Tuesday, November 3, 2015

"ယုံမှတ်လို့ ပုံအပ်လိုက်စမ်းပါ"


"အိုဘားမား အနိုင်ရပြီး သမ္မတဖြစ်မယ်ဆိုတာ ရွေးကောက်ပွဲ မတိုင်ခင် အစောကြီးကတည်းက ကျွန်မ ကြိုသိတယ်" လို့ ပြောတဲ့ အမေရိကားက မြန်မာအမျိုးသမီးတစ်ယောက်ကို ကျွန်တော် တွေ့ဖူးတယ်။ သူက နိုင်ငံရေးပညာရှင်လည်း မဟုတ်၊ အကြားအမြင် ဗေဒင်တွေလည်း မတတ်ပါဘူး။ ကြယ်ငါးပွင့် ဟိုတယ်ကြီးတစ်ခုထဲက souvenir shop (မြန်မာတွေကတော့ ဂစ်ဖ်ရှော့လို့ လွယ်လွယ်ခေါ်တဲ့) အမှတ်တရ လက်ဆောင်ပစ္စည်းဆိုင်မှာ အလုပ်လုပ်တဲ့ အရောင်းဝန်ထမ်းတစ်ယောက်ပါ။

ရွေးကောက်ပွဲနီးလာရင် လက်ဆောင်ပစ္စည်းဆိုင်တွေမှာ နှစ်ဖက်ပါတီ သမ္မတလောင်းတွေနဲ့ ပတ်သက်တဲ့ သော့ချိတ်၊ စတစ်ကာ၊ ပို့စကဒ်၊ ဦးထုပ်၊ ရင်ထိုး စတာတွေ တင်ရောင်းလေ့ရှိတယ်။ အဲဒီမှာ အိုဘားမား ပစ္စည်းတွေက ပြိုင်ဖက် ဂျွန် မက်ကိန်းထက် အများကြီး ပိုရောင်းရတယ်။ ဝယ်သူတွေလည်း လူမဲသာမကဘူး လူဖြူတွေ၊ စပန်းနစ်ရှ်တွေ၊ အာရှသား လူဝါတွေ အစုံပါတယ်ဆိုတော့ အိုဘားမား မဲပိုရမယ်လို့ သူခန့်မှန်းမိသတဲ့။
သူခန့်မှန်းတဲ့နည်းက ပြည့်စုံမှန်ကန်တယ်လို့တော့ မပြောနိုင်ပါဘူး။ ရီပတ်ဘလီကန်ပါတီ အားကောင်းတဲ့ ပြည်နယ်တွေမှာ မက်ကိန်းပစ္စည်း ပိုရောင်းရမှာပေါ့။ ဒါပေမယ့် သူ့တွက်ကိန်းနဲ့သူတော့ ဟုတ်နေတာပဲ။
ခုလည်း မြန်မာပြည်က ရွေးကောက်ပွဲကို အကဲခတ်ရာမှာ ဖေ့စ်ဘွတ်ခ်ပေါ်လည်း ရဲရဲနီ၊ အပြင်မှာလည်း လူပင်လယ် စွေးစွေးနီနေတာ မြင်ရတော့ အားတက်ကြတယ်။ ဒါကတော့ ကျနော်ကလည်း ဖေ့စ်ဘွတ်ခ်မှာ စစ်တပ်လော်ဘီ၊ ကြံ့ဖွတ်လော်ဘီ၊ မ.ဘ.သ.တွေကို လက်မခံဘဲ ဘလော့ထားတာမို့ မိတ်ဆွေအားလုံးနီးပါး NLD ထောက်ခံသူချည်း ဖြစ်နေတာကိုး။
စစ်ခွေးတွေဆီ သွားကြည့်ရင် သူတို့လည်း အစိမ်းရောင်ပို့စ်တွေ၊ အဘဓာတ်ပုံတွေ ဖောဖောသီသီ တင်နေတာ တွေ့မှာပါ။ အပြင်လောကမှာလည်း NLD မဲဆွယ်တဲ့ အဖွဲ့ကို သံပုံးတီးမောင်းထုတ်တဲ့ ပျော်ဘွယ်က ရွာတစ်ရွာ ရှိသေးတာပဲ။ မျက်မှောက်အခြေအနေမှာ NLD က အမတ်နေရာ အနည်းဆုံး ၆၇ % ရမှ အစိုးရဖွဲ့နိုင်မှာမို့ ဒီတစ်ပွဲမှာတော့ ရှေ့ရေးကို မျှော်တွေးပြီး NLD ကိုပဲ ပုံအော မဲပေးကြပါလို့ အတန်တန် ဆော်ဩတိုက်တွန်းနေရတာပါ။ ဒါတောင် အစိုးရမဖွဲ့နိုင်တဲ့ တိုင်းရင်းသားပါတီ၊ ဒီမိုကရေစီ ပါတီငယ်တွေ၊ တစ်သီးပုဂ္ဂလတွေကို မဲပေးမယ့်သူတွေ ရှိတယ်။
ဒါပေမယ့်၊ လက်တွေ့အခြေအနေကို ခြုံငုံသုံးသပ်တဲ့အခါ တစ်ကယ်သာ လွတ်လပ်တရားမျှတတဲ့ free and fair ရွေးကောက်ပွဲဆိုရင် NLD သောင်ပြိုကမ်းပြို အနိုင်ရမယ်လို့ ခန့်မှန်းတွက်ချက်နိုင်တဲ့ အနေအထား ရှိပါတယ်။
ဒီကြားထဲကတောင်၊ ကြံ့ဖွတ်က သူတို့ကို ထောက်ခံသူတွေ များတဲ့အတွက် ၇၅% အနိုင်ရမယ်လို့ AFP သတင်းဌာနကို သေချာပေါက် ရဲရဲတင်းတင်း ပြောထားတာလည်း ဖတ်ရတယ်။ သူတို့ရဲ့ မဲဆွယ်ပွဲတွေမှာ လာတက်သူလည်း ကျိုးတို့ကျဲတဲ၊ လှည့်လည်တဲ့ကားတွေလည်း အနားမှာတောင် လူမရှိ၊ စာနယ်ဇင်း၊ မီဒီယာနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာလည်း ကြံ့ဖွတ်ဆိုရင် သမ္မတကအစ လူတကာ ရယ်စရာကြီးဖြစ်အောင် အနှစ်အသား မရှိတာတွေ လျှောက်ပြောတာပဲ တွေ့ရတယ်။
ဒါကြောင့်၊ သွေးရိုးသားရိုး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲဆိုရင် ကြံ့ဖွတ် နိုင်ဖို့ အခွင့်အလမ်းဟာ အလွန်ကိုမှ နည်းပါးလှပါတယ်။ မဲတွေကို လိမ်မလား၊ ဝယ်မလား၊ လုမလား၊ ညစ်မလား ဒါမှမဟုတ် ပတ်မကြီး ထိုးဖောက်ပြီး ပွဲပျက်အောင် ဖျက်မလားဆိုတာကို တစ်ကမ္ဘာလုံး ရင်တမမ စောင့်ကြည့်နေရတဲ့ သမိုင်းဝင် ရွေးကောက်ပွဲကြီးပါ။
ဒီလိုအခြေအနေမျိုးကို မြင်တွေ့နေရတော့ ဂျပန်တုန်းက ဝါဆေးဒတက္ကသိုလ်ရဲ့ မြန်မာ့အရေး ဆွေးနွေးပွဲတစ်ခုမှာ ပါမောက္ခတစ်ယောက် ပြောသွားတာကို ပြန်အမှတ်ရမိတယ်။ မင်းနစံ (ကြွရောက်လာသူများခင်ဗျား) မြန်မာနိုင်ငံရဲ့ ဗိုလ်ချုပ်ကြီးများဟာ သူတို့ရဲ့ အသက်နဲ့ စည်းစိမ်ဥစ္စာတွေကို ဆုံးရှုံးမှာ အလွန်စိုးရိမ်ပူပန်နေတာကြောင့် အာဏာကို အတင်းဆုပ်ကိုင် ဖက်တွယ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို အန္တရာယ်ကင်းတဲ့ ထွက်ပေါက်တစ်ခု ဖွင့်ပေးပြီး ကာကွယ်ထားနိုင်မှသာ မြန်မာနိုင်ငံဟာ ပြည်သူတွေ လိုလားတဲ့ ဒီမိုကရေစီစနစ်ကို ထူထောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီလို အရေးကြီးတဲ့ အခန်းကဏ္ဍမှာ မြန်မာ ဗိုလ်ချုပ်ကြီးများကို နားဝင်အောင် ချော့မော့ ဖျောင်းဖျဖို့ ဂျပန်အစိုးရက ပါဝင်ဆောင်ရွက်ပေးသင့်ပါတယ်။
သူပြောတဲ့အချက်ကို အားလုံးက သဘောတူလက်ခံပါတယ်။ ဒါပေမယ့်၊ ကြောင်ကို ဘယ်သူခြူဆွဲပေးမလဲဆိုတဲ့ ပဟေဠိလိုမျိုး ဗိုလ်ချုပ်ကြီးတွေကို ဘယ်သူက ကာကွယ်စောင့်ရှောက်ပေးမှာလဲ ဆိုတဲ့ မေးခွန်းကိုတော့ အဲဒီပါမောက္ခကြီးက ဒီလို ဖြေပါတယ်။
"ဗိုလ်ချုပ်ကြီးတွေကို အကောင်းဆုံး ကာကွယ်စောင့်ရှောက်နိုင်သူဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ သူ့လက်ထဲကို နိုင်ငံ့အာဏာ အပ်နှင်းလိုက်ရင် ဗိုလ်ချုပ်ကြီးတွေကို သူကာကွယ်စောင့်ရှောက်ပေးပါလိမ့်မယ် " ဆိုတော့ အစည်းအဝေးခန်းထဲမှာ အသံတိတ်သွားတယ်။
ပြီးတော့မှ ဂျပန်လူမျိုးတွေနဲ့ တစ်ခြားလူမျိုးတွေက တစ်ယောက်တစ်ပေါက် ထောက်ခံ ပြောဆိုကြတယ်။ ကျနော်အပါအဝင် မြန်မာတွေကတော့ ချက်ချင်း မဖြေနိုင်ဘဲ တွေဝေနေဆဲ ဖြစ်ခဲ့ရတယ်။
တိုင်းပြည်ကို နှစ်ပေါင်းများစွာ နှိပ်စက်အုပ်ချုပ်ပြီး ကျိကျိတက် ချမ်းသာကြွယ်ဝနေတဲ့ ဗိုလ်ချုပ်ကြီးတွေကို ကျနော်ကိုယ်တိုင် လွယ်လွယ် ခွင့်မလွှတ်နိုင်ပါဘူး။ သူတို့အသက်ကို လွတ်ငြိမ်းခွင့်ပေးမယ်ဆိုရင်တောင် သူတို့ မတရား ရယူထားတဲ့ ငွေကြေးဥစ္စာတွေကို ပြန်သိမ်းရမယ်လို့ ယူဆတယ်။
ဒါပေမယ့်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျက်အာဃာတ လုံးဝမထားဘဲ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိုသာ တစ်စိုက်မတ်မတ် ပြောဆိုနေခဲ့ပါတယ်။ သူ့အသက်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့တဲ့ ဦးအောင်သောင်းရဲ့ ဈာပနကိုတောင် သွားရောက်ပြီး လီလီပန်းတွေနဲ့ လွမ်းသူ့ပန်းခြင်း ပေးပို့ရင်း အကြွင်းမဲ့ ခွင့်လွှတ်ခြင်းကို ပြသခဲ့တယ်။ (ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်က ဂဠုန်ဦးစောရဲ့ သမီးမင်္ဂလာပွဲအတွက် လီလီပန်းတွေ လက်ဆောင်ပေးခဲ့တဲ့ ဖြစ်ရပ်ကို သိကြမယ်ထင်ပါတယ်။) လီလီပန်းတွေဟာ အညှိုးအာဃာတ မထားကြောင်း ဖော်ပြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှတ်သင်္ကေတ သတင်းစကားပါပဲ။
ဒါပေမယ့်၊ စစ်တပ်က နှိပ်စက်လို့ သေဆုံးဒဏ်ရာရခဲ့သူ၊ နှစ်ရှည်ထောင်ဒဏ်ကျခဲ့သူ၊ မိသားစုဘဝပျက်ခဲ့ရသူတွေ အများကြီးပါ။ တိုင်းရင်းသားဒေသတွေမှာ ပိုတောင်ဆိုးဦးမယ်။ သူတို့အနေနဲ့ စစ်တပ်နဲ့ ဗိုလ်ချုပ်ကြီးတွေကို အသာတကြည် ခွင့်လွှတ်ကျေအေးဖို့ မလွယ်ပါဘူး။ ကျနော်လည်း အပါအဝင် ဖြစ်ပါတယ်။
ဒီလို ရင်နာစရာတွေ နာကျည်းစွာ ခံစားခဲ့ရပေမယ့်လည်း ဒေါ်အောင်ဆန်းစုကြည်က အမိမြန်မာနိုင်ငံတော် အနာဂတ် သာယာလှပရေးကို ရှေ့ရှုပြီး သည်းခံခွင့်လွှတ်ကြဖို့ မေတ္တာရပ်ခံရင်တော့ လူထုခေါင်းဆောင်ကို ချစ်ခင်ကြည်ညိုတဲ့ ပြည်သူလူထုက လိုက်နာကြမှာပါ။ သေသေချာချာ စဉ်းစားကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်ကလွဲလို့ ဘယ်သူမှ လူထုအပေါ် ဩဇာမညောင်းဘူးဆိုတာ ရှင်းရှင်းလေး မြင်နိုင်ပါတယ်။
ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က NLD အစိုးရ ဖြစ်လာရင် ပထမဆုံး အလုပ်တာဝန်က အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်ပါတယ်လို့ ပြောခဲ့တာပေါ့။
မြန်မာနိုင်ငံကို နှစ် ၅၀ ကျော် ဂုတ်သွေးစုပ် အုပ်ချုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးများအနေနဲ့ နိုင်ငံရေးလောကမှ သိက္ခာရှိရှိ ဆုတ်ခွာချင်ရင် ခုအချိန်ဟာ တစ်ကယ်ကို အသင့်လျော်ဆုံး အချိန်အခါပါ။ ရွေးကောက်ပွဲ အနိုင်ရ ပါတီကို အသာတကြည် အာဏာလွှဲပေးပြီး စိတ်အေးလက်အေး အနားယူနိုင်ပါပြီ။ အမှန်တကယ်ဆိုရင်၊ အခြေခံဥပဒေကို ပြင်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုသာ သမ္မတ တင်မြှောက်ခဲ့ရင် သူတို့ဘဝနဲ့ စည်းစိမ်ဥစ္စာတွေ လုံခြုံစိတ်ချစေမှာ ဖြစ်ပါတယ်။
ဂျပန်ပါမောက္ခနဲ့ သဘောထားချင်း ဆင်တဲ့ ဟောပြောပွဲကို ကင်းဘရစ်ခ်ျ တက္ကသိုလ်မှာ ကျနော် အမှတ်မထင် တက်ရောက်နားထောင်ခွင့် ရခဲ့တဲ့အကြောင်းကိုလည်း အရင် ၅ လတုန်းက "မပြောမပြီး မတီးမမြည်" ဆိုတဲ့ ပို့စ်တစ်ခု ရေးခဲ့သေးတယ်။
နိုင်ငံခြား ပညာရှင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင် အတော်များများက ဒေါ်အောင်ဆန်းစုကြည်သာလျှင် စစ်တပ်နဲ့ ပြည်သူကို ပြန်လည်သင့်မြတ်အောင် စွမ်းဆောင်နိုင်သူအဖြစ် ယုံကြည်ယူဆကြတာ တွေ့ရပါတယ်။
ပြည်သူတွေ အလွန်အမင်း အားခဲမျှော်လင့်ထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲကို မသမာမှုတွေနဲ့ အနိုင်ယူဖို့ ကြိုးစားရင် နောက်ဆက်တွဲ ဖြစ်ရပ်တွေက လှပလိမ့်မယ် မဟုတ်ဖူး။ ပြည်သူလူထု အုံကြွမှုကို ထုံးစံအတိုင်း လက်နက်နဲ့ အကြမ်းဖက်နှိမ်နင်းဖို့ ကြံစည်ရင်တောင် နိုင်ငံတကာက လက်ပိုက်ကြည့်မနေတော့ဘူး ဆိုတာ နားလည်သင့်ပြီ။
အီရတ်သမ္မတ ဆက်ဒမ် ဟူစိန်၊ လစ်ဗျားခေါင်းဆောင် ကဒါဖီတို့ သေချင်းဆိုးနဲ့ အသက်ထွက်ခဲ့ရတဲ့ ဖြစ်ရပ်တွေကို သံဝေဂ ယူကြပါတော့။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကတိသစ္စာ အလွန်တည်ကြည်တဲ့ ဂုဏ်သိက္ခာကြီးမားသူ တစ်ယောက်ပါ။
စစ်တပ်နဲ့ ဗိုလ်ချုပ်ကြီးများကို လုံခြုံအောင် အကာအကွယ် ပေးမယ့်သူဟာ ဒေါ်အောင်ဆန်းစုကြည်လို့သာ စိတ်ချလက်ချ ယုံကြည်နိုင်သူ ဖြစ်ပါတယ်။ မိမိတို့ အနာဂတ်ဘဝ လုံခြုံဖို့ သူ့လက်ထဲကို အာဏာအပ်ပြီး ဒေါ်အောင်ဆန်းစုကြည် သက်တော်ရာကျော် ရှည်ပါစေလို့ ဆုတောင်းကြပေတော့။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...