Friday, July 11, 2014

ဆြာဒင်၏မြန်မာ့ဘောလုံးရွှေခေတ်အလွမ်း

ယနေ့ထုတ် The Ladies Journal 

ဆြာဒင်၏မြန်မာ့ဘောလုံးရွှေခေတ်အလွမ်း
(မင်းဒင်)

(၁)
အရပ်ရှစ်မျက်နှာတွင် ပြာရီရစ်ဝိုင်း၊ မှိုင်းလဲ့လဲ့ဆိုင်းနွဲ့နွဲ့ညိုမှောင်ကာ ဖြိုးဖြိုးလျလျစွေလှသောဝဿန်ကာလမိုးသမယ၌ အသူရာနှင့် သိကြားမင်း ဂျိုးဂျိမ့်သံမာန်တင်း၊စိတ်မကြေအနိုင်လုရင်းခင်းကြလေသည့် ကမ္ဘာဦးစစ်မီးသည် ဘရာဇီးနိုင်ငံတွင် ဘောလုံးပွဲအသွင် ဆောင်လျက်ကူးစက်ပျံ့နှံ့နေချိန်ဖြစ်လေသည်။ဆြာဒင်၏တပည့်ကျော်တသိုက်ကား ဤရက်ပိုင်းများအတွင်း သွား၊လာ၊နေ၊စားလေရာ တွင် ကမ္ဘာ့ဖလားဘောလုံးပွဲအပေါ်၌သာအာရုံကပ်ငြိလျက်ရှိကြလေရာ၊တီဗီဖန်သားပြင်ပေါ်က ကမ္ဘာ့ဖလားဘောလုံးပွဲကို ကြည့်ရှုနေတော်မူကြကုန်သော တပည့်အပေါင်းမှာ သူတို့ကိုယ်သူတို့ အဆိုပါပွဲကြီးဝှဲချီးကျင်းပရာဘရာဇီးနိုင်ငံမြို့တော် ရီအိုဒီဂျနီးရိုးမြို့သို့  လူကိုယ်တိုင်ရောက် နေသည့် နိုင်ငံကျော်ရုပ်ရှင်မင်းသား ပြေတီဦးအလားထင်မှတ်မှားနေကြရှာလေသည်။

“မက်ဆီဟာ မက်ဆီပါပဲဆြာဒင်ရာ၊မက်ဆီက တကယ့်လူချောဗျ။ဒီမာရီယာက ထင်တာထက်တောင် စွတ်ကောင်းနေတယ်။ ကျနော် ကတော့ အာဂျင်တီးနားပဲနော်”
“ဆွာယက်ဇ်ရဲ့ကိုက်ချက်က အပိုင်ဗျ၊အနှေးပြကွက်နဲ့ပြန်ကြည့်မှ ပေါ်သွားရှာတာ။ကျနော်သေချာကြည့်နေတာတောင်မမြင်လိုက်ဘူး”
“ဆီလီကာအိုအောက်လမ်းမှော်ပညာကိုမယုံမရှိလေနဲ့၊မှော်စွမ်းရောခြေစွမ်းပါပြပြီး ဘရာဇီးလ်ဟာ ဆရာကြီးပါပဲဆိုတာ မကြာခင်သိ ရစေ့ မယ်”
“နာဇီလို့ပဲ ပြောချင်ပြောကြပေတော့ ကျနော်ကတော့ ဂျာမဏီပဲခင်ဗျ။သောမတ်မူလာက၊ပြောစမှတ်တွင်အောင်ပူစရာတွေ လုပ်ပြပါလိမ့် မယ်ဗျာ”
“ဟာ၊အပိုင်အလုံးကြီးကွာ၊နာလိုက်တာ တောက်၊ဟင်း”

လူစုံမိလေတိုင်းလက်ပံပင်ဇရက်ကျသကဲ့သို့ ဆူညံစွာအာချောင်ကြလေသောတပည့်အပေါင်းမှာ တကမ္ဘာလုံးက စိတ်ဝင်စားကြသည့် အနှီဘောပွဲကို “ဟာ”၊”ဟင်”၊”တောက်”၊”ကျွတ်”တည်းဟူသော မကျေမချမ်းမည်သံမျိုးစုံဖြင့် ဟိုအတန်း၊ ပုလိပ်ဝင်ဖမ်းသလို ကယောင်ကတမ်း ဆူညံစွာ ရေရွတ်မြည်တမ်း၊ လေဖမ်းဝါးတန်းချည် မြိုင်မြိုင်ကြီးအားပေးနေကြချိန်တွင် ဆြာဒင်၏မျက်လုံးအစုံသည် တီဗီဖန်သားပြင်မှ ကမ္ဘာကျော် ဘောလုံးဝိဇ္ဇာတို့ကိုမြင်နေလျက်ကပင် ဆြာဒင့်အာရုံသည် လွန်ခဲ့သောအနှစ်လေးဆယ်၊ ကမာရွတ် ဘူတာရုံလမ်းရှိ၊ကိုငြိမ်းဆံသဆိုင်မှ ဆိုနီတံဆိပ်ရေဒီယိုဟောင်းကြီးဆီသို့ လွှင့်ပါးသွားခဲ့လေသည်။

“မြန်မာဂိုးသမားတင်အောင် ဘောလုံးကိုကွင်းတစ်ဝက်ကျော်အထိကန်တင်လိုက်တယ်ခင်ဗျ၊ အေးမောင်ကြီးခင်ဗျ၊ အေးမောင်ကြီး ကနေဗဟာဒူးကို ပေးတယ်၊ဗဟာဒူးရတယ် ၊မျိုးဝင်းညွန့် မျိုးဝင်းညွန့်၊အဲ ဘပုကနေ တင်အေးကိုပေးတယ်။တင်အေး စိန်ဝင်းလေးကို ပေးပြန်ပြီ။ စိန်ဝင်းကြီးဘယ်တောင်ပံကနေ ပြေးနေပြီခင်ဗျ။ပြေးတယ်ပြေးတယ်၊ရတယ်၊ ညာအစွန်ကိုထောင်တင်ထားပြီ။ ဂိုးရှေ့ကို ခုတ်တင်တယ်၊တင်အောင်မိုး အပိုင်ကန်သွင်းတယ် ၊ဂိုးပါတယ်ခင်ဗျာ။အခုအချိန်မှာပွဲစလို့ နှစ်မိနစ်မပြည့်ခင် အချိန်မှာပဲ ဗမာက ပွဲဦးထွက် ဗွေဆော်ဦးတစ်ဂိုး သွင်းယူပြီး ဦးဆောင်ယှဉ်ပြိုင်ကစားလျက်ရှိပါတယ်ခင်ဗျ”

(၂)
မိုင်ထောင်ချီဝေးသည့် ကမ္ဘာ့ဖလားဘောလုံးပွဲအား ဆင့်ဥစ္စာအောင်နက်မျှော်သလို ဘာမဆိုင်ညာဆိုင် အမေကျော်ဒွေးတော်လွမ်းနေကြ ရသည့် တပည့်တို့အား ရှေ့မှီနောက်မှီဆြာဒင်သနားလှချေ၏။ဆြာဒင်တို့ခေတ်ကမူ ယခုခေတ်ကာလကဲ့သို့ ရောင်စုံရုပ်မြင်သံကြား အလုံးအပြား ဘာတစ်ခုမှမပေါ်သေးသော်ငြား ကိုငြိမ်းဆံသဆိုင်ရေဒီယိုကြီးမှတစ်ဆင့် မြန်မာ့ဘောလုံးအသင်းအောင်ပွဲအလီလီရသည့် သတင်းကို မရိုးမအီအောင် နားထောင်ခံစားခဲ့ရလေသည့် ဆြာဒင်မှာ နေမထိထိုင်မသာဖြစ်လှသောကြောင့် ကမ္ဘာ့ဖလားဘောလုံးပွဲ နားရက်တစ်ရက်တွင် အန္တေဝါသိကတပည့်ရင်းချာတို့ကို အနီးအပါးသို့ခေါ်ယူလျက် ရှေးမြန်မာဘောလုံးရွှေခေတ်တရားကို စကားစ မိချေသည်။

“White Angles ခေတ်ကိုလွမ်းချက်ကွာ”
ဆြာဒင့်နှုတ်မှ ထွက်ပေါ်လာသောအမည်ဆန်းကြောင့် တပည့်ကျော်တို့၊ယောင်နနဖြစ်ကြရင်း နဝေတိမ် တောင်မျက်နှာပေးဖြင့် “White Angles”ဆိုတာ ဘာလဲဟင်”ဟု တအံ့တသြပြန်မေးကြမည်ဟု မျှော်လင့်မိသော ဆြာဒင်ခမျာ ကပ္ပလီငယ်၏ ဒက်ကနဲ ပြန်ပက်လိုက်သော အဖြေကြောင့် မျက်လုံးမျက်ဆံပြူးသွားရချေ၏။

“အဲဒါကျနော်တို့မြန်မာဘောလုံးအသင်းလျှမ်းလျှမ်းတောက်စဉ်အချိန်တုန်းက အသင်းဝတ်စုံအရောင်ကိုအစွဲပြုပြီး တကမ္ဘာလုံးကခေါ်ကြ တဲ့နာမည် ပေါ့ဆြာဒင်ရာ၊လွမ်းဖို့ကောင်းတာတော့အမှန်ပဲခင်ဗျ”
သက်ငယ်စကားသက်ကြီးကြားရချေပြီ။မြန်မာ့ဘောလုံးရွှေခေတ်ကို ဆြာဒင်သာသိသည်၊ဒင်းတို့မှာသူရဲနီတို့လောက်ကိုသာ သိကြ လေသည်ဟုထင်မိသည်မှာ၊အမှားကြီးမှားလေစွ။ဣနြေ္ဒမပျက် ဆက်၍တီးခေါက်ကြည့်မိကာမှ ပိဋကတ်အိုးကွဲနှင့်တိုးချေတော့သည်။ ဆြာထက်တပည့်လက်စောင်းထက်ဟူသော စကားကိုသတိရဖွယ်ကောင်းလှ ချေ၏။

“ဘာတွေများ လျှမ်းလျှမ်းတောက်သတုန်းမောင်ရာ”
“ထိုင်းနိုင်ငံ၊၁၉၆၁ အာရှလူငယ် ဘောလုံးပြိုင်ပွဲမှာ မြန်မာလူငယ် ဘောလုံးအသင်း အောင်ပွဲရခဲ့ရာကနေ မြန်မာ့ ဘောလုံးရွှေခေတ် အစပျိုးလာခဲ့တာပေါ့။အဲဒီ ပြိုင်ပွဲကစပြီး မြန်မာ လူငယ်ဘောလုံးအသင်းဟာ အာရှကို (၁၁) နှစ်ကြာ လွှမ်းမိုးထားနိုင်ခဲ့တယ်ဆြာဒင်။ (၁၁) နှစ် အတွင်းမှာ ခုနှစ်ကြိမ် ဗိုလ်စွဲပြီး၊ တတိယအောက်ကို တစ်ကြိမ်သာ ရောက်ခဲ့ဖူးတယ်။ မြန်မာ ဘောလုံးအသင်းဟာ ၁၉၆၅ ခုနှစ်ကနေ  ၁၉၇၃ ခုနှစ် အတွင်းမှာ အရှေ့တောင်အာရှ ဘောလုံး ချန်ပီယံဆု မှန်သမျှ၊အကုန်သိမ်းကျုံးယူနိုင်ခဲ့တဲ့ အသင်းခင်ဗျ”

ဆြာကျက်မှတ်ထားသမျှ တပည့်ကချည်းအာဂုံဆောင်နေလေရာ ဆြာဒင့်မှာ ကွက်ကနဲပျက်သွားသော မျက်နှာကိုဘရိတ်အုပ်လိုက်ရင်း အမေးအဖြေအခြေအနေမှသည် ဆွေးနွေးပွဲသဘောသက်ဝင်အောင် လေပြေလေးဖြင့် လမ်းကြောင်းပြောင်းလိုက်ရချေသော်ငြား တပည့် ကျော်တို့၏ မဟာပညာကျော်လေသံ၊အလုံးကြီးတို့မှာ ရပ်တန့်မသွားခဲ့ချေ။ဖေကြည်ရော၊လေမင်းသားပါ ဘယ်ဝင်းညာဝင်း အားဖြည့် လျက် ပွဲအရှိန်ကိုမြှင့်ကြလေသည်တမုံ့။

(၃)
“အေးကွာ။ဆြာဒင်တို့ငယ်ငယ်တုန်းက ရပ်ကွက်ပေါင်းစုံ၊မြို့နယ်ပေါင်းစုံ၊တိုင်းနဲ့ပြည်နယ်တွေနဲ့ တကယ့်ကို မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့သကိုး” “

၁၉၇၂ ခုနှစ် မြူးနစ် အိုလံပစ်မှာ မြန်မာဘောလုံးအသင်းဟာ အသန့်ရှင်းဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့တာမို့ မြန်မာ့ဘောလုံး “ရွှေခေတ်” ကို  အမှတ်ရစရာ ကောင်းပါဘိဆြာဒင်ရယ်“
“မြန်မာ ပီလီ”လို့ တင်စား ခဲ့ရတဲ့ တိုက်စစ်မှုး၊ အသင်းခေါင်းဆောင်  ဗဟာဒူး ခြေစွမ်းပြခဲ့တဲ့ခေတ်ပေါ့ဗျာ”
“၁၉၆၈ ခုနှစ်အီရန်နိုင်ငံ တီဟီရန်အာရှဖလားပွဲမှာ မြန်မာဘောလုံးအသင်းက  အုပ်စုအဆင့်ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲအထိ ရောက်ခဲ့ တာလေ”

“အာရှတိုက် အိုလံပစ်လို့ခေါ်ရမဲ့  ၁၉၆၆ ဘန်ကောက် အာရှ အားကစားပွဲတော်နဲ့ ၁၉၇၀ ဘန်ကောက် အာရှ အားကစားပွဲတော် တွေမှာ လည်း မြန်မာဘောလုံးအသင်းက ရွှေတံဆိပ်ရခဲ့တာပေါ့။မြန်မာ့ဘောလုံးရွှေခေတ်မှာ မြန်မာ ဘောလုံးအသင်းဟာ အရှေ့တောင်အာရှ ကျွန်းဆွယ်အားကစား ပြိုင်ပွဲတွေမှာတောင် ဘောလုံး ချန်ပီယံဆုကို ငါးကြိမ် ဆက်တိုက် ဆွတ်ခူးခဲ့သတဲ့ဗျ။ တောင်ကိုရီးယားပတ်ချုံဟီး၊  မလေးရှားမာဒေးကားစတဲ့  ဖိတ်ခေါ်ဖလား ပြိုင်ပွဲတွေမှာလည်း မြန်မာကထိပ်တန်းကပေါ့ဆြာဒင်” 

“၁၉၆၈ခုနှစ်နောက်ပိုင်းမှာတော့ မြန်မာဘောလုံးအသင်းဟာ အာရှဖလားခြေစစ်ပွဲကနေ စပြီးနှုတ်ထွက်ရတော့တာမို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲဆိုတာ၊ဝေလာဝေးပေါ့ဗျာ။၁၉၇၅ခုနှစ်ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပခဲ့တဲ့ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲ ကအစပြုပြီး မြန်မာ့အားကစားမြောင်းထဲ စရောက်ခဲ့တာပေါ့”

မီဒီယာခေတ်၏ကာလသားသမီးတို့ လက်ဖျားခါလောက်အောင်တော်ကြတတ်ကြသည်မို့ ပါးနပ်သောဥာဏ်ရည်ရှိသူဆြာပီပီ၊ တိတ် တိတ်နေ ထောင်တန်၏ဟူသည့် ပညာရှိဆိုရိုးနှင့်အညီ ဆြာဒင် အသာအမြီးကုပ်နေလိုက်ရင်း   ပါးစပ်အဟောင်းသားနှင့် ပုတ်သင်ညို အိုက်တင်၊ ခေါင်းတညိတ်ညိတ်ရှိနေစဉ်မှာပင်၊တပည့်ကျော်တို့၏မေးခွန်းတစ်ခုသည် အားပြင်းလှသည့်ဘောလုံးနှင့် အလားသဏ္ဍန်တူလှစွာ ဆြာဒင့်ဆီသို့ တန်းတန်းမတ်မတ်ပြေးဝင်လာပြန်ချေသည်။ 

“ဒါနဲ့ဆြာဒင်၊မြန်မာ့ဘောလုံး အမှိုက်ခေတ်ရောက်သွားတာ ဘာကြောင့်တုန်း၊ဘယ်သူတွေကြောင့်တုန်းဗျ”

(၄)
“အမေးနွားကျောင်းသားအဖြေဘုရားလောင်း”ဟုဆိုရိုးရှိသည်မဟုတ်တုံလော။အဆိုပါမေးခွန်း၏ အဖြေကို ဆြာဒင်သိပါသော်ငြား တိုင်းပြည်တွင်းဆုံးကျနေသည့်တိုင် အမှန်မမြင်မာန်မလျော့ကြလေသည့်ရွှေကိုယ်တော်တို့နှင့် အကျယ်အကျယ်မငြိမ်းဖွယ်မဖြစ်လိုသော ဆြာဒင်သည် ပါးစပ်ထဲတွေ့ရာအဖြေကို ရုတ်ခြည်းကောက်ကနဲပြောချလိုက်ရသည်။

“အင်း၊ဗမာပြည်မှာ ဘောလုံးကွင်းတွေ မရှိတော့လို့ထင်ပါရဲ့။ကန်ထရိုက်တိုက်တွေဆောက်ပစ်လိုက်ကြသကိုး”
ဤတွင်တပည့်ကျော်တို့ ဆြာကို တရားခံအကြည့်ကြည့်ကြလေရာ ဆင်ဝှေ့ရန်ရှောင်၊နောက်ထပ်အဖြေတစ်မျိုးထုတ်ရပြန်သည်။
“နောက်တစ်ချက်က ရပ်ကွက်၊မြို့နယ်၊ပြည်နယ်နဲ့တိုင်းပွဲတွေ မရှိတော့တာလည်း ဖြစ်နိုင်သဟ”
တပည့်တို့ကား ကျေနပ်ဟန်မတူ။သူတို့မျက်နှာပေးက ထိန်ချန်မှုဟု အဓိပ္ပါယ်သက်ရောက်နေပြန်သည်။

“ဆြာဒင့်ဘော်ဒါတွေကို အားနာပြီး သိသိကြီးနဲ့၊အိပ်ချင်ယောင်မဆောင်နဲ့နော်။မြန်မာပြည်ကိုဆိုမားလီးယားထက်ပိုဆင်းရဲအောင် လုပ်ပစ်ခဲ့ကြတဲ့ သူတွေလေ”

“ဘောလုံးသမားတွေဘဝ အာမခံချက်မရှိတာ၊ထိုင်းနိုင်ငံက ဘက်ကင်ဘောဝါ အကယ်ဒမီလို မြန်မာဘောလုံးအကယ်ဒမီတွေမထူ ထောင်နိုင်တာလည်းပါပေမပေါ့ကွာ”

“ဆြာဒင်နော်၊ရွှေခေတ်နဲ့ဒိုက်ခေတ်ခုနှစ်သက္ကရာဇ်တွေကိုသေချာကြည့်လိုက်ရင် အသိသာကြီးနော်။ မလိမ့်တပတ်အကျင့်တွေ ဖျောက်ပါ တော့ဗျာ”

ချစ်လှစွာသောတပည့်တို့ကား “ဆြာတပည့်ချင်းတွေတော်တော်နောက်” ဟူသော မျက်နှာပေးကိုယ်စီဖြင့် ဆြာဒင့်ကိုကလူကျီစယ်ကာ လမ်းကျဉ်းလမ်းကြပ်သို့တွန်းပို့ရန်အလို့ငှာ ကွန်ပြူတာကို  လက်ကမြင်းလိုက်ကြရာ တရားခံလက်သည်ကိုဖော်ကျူးလေသည့် သီချင်း တပိုဒ်သည် တိုက်ဆိုင်စွာပင် ပေါ်ထွက်လာသည်ဟုဆိုရချေတော့မည်။

ဆြာဒင်တစ်ယောက် တပည့်တသိုက်ကို ကွင်းလယ်မှာ အလိမ်အခေါက်မျိုးစုံဖြင့် ပညာစွမ်းပြနေဆဲမှာ မျှော်လင့်မထားသည့် အဝေး ကန်ချက်ကြောင့် ဂိုးအဝင်ခံရသကဲ့သို့ဖြစ်ရသည့်ဆြာဒင်သည်၊သူခိုးလူမိသည့်ရယ်ကျဲကျဲမျက်နှာပေးဖြင့် ဘောလုံးစကားဝိုင်းမှ ဝေးရာသို့ ဖယ်ကြဉ်သွားချိန်တွင် ဆြာဒင့်ခေါင်းထဲ၌ယူနီဖောင်းစိမ်းစိမ်းများနှင့်နားအူလောက်အောင်လွှင့်ထုတ်ခဲ့ဖူးသော စစ်ချီသီချင်းများကို ရှက်စနိုး မြင်ယောင်ကြားယောင်နေဆဲမှာပင် တပည့်ကျော်တို့လက်ကမြင်းသည့် သီချင်းသံသည် စီစီဝေဝေပျံ့လွှင့်နေချေ၏။

“တို့မြန်မာဂုဏ်ဆောင်အားကစားသမားများသည် အမိနိုင်ငံတော်ကို ကျေးဇူးဆပ်ရမည်။မျိုးဆက်သစ်တို့အားမာန်ဝင့်ကာချီ။ အာရှမှာ မြန်မာကသာ အနိုင်ယူဗိုလ်စွဲပြမည်၊မျိုးချစ်စိတ်နဲ့ ဇာတိမာန်၊မြန်မာ၏အသံ ကမ္ဘာသိရန် အောင်လံတလူလူလွှင့်လိုက်ပြီ။ အားကစား မြှင့်တင်ခြင်းသည် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နေခြင်းဖြစ်ပါသည်”
အားကစားရည်မှန်းချက်သည် မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်။ပြည်သူတစ်ရပ်လုံးအားပေးတဲ့ချီးမြှောက်တဲ့ အားကစားမောင်မယ် များတို့သည် နိုင်ငံတကာမှာ အစွမ်းပြလို့ရခဲ့တဲ့ဆုလာဒ်တွေကြွားဝင့်သည်။ပြည်သူတွေတီးတဲ့လက်ခုပ်သံသည် ပြည်ထောင်စုကြီး တုန်ဟည်းသွားလိမ့်မည်”

(၁)
အရပ်ရှစ်မျက်နှာတွင် ပြာရီရစ်ဝိုင်း၊ မှိုင်းလဲ့လဲ့ဆိုင်းနွဲ့နွဲ့ညိုမှောင်ကာ ဖြိုးဖြိုးလျလျစွေလှသော ဝဿန်ကာလမိုးသမယ၌ အသူရာနှင့် သိကြားမင်း ဂျိုးဂျိမ့်သံမာန်တင်း၊စိတ်မကြေအနိုင်လုရင်းခင်းကြလေသည့် ကမ္ဘာဦးစစ်မီးသည် ဘရာဇီးနိုင်ငံတွင် ဘောလုံးပွဲအသွင် ဆောင်လျက်ကူးစက်ပျံ့နှံ့နေချိန်ဖြစ်လေသည်။

ဆြာဒင်၏တပည့်ကျော်တသိုက်ကား ဤရက်ပိုင်းများအတွင်း သွား၊ လာ၊နေ၊ စားလေရာတွင် ကမ္ဘာ့ဖလားဘောလုံးပွဲအပေါ်၌သာအာရုံကပ်ငြိလျက်ရှိကြလေရာ၊ တီဗီဖန်သားပြင်ပေါ်က ကမ္ဘာ့ဖလားဘောလုံးပွဲကို ကြည့်ရှုနေတော်မူကြကုန်သော တပည့်အပေါင်းမှာ သူတို့ကိုယ်သူတို့ အဆိုပါပွဲကြီးဝှဲချီးကျင်းပရာဘရာဇီးနိုင်ငံမြို့တော် ရီအိုဒီဂျနီးရိုးမြို့သို့ လူကိုယ်တိုင်ရောက် နေသည့် နိုင်ငံကျော်ရုပ်ရှင်မင်းသား ပြေတီဦးအလားထင်မှတ်မှားနေကြရှာလေသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...