Tuesday, July 1, 2014

** မန္တလေးကစခဲ့တဲ့ သမီးတော်ရာဇဝင် **


၁၉၉၅ နှစ်ကုန်ပိုင်းကဖြစ်သည်၊ ၁၉ နှစ်ဆိုတော့ လွန်ခဲ့ပြီးသော အတိတ်ဟုလည်း ပြောနိုင်သည်၊ မန္တလေးနန်းမြို့အတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးကတော် ဆရာဝန်မကြီးသည် သူ့ခင်ပွန်းတပ်မမှူးကို ဖြုတ်ပစ်တော့မလိုလို လေသံလွှင့်ပြီးမှ မဖြုတ်ယုံမျှမက တိုင်းမှူးအဖြစ် ရာထူးတိုးမြှင့်ပေးကာ စီးပွားရှာ၍ အကောင်းဖြစ်သော မန္တလေးသို့ပို့လိုက်သည့် ကျေးဇူးရှင် အပေါ်သူမတူအောင်ထူးခြားသည့် ကျေးဇူးဆပ်နည်းဖြင့် ကျေးဇူးဆပ်ရန်စဉ်းစားနေသည်၊ မဟုတ်သည့်အကြံအစည်ဆိုရင် ထွက်လေ့ရှိသည့်အတိုင်း တိုင်းမှူးကတော် ဆရာဝန်မကြီးသည် ထခုန်ချင်စိတ်ပေါက်လောက်အောင် ကောင်းမွန်လှသည့် အကြအစည်တစ်ရပ် ချက်ခြင်းပေါ်လာသည်။

သို့ဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ မန္တလေးမှတပ်မှူးကတော်များကို အရေးပေါ်အထူးအစည်းအဝေးခေါ်လိုက်သည်၊ ယခု အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမထဲတွင် တိုင်းမှူးကတော်၏ရှေ့တွင်တော့ လက်အောက်ခံတပ်မှူးကတော်များ တိုင်းမှူးကတော်၏ အရေးပေါ်အစည်းအဝေးမှ နှုတ်မြွတ်စကားကို နာခံရန် စောင့်ဆိုင်းနေကြသည်၊

သို့ဖြင့် `` ညည်းတို့ကို အရေးကြီးပြောစရာတစ်ခုရှိတယ်၊ နောက်ဆုံးရက်ဆိုရင် တပ်ချုပ်ကြီးမိသားစုလာမယ်၊တကယ်ပြောရရင် ငါတို့နိုင်ငံတော်အကြီးအကဲဆိုတာ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့ ဘုရင်ပဲ၊ သူ့သားသမီးတွေဟာ မင်းသား မင်းသမီးတွေပဲ၊ ဒါကြောင့် ဒီတစ်ခေါက်ကစပြီး တပ်ချုပ်ကြီးသမီးတွေကို အရင်ကလို မမလို့ မခေါ်ရတော့ဘူး၊ သမီးတော်တွေလို့ ခေါ်ရမယ်ကြားလား ´´ ဟူသည့် ခေတ်သစ်မြန်မာနိုင်ငံသမိုင်း၏ သမီးတော်ရာဇဝင်ကို စလိုက်တော့သည်။

နားထောင်သည့် တပ်မှူးကတော်များကား တိုင်းမှူးကတော်ကြီး၏ အဖားလွန်နေပုံကို စိတ်ထဲကရယ်ချင်နေကြသော်လည်း မျက်နာသေသေလေးများနှင့် နားထောင်နေကြရသည်၊ သူတို့ပါးစပ်မှ သမီးတော်ဟု ခေါ်ရမည်ကို နုတ်ထွက်မရဲကြ၊
ဤသည်ကို ရိပ်စားမိသော တိုင်းမှူးကတော်ကြီးက `` .... ညည်းတို့က သူတို့လာမှဆိုရင် ပါးစပ်က မထွက် ဖြစ်နေဦးမယ်၊ အခုအရင် လေ့ကျင့်လိုက်ကြရအောင် ငါ့ပါးစပ်က ရှေ့က ဆိုပြမယ် .. နင်တို့က စိတ်ပါလက်ပါ လိုက်ဆိုကြ .... သမီးတော် ´´ ဟု တိုင်းမှူးကတော်ကြီးက တိုင်ပေးလိုက်သည်နှင့် သမီးတော် ဆိုသည့် အသံကြီးက တိုင်းစစ်ဌာနချုပ် အစည်းအဝေးခန်းမကြီးထဲတွင် ဟိန်းထွက်လာသည်၊ တိုင်းမှူးကတော်ကြီးကား ပီတိသော မနုဿဖြစ်သွားသည်။

ထို့နောက် မှာကြားစရာရှိသည်များကို မှာကြားကာ တပ်မှူးကတော်များထဲမှ ဆရာဝန်မများကို ချန်လှပ်ပြီး ကျန်သူများကို တန်းဖြုတ်ပေးလိုက်သည်၊ တပ်မှူးကတော်ဆရာဝန်မများသာ ကျန်သည့်အခါ တိုင်းမှူးကတော် ဆရာဝန်မကြီးက `` ညည်းတို့ကို တမင်ချန်ထားတာ ညည်းတို့ကလည်း ဆရာဝန် ငါကလည်းဆရာဝန်ဆိုတော့ ငါတို့က သူများထက်ပိုပြီး ရင်းပြီးသား ၊ ဒီတော့ ညည်းတို့ကို အထူးတာဝန်ပေးဖို့ချန်ထားတာ၊ တပ်ချုပ်ကြီး သမီးတွေ ဆောရီး ငါက စမှားပြန်ပြီ၊ သမီးတော်တွေလာရင် ညည်းတို့က သမီးတော် တစ်ယောက်ချင်းအတွက် တာဝန်ယူရမယ်၊ ဒါမှသာ ကျန်းမာရေးကို အနီးကပ် ဂရုစိုက်နိုင်မှာဖြစ်သလို ညည်းတို့က အိုင်ကျူမြင့်တော့ လိုတာကို ချက်ချင်းဆောင်ရွတ်ပေးနိုင်လိမ့်မယ်၊ ညည်းတို့ယောကျာင်္းတွေအတွက်လည်း တက်လမ်းပွင့်တာပေါ့၊ နားလည်တယ်နော် ´´ ဟုဆိုကာ အနီးကပ်မှာကြားပြီး ပွဲကိုအဆုံးသတ်လိုက်တယ်။

တိုင်းမှူးကတော်အတွက် တပ်ချုပ်ကြီး၏ ကောင်းချီးမင်္ဂလာကို ရယူရန် အချက်သုံးချက်ရှိသည်၊
ပထမအချက်မှာ သူမ၏ခင်ပွန်းက လုပ်ရည်ကိုင်ရည်မရှိသောကြောင့်ဖြစ်သလို သမီးတစ်ဦးက လူမျိုးခြား ဘာသာခြားဖြင့် လူရှေ့သူရှေ့မရှောင် တွဲနေသည့်ဓာတ်ပုံများကလည်း ပျံနှံ့နေသည်၊ ထို့ထက်ဆိုးသည်မှာ သားဖြစ်သူမှာ မူးယစ်ဆေးစွဲနေခြင်းပင်ဖြစ်သည်၊ ထောက်လှမ်းရေးတန်ချုးထွားနေသော အချိန်သမယတွင် သူ့ခင်ပွန်းတိုင်းမှူးကလည်း မန္တလေး ထောက်လှမ်းရေး ၁၆ တပ်ရင်းမှူးဖြစ်သူနှင့် လုံးဝမတည့်၊ ထောက်လှမ်းရေးတပ်မှူးက သူ့ခင်ပွန်း၏တယ်လီဖုန်းများကို ကြားဖြတ်နားထောင်နေသည်ဟုလည်း သတင်းများထွက်နေသည်၊ ထို့အတွက် သူ၏အားကိုးရာမှာ တစ်နိုင်ငံလုံးက ပြားပြားဝပ်ကြောက်ရသော တပ်ချုပ်ကြီးမိသားစုတစ်ခုသာ ရှိတော့သည်။

နန်းတွင်းသို့ ရဟတ်ယာဉ်နှစ်စီးဖြင့် တပ်ချုပ်ကြီးမိသားစု ရောက်ရှိလာချေပြီ၊ နန်းတွင်းမှ ရဟတ်ယာဉ်ဆင်းကွင်းကြီးတွင် တန်းစီစောင့်နေကြသော တန်ဖိုးကြီးကားများ၊ ဝတ်စုံပြည့်တပ်ထိန်းများ ၊ လာရောက်ကြိုဆိုကြသော စစ်ဖက်နယ်ဖက်မှ ပုဂ္ဂိုလ်များဖြင့် ပွဲလမ်းကြီးတစ်ခုသဖွယ် စည်ကားနေသည်၊ ရဟတ်ယာဉ်ကွင်းတွင် တပ်ချုပ်ကြီးမိသားစုကို ရေပူရေချမ်းကမ်းလှမ်းပြီး တိုင်းမှူးကတော်က လက်ရွေးစင် တပ်မှူးကတော်ဆရာဝန်မလေးများကို သမီးတော်တစ်ဦးချင်းစီအတွက် အနီးကပ်ပြုစုရန် ထည့်ပေးနေသည်၊ မှာကြားထားသည့်အတိုင်း တပ်မှူးကတော်ဆရာဝန်မလေးများက သမီးတော်တစ်ယောက်ချင်းစီ၏ ပစ္စည်းများကို ကားပေါ်သယ်ပို့ခြင်း၊ အနီးကပ်စောင့်ရှောက်ခြင်းများဖြင့် မျက်နာမညိုအောင် ပြုစုနေရသည်။

အစိုးရအဆက်ဆက် တည်းခိုခဲ့ကြသော ရတနာပုံဧည့်ရိပ်သာကို ဟောင်းနေပြီဟုဆိုကာ အာဏာရှင်လက်ထပ်တွင်မှ အသစ်ဆောက်လိုက်သော ရန်ကြီးအောင်ဧည့်ရိပ်သာကြီးထဲတွင် သမီးတော်များအပါအဝင် တပ်ချုပ်ကြီးမိသားစုက တည်းခိုနေသည်၊ ညဖက် ထမင်းစားပြီး သမီးတော်တစ်ဦးက သူ့အခန်းထဲမှ အပြင်ကိုလှမ်းအော်သည်၊
`` အပြင်မှာဘယ်သူရှိလဲ ...ဝင်ခဲ့စမ်း ´´ ဟု ခေါ်လိုက်သည်၊ အပြင်တွင် စောင်နေသော တပ်မှူးကတော်ဆရာဝန်မလေးက ပြာပြာသလဲဖြင့်
`` ရှိပါတယ် သမီးတော် ´´ ဟု အသံပေးရင်း အခန်းထဲကိုဝင်လိုက်သည်၊ တပ်မှူးကတော်ထက် အသက်များစွာငယ်သော သမီးတော်က `` ငါ အခုရေချိုးမလို့ ... ငါ့အိတ်ကိုဖွင့်ပြီး အထဲက အပြာရောင် ညဝတ်အင်္ကျီကို ထုတ်ထား ´´ ဟု မိန့်ကြားသည်၊ ဆရာဝန်မလေးက `` ဟုတ်ကဲ့ သမီးတော် ´´ ဟုပြောရင်း ခရီးဆောင်သေတ္တာကို ယူလိုက်သည်၊ သမီးတော်ကား ရေချိုးခန်းထဲ ဝင်သွားချေပြီ။

ပြဿနာက ထိုသေတ္တာကို ဆရာဝန်မလေးက မဖွင့်တက်ပါ၊ မည်သည့်နေရာမှ မည်သို့ဖွင့်ရမည်ကို မသိလောက်အောင် ခရီးဆောင်သေတ္တာက အရည်အသွေးမြင့်မားပြီး တန်ဖိုးကြီးလွန်းလှသည်၊ တစ်ခါမှ မမြင်ဘူးသော သေတ္တာဖြစ်နေသည်၊ ဟုတ်နိုးနိုးဖြင့် ဖွင့်ကြည့်နေသော်လည်း သေတ္တာကပွင့်မလာပဲ ဇောချွေးများသာပြန်လာသည်၊ တစ်ကိုယ်လုံးကြောက်စိတ်ဖြင့် တုန်ရီနေလေပြီ၊ ထိုအချိန်တွင် ရေချိုးခန်းတံခါးပွင့်လာသည်၊ သေတ္တာယခုထိ ဖွင့်မထားရသေးသည်ကိုမြင်သည်နှင့် သမီးတော်ကား ဒေါသအမျက်ချောင်းချောင်းထွက်လေပြီ။

ဒီသေတ္တာလောက်မှ မဖွင့်တက်ဘူးလားဟု ကျားဟိန်းသံပေးကာ သူ့သေတ္တာကို သူ့ဘာသူဖွင့်သည်၊ အဝတ်အစားထုတ်ဝတ်ပြီးသော် `` နင်က သိပ်ညံ့တယ်... ဒီတော့ နင့်ကိုဒဏ်ပေးရမယ်၊ ဒီအခန်းထဲမှာ တစ်ညလုံး မတ်တပ်ရပ်နေ ´´ ဟု ပြစ်ဒဏ်ကို တစ်မဟုတ်ချင်း ချမှတ်လိုက်သည်၊ ဆရာဝန်မလေးမှာ ညစာလည်း မစားရသေး၊ အိမ်တွင်လည်း လူမမယ်သမီးလေးက ကျန်သေးသည်၊ သို့သော်လည်း အာဏာရှင်၏သမီးတော် ချမှတ်သည့်ပြစ်ဒဏ်ကို အယူခံခွင့်မရှိပါ၊ သမီးတော်က ထပ်မံပြီး `` အခန်းထဲကမီးတွေ အားလုံးပိတ်လိုက် ... ရေခဲသေတ္တာတံခါးဖွင့်ထား .... အဲ့ဒီမီးရောင်နဲ့ နင်တစ်ညလုံး ရပ်နေမနေကို ငါတစ်ရေးနိုးတိုင်းကြည့်မယ် ... ´´ ဟု အမိန့်ထပ်မံချလိုက်သည်။

အဆိုပါ ဆရာဝန်မလေးမှာ တစ်ညလုံး အခန်းထဲတွင် မတ်တပ်ရပ်နေရတော့သည်၊ သမီးတော်ကား လေအေးပေးစက်ကို တစ်ဆုံးဖွင့်ပြီး ကုတင်ပေါ်တွင် ဂွမ်းကပ်ကြီးခြုံကာ တစ်ခေါခေါဖြင့် ဟောက်သံပေး အိပ်ပျော်သွားချေပြီ၊ တပ်မှူးကတော်လေးသာ အနွေးထည်မပါ၊ ထမင်းလည်းမစားရသေး၊ နာရီပေါင်းများစွာ မတ်တပ်ရပ်ရင်း ရင်ထဲတွင်မတော့ နာကျည်းစိတ်များ၊ သိမ်ငယ်စိတ်များ၊ မခံချင်စိတ်များ ရောပြွန်းနေသော်လည်း မလှုပ်ဝံ့ပါ၊ မနက်လေးနာရီ သမီးတော် ရှုးရှုးပေါက်ရန် နိုးလာချိန်ရောက်မှ `` ပြန်တော့´´ ဟူသည့် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အခန်းပြင်ထွက်ရတော့သည်။

အပြင်တွင် စိုးရိမ်တစ်ကြီးစောင့်နေသော ခင်ပွန်းကိုတွေ့သည်နှင့် မျက်ရည်များက ကျလာသည်၊ သို့သော် ဘုရင့်တော်ဝင်မိသားစု အိပ်နေချိန်တွင် ရှိုက်ကြီးတစ်ငင်ငိုလိုက်ပါက ထပ်မံပြီး ကြီးလေးသည့်ပြစ်ဒဏ် ကျခံရပေဦးမည်၊ သို့ဖြင့် အိမ်ရောက်မှ ခင်ပွန်းဖြစ်သူကို လက်ညိုးငေါက်ငေါက်ထိုးရင်း
`` ရှင်လိုစစ်ဗိုလ်ကို ယူခဲ့မိလို့ ကျွှန်မအစော်ကားခံရတာ၊ ကျွှန်မက ပညာမတက်တဲ့ စာရိတ္တမကောင်းတဲ့ ကလေကချေ လမ်းဘေးက အောက်တန်းစားမဟုတ်ဘူး၊ ကိုယ့်ပညာနဲ့ ကိုယ့်ဂုဏ်နဲ့နေတဲ့သူ၊ အခုလို ကျွှန်မအစော်ကားခံရတော့ ရှင်ဘာများ ဝင်ကယ်ပေးနိုင်လို့လဲ၊ လူရှေ့သူရှေ့မှာသာ တပ်မှူးဆိုပြီး ဟန်တစ်လုံး ပန်တစ်လုံးနေနိုင်ပေမယ့် ရှင်က ကိုယ့်မိန်းမဒုက္ခရောက်တော့ တစ်ခွန်းတောင် ဝင်ပြောရဲလို့လား ´´ ဟု သည်းကြီးအူလိုက် ငိုပြီးရင်ဖွင့်ရင်း ရန်တွေ့တော့သည်။

ခင်ပွန်းဖြစ်သူကား ဇနီးဖြစ်သူလည်းသနား၊ သူမပြောကြားနေသည်များလည်း မှန်နေသဖြင့် တစ်ခွန်းမှ မတုန့်ပြန်နိုင်ဘဲ အံကြိတ်ရုံမှလွဲပြီး ဘာများတက်နိုင်ပါမည်နည်း၊ ယခုတော့ အဆိုပါတပ်မှူးမှာ စစ်တိုင်းမှူးဖြစ်နေပြီဟု သတင်းရသည်၊ လက်ရှိတိုင်းမှူးကတော် ဆရာဝန်မအနေဖြင့် သူ့ဘဝ၏ ခါးသီးသော ဖြစ်ရပ်များကို ယခုဘဝတွင် မေ့နိုင်လိမ့်မည်မထင်။

အဆိုပါ အဖြစ်အပျက်များကို ပြောနေသော ခရိုနီလက်ဟောင်းကြီးက `` ကျွှန်တော်နဲ့ အဲ့တပ်မှူးနဲ့ ကလေးမြို့မှာတွေ့တဲ့အချိန်တုန်းက ဒီအဖြစ်အပျက်လေးကို သူကပြန်ပြောတာ .... ပြန်ပြောပြတဲ့အချိန်မှာတောင် အဒီတပ်မှူးရဲ့ မျက်လုံးထဲမှာ သူ့ဇနီးအတွက် မခံချင်စိတ်တွေ၊ သနားစိတ်ကြောင့် ဝဲလာတဲ့ မျက်ရည်တွေကို တွေ့လိုက်ရသေးတယ်ဗျ ´´ ဟု ပြောကာ စကားကို အဆုံးသတ်သွားသည် --- ။ ။ ။

လက်စောင်းထက်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...