Monday, July 14, 2014

Heavenly Virus (၃)

နတ်ပြည်မှာ တစ်ခုခု ဖြစ်နေတာ သေချာပြီ။ ဖြစ်နေတာ နည်းနည်းတောင် ကြာခဲ့ပြီ ထင်သည်။ စောစောပိုင်း ရက်တွေကတည်းက နတ်ရပ်ကွက်တစ်ချို့ဆီက အသံဗလံတွေ ကြားခဲ့ရ၏။ “ဟိုအနားသည်အနားမှာ နတ်အရိုင်းအစိုင်းတွေ အတွေ့ရများလာနေသည်” တဲ့။

“လူ့ပြည်မှာ ကြက်ဥအတု ထုတ်တဲ့သူတွေ၊ နို့မှုန့်အတု၊ ဆေးအတု၊ စာရင်းအတု၊ လက်မှတ်အတု၊ အမှန်တရားအတု၊ ငြိမ်းချမ်းရေးအတု ထုတ်တဲ့သူတွေပါ နတ်ပြည်လာပြီး နတ်ကြီးနတ်ကောင်းတွေ ဖြစ်နေကြ၊ နတ်သမီးတွေ တစ်ဘက်ကို ငါးရာနဲ့ စည်းစိမ်အပြည့် ခံစားစံစားနေကြသည်” တဲ့၊



ပိုဆိုးတဲ့သတင်းက....
“လူတစ်ချို့ နတ်ပြည်ရောက်လာပြီး နတ်ကုန်ကူးနေကြတဲ့ကိစ္စ…၊ ကိုယ့်ဖို့ရထားတဲ့ နတ်သမီးနှင့် မလုံလောက်လို့ အခြားသူတွေရဲ့ နတ်သမီးတွေကိုပါ၊ ၀ယ်သင့်ဝယ်၊ လစ်သင့်လစ်၊ ပြန်ပေးဆွဲသင့် ဆွဲ၊ လုပ်နေကြသည်” ဆိုပဲ...။

“ဒီသတင်းတွေက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး မာတလိရာ၊ ငါတို့ရဲ့ ရန်သူ၊ အသူရာပြည်က သွားပုပ်လေလွင့် လျှောက်လွှင့်တဲ့ ကောလဟလတွေပါ”
အဲသည်တုန်းက သိကြားမင်းကြီးက သည်အတိုင်းပဲ မိန့်ကြားခဲ့သည်မို့ မာတလိလည်း သည်အတိုင်းပဲ လက်ခံခဲ့မိသည်။

အခုတော့….
အခုတော့… မာတလိကိုယ်တိုင် လက်တွေ့ ကြုံလိုက်ရပြီလေ။
သူ ထင်မထားခဲ့တဲ့ကိစ္စ၊ “ဒါမျိုး…. တကယ်ရှိတယ်” ဆိုပြီး လက်ခံလိုက်ရပြီ။
လက်တွေ့မျက်တွေ့မို့လို့သာ လက်ခံလိုက်ရသည်။ မာတလိ သည်ကိစ္စကို ယုံတောင် မယုံနိုင်။ သူ့ဘ၀မှာ တစ်ခါမှ မကြုံစဖူး။ နတ်ပြည်မှာ သည်လိုမျိုးတွေ ဖြစ်လာမယ်လို့လည်း ဘယ်တုန်းကမှ မစဉ်းစားဖူးခဲ့။
အခုတော့ သူ စဉ်းစားနေရပြီ။
“နတ်ပြည်မှာ ဘာတွေ ဖြစ်နေတာလဲ”

သည်ကိစ္စ သိကြားမင်းကြီးဆီ ထပ်ပြီး သတင်းပို့မှ ဖြစ်တော့မည်၊ အင်း.. သတင်းပို့ဖို့ဆိုရင်လည်း နောက်ခံအချက်အလက် ဒီထက်ပိုပြည့်စုံအောင် စုဆောင်းထားမှ ဖြစ်မည်။ ဘယ်သူဆီ စုံစမ်းရကောင်းမလဲ မာတလိ စဉ်းစားသည်။

စဉ်းစားရင်း စဉ်းစားရင်းက… မာတလိစိတ်ထဲ အတွေးတစ်ခု ၀င်လာတော့သည်။
“ဒီပြဿနာဟာ ငရဲပြည်ကလာတာ မဖြစ်နိုင်ဘူးလား”
သို့နှင့် မာတလိ စားပွဲပေါ် ချထားတဲ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး နံပါတ်တစ်ခုကို နှိပ်သည်။

(၄)

“ဟဲလို”
“ဟဲလို.. ယမမင်းရဲ့ အတွင်းရေးမှူးပါရှင်၊ ဘာကိစ္စများ ရှိပါသလဲ”
“ကျွန်တော် နတ်ပြည်က မာတလိ ပြောနေတာပါ။ ကိစ္စက အရေးကြီးပါတယ်၊ ယမမင်းကိုယ်တိုင်နဲ့ ပြောမှ ဖြစ်မယ့်ကိစ္စပါ”
“ဟုတ်ကဲ့… ခဏလေးကိုင်ထားပါနော်..”
(ဘော့စ်... မာတလိ..တဲ့.. လို့ တစ်ဘက်က ခပ်တိုးတိုးပြောသံကြားရအပြီး)
“ဟဲလို… ပြော…. မာတလိ.. ဘာကိစ္စလဲ”
ယမမင်းကြီးကို မာတလိ အသေးစိပ်ပြောပြလိုက်သည်။
“…………………….
……………………..
အဲဒါပါပဲဗျာ။ ကျွန်တော်လည်း ဘယ်လိုမှ မစဉ်းစားတတ်အောင်ပါပဲ”

“အာ… ဟေ့ကောင်၊ ငါ့တို့ဆီကနေ လွတ်ထွက်သွားတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးကွ။ ဒီမှာ လုံခြုံရေးစနစ်တွေက ခေတ်မီမှမီ၊ ငရဲပြည်ရောက်လာရင် သက်တမ်းမစေ့မချင်းတော့ သိကြားမင်း ဆင်းကယ်တောင် ဘယ်ကောင်မှ ပြန်မထွက်နိုင်ဘူး၊ အာမခံတယ်”
“ဒါဆို… ဒီလူဆိုးဂျပိုးတွေ ဘယ်လိုလုပ် နတ်ပြည် ရောက်လာကြတာလဲ”
“ခင်ဗျားတို့ စာရင်းကိုင်တာ ညံ့လို့နေမှာပေါ့ဗျ"
လို့ ပြောပြီး ခဏရပ်နေရင်းက..
"အင်း… ပြောမယ့်သာ ပြောရတယ်၊ ဒီမှာလည်း အခုတလော မယုံနိုင်စရာကိစ္စတွေ ဖြစ်နေတယ်ကွ”
“ဟုတ်လား၊ ဆိုစမ်းပါဦး ယမမင်း”
“အခုတလော လူ့ပြည်က လူကောင်းသူကောင်းတွေ အတော်များများ ဒီရောက်လာကြတယ်”
“ဗျာ….! ဘယ်လို”

“ဟုတ်တယ်၊ အသက်ရှင်စဉ်တုန်းက ကိုယ်ကျိုးစွန့်ခဲ့သူတွေ၊ philanthropists တွေ၊ စိတ်သဘောထား ဖြူစင်သူတွေ အလျှိုအလျှို ငရဲကျကုန်ကြတယ်”
“ဘုရား… ဘုရား.. ယမမင်း လူမှားပြီး စီရင်ချက်ချမိတာများလား၊ ယမမင်းတို့ ၀န်ထမ်းတွေက သူတို့ကို သေသေချာချာ မစစ်ဆေးဘူးလား”
“စစ်ပြီလား ငါ့လူရာ၊ ငါတို့ဆီ စာရင်းကျလာတဲ့ လူတိုင်းကို တစ်ခါတည်း အပြစ်ပေးတယ် ထင်နေလို့လား။ တစ်ချို့ဆို နာမည်မှားပြီး ရောက်လာ၊ ငါတို့ သေသေချာချာ စစ်ဆေးကြည့်မှ စာရင်းထဲပါတဲ့သူ မဟုတ်မှန်း သိရ၊ ဒါနဲ့ သူတို့ကို လူ့ပြည် ပြန်လွှတ်လိုက်ရတယ်။ အဲဒီအထဲက တစ်ချို့ လူ့ပြည်ပြန်ရောက်တော့ ငရဲပြည်ခရီးသွားမှတ်တမ်းတွေ ဘာတွေ ရေးရင်း ကြီးပွားသွားတဲ့လူတွေတောင် ရှိတယ်”

“ဒါဆို စောစောက ပုဂ္ဂိုလ်တွေကျတော့ရော”
“သူတို့အားလုံးကို ငါကိုယ်တိုင် စစ်ဆေးခဲ့တာလေ။ ငရဲပြည်မှာ ပုံမှန်မဟုတ်တဲ့ ကိစ္စတွေ အဖြစ်များလာတာနဲ့ ပတ်သက်ပြီး ငါ့တပည့် စိတ္တဂုတ္တကိုတောင် စိတ်မချလို့ ငါကိုယ်တိုင်ပဲ အဲဒီပုဂ္ဂိုလ်တွေရဲ့ အမှုကြီးတွေကို ကိုင်တွယ်ခဲ့တာ။ ဒါပေမယ့် ငါကိုယ်တိုင် စစ်တော့လည်း မထူးဘူးကွ၊ သူတို့ကိုယ်တိုင်က သူတို့ အပြစ်လုပ်ခဲ့ကြတယ်ဆိုတာ ၀န်ခံကြတယ်၊ ဒီတော့လည်း ငါတို့ကလည်း စာအုပ်ထဲရှိတဲ့အတိုင်း စီရင်ကြရတော့တာပဲ”

“အေးဗျာ…စဉ်းစားစရာပဲ၊ ဘာတွေ ဖြစ်ကုန်ပြီလဲ မသိ”
မာတလိရော၊ တစ်ဘက်က ယမမင်းကြီးပါ ခဏ တိတ်ဆိတ်သွားကြသည်။ ပြီးမှ မာတလိက…
“အေးလေ.. ဒါဆိုလည်း… ကျွန်တော် နောက်မှ ထပ်ဖုန်းဆက်ဦးမယ်၊ လောလောဆယ် ဒီလောက်ပဲ.. ယမမင်း”
“အေး.. အေး…၊ ငါလည်း စောစောကမှ ရောက်လာတဲ့ စတိဗ်ဂျော့ဘ်ရဲ့ ငရဲအိုးကို မီးသွားထိုးလိုက်ဦးမယ်.. ဒါပဲ”
မာတလိ ဖုန်းနဲ့အတူ သက်ပြင်းတစ်ချက်ပါ ဂွပ်ခနဲ ချလိုက်မိ၏။

To be continued to (၅)......

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...