ကလေကချေလို့ အပြောမခံရအောင်
BrainWave ဉာဏ်လှိုင်း
သီတင်းကလည်း
ကျွတ်ပြီ။ လူပျိုကြီးအနေနဲ့ ဆက်လက်ရှိနေသူများကို အိမ်ထောင်ကျစေချင်သော
ရည်ရွယ်ချက်ဖြင့် ရေးသားထားသော အဟောင်းလေးကို တင်ဆက်လိုက်ပါတယ်။
မြန်မာ့လူပျိုကြီးတွေ အိမ်ထောင်ကျကြပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ။
ကလေကချေလို့ အပြောမခံရအောင်
ᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒᵒ
၂၀ဝ၀-၂၀ဝ၄ ခုနှစ်အထိ ရန်ကုန်မြို့၊ ၂၈-လမ်း၊ တိုက်ခန်းတစ်ခုမှာ ကျွန်တော်တစ်ယောက်တည်း နေခဲ့ဖူးတယ်။ မြို့လယ်ခေါင်၊ သိမ်ကြီးဈေးနားဆိုတော့ နံနက်မိုးလင်းကတည်းက ညမိုးချုပ်တဲ့အထိ အိမ်မှာ သူငယ်ချင်းတွေ မပြတ်ဘူး။ အိမ်မှာ ညအိပ်သွားတဲ့ သူငယ်ချင်းတွေလည်း အများကြီးပဲ။
ဘယ်သူငယ်ချင်းလာလာ ကျွန်တော်ကတော့ ကြိုဆိုလျှက်ပါ။ ဒါပေမဲ့ ကျွန်တော်က ယောက်ကျားအကျိုးပေး သန်လှသူဆိုတော့ လာသမျှသူငယ်ချင်းတွေအကုန်လုံးက ယောကျာ်းတွေချည်းပါပဲ။ မိန်းကလေး သူငယ်ချင်းမရှိလို့ မိန်းမတစ်ယောက်မှ မလာပါ။ ကြာလာတော့ သူငယ်ချင်းတွေ မရှိရင် မနေတတ်ဘူးဖြစ်လာတယ်။ သူငယ်ချင်းအားလုံးကလည်း ယောက်ျားတွေချည်းဆိုတော့ ယောက်ျားမရှိရင် ငါမနေတတ်ဘူးလားလို့တောင် ကိုယ့်ဖာသာကိုယ် တွေးမိတယ်။
မိုးတွင်းကာလ တစ်ည။ အခန်းထဲမှာ သူငယ်ချင်းတင်ညိုနဲ့အတူ အရက်ထိုင်သောက်ကြရင်း ညဥ့်နက်သွားတယ်။ အချိန်က ၁၂ နာရီလောက် ရှိသွားပြီဆိုတော့ သူငယ်ချင်းတင်ညိုကို "မပြန်နဲ့၊ အိမ်မှာပဲ အိပ်" လို့ ပြောလိုက်တယ်။
ဖိုးညိုနေတာက ဒဂုံမြို့သစ်မှာ။ အဲဒီအချိန်တုန်းက သူပြန်မယ်ဆိုရင် ဆူလေသွားပြီး အောက်ဆိုက်ကား စီးရမယ်။ အောက်ဆိုက်ကား စီးပြီးရင် ဆိုက်ကား ဆက်စီးရဦးမယ်။ ဆိုက်ကားပေါ်ကဆင်းရင် ဗွက်တောထဲ လမ်းလျှောက်ပြီး အိမ်ကိုသွားရမယ်။ သူ ဒုက္ခများမှာစိုးလို့ အိမ်မှာပဲအိပ်လို့ ပြောမိတယ်။
ကျွန်တော့်အိမ်မှာက ကျွန်တော်က တစ်ယောက်တည်း။ ဘာမှ အားနာနေစရာ မလိုဘူး။ သူငယ်ချင်းတွေ အားလုံးလည်း အိပ်နေကျ။ ဒါပေမဲ့ ကျွန်တော်အိမ်မှာ အိပ်ခိုင်းတာကို သူက မအိပ်ဘူးဆိုပြီး အတင်းငြင်းတယ်။ ကျွန်တော်ကလည်း သူ့ကို အတင်းအိပ်ခိုင်းတယ်။ နောက်ဆုံးတော့ သူက ကျွန်တော့်ကို "ဟေ့ကောင် ဖိုးသု... ငါက မင်းလို ကလေကချေ မဟုတ်ဘူး။ အချိန်တန်ရင် အိမ်ပြန်ရမှာကွ။ ငါ့မှာက သားနဲ့မယားနဲ့" လို့ ပြန်ပြောတယ်။
"ငါ ဆဲလိုက်ရရင် တူနယ်နယ် တူ့နယ့်တူ့နယ့် ဗြောင်" တော့မယ်။ မင်း မအိပ်ချင်လည်း ရတယ်။ မင်းပြန်တော့။ မင်းကို ငါလိုက် မပို့တော့ဘူး" လို့ ပြန်ပြောလိုက်တယ်။ နောက်ရက်မှာ ကျွန်တော်နဲ့ဆုံတော့ "ဖိုးသုရာ ... ငါ တစ်နေကုန် ကားမောင်းရတာ အရမ်းပင်ပန်းတယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်လို့ ငါ့ကလေးတွေ မျက်နှာမြင်ရရင် ငါ ပင်ပန်းသမျှ ပြေပျောက်တယ်။ ငါ့ကလေးတွေကို တစ်နေ့မတွေ့ရရင် ငါ မနေနိုင်ဘူး။ ဒါကြောင့် မင်းကို ပြောမိတာ တောင်းပန်ပါတယ်" တဲ့။
အခုတော့ ကျွန်တော်လည်း သားနဲ့မယားနဲ့ ဖြစ်ပြီ။ ကလေကချေဘဝက လွတ်ပြီ။ ဒီအတွက် လူပျိုကြီးတွေကို ကျွန်တော်လို ကလေကချေလို့ အပြောမခံရအောင် ဒီစာကို ရေးသားရခြင်းဖြစ်ပါတယ်။ လူပျိုကြီးတွေ အိမ်ထောင်ပြုကြခြင်းဖြင့် မြန်မာနိုင်ငံမှာ မြန်မာလူမျိုးတွေ တိုးပွားအောင် ဆောင်ရွက်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ အပျိုကြီးများလည်း ကူညီပေးကြစေချင်ပါတယ်။
သုသိလှိုင်

0 comments:
Post a Comment