘာလဲဟင် ၊ ဘာလဲ ရဲဝင်း ’
‘ ဟာ . . . နင်က တစ်မျိုး ၊ အဲဒါ ငါ့အဖေဟ ၊ ငါ့အဖေ ၊ ဒုက္ခပါပဲဟာ ’
‘ အဖေ ၊ ဟောတော့ . . . ဘယ်လိုဖြစ်ရတာလဲ ’
‘ နင်က စကားတွေချည်း များနေတာကိုးဟ ၊ အခြေအနေကိုလည်း ဘာမှနားမလည်ဘူး ’
‘ အောင်မာ . . . လဲသေလိုက်ပါလား ၊ နင်နဲ့ ဘေးချင်းကပ်ထိုင်တာ မဟုတ်လား ၊ ဘေးချင်းကပ် နေပြီးတော့တောင်မှ အဖေ တစ်ယောက်လုံးကို မမြင်တဲ့လူကများ ၊ နင့်အဖေကို ငါမှ မမြင်ဘူးတာဟဲ့ ၊ နင်ကရော မမြင်ရအောင် ဘာတွေမွှန်နေလို့လဲ ’
မတ်တတ်ရပ်နေသူများက ပြုံးစေ့စေ့ ဖြစ်လာကြသည် ။ ကြည်ပြာက ဒေါသကြီးနေခဲ့၏ ။ ရှေ့တန်းမှ လူများက လှည့်ကြည့်ကြသည် ။ လာပြန်ပြီ ဒီပြုံးစစ နှုတ်ခမ်းတွေ . . .
‘ တော်ပြီ ကြည်ပြာ . . . အော်မနေနဲ့ ၊ ငါ ဘာမှမမွှန်ဘူး ၊ ဝတ္ထုတို အဖွင့်ကို ငါ စဉ်းစားနေတာ ’
‘ ဘာ . . . ဝတ္ထုတို ’
‘ အေး . . . ဟုတ်တယ် ဝတ္ထုတို ’
‘ သြ . . . နင်က ငါ ပြောတာတွေကိုလည်း မကြား ၊ အဖေတစ်ယောက်လုံးကိုလည်း မမြင် ၊ စဉ်းစားချင်တာတွေ စဉ်းစားနေတာပေါ့ ဟုတ်လား ’
‘ တော်စမ်း ကြည်ပြာ . . . နင် ငါ့ကို ဘာမှ စော်ကားစရာ မလိုဘူး ’
‘ နင်က ဘာအသုံးကျလို့လဲ ၊ အဖေကိုတောင်မှ . . . ’
တာမွေမှတ်တိုင် ရောက်တော့ ကြည်ပြာသည် ဟန်ကိုချီကာ မျက်နှာက မာထန်၍ နေသည် ။ ကားပေါ်က ဆင်းဆင်းချင်း ကျွန်တော် ရေခဲရေ နှစ်ခွက်ကို ဆက်တိုက်သောက်ရ၏ ။ ထုံးစံအတိုင်း ကြည်ပြာက ကျွန်တော့်ကို မစောင့်တော့ဘဲ သူ စီးရမည့် မှတ်တိုင်ဆီ လျှောက်သွားသည် ။ နေပေ့စေတော့ . . . ။ ကျွန်တော် အကြောအခြင်တွေကို လျှော့ပစ်လိုက်သည် ။
သြော် . . . အဖေ အဖေ . . . ။ ဖြစ်မှဖြစ်ရလေ ။ ငါ့နှယ် . . . ဘာကြောင့် ကားပေါ်စတက်ကတည်းက မတွေ့တာပါလိမ့် ။ စဉ်းစားနေရင်းမှ သတိရသည် ။ အဖေက နောက်ကားနဲ့ လိုက်လာမှာ ဆိုတော့ ကားမှတ်တိုင်မှာ တွေ့သွားနိုင်သည် ။
ဘယ်နည်းနှင့်မှ အတွေ့ခံ၍ မဖြစ် . . . ။
ကျွန်တော် ကမန်းကတန်း ကားမှတ်တိုင်မှခွာကာ ကြည်ပြာ့နောက် လိုက်ရသည် ။ သို့သော် ကြည်ပြာ့ကို သူ့မှတ်တိုင်မှာ မတွေ့ရတော့ ။ အိမ်ကိုလည်း မပြန်ချင် ။ အဖေနှင့် တွေ့ရမှာ မျက်နှာပူသည် ။ ကျွန်တော် မှတ်တိုင်မှာ တွေတွေကြီး ရပ်နေမိသည် ။ ဘာဆက်လုပ်ရမည်နည်း ။
*
ကျွန်တော် အိမ်ရှေ့ထွက်ကာ ထမင်းစားနေရင်းက ဝတ္ထုတို တစ်ပုဒ်၏ အဖွင့်ပိုင်းကို စဉ်းစားနေတုန်း ကြည်ပြာ့မျက်နှာသည် အိမ်ရှေ့လှေကားမှ ဘွားခနဲ ပေါ်လာသဖြင့် အတော်အံ့သြသွားခဲ့ရသည် ။ ထိုနေ့သည် ကျောင်းပိတ်ရက် စနေနေ့ဖြစ်ပြီး ကြည်ပြာနှင့် ကျွန်တော်လည်း ချိန်းမထားခဲ့ကြ ။
ကြည်ပြာက အပြုံးလေးနှင့် အိမ်ပေါ်တက်လာရင်း ကျွန်တော့်ကို မျက်စောင်းဒိုင်းခနဲနေအောင် ထိုးသည် ။ ပြီးတော့ လေသံတိုးတိုးဖြင့် ‘ နင်တို့ အဖေ ရှိသလား ’ ဟု မေး၏ ။ ကျွန်တော်က ခေါင်းခါပြလိုက်တော့ ကြည်ပြာက အိမ်အနောက်မှာ အလုပ်ရှုပ်နေသော အမေ့ကို လှမ်းနှုတ်ဆက်သည် ။ ‘ အန်တီ ဘာချက်နေတာလဲ ’ ‘ ဘာညာပေါ့ ’ ကြည်ပြာလည်း ကျွန်တော့်အဖေကိုတော့ မျက်နှာပူနေပုံရ၏ ။
ရေညှိရောင် ပါတိတ်ဝမ်းဆက် ၊ အင်္ကျီလက်ပြတ်ကလေးကို လည်ပင်းသီးစေ့တပ်ကာ အချိုးစားကျကျ လှအောင်ပြင်ထားသည့် ကြည်ပြာ့ကို ကျွန်တော် ကြည်နူးစွာ ငေးကြည့်နေမိသည် ။ ကြည်ပြာဟာ သူ လှတာကို သူ မသိဘူးဆိုရင် ပိုလှမှာပဲဟုလည်း တွေးမိသွား၏ ။ အဲဒါနဲ့ ဝတ္ထုကို စဖွင့်ရရင် ကောင်းမလား ။ ထိုစဉ်မှာပင် ကြည်ပြာ၏ ထူးခြားမှုကို ကျွန်တော် တွေ့သွားခြင်းပင်ဖြစ်၏ ။ ကြည်ပြာက ကျွန်တော့်ကို လှစ်ခနဲ ပြုံးပြသည် ။
‘ မြန်မြန်စားဟာ . . . ဒဂုံက နေပူတယ်ဟ ၊ ဟိုကောင်တွေအိမ် သွားလည်မလို့ ’
တမေ့တမော ကြည့်နေရာမှ ကျွန်တော့်ခေါင်းကို ဖျတ်ခနဲ ငုံ့ချပစ်လိုက်သည် ။ စိတ်ထဲကလည်း ‘ ငကြွားမ ’ ဟု အော်မိ၏ ။ ကြည်ပြာ ဘာကြောင့် ဒဂုံက လွင်မာတို့ အိမ်ကို သွားလည်ချင်သည် ဆိုတာကို ကျွန်တော် သိလိုက်ပြီ ။
ကြည်ပြာ့လည်ပင်းမှာ ဆွဲကြိုးအသစ်တစ်ကုံး ပါလာသည် ။ မမြင်ခံနိုင်ပါ့မလား ။ တော်တော်ဖျင်းသည့် ကြွားနည်းဖြစ်သော ကြယ်သီးရင်စေ့ တပ်ထားသည့် အင်္ကျီအပြင်ဘက်တွင် ကြည်ပြာက ဆွဲကြိုးကို ထုတ်ဆွဲလာခဲ့သည် ။ အရင် ကြည်ပြာ့မှာ ကြံဆစ်လက်ကောက် တစ်ရံ ၊ လက်စွပ်မောင်းကွင်း တစ်ကွင်း ၊ ပုလဲနားကပ် တစ်ရံသာ ရှိ၏ ။ အခု လည်ပင်းမှာ ရွှေဆွဲကြိုး တစ်ကုံးပါ ပါလာပြီ ။
ကြည်ပြာသည် ပစ္စည်းပစ္စယဆိုလျှင် အလွန်ကြွားတတ်ပြီး ရွှေတွေဘာတွေ ဆိုလျှင်လည်း အတော်အထင်ကြီးသည့် မိန်းကလေး ဖြစ်သည် ။
‘ ရွှေရှိမှ လူ အထင်မသေးတာဟဲ့ ’ ဟု မကြာခဏ ပြောတတ်သည် ။ သူ့မိဘ အသိုင်းအဝိုင်းက ပိုက်ဆံချမ်းသာသည့် အကြောင်းကိုလည်း မကြာခဏ သွယ်ဝိုက်ပြောတတ်၏ ။
‘ နင့်မိဘတွေ ပိုက်ဆံချမ်းသာတဲ့အကြောင်း သွယ်ဝိုက်ပြောမနေပါနဲ့တော့ ၊ သိပ်ချမ်းသာနေရင် ကျွန်းတစ်ကျွန်းလောက် ဝယ်လိုက်စမ်းပါ ၊ ညနေရီကို တစ်ကိုယ်လုံး မြင်ရတဲ့ ကျွန်း ၊ နှင်းဆီပင်တွေအပြည့် ပွင့်နေတဲ့ ကျွန်း ၊ နင်နဲ့ငါ နှစ်ယောက် သွားနေရအောင် ’
အဲဒီတုန်းကတစ်ခါ ရန်ဖြစ်ပြီးပြီ ။ အခုလည်း ကြည်ပြာသည် ဆွဲကြိုးအကြောင်းကို စကားရှာ ပြောဦးမည်ထင်သည် ။ မော့ကြည့်တော့ ကြည်ပြာက ဒုတိယအကြိမ် ပြုံးပြပြန်သည် ။ တော်တော် မျက်နှာချိုနေပါလား ။ ကျွန်တော် ခေါင်းကို ပြန်ငုံ့ကာ မှုန်ကုပ်ကုပ်ရယ်ရင်း ထမင်းဆက်စားနေလိုက်သည် ။ ဆွဲကြိုးအကြောင်းများ ဘလိုင်းကြီး လာပြောလို့ကတော့ကွာ . . . ။
ကြည်ပြာက သတင်းစာကို ဆွဲယူကာ တဖျတ်ဖျတ် ယပ်ခတ်ပြန်သည် ။ ‘ ပူလိုက်တာဟာ ’ ဟုလည်း ညည်း၏ ။ နွဲ့ယိမ်းနေသော ပခုံး ၊ လက်မောင်းတို့ကြောင့် လည်တိုင်မှ ဆွဲပြားနှင့် ဆွဲကြိုးသည် လှုပ်ယမ်းနေလိမ့်မည် ။ ကျွန်တော် လုံးဝမော့မကြည့် ၊ ဆွဲကြိုးအကြောင်းကိုတော့ ကျွန်တော်က သေသွားမည် ဆိုတာတောင်မှ မေးမည်မဟုတ် ။ ဝတ္ထုတို အတွက် အပြနှင့် အပြောကို ကျွန်တော်က လေ့လာထားပြီးသား ။ အပြကို ဂရုမစိုက်လျှင် ဘယ်လို ပြောလို့ရမည်နည်း ။ ဘလိုင်းကြီး လာပြောလို့ကတော့ တွေ့ကြသေးတာပေါ့ မကြည်ပြာ . . . ။
ကြည်ပြာက ဆံပင်လေးကို ဆွဲယူကာ ကုပ်ကို ယပ်ခတ်ပြန်သည် ။ ဒီလည်ကုပ်က တော်တော် အိုက်နေပါလား ။ ဆွဲကြိုးသည် ရှေ့သို့ တွဲလွဲကျကာ နာရီချိန်သီးလို လွှဲယမ်းနေ၏ ။ ကျွန်တော်က ရွှေ ဆိုတာကို သဘာဝ တွင်းထွက်ပစ္စည်း ဆိုတာထက် ပို၍စိတ်မဝင်စား ။ လာများကြွားလို့ကတော့ မကြည်ပြာရေ . . . ။
‘ ဟဲ့ ရဲဝင်း . . . နင်တို့ဘက်မှာ ညက မီးပျက်သလား ’
ကြည်ပြာက ယပ်ခတ်ကိုရပ်ကာ မျက်လုံးလေး ပေကလပ် ပေကလပ်ဖြင့် ကျွန်တော့်ကို မေး၏ ။ မှုန်ကုပ်ကုပ် ကျွန်တော့်မျက်နှာကိုလည်း သူ တွေ့လိမ့်မည် ။ ဒီမေးခွန်းကတော့ ဆွဲကြိုးနှင့် ဘာမှ ပတ်သက်ပုံမပေါ် ။
ကျွန်တော် ရယ်ချင်သွား၏ ။
‘ မပျက်ပါဘူး ၊ လာသားပဲ ’
‘ ဟယ် . . . ငါတို့ဘက်မှာ ညက မီးပျက်တယ် သိလား ’
‘ မီးပျက်တာပဲ ဆန်းလို့လား ’
ကျွန်တော်က ခပ်တည်တည်ဖြင့် ဟောက်သည် ။ ကြည်ပြာက ပြုံးပြန်သည် ။ တော်တော် မျက်နှာချိုနေတယ်ပေါ့လေ ။ အရင်က ဒီလို လေသံမျိုးသုံးလျှင် ကျွန်တော်နှင့် ရန်ဖြစ်ရမှာ ကျိန်းသေ၏ ။
‘ အေးဟယ် . . . အဖေကလည်း လေဖြတ်ပြီး ပြန်ကောင်းလာမှ အစားသိပ်စားတာပဲ ၊ ထမင်းဆို သုံးထပ်စားတာဟ ၊ မုန့်တွေဘာတွေလည်း အမြဲဝယ်ပေးထားရတာ ’
ကြည်ပြာ့မျက်နှာက ချက်ချင်း စိတ်ညစ် ၊ စိတ်ရှုပ်သည့်ပုံစံ ဖြစ်လာသည် ။ ဆွဲကြိုးအကြောင်း စကားစ မရသဖြင့် သူ့အဖေဘက် ရောက်သွားသည်ကို ကျွန်တော် ရယ်ချင်နေမိသည် ။ သို့သော် ကျွန်တော့်မျက်နှာကို မလျှော့ထားသေး ။
‘ လေဖြတ်ပြီး ပြန်ကောင်းလာတဲ့လူက ဒီလိုပဲ ၊ အစားပိုစားလာတယ်ဟ ’
‘ ဟုတ်ပ ၊ စိတ်ကလည်း ပိုတိုလာတယ် သိလား ၊ ဘာဆိုဘာမှ သည်းညည်းမခံတော့ဘူး ၊ မနေ့က ဂိုးဒင်းပါ့ဖ် ကုန်နေလို့ ဝယ်ပေးတဲ့ ကလေးကျနေတာပဲဟာ ၊ မနားမနေ ပူဆာတာဟ သိလား ၊ ငါက မအားသေးလို့ ခဏနေပါဦး ဆိုတာလည်း မရဘူး ၊ သူကိုယ်တိုင် သွားဝယ်မတဲ့ ’
ကြည်ပြာက မျက်လုံးကလေးပြူးကာ လက်ချောင်းများကို ဝေ့လည်ကာပြရင်း ပြောသည် ။ ကျွန်တော့်မျက်နှာ မှုန်ကုပ်ကုပ်ကို နည်းနည်းလျှော့လိုက်ရ၏ ။ ချစ်ရပါသော မကြည်ပြာ . . . ။
‘ အဖေ့ခြေထောက်က သိပ်ကောင်းသေးတာမှ မဟုတ်တာ ၊ ငါနဲ့ အော်ကြရော . . . နောက်ဆုံးတော့ သွားဝယ်ပေးရတာပါပဲဟာ ’
ကြည်ပြာက စိတ်ပျက်လက်ပျက်ညည်းရင်း လယ်သာစလင်းဘက်ခါလေးကို ပေါင်ပေါ်အသာ ဆွဲတင်သည် ။ ပြီးတော့ မျက်နှာကလည်း ညှိုးကျသွား၏ ။ ကျွန်တော် စိတ်မကောင်း ဖြစ်သွားသည် ။ ကြည်ပြာက ကျွန်တော့်ကို လှစ်ခနဲ ခိုးကြည့်ပြန်သည် ။ ကျွန်တော့်ဆီမှာ မှုန်ကုပ်ကုပ်မျက်နှာ မရှိတော့ ။ ဆွဲကြိုးကိစ္စနှင့်လည်း ဘာမှမဆိုင်တော့ဘူး မဟုတ်လား ။ စိတ်မကောင်း ဖြစ်နေသော ကြည်ပြာ့ကို အားပေးရဦးမည် ။
‘ ကိုယ်အဖေပဲဟာ . . . သည်းညည်းခံပြီး ပြုစုရမှာပေါ့ ၊ နင်ကလည်း ဒါလေးဝယ်ပေးရတာပဲဟာ ’
‘ အေးပါ . . . ငါ သွားဝယ်ပေးပါတယ် ၊ အဲဒါလေ လမ်းထိပ်က ဘီစကစ် ဆိုင်လည်းရောက်လို့ ပိုက်ဆံလည်း အမ်းပြီးရော မီးက ပြတ်သွားတာဟ ’
‘ သြော် . . . ’
ကြည်ပြာက ကျွန်တော့်မျက်နှာကို စိုက်ကြည့်သည် ။ ပြီးတော့ ကိုယ်ဟန်အနေအထားကို နည်းနည်းပြင်သည် ။ နောက် ထမင်းစားနေသော ကျွန်တော့်နံဘေးကို စွေ့ခနဲ တိုးရွှေ့လာ၏ ။
‘ အဲဒါကလေ . . . ငါတို့ သုဝဏ္ဏ တစ်မြို့လုံးကို မည်းမှောင်သွားတာပဲ သိလား ၊ ဆိုင်က လမ်းထိပ်မှာ ဆိုတော့ တော်တော်ဝေးတယ်ဟ ၊ မီးပြတ်ပေမယ့် လကတော့ သာလိုက်တာ ထိန်နေတာပဲ ၊ အပြန် ငါ ကြောက်လိုက်တာဟာ ’
ကြည်ပြာ့မျက်နှာပေါ်မှာ ကြောက်ရွံ့ထိတ်လန့်နေသည့် ပုံစံကလေး ပေါ်လာပြန်သည် ။ ကြည်ပြာက ကျွန်တော့်ကို အသေအချာ စိုက်ငေးနေခဲ့၏ ။ အဲဒီလို ကြောက်ရွံ့အားငယ်သည့် အချိန်မျိုးမှာ ကြည်ပြာ ကျွန်တော့်ကို သတိရနေမလား ။ ကြည်ပြာက အဲဒီလို မေးခွန်းမျိုးကို လိုချင်နေတာလား ။
‘ မီးတွေကလည်း မှောင် ၊ ငါတို့ သုဝဏ္ဏကလည်း လူသိပ်ပြတ်လာဟ ၊ နင် သိတဲ့အတိုင်းပဲ ၊ အဲဒါလေ ငါ့နောက်က လူနှစ်ယောက် ပါလာတာဟာ ၊ ခြေသံကြားနေရတာဟ ငါ လှည့်မကြည့်ရဲဘူး သိလား ’
‘ လူနှစ်ယောက် . . . ’
‘ အေး . . . လကလည်း သာလိုက်တာ ထိန်နေတာ ၊ ဆွဲကြိုးကလည်း အဲဒီနေ့ကမှလုပ်ပြီး ဝတ်တာဆိုတော့ လရောင်နဲ့ လက်နေတာဟ ၊ ဆွဲကြိုးများ ဖြတ်မလားဆိုပြီး . . . ’
‘ ဘာ . . . ! ’
‘ ဆွဲကြိုးလေ ၊ ဒီဆွဲကြိုးလေးပေါ့ဟ ၊ ငါ ကြောက်ကြောက်လန့်လန့်နဲ့ အိမ်ကို ကမန်းကတန်း ပြေးရတာ သိလား ၊ မောလိုက်တာဟာ ၊ ရင်ကို တုန်နေတာပဲ သိလား ၊ ဒီကြိုးလေးဟာ . . .
. . . ငါးမူးသုံးရွေးသားထဲပါဟ ၊ ငါ့အဒေါ်က တစ်ဝက်စိုက်လုပ်ပေးတာ ၊ ဆွဲပြားလေးက သုံးရွေးတဲ့ ၊ သိပ်မကြီးပေမယ့် လှပါတယ်နော် ၊ အကြီးကြီးတွေက ကြည့်ရရိုင်းတယ်နော် ၊ ဒါလေးက ဟိုလေ . . . ’
ကျွန်တော် ကြည်ပြာ့ကို ကြောင်ငေးကာ ကြည့်နေမိသည် ။ ကြည်ပြာက လည်တိုင်ကိုနွဲ့ကာ ဆွဲကြိုးလေးကို ချွတ်နေ၏ ။ ဆွဲကြိုး . . . ဒီဆွဲကြိုး ဘယ်ကနေ ဝင်လာတာလဲ ။ ရဲဝင်း နင်တို့ဘက်မှာ ညက မီးပျက်သလား ၊ အဖေနဲ့ ငါနဲ့ အော်ရရော ၊ နောက်ဆုံးတော့ သွားဝယ်ပေးရတာပါပဲဟာ ၊ လက သာလိုက်တာ ထိန်နေတာပဲ သိလား ။
ကျွန်တော့်အသိဥာဏ်များ အာရုံထဲမှာ ဝင်းခနဲ ဖြစ်ကုန်၏ ။
ဆာတိုရီ ရသွားသည့် လူတစ်ယောက်လို ကျွန်တော် အရာရာကို သိမြင်လွယ်လာသည် ။
ဝတ္ထုတို တစ်ပုဒ်ရဲ့ အဖွင့်ဟာ . . . ။
ကြည်ပြာက ဆွဲကြိုးလေးကို ချွတ်ကာ အံ့သြနေသော ကျွန်တော့်လက်ထဲကို ထည့်၏ ။ ပြီးတော့ တခစ်ခစ် ရယ်သည် ။ ကြည့်ပြာ့မျက်လုံးများက အရောင်တလက်လက် ခုန်နေကြ၏ ။ နှုတ်ခမ်းမျာက အလိုပြည့်စွာ ပြုံးနေကြ၏ ။
ချစ်ရပါသော မကြည်ပြာ . . . ။
‘ ငါနဲ့ လိုက်ရဲ့လားလို့ဆို . . . ’
‘ သြော် . . . အင်း . . . ’
‘ သိပ်မသေးပါဘူးနော် ၊ ဆွဲပြားကရော . . . နင်က ဘာဖြစ်နေတာလဲ အူကြောင်ကြောင်နဲ့ . . . ’
ကြည်ပြာက ကျွန်တော့်ကို တွန်းထိုးကာ စိတ်ကောက်ဖို့ပြင်သည် ။ ကျွန်တော် ဆွဲကြိုးနှင့် ကြည်ပြာ လိုက်ဖက်ကြောင်း တွင်တွင်ပြောပေးရ၏ ။ ဒီတော့မှ ကြည်ပြာက ကျေနပ်စွာ ပြုံးသည် ။ ဒဂုံက လွင်မာတို့အိမ် ရောက်တော့ ကျွန်တော်က လွင်မာ့ကို မေးရသည် ။
‘ ဟဲ့ . . . လွင်မာ ညက နင်တို့ဘက်မှာ မီးပျက်သလား ’
ကြည်ပြာက ကျွန်တော့်ကို မျက်စောင်း ဒိုင်းခနဲနေအောင်ထိုးကာ ကျောကုန်းကို တဗုန်းဗုန်းထုသည် ။ လွင်မာက ဘာမှမသိဘဲ ကြောင်ငေးကာနေ၏ ။ ပြီးတော့ ကျွန်တော်တို့ ပြိုင်တူရယ်မောလိုက်ကြသည် ။
ထိုအချိန်မှစ၍ ကျွန်တော်သည် ဝတ္ထုတို တစ်ပုဒ်ကို ဘယ်လို စဖွင့်ရမယ် ဆိုတာကို ကောင်းကောင်းကြီး သိလာခဲ့လေသည် ။
‪#‎နီကိုရဲ‬

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...