Saturday, November 21, 2015

အေးမေ ကို ပေး…ပေးပါ ။

လျှပ် စီး


ဘယ်လိုမှ မဖြစ်နိုင်ဘူး အေးမေ ၊ ဒီအခြေအနေ ရောက်မှတော့ တို့ ဒီတိုင်း နေ လို့ ရတော့မလား။
ရောင်းကို ရောင်းရမယ်..ဟူသော ကိုလှဖေ၏ အသံမှာ၊ တုန်ရီလှိုက်မောလျှက် ရှိနေချေပြီ။အေးမေ၏ နာကျင်ရှုံ့ တွ နေသော မျက်နှာမှာ ဝမ်းနည်းခြင်း အရိပ်အယောင်တို့ ကား စွန်းထင်းလျှက်။
အေးမေနဲ့ လှဖေတို့  လွန်ခဲ့သည့် နှစ်နှစ်အလွန်လောက်တုန်းကမှ သည်ရပ်ကွက် ဓမ္မာရုံလေးမှာ မင်္ဂလာဆွမ်းကျွေးပြီး လက်ထပ်ခဲ့ကြသော လင်မယား။သူတို့ မှာ လက်ထပ်စာချုပ်တွေဘာတွေ နဲ့ လက်မှတ် မထိုးထားခဲ့ပေမယ့် အခုထိ အရပ်က အသိအမှတ် ပြုထားတဲ့ လက်လုပ်လက်စား လင်မယား။

တစ်ခြားနည်းနဲ့ ဘယ်လိုဖြေရှင်းရင် ရမလဲဟင်…ဟူသည့် အေးမေ၏ စိုးရွံ့ အားငယ်နေသည့် အသံ တိတ်ဆိတ်သွားသည့်တိုင် လှဖေ ဆီမှ အသံတစ်စက်မျှ ထွက်မလာ။ အတန်ကြာမှ ဟူးးးး ဆိုပြီး အသက်ပြင်းတစ်ချက် ခပ်လေးလေး မှုတ်ထုတ်လိုက်ရင်း
အမျိုးစုံ စဉ်းစားပြီးပြီ အေးမေ ၊ ဒီနည်းကလွဲ ပြီး ကျန်တာဘာမှ မရှိတော့လို့ ပါကွာ။ငါ့ကို နားလည်ပေးပါ ငါလည်း ဘယ်ရောင်း
ချင်ပါ့မလဲ ။
လှဖေက အေးမေနဲ့ အိမ်ထောင်မကျခင် သည်ရပ်ကွက်လေးထဲမှာ ဆိုက်ကားနင်းသည့် ဆိုက်ကားသမား။
ဆိုက်ကားသမားဆိုပေမယ့် သူက အရက်မသောက် ၊ လောင်းကစားမလုပ် ပဲ သူ့ အမေမုဆိုးမကြီး ကိုရှာဖွေကျွေးမွေးကာ
သားအမိနှစ်ယောက် အေးချမ်းနေတဲ့ဘဝ။ဒီဘဝထဲကို ရက်ရက်စက်စက် ထိုးဖောက်ဝင်ရောက်လာတာက မီး။
မီး ဗျို့ မီး မီးး…ဟူသည့် ထိပ်လန့် ဖွယ်ရာ တစ်စုံတစ်ယောက်၏ ကျယ်လောင်စူးရှသော အသံသည် လွန်ခဲ့သည့် ငါးနှစ် အရင်ရဲ့
နွေလလယ် ညဥ့်သန်းခေါင်ယံမှာ ပေါ်ထွက်လာခြင်းနှင့်အတူ ရပ်ကွက်တစ်ခုလုံး အုံးအုံးကျက်ကျက်ဖြင့် ထိပ်လန့် တကြားနိုးထခဲ့ရပေပြီ။
ဟင်…ဘယ်လို ဖြစ်တာလဲ ဒုက္ခပါပဲ ၊ ကယ်ကြပါဦး ဟီးးး ဟီးးး ဆိုကာ ငိုသူငို ။ ကောင်းကင်ပေါ်သို့ မီးညွှန့် တလူလူတက်ကာ နေအိမ်များကို ဒေါသတကြီး တောက်လောက်ဝါးမျို နေသည့် မီးနှင့်အတူ။
လှဖေတို့ သားအမိလည်း နိုးထခဲ့ချေပြီ။
အမေ အမေ…ပြေး ပြေး ကျနော်တို့ အိမ် မီး နဲ့ သိပ်နီးနေပြီ ဟူ သည့် လှဖေ အသံနှင့် အတူ အိမ်ပြူတင်း ယိုင်ယွဲ့ ယွဲ့ ဆီမှ မြင်နေရ သည်မှာ လင်းထိန်စွာ လောင်ကျွမ်းနေသည့် မီးရောင်။သူတို့ အိမ်အပြင်သို့ အလျှင်တစော အရောက်မှာပင် မီးက သူ တို့ အိမ်ဆီသို့  ခြေလှမ်း ဝင်ရောက်ခဲ့ပေပြီ။
ဘာတစ်ခုမှ ယူချိန် မရတော့ပါဘူး ကိုအေးသွင်ရယ် ဟီးးး ဟီးးး ကုန်ပါပြီဗျာ။ဒီအိမ်လေးက အဖေ့ အမွေလေးလေ။
မျက်ရည်များ ရစ်သီလျှက် ရှိသော လှဖေကို ကိုအေးသွင် ပုခုံးဖက်ကာ နှစ်သိမ့်ပေးရုံမှအပြင် ဘာမှမတတ်နိုင်။ဒေါ်လှရီ တစ်ယောက်
သူ့ သား လှဖေ အနီးမှာ ငြိမ်သက်စွာထိုင်ရင်း မီးကျွမ်းကာ ကွယ်ပျောက်သွားပြီဖြစ်သော ပြာကျကာ မီးသွေးစွဲနေသည့် အိမ်အစိုင်အခဲ အရိုးစုကို ကမ္မဌါန်းရှုနေခြင်းလား ၊ နှမြောတသ ဖြစ်နေခြင်းလား စသည့် ဝေခွဲမရသော မျက်ဝန်းတို့ နှင့် ရှိနေချေပြီ။
သည်အဖြစ်တွေ ဖြစ်ပြီး သိပ်မကြာမီမှာပဲ ဒေါ်လှရီတစ်ယောက် သူ့ ခင်ပွန်းကိုဖေသိန်း နေထိုင်သည့် တမလွန်သို့ လှမ်းသွားခဲ့ချေပြီ။
လှဖေတစ်ယောက် ရပ်ကွက်အစွန် ကျူးကျော်အိမ်တွင်နေထိုင်သည့် သူ့ ဆိုက်ကားအုံနာ ကိုထွေးမြင့် ၏ ကျူးကျော်မြေတွင် ထပ်မံ၍
ကျူးကျော်ပြီး ခိုလှုံနေရသည့် တဲစုတ်စုတ်အိမ်လေးတွင် တစ်ယောက်တည်း ဆက်လက်ရှုင်သန်နေရခြင်းနှင့် အတူ ဖူးစာရေးနတ်`၏
ကောင်းမှုဖြင့် ပဲပြုပ်သည်လေး အေးမေနှင့် ဖူးစာဆုံကာ အိမ်ထောင်ကျခဲ့ရခြင်းလည်း ဖြစ်ပေသည်။
အေးမေနှင့် သူ အိမ်ထောင်ကျပြီး သိပ်မကြာမီ အေးမေတွင် ကိုယ်လေးလက်ဝန် ရှိလာခဲ့ချေပြီ။အနေအထိုင် အစားအသောက်ကို ချစ်ရတဲ့ မယားအတွက် သူ ဂရုစိုက်ခဲ့သလို အိမ်စားရိတ်အတွက် လည်း နေပူမရှောင်၊မိုးရွာမရှောင်ဖြင့် ဆိုက်ကားနင်းသည့် အလုပ်ကိုလည်း မပျက်တမ်း နင်းကာ ရှာဖွေနေခဲ့ရခြင်းကြောင့် ယခု သူ့ တွင် အဆုတ်အအေးမိရောဂါ နမိုးနီးယား ဝင်ရောက်ခဲ့ခြင်းနှင့်အတူ မကြာခဏ ဖျားလိုက် ပြန်ကောင်းသွားလိုက်နှင့် သူမသက်မသာ ဖြစ်နေသည်မှာ ကြာနေပြီ။
အနီးအနားဆေးဆိုင်မှ အိမ်သုံးဆေးတစ်ချို့ ကိုသာ ဈေးပေါပေါဖြင့် ဝယ်သောက်လိုက် သက်သာသွားလိုက်ဖြင့် သူ့ ဝေဒနာကို မယားဖြစ်သူအား အသိမပေးခဲ့ပေ။အသိတစ်ချို့ ကတော့ ကိုလှဖေ ခင်ဗျား ဆေးခန်းဆေးရုံ ပြသင့်တယ်ဟု အကြံပေးပေမယ့် သူ့ အခြေအနေ မယားဖြစ်သူ မွေးဖွားလာမယ့် သူ့ ရင်သွေးလေး မွေးစရိတ် ၊ အိမ်စားစရိတ် ထို့ ထက်ပို၍ သူ ပိုပြီး ငွေကိုအသုံးမပြုနိုင်
အသုံးမပြုနိုင်ဟု ဆိုရခြင်းမှာ အပိုသုံးဖို့ နေနေသာသာ တစ်နေ့ စရိတ်တောင် တစ်နေ့ လောက်ငှအောင် မနည်းသုံးစွဲနေရသည့် သူတို့ ဘဝ အခြေအနေကို သူသာ အသိဆုံးဖြစ်လေသည်။
ယခုလည်း နေထိုင်မကောင်းသည့် ကြားမှ အိမ်စား၇ိတ်အတွက် ဆိုက်ကားထွက်နင်းနေရင်း တစ်ကိုယ်လုံးချမ်းတုန်တက်လာခြင်း နှင့် အတူ ခေါင်းတွေပါ တဆစ်ဆစ်နှင့်ကိုက်လာသောကြောင့် သူ အိမ်သို့ ပြန်လာခဲ့ပြီး မကြာမီ ဇနီးဖြစ်သူ အေးမေ က…
ကိုလှဖေ ရှင်နေမကောင်းဘူးလား ၊ ရှင့်ကြည့်ရတာလည်း နွမ်းနယ်နေသလိုပဲ ဟု မေးပေမယ့် လှဖေတစ်ယောက် ခေါင်းခါပြီး
နည်းနည်းပင်ပန်းနေလို့ ပါ အေးမေရယ် ဘာမှမဖြစ်ပါဘူး ခဏလောက်လှဲလိုက်ရင် သက်သာသွားမှာပါ လို့ အေးမေ စိတ်မပူစေရန် ပြောနေပေမယ့် သူ့ ခေါင်းတွေတအား ထိုးကိုက်လာခဲ့သလို တစ်ကိုယ်လုံးလည်း ချမ်းစိမ့်လွန်းနေချေပြီ။
ထမင်းစားမလား ဟု ဇနီးသည် မေးပေမယ့် သူ မစားသေးဘူး ခဏ လှဲလိုက်ဦးမယ်ဟု ဆိုကာ စောင်အစုတ်လေးအားခြုံပြီး အိပ်နေလိုက်သည်။ချမ်းတုန်လိုက် ခေါင်းကိုက်လိုက်နှင့် သူအိပ်ပျော်သွားပြီး ညနေစောင်းတွင်ပြန်လည်နိုးထ လာခြင်းနှင့်အတူ သူ့ 
ဝေဒနာတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားချေခဲ့ပြီ။အေးမေကို လှမ်းကြည့်လိုက်တော့ ဗိုက်ကြီးတဗြဲဗြဲ ဖြင့် အိမ်ရှေ့ ဝါးလုံး တန်းမှာ လှန်းထားသော အဝတ်များ ရုတ်နေတာသူ လှမ်းမြင်နေရသည်။
အဝတ်များရုတ်လို့  အိမ်ပေါ်သို့ အေးမေတက်လာပြီး ခဏမှာပင် အမလေး ဗိုက်နာလိုက်တာ မွေးတော့မလား မသိဘူး။ကျွတ် ကျွတ်
အား နာလိုက်တာ ကိုလှဖေရယ်…ဟူသောအသံနှင့်အတူ အိမ်ရဲ့ကြမ်းခင်း ဝါးခြမ်းစုတ်ပေါ် ထိုင်ချလိုက်ရင်း ညဉ်းညူနေသည့် အေးမေ အား သူ ကြည့်လိုက်ရင်း အိပ်ရာမှ အလျှင်အမြန်သူ ထလိုက်သည် ခေါင်းမိုက်ကနဲ ဖြစ်သွားပေမယ့် သူ့ ကိုယ်ဟန်သူ ပြန်ထိန်းလိုက်ရင်း
အေးမေ နင် နင် မွေးတော့မလား ၊ ဒုက္ခပါပဲ ငါတို့ မှာ ပိုက်ဆံကလည်း မရှိဘူး နင့်နားကပ်လေး အချိန်ရှိတုန်း သွားရောင်းလိုက်မယ်။
ဒီနားကပ်လေးက ရှင်နဲ့ မင်္ဂလာဆောင်တုန်းက ရှင်မင်္ဂလာဦး လက်ဆောင်အဖြစ် ဝယ်ပေးခဲ့တာလေး ကျမ မရောင်းရက်ပါဘူး ကိုလှဖေရယ်…။နာကျင်နေသည့် ဝေဒနာကြားမှ အားယူကာ ပြောလိုက်သည့် အေးမေအသံအား သူ ကရုဏာမသက်နိုင်တော့ သည့် အခြေအနေ…။မပြောချင်သည့် စကားအား မပြောမဖြစ်ပြောရပေတော့မည် ဟူ သော ဆုံးဖြတ်ချက်နှင့် အတူ လှဖေတစ်ယောက်…။
ဘယ်လိုမှ မဖြစ်နိုင်ဘူး အေးမေ ၊ ဒီအခြေအနေရောက်မှတော့ တို့ ဒီတိုင်းနေလို့ ရတော့မလား။
ပြောပြောဆိုဆို ဖြင့်ပင် အေးမေ၏ တုန်ရီနေသော လက်ဖြင့်ပေးသည့် နားကပ်လေးတစ်စုံကို သူယူပြီး ခပ်သွက်သွက် အိမ်ပေါ်မှ ပြေးဆင်းကာ ရပ်ကွက်ထိပ်နားက ရွှေဆိုင်လေးဆီသို့ ။ပိတ်ခါနီးရွှေဆိုင်မှာ နားကပ်လေးအား ရောင်းချပြီး ဆိုင်အပြင်သို့ ထွက်လိုက်လျှင်
ထွက်လိုက်ခြင်း လှဖေ အသိတွေ မိုက်ခနဲ ဖြစ်သွားကာ ခြေထောက်အစုံပါ ခွေညွတ် သွားချင်ပြီ။မနည်း စိတ်ကို မနည်းအားတင်းပြီး အိမ်သို့ သူ အမြန် အမြန် လှမ်းလာခဲ့လိုက်သည်။
အိမ်ပေါ်တွင် အေးမေတစ်ကိုယ်လုံး တုန်ရီစွာ နာကျင်သည့် မွေးခါနီးဝေဒနာအား ကြိတ်မှတ်ခံစားရင်း သူ့ ပြန်အလာကို စောင့်မျှော် နေရှာသည်။ရောက်ရောက်ချင်းပင် ကဲ ကဲ ထ ထ…အေးမေ ဆေးရုံပြေးကြမယ် ဟု ပြောရင်း အေးမေအား တွဲလို့ ကားတစ်စီးငှါးဖို့ ပြင် ဆင်နေတုန်း သူနှင့်ဘဝတူ ဆိုက်ကားသမား ကိုအေးသွင် ဆိုက်ကားနင်းလာရင်း လှမ်းတွေ့ သဖြင့် ဘာဖြစ်တုန်း ငါ့လူရ ၊ အေးမေ မွေးတော့မလို့ လား ကဲ ကဲ ငါပါ အဖော်ရအောင်လိုက်ခဲ့ပေးမယ်ဟု ပြောပြောဆိုဆို ဖြင့် နင်းလာသောဆိုက်ကားအား ကိုအေးသွင် သူ့ ခြံလေးထဲ ဆိုက်ကားဝင်ထားပြီး သူတို့ နှင့်တူ ဆေးရုံသို့ လိုက်ပါလာခဲ့လေသည်။
ဆေးရုံသို့ ရောက်လျှင် ရောက်ချင်း ဆရာဝန်၊ဆရာမတို့ က လူနာအားမွေးခန်း ထဲသို့ အစောတလျှင် ခေါ်ငင်သွားခဲ့လေသည်။
လှဖေတစ်ယောက် မနက်က ဖြစ်သည့်အတိုင်း ခေါင်းတွေတဆစ်ဆစ် ထပ်မံထိုးကိုက်လာခြင်း နှင့်အတူ ရင်တွေတလှပ်လှပ် တုန်လာခဲ့ပြီး လူနာစောင့်သည့် ခုံလေးပေါ်မှနေ၍ တစ်ကိုယ်လုံးမထိန်းနိုင်တော့ပဲ ထိုးငိုက်ကာ ဆေးရုံကြမ်းပြင်ပေါ်သို့ ခြေလွတ်လက်လွတ် ထိုးကျသွားတော့လေသည်။
ဟေ့ကောင် လှဖေ…ဘာ ဘာ ဖြစ်တာလဲ ဟူသည့် စိုး၇ိမ်တကြီး မေးလိုက်သည့် ကိုအေးသွင်အသံတော့ သူကြားလိုက်ပါသေးသည်။
ကိုအေးသွင်အား သူ ဘာတစ်ခုမှ ပြန်ပြောလို့ မရအောင် လျှာတစ်ခုလုံး လုံးလိပ်လိုက်ကာ မျက်လုံးများမှာ အလင်းသဲ့သဲ့လေးမျှသာ သူ မြင်နိုင်တော့သည့် အခြေအနေ။နောက်ဆုံးတစ်ကိုယ်လုံး အားအင်များကို စုစည်းလိုက်ပြီး သူ့ အိပ်ကပ်အနွမ်းလေးထဲမှ စောစောက သူရောင်းချလာခဲ့သည့် နားကပ်ရောင်းရငွေ ပိုက်ဆံအလိပ်လေးကို ထုတ်ကာ ကိုအေးသွင်ဆီလို့ မှန်းပြီး လက်ကမ်းလိုက်ခြင်းနှင့် အတူ သူ့ နှုတ်မှ စကားတစ်ခွန်း လူ့ ဘဝရဲ့ နောက်ဆုံးအချိန်မှာ ထွက်ပေါ်သွားခဲ့လေတော့သည်။
ဒီ…ဒီ ငွေလေး…အေးမေ ကို ပေး ပေး ပါ…။စကားသံနောက်တွင်တော့ လှဖေ မျက်လုံးထဲ အရာအားလုံးဟာ မှောင်အတိ မိုက် ကျ သွားခဲ့ ချေပြီ။မွေးခန်းထဲမှာတော့ အူဝဲ အူဝဲ ဆိုသည့် ကလေးအသံလေးနှင့် အတူ ပထမဆုံး ခြေလှမ်း နှင့် နောက်ဆုံး ခြေလှမ်းတို့ သည် ဘဝတစ်ခု၏ ညနေချိန်တွင် ပေါင်းဆုံခဲ့ပါ လေသလား ။။။ ။။။
လျှပ်စီး...။။။ ။။။(မူပိုင်...လျှပ်စီး)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...