“အတွေးမမှားကြစေချင်ပါ …”
Hlyne Toe
အခုဆိုရင်ရွေးကောက်ပွဲကြီး အောင်မြင်စွာပြီးဆုံးသွားခဲ့ပါပြီ …။ တိုင်းသူပြည်သားတွေလိုချင်တဲ့ အပြောင်းအလဲကို ဆန္ဒထုတ်ဖော်ပြသခြင်းနဲ့ တာဝန်ကျေခဲ့ကြပါပြီ …။ စစ်တပ်ကြောထောက် နောက်ခံပြုထားတဲ့ ပြည်ခိုင်ဖြိုးပါတီလည်း ထင်သာမြင်သာရှုံးခဲ့ရပါပြီ …။

ဒီနေရာမှာ စစ်တပ်နဲ့တသားတည်းခွဲမရတဲ့ပါတီက ရှုံးနိမ့်မှုအတွက်
အချို့အချို့သောစစ်ဗိုလ်၊ စစ်သားများ။ တပ်ထွက်များက
စိုးရိမ်ပူပန်သောကပွားနေကြပါတယ် …။ Facebook ပေါ်မှာလဲ
တိုင်းပြည်ကိုကာကွယ်နေတာ စစ်သား၊ ကိုယ်ကြိုးစွန့်နေတာစစ်သားဆိုတဲ့
အထင်အမြင်မျိုးသက်ရောက်စေတဲ့ အရေးအသားတွေ မြင်နေ၊ တွေ့နေရလို့
ဒီစာလေးရေးမိပါတယ် …။
တကယ်တော့ ပြည်ပကျူးကျော်စစ်ကို စစ်ဗိုလ်၊ စစ်သားတွေတိုက်နေရတာမဟုတ်ပါဘူး …။ ပြည်တွင်းစစ်ပါ …။ တကယ်တွေးကြည့်ရင် ညီနောင်အချင်းချင်းတိုက်နေ၊ သတ်နေရတာပါ …။ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ပြည်တွင်းစစ်ဒီလောက် သက်ဆိုးရှည်နေတာကိုက တိုင်းပြည်ကိုခေါင်းဆောင်ခဲ့တဲ့သူတွေနဲ့ သူပုန် (ဒီနေရာမှာ ကျနော်သူပုန်လို့ပဲ သုံးပါတယ် …။ သူပုန်ကြီးတော့ အစိုးရဆိုတဲ့ မြန်မာစကားရှိပါတယ်။ သူပုန်ဆိုရင် Political Row ပေးရမှာမှို့သောင်းကျန်းသူလို့ သုံးတာကို မကြိုက်လို့ပါ။)
ခေါင်းဆောင်တွေမှာ အဓိကတာဝန်ရှိပါတယ် …။ စစ်မှန်တဲ့ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်တာကိုက သူတို့ရဲ့အားနည်းချက်ပါ …။ တိုင်းပြည်မငြိမ်းချမ်းတော့ အဘက်ဘက်ကဆုံးရှုံးရပါတယ် …။ မလိုအပ်ပဲ တိုင်းပြည်ပိုက်ဆံတွေလည်း ကုန်ကျနေရပါတယ် …။ ပထမဆုံးပြောချင်တာက စစ်ဗိုလ်၊ စစ်သားမှ တိုင်းပြည်ကိုချစ်တာ …။ တိုင်းပြည်ကို ကာကွယ်နေတာ မဟုတ်ပါဘူး …။ ဆရာဝန်၊ အင်ဂျင်နီယာ၊ ရှေ့နေ၊ စီးပွားရေးပညာရှင်၊ စာရေးစာချီ၊ မင်းစေက အစအားလုံးဟာ တိုင်းပြည်ကိုချစ်သလို တိုင်းပြည်တည်ဆောက်ရေးမှာ နေရာအသီးသီးက တာဝန်ထမ်းဆောင်နေတာပါ …။ တနိုင်ငံလုံးစစ်မှုထမ်းပြီး စစ်သားချည်းလုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး …။ ဒီလိုပါပဲ တတိုင်းပြည်လုံး ဆရာဝန်ချည်းဖြစ်နေလို့ မရသလို၊ တိုင်းသူပြည်သားအားလုံး အင်ဂျင်နီယာချည်းပဲလဲ ဖြစ်လို့မရပါဘူး …။ ယုတ်စွအဆုံး ဆိုက်ကားသမား၊ ပဲပြုတ်သည်ကအစ အားလုံးဟာသူ့နေရာနဲ့သူ စည်းချက်ကျကျ တိုင်းပြည်အတွက်လုပ်နေကြတာပါ …။
နှစ်ပေါင်းများစွာရိုက်ထည့်ခံထားရတဲ့အသိနဲ့ ငါတို့မှ တိုင်းပြည်ကိုချစ်တာ၊ ငါတို့မှ တိုင်းပြည်ကို ကာကွယ်နေတာ ဆိုတဲ့အသိကနေတဆင့် ငါတို့သည်အများနဲ့မတူ၊ အခွင့်ထူးခံဖြစ်သင့်တယ်ဆိုတဲ့အတွေးတွေ ၀င်လာပါတယ် …။
တကယ်တော့ တိုင်းသူပြည်သားအားလုံးဟာ ကျရာနေရာကနေ တိုင်းပြည်တာဝန်ကို ထမ်းဆောင်နေသူ ချည်းပါ။ အခုရွေးကောက်ပွဲရလဒ်တွေထွက်လာတော့ အရပ်သားစင်စစ်အစိုးရ တက်လာရင် ငါတို့တော့ ဘ၀ပျက်ပါပြီ …။ ဒုက္ခရောက်တော့မယ်လို့ တွေးသူတွေတွေးပြီး ရေးလာတာတွေ တွေ့ရလို့ပါ …။ လူဆိုတာ ကိုယ့်ရဲ့အကျိုးစီးပွားနဲ့ ယှဉ်လာရင် စိုးရိမ်တတ်ကြတာ လူ့သဘာဝဖြစ်လို့ နားလည်နိုင်ပါတယ် …။
ကျနော်အပါအ၀င် တိုင်းသူပြည်သားအားလုံးက စစ်တပ်ကိုမုန်းတာမဟုတ်ပါဘူး …။ ကျနော်တို့ မကျေနပ်တာ၊ တော်လှန်ခဲ့တာက သေနတ်အားကိုးပြီး အောက်ခြေတပ်ဗိုလ်၊ တပ်သားတွေကိုအသုံးချကာ မတရားဖိနှိပ်ခဲ့တဲ့ အခွင့်ထူးခံသောသူတွေကို မကျေနပ်တာပါ …။ သတ္တိမရှိတာမဟုတ်ပေမယ့် သေနတ်ဆိုတာ သေတတ်တာ လူတိုင်းနားလည်ထားလို့ ဒီလောက်ကြာခဲ့ရတာပါ …။
အရပ်သားအစိုးရတက်လာလို့လဲ စစ်တပ်ကိုဖျက်စရာမရှိသလို ဖိနှိပ်စရာလဲ မရှိပါဘူး …။ တိုင်းပြည် ကာကွယ်ရေးအတွက် စစ်သားကစစ်သားအလုပ်လုပ်ရုံပါပဲ …။ ဆရာဝန်၊ အင်ဂျင်နီယာကအစ ကျန်သူတွေကလည်း ကိုယ့်အလုပ်ကိုယ်လုပ်ကြမှာပါ …။
အခုထိမတရားလုပ်ခဲ့၊ အခွင့်အရေးယူခဲ့သူတွေကတော့ ကိုယ့်အရိပ်ကိုပြန်လန့်နေကြမှာပါ …။ တိုင်းပြည်ကဆင်းရဲနေပေမယ့် ဒေါ်လာသန်းချီချမ်းသာနေသူတွေသာ သွေးပျက်စရာရှိပါတယ် …။
ဒီတော့စစ်ဗိုလ်၊ စစ်သား။ တပ်ထွက်များအနေနဲ့ ဘာမှစိုးရိမ်ပူပင်မနေကြပဲ အားလုံးလက်တွဲလို့ အနာဂတ်နိုင်ငံတော်သစ်ကို တည်ဆောက်ကြပါစို့လို့ လက်ကမ်းကြိုဆိုလိုက်ပါတယ် …။
အားလုံးကိုလေးစားစွာဖြင့်
Wise Guy @ Hlyne Toe

0 comments:
Post a Comment