Sunday, July 13, 2014

Heavenly Virus (၁)

နတ်ပြည်ရဲ့ ညနေခင်းက အလိုလိုနေရင်း ပြည့်စုံလွန်းလှသည်။
ထိုသို့ ပြည့်စုံရသည့်အထဲ လေထုထဲလွင့်နေတဲ့ မတိုးမညှင်း စောင်းကြိုးညှင်းသံ၊ နန္ဒ၀န်ဥယျာဉ်အနှံ့ ဟိုဟိုသည်သည် စီရရီ ပေါက်ရောက်နေတဲ့ သစ်ပင်ပန်းမာလ်မျိုးစုံ။ ထိုပန်းမျိုးစုံအကြား ဟိုအနားသည်အနား လူးလာခေါက်တုံ့ လုပ်နေကြနေတဲ့ အလှပဂေး နတ်သမီးကလေးတွေပါ ပေါင်းထည့်လိုက်တော့ တာဝတိံသာ ညနေခင်းက လူမဆန်စွာပင် ခမ်းနားထည်ဝါနေတော့၏။

ထိုသို့ဖြင့် ခမ်းနားလွန်းသော နတ်ပြည်ညနေခင်းမှာ မာတလိနတ်သား ချစ်ဇနီးလေးတစ်ပါးကို လက်ချင်းချိတ်လို့ နန္ဒ၀န်ဥယျာဉ်ကြီးရှိရာ လမ်းလျှောက်ထွက်လာခဲ့သည်။
ဥယျာဉ်ကြီးထဲမှာက သူ့တို့လိုပဲ ညနေခင်းကို ရိုမန်တစ်ဆန်ဆန် ဖြတ်သန်းနေသူတွေ။ ထိုင်ခုံတွေပေါ်မှာ၊ မြက်ခင်းပြင်ပေါ်မှာ၊ ရေကူးကန်ထဲမှာ ဟိုနားတတွဲ၊ သည်နားတတွဲ၊ ရယ်မောပျော်ရွှင်၊ ကြင်နာညုတုလို့။



“လာ… တို့လည်း တစ်နေရာရာ ထိုင်ပြီး ကြင်နာညုတုကြစို့”
နတ်သမီးပြုံး ပြုံးပြနေတဲ့ သူ့မိန်းမကို လက်ကဆွဲရင်း မာတလိ ချောင်ကျကျ ထိုင်ခုံတစ်လုံးမှာ နေရာယူလိုက်သည်။ ပြီး နှစ်ဦးသား ဆည်းဆာရဲ့ ကြည်ကြည်ပြာပြာရသကို စားသုံးရင်း တစ်ယောက်ပုခုံး တစ်ယောက်မှီ၊ တီတီတာတာလေးတွေ ပြောဆိုနေကြလေတော့၏။
“A#%&*%#P#?”
“*D&$S%@>^*!”
“&-+G^#F@<?”
“L*M*N*O*P*Q!”

“ဘယ်က မိမဆုံးမဖမဆုံးမတွေ… ဒီအနားလာပြီး ဆူညံဆူညံ လုပ်နေကြတာလဲ”
ထိုအသံကြောင့် မာတလိရော သူ့ချစ်သူပါ တစ်လက်စ ရိုမန်ကလေးတွေ တိုးလို့တစ်လစ် ဖြစ်ကုန်သည်။
သူတို့ ထိုင်ခုံနောက်ကျောဘက် ခြုံပုတ်တစ်နေရာက ၀ူးတူးဝါးတား ထွက်ပေါ်လာတဲ့အသံလေ။
မာတလိ ဒေါသထောင်းခနဲ ထွက်ပြီး ထရပ်လိုက်သည်။

သူလို သိကြားမင်းရဲ့ အပါးတော်မြဲကို ဘယ်လို အောက်တန်းစားနတ်က သည်လေသံမျိုး လာချိုးဝံ့တာလဲ။ မျက်နှာတင်းတင်း ထားပြီး ခြုံပုတ်အနား တိုးကပ်သွားလိုက်၏။
ခြုံထဲမှာ တွေ့ရတာက နတ်မှန်းသူမှန်းမသိ မူးပြီး မြေကြီးပေါ် ပဲ့ပဲ့ကြီးထိုင်နေတဲ့ ဂင်တိုတို၊ ၀ဖိုင့်ဖိုင့် နတ်သားကြီးတစ်ပါး။ သူ့ဘေးပတ်လည်မှာလည်း အသူရာပြည်က မှောင်ခိုသွင်းထားပုံရတဲ့ ပုလင်းခွံတွေ တုံးလုံးပက်လက် …။

မာတလိ နတ်ငမူးရဲ့ အိတ်ကပ်ထဲ ဇတ်ခနဲ ဆွဲနှိုက်ပြီး နတ်မှတ်ပုံတင်ကတ်ကို ဖတ်ကြည်လိုက်သည်။
“ကင်ဂျုံးအီ၊ ၁၃၊ ၃၊ ၂၀၁၃ ရက်နေ့က နတ်ပြည်ရောက်သည်”
မာတလိ ထိုနတ်ငမူးကို တစ်ချက်နှစ်ချက် ပစ်အုပ်ပေးလိုက်၏။
“သွား.. မူးရင် အဆောင်ပြန်အိပ်…”

(၂)

နတ်ပြည်ရဲ့ မှောင်ရီပျိုးပြအချိန်က နတ်သူနတ်သားတွေကို “အိမ်ပြန်ဖို့ အချိန်တန်ပြီ” ဟု အချက်ပေးနေသယောင် ရှိ၏။ ကျေးငှက်သာရကာတွေလည်း အိပ်တန်းတက်ဖို့ ပြင်ကြပြီ။ ထို့ကြောင့် မာတလိနတ်သားလည်း နတ်သမီးလေးကို လက်ဆွဲပြီး (ကဲ.. အိပ်တန်းတက်ကြစို့.. လို့ မပြောဘဲ) “ကဲ.. အဆောင်ပြန်ကြစို့..” ပြောပြီး နှစ်ယောက်သား နန္ဒ၀န်ပတ်လမ်းအတိုင်း ပြန်လာခဲ့သည်။

လမ်းလျှောက်ရင်း နှစ်ဦးသား ပလီပလာ စကားလေးတွေ ပြောကြ၊ ကျီစယ်တွန်းထိုးကြ။
ထို့သို့ဖြင့် သူတို့နှစ်ယောက် သစ်ပင်ကြီးတစ်ပင်အောက် အရောက်….
သစ်ပင်ပေါ်က ကြိုးတွေ ဖြောခနဲ ဖြောခနဲ ပြုတ်ကျလာသည်။ ပြီး မျက်နှာဖုံးအနက်တွေ စွပ်ထားတဲ့ နတ်သား လေးငါးခြောက်ယောက် ကြိုးတွေအတိုင်း လျှောဆင်းလာပြီး သူတို့ရှေ့ ပိတ်ရပ်လိုက်ကြသည်။ ပြီး မာတလိရဲ့ နတ်သမီးလေးကို ဆွဲလားရမ်းလား လုပ်ကြတော့၏။

“ကိုကိုတလိ ကယ်ပါဦး.. အဟင့်”
မာတလိ ခဏတော့ ကြောင်သွားသည်။ သို့သော် ချက်ချင်းပဲ သတိပြန်ဝင်လာပြီး (သူ့ကိုယ်သူ မာတလိကနေ ဂျက်တလီ မုဒ်သွင်းကာ) ထိုနတ်ဂျပိုးအုပ်စုကို အမှုန့်ကြိတ်လေတော့သည်။
“ယား”
“ဘုန်း” “အုန်း” “၀ုန်း”
“ခွပ်” “အွတ်”
ပတ်ဝန်းကျင်မှာ ထိုးသံ၊ ကြိတ်သံ၊ ကန်ကျောက်သံ၊ ကိုင်ပေါက်သံများ ဆူညံပွက်လောထသွားသည်။ အသံတွေ အဆုံးမှာတော့ နတ်ကလေက၀အားလုံး မြေကြီးပေါ် အတုံးအရုံး ကုန်းကုန်းကွကွ လူးကြလွန့်ကြ။

“ငါ မာတလိကွ။ မင်းတို့ထက်သာလို့ သိကြားမင်းပီအေ လုပ်နေတာ၊ ဘာ မှတ်နေလဲ”
မာတလိရဲ့ နောက်ဆုံးပိတ် ဟိန်းသံကြီးကြားတော့ နင်ဂျာဝတ်စုံနှင့် နတ်သားတွေ တဖြုတ်ဖြုတ် ပျောက်သွားကြတော့၏။
“ဘာဖြစ်သွားသေးလဲ အချစ်လေး”
“ဘာမှမဖြစ်ဘူး၊ ကိုကိုတလိရော ဘာဖြစ်သွားသေးလဲ”
“ဘာမှမဖြစ်ဘူး”

မာတလိခန္ဓာကိုယ်မှာရော၊ အချစ်လေးမှာပါ ဘာမှတော့ မဖြစ်၊ သို့သော် မာတလိခေါင်းထဲမှာတော့ တစ်ခုခု ဖြစ်သွားခဲ့တော့၏။

To be continued to (၃)......

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...