Wednesday, November 11, 2015

တူမောင်ကြီးသိန်းစိန်သို့ ပေးစာ - ၂၁

 
သို့
တူမောင်ကြီးသိန်းစိန်
ဘကြီး ဂုဏ်ယူဝမ်းမြောက်စွာနဲ့ စာရေးလိုက်ပါတယ်
ငါ့တူကြီးက သဘောထားကြီးစွာနဲ့ ရလဒ်ကိုလက်ခံမယ်လို့ ကြားတော့ ဘကြီးအနေနဲ့ ဂုဏ်ယူလို့မဆုံးပါဘူးကွယ်။
ငါ့တူကြီး သမ္မတဖြစ်တာ ၅ နှစ်တည်း ဆိုပေမယ့် အတော်ကို ပြောင်းလဲနိုင်ခဲ့ပါပြီကွယ်
ငါ့တူကြီးအနေနဲ့ ကိုယ့်လူတွေကိုယ်မနိုင်လို့ ခေါင်းကြိမ်းရတဲ့အဖြစ်က လွတ်ပြီပေါ့ကွယ်
ခွေးရူးကောင်းစား တမွန်းတည့်ဆိုတာ ဒါမျိုးပြောတာဖြစ်မယ်ကွယ့်။
အားမငယ်ပါနဲ့ကွယ်။
ဘကြီးဆီလာပြီး လုပ်ကိုင်စားသောက်လည်း မငတ်ပါဘူးကွယ်
ငါ့တူကြီးမှာလည်း အတော်စုမိဆောင်းမိနေပြီပဲကွယ်
ရွေးကောက်ပွဲမှာ ငါ့တူကြီးတို့အဆိုးရအဖွဲ့ ခွက်ခွက်လန်အောင်ရှုံးပုံကလည်း ကြောက်စရာကြီးပါလားကွယ်
စေတနာမမှန်တော့လည်း သင်္ဃန်းခြုံထားတာတောင် မဟာအဝီစိကို အရှင်လတ်လတ်ရောက်သွားရှာတဲ့ ဒေဝဒတ်အကြောင်း သွားသတိရသကွယ့်
ဒါပေသိ ရသလောက် မျိုဆို့ပြီးသွားကြပြီဆိုတော့လည်း ဆင်းပေးရတာ ဘာအရေးလဲကွယ်
ငါ့တူကြီးလူတွေက ချမ်းသာကြတယ်ဆိုတာ မောင်ဌေးဦးကိုယ်တိုင်ဝန်ခံထားတာဆိုတော့ အာဏာလက်လွှတ်လိုက်ရရင်တောင် ခံသာပါတယ်ကွယ်
မောင်တင်အေးကတော့ ရသလောက်ပြန်ဆွဲတင်နေရှာတယ် ထင်တယ်ကွယ့်
ဒီစာရင်းလေးပေါင်းတာပဲကွယ်
ဘာကြာစရာရှိတာမှတ်လို့
၅ တန်းကလေး သင်္ချာအိမ်စာပေးသလောက်ပဲ ရှိတာပဲဟာ
အဲဒါကို မောင်တင်အေးက ၃ နာရီခြားတခါ နည်းနည်းစီ ကြေငြာမှာဆိုတော့ တပတ်လောက်တောင် ကြာမယ့်ပုံကွယ့်
ကြားမကြားဖူးပါဘူးကွယ်
ဒီကြားထဲ ကြိုလုပ်ထားတဲ့ မဲတွေကလည်း ပို့တာနောက်ကျနေတော့ တချို့ဒေသတွေဆိုရင် အငြင်းအခုံတွေဖြစ်နေသေးသကွယ့်
အတော် ပေါ့လျော့ကြတာကိုးကွယ့်
ဒီလောက် နှစ်ပေါင်းများစွာ ပေါ်တင်ကြီးတွေလုပ်လာတာဆိုတော့ အခုလိုခိုးကြောင်ခိုးဝှက်လုပ်ရတာကို မလုပ်တတ်ဘူးထင်ပါရဲ့ကွယ်
မလုပ်တတ် လုပ်တတ်နဲ့ လုပ်ရတာကို ပြည်သူက နားလည်ပေးသင့်ပါတယ်ကွယ်
အမှန်ဆို သိတဲ့လူတွေက သင်တောင်ပေးရမှာမို့လားကွယ့်
ဒါကို မဲခိုးတယ်ဆိုပြီး အပြစ်တင်နေကြတာတော့ ဘကြီးလက်မခံနိုင်ပါဘူးကွယ်
ဒါက အဆိုးရနဲ့ လက်မတွဲနိုင်တဲ့ ပြည်သူတွေရဲ့ အပြစ်ကွယ့်
ငါ့တူကြီးတို့အဖွဲ့မှာ ဒီအကျင့်ရှိတယ်ဆိုတာ သိသိကြီးနဲ့ ခွင့်မလွတ်နိုင်ဘူးဆိုတော့ အတော်ကို မေတ္တာတရားခေါင်းပါးကြတဲ့ လူမျိုးတွေပဲကွယ့်
ခွေးဆိုတာ ကိုက်တတ်တဲ့အမျိုးလေကွယ်
ကြောက်တတ်ရင် ခွေးရူးကာကွယ်ဆေးထိုးရမှာက လူ့တာဝန်လေကွယ်
ဒါကိုပဲ ခွေးကိုအပြစ်တင်နေကြတာကတော့ လွန်လွန်းပါတယ်ကွယ်
ကိုယ့်စည်းကို မလုံတာကို ငါ့တူကြီးတို့ကို လာပြောနေကြတာ အတော်တရားလွန်တယ်ကွယ့်
မောင်စိုင်းမောက်ခမ်းဆိုရင် ပြည်ပရော ပြည်တွင်းကပါ ကြိုတင်မဲတွေရောက်လာတာ နောက်ကျတော့ နစ်နာသွားတာပေါ့ကွယ်
အဲဒီကြိုတင်မဲပေးတဲ့ ဟာတွေကလည်း မဲကို ဒီအတိုင်းထည့်ပေးလိုက်ရင် ရတဲ့ဟာကို စီရီပြီးထည့်နေကြတော့ မကြာသင့်ပဲကြာကုန်တာပေါ့ကွယ်
လေယာဉ်တတန်၊ ကုန်းတတန်နဲ့ သယ်လာတာတောင် အထပ်လိုက်ပုံစံမပျက်ဘူးဆိုတော့ အဲဒီမဲတွေကလည်း မသိရင် မဲပုံးဖွင့်ပြီး တမင်ထပ်ထားသလိုတောင် ထင်ရသကွယ့်
ကြိုတင်မဲထည့်တဲ့လူတွေကလည်း ပညာကြီးလိုက်တာကွယ်
ဒီအပေါက်လေးထဲကနေ ဒီလိုထပ်နေအောင်ထည့်ဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စကွယ့်
နိုင်ငံခြားကလူတွေကလည်း ကျေးဇူးသိတတ်လိုက်ကြတာကွယ်
သူတို့တွေ နိုင်ငံခြားရောက်နေတာ ငါ့တူကြီးတို့ကျေးဇူးမကင်းဘူးဆိုတာ သိလို့ထင်ပါရဲ့
ငါတူကြီးတို့ အလုပ်ဖန်တီးမပေးလို့သာ သူတို့တွေ နိုင်ငံခြားရောက်နေတာပါကွယ်
သူတို့စိတ်ကူးနဲ့ သူတို့ဆိုရင် နိုင်ငံခြားသွားဖို့ စိတ်ကူးမိမှာ မဟုတ်ဘူးကွယ့်
အခုတော့ အဲဒီကျေးဇူးတွေကို မဲပေးပြီးဆပ်ကြတယ်ထင်ပါရဲ့ကွယ်
အဲဒီလို နိုင်ငံခြားကလူတွေက ကျေးဇူးသိရဲ့သားနဲ့ ပြည်တွင်းက ပြည်သူတွေက ကျေးဇူးကန်းပြီးမဲမပေးကြဘူးဆိုတော့ တော်တော်ကို မိုက်ရိုင်းလွန်းနေပြီ
ထားပါကွယ်
ငါ့တူကြီးတို့လည်း တတ်နိုင်သလောက် စည်းရုံးရေးဆင်းခဲ့တာပဲကွယ်
ခက်တာက ဒီပြည်သူတွေကလည်း လိမ်လို့မရတော့ဘူးကွယ့်
အရင်လောက်မအကြတော့ဘူးဆိုတော့ ပြောရဆိုရတာလည်း အခက်သားကွယ့်
အခုရွေးကောက်ပွဲမှာလည်း ကြိုတင်မဲလေး နဲနဲပါးပါးထည့်တဲ့ကိစ္စကို ရေးကြီးခွင်ကျယ်လာပြောနေကြသေးတယ်
ဖွဲ့စည်းပုံအခြေခံဥပဒေတုန်းကဆိုရင် ဘုမသိဘမသိနဲ့ ပြည်လုံးကျွတ်ထောက်ခံပါတယ်ဆိုပြီး ကြီးကြီးကျယ်ကျယ်လိမ်ခဲ့တုန်းကတောင် ဘာမှမပြောခဲ့ပဲနဲ့ အခုလို သေးသေးမွှားမွှားကိစ္စလေးကျမှ တိုင်လားတောလားလုပ်နေတာတော့ သက်သက်ကပ်တာပါကွယ်
စေတနာ မေတ္တာတရား ခေါင်းပါးလွန်းတယ်လို့ ပြောလို့ရသကွယ့်
အခုလည်း ကြည့်မကောင်းရှုမကောင်းဖြစ်တဲ့အထိ ရှုံးအောင် တမင်ညစ်ကြတာကွယ့်
ဘယ်နှယ့်ကွယ်
ဘယ်လောက် အမြင်ကတ်နေနေ အခုလောက်ကြီး အရှက်တကွဲအကျိုးနဲဖြစ်အောင်တော့ မလုပ်သင့်ဘူးလေကွယ်
အခုဟာက ကျွဲရှုံး နွားရှုံး ရှုံးတာကွယ့်
နူနာသည်ပါဆိုမှ ဝဲပါစွဲနေတော့ ပိုဆိုးတာပေါ့ကွယ်
တကယ်ဆို ဗုဒ္ဓဘာသာဝင်တွေပဲကွယ်
သဘောထားကြီးစွာနဲ့ မျှမျှတတလုပ်သင့်တာပေါ့ကွယ်
အခုဖြစ်နေပုံက ပလ္လင်ပေါ် ခွေးတက်လို့ မောင်းချသလို မောင်းချတာကွယ့်
ငါ့တူကြီးလူတွေ မို့လို့သာ သီးခံနေတာပါကွယ်
ဘကြီးသာဆို အဲ့နေရာမှာပဲ ကိုယ့်ကိုယ်ကို သတ်သေမိလောက်တယ်
အတော်ရှက်စရာကောင်းသကိုးကွယ့်
ငါ့တူကြီးကတော့ ဝင်မပြိုင်တော့ ဘာမှမျက်နှာပူစရာမရှိပါဘူးကွယ်
ဝင်ပြိုင်တဲ့လူတွေက မဲအပိုတွေလုပ်ပေးထားရုံမက ငွေတွေ ဘုံးဘောလအော သုံးထားတာတောင် ရှုံးကြတာကိုးကွယ့်
တော်သေးတာပေါ့ကွယ်
ကိုယ့်လူတွေက အရှက်မရှိလို့
မဟုတ်ရင် မဲစရင်းကြားတဲ့နေရာမှာတင် လဲသေလောက်တယ်
မောင်မင်းအောင်လှိုင်လည်း သူ့လူတွေတော့ တာဝန်ကျေအောင် ပြောပေးသားပဲကွယ်
တပ်မတော်သားအပါအဝင် သူတို့မိသားစုဝင်တွေတော်တော်များများရဲ့ မဲတွေတော့ ရသားကွယ့်
ဒါပေသိ ပြည်သူတွေက အင်အားများတော့ မယှဉ်နိုင်ဘူးပေါ့ကွယ်
အမှန်ဆို လူနည်းစုကို အနိုင်ကျင့်တာကွယ့်
ဒါ လူ့အခွင့်အရေးကို ချိုးဖောက်တယ်လို့တောင် ပြောလို့ရတယ်နော်
တရားပြန်မစွဲတာတောင် အတော်သဘောထားကြီးနေပြီပြောရမယ်
အခုလည်း တခါတည်းပေါင်းကြေငြာလိုက်ရင် နိုင်တဲ့ပြည်သူတွေက အပျော်လွန်ပြီး သေသွားနိုင်သလို ရှုံးတဲ့လူတွေကလည်း သွေးတက်ပြီး သေသွားနိုင်တယ်လေကွယ်
အဲဒါကြောင့် ပြည်သူတွေကျမ္မာရေးကို ထောက်ရှုပြီး နည်းနည်းချင်းကြေငြာပေးနေတာကို အပြစ်လာတင်နေကြသေးတယ်
စေတနာမှန်း မသိ၊ ဘာမသိနဲ့
စိတ်ပျက်စရာတော့ကောင်းသားကွယ့်
အဲဒါပဲကွယ့်
ဟောင်လည်း ပေးရသေး
ဆူတယ်ဆိုပြီး အဆဲလည်းခံရသေးဆိုတာလေ
ဘကြီးတော့ အတော်ကို စိတ်ကုန်ပါတယ်ကွယ်
ငါ့တူကြီးတို့က သဘောထားကြီးစွာနဲ့ အရှုံးကိုလက်ခံပြီး အိမ်ပြန်ပြီးနှပ်နေသင့်ပါပြီကွယ်
ဒီတသက် စားလို့မကုန်ပါဘူးကွယ့်
အပြင်မှာသာ လုပ်စားကြရင် အခုလိုစုမိဆောင်းဖို့ဆိုတာ မလွယ်ဘူးလေကွယ်
ဒီအတိုင်းလေး ကောင်းပါတယ်ကွယ်
ငါ့တူကြီးလည်း အနားရတာပေါ့ကွယ့်
အရေးထဲ ငါ့တူကြီးလူတွေက ဗိုလ်ချုပ်အောင်ဆန်းနဲ့ပြိုင်လို့ရှုံးရတာပါဆိုပြီး ကိုယ့်ဟာကို Role တင်နေကြသေးတယ်ကွယ့်
အတော်ခက်တဲ့ကောင်တွေပဲကွယ်
ကိုယ့်ဘဝကိုယ် ဘယ်ပို့လို့ပို့နေမှန်းမသိဘူး
ဗိုလ်ချုပ်အောင်ဆန်းလို ပုဂ္ဂိုလ်မျိုးနဲ့ ပြိုင်ပြီးဆိုကတည်းက ဘယ်မှလူကောင်းဖြစ်မှာတုန်းကွယ့်
ဒါလေးတောင် မသိဘူးလားကွယ်
ဟော .. တဖက်ပါတီကလူတွေက ဗိုလ်ချုပ်လူတွေဖြစ်ပြီး ကိုယ်တွေက အဲဒီလူတွေရဲ့ ပြိုင်ဘက်ဆိုတော့ ဘယ်မှ ဂုဏ်ရှိလို့တုန်းကွယ့်
အတော် အသုံးမကျတဲ့ကောင်တွေပါလားကွယ့်
တော်ပြီ.. တူမောင်ကြီးရေ
ဘကြီးတော့ ဘာမှမပြောချင်တော့ဘူး
ပြောလည်း နားထောင်တဲ့ကောင်တွေမဟုတ်ဘူး
ခွေးကြီးမှ လက်ပေးသင်နေသလိုပဲ
ဘာမှကို အရာမရောက်ဘူးဖြစ်နေတယ်
ငါ့တူကြီးပဲ ကောင်းပါတယ်ကွယ်
ဟိုကောင်မလေးကို ငါ့တူကြီးက လူထုခေါင်းဆောင်အဖြစ် လက်ခံလိုက်ရင်တော့ အရင်က ၅၁ သန်းထဲမှာ ငါတို့မပါဘူးဆိုတဲ့လူတွေကို တိုင်းပြည်က နှင်ထုတ်လိုက်ပါကွယ်
သူတို့အနေခက်နေမှာစိုးရတယ်ကွယ့်
ကဲ.. ကဲ
ဒါပဲဟေ့
NLD အစိုးရဖြစ်ရင် တောခိုမယ်ဆိုတဲ့ အဖွဲ့ကို လှည်းငှါးအုံးမလားလို့ သွားမေးလိုက်အုံးမယ်
တောလမ်းဆိုတော့ လှည်းတော့လိုမယ်ထင်သကွယ့်
ဟိုကောင်မလေးကတော့ သူများကို မခံချင်အောင်မပြောဖို့တားထားပါတယ်ကွယ်
ဘကြီးလည်း မပြောပါဘူးကွယ်
အခုဟာက ကူညီဖို့ပါကွယ်
ပို့မယ့်ပို့ ကူးတို့ရောက်အောင်ပို့ ဆိုတဲ့စကားပုံအရ အရောက်ပို့ပေးရမယ်မို့လားကွယ်
စေတနာ သက်သက်ပါကွယ်
သွားပြီဟေ့
တူမောင်ကြီး ကျမ္မာ ချမ်းသာပါစေကွယ်
ငါ့တူကြီးရဲ့ တောကဘကြီး
YaeTayZa

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...