Sunday, July 6, 2014

ဆြာဒင်နှင့်ပုံတူကူးချင်ကြသူများ။

၁။၀၇။၂၀၁၄နေ့ထုတ် ဆဲဗင်းဒေးနေ့စဉ်သတင်းစာ။

ဆြာဒင်နှင့်ပုံတူကူးချင်ကြသူများ။

(မင်းဒင်)

(တစ်)
“(ခေတ်မီအောင်သာ ကမ္ဘာမြေတဝှမ်းမှာ တို့အစွမ်းကိုပြမည်။တပ်မတော်ဂုဏ်ရောင်ထွန်းပြောင်ဖို့ရာ တို့တာဝန်ဖြစ်သည်)၂ တမျိုးလုံး အတွက်ဆို အသက်နဲ့လဲမယ်အာဇာနည်ပီပီ။အရေးရှိခဲ့ရင် ရှေ့ကရပ်ကာ အသေခံမယ်ယုံကြည်။ငါတို့တပ်မတော်အမှန်ဖြစ်သည်၊ နိုင်ငံ့ တပ်မတော်အမှန်ဖြစ်သည်။အင်အားကိုကြီးမားအောင်ကူညီ”

ကွန်ပြူတာဆီမှထွက်ပေါ်လာသော တပ်ကြပ်ကြီးညွန့်ခင်၏သီချင်းသံသည်ခေါင်းလောင်းသံတညံညံပေးခဲ့သည့် ရွှေပင်ရွာကျောင်းဝယ် ပြေးကာလွှားကာ ကျောင်းအတူတက်လာခဲ့ကြသည့် ဆြာဒင့်ကျောင်းနေဖက် ကြည်းရေလေတပ်မတော်သားအပေါင်းတို့ကို သတိရစရာ ကောင်းလှပါ၏။သို့သော်မိုးအေးအေးမို့ ဆြာဒင့်အိမ်မှာ စုရုံးကွန်းခိုနေကြသော တပည့်ကျော်တို့၏အလိုက်ကန်းဆိုးမသိနှောင့်ယှက်မှု ကြောင့် သီချင်းကိုဆုံးအောင် နားမထောင်နိုင်သော်ငြား အတတ်လည်းသင်ပဲ့ပြင်ဆုံးမအစရှိသော ဆြာကောင်းတို့၏ဝတ္တရားနှင့်အညီ သင်းတို့ဖက်သို့လှည့်၍ စကားဧည့်ထောက်ခံရပြန်ချေသည်။

“ဒါနဲ့ဆြာဒင်၊ဂျနီဖာလိုပက်ဆိုတဲ့ မင်းသမီးရဲ့တင်ပါးဆုံကြီးက ဘယ်လောက်တန်တုန်း”
“အဖိုးမဖြတ်နိုင်ဘူးထင်ပါရဲ့၊၊အာ၊၊မောင်ရင်ဘာတွေလျှောက်မေးနေတာတုန်း”
“ကမ္ဘာ့ငွေကြေးဈေးကွက်မြန်မာ့နိုင်ငံရေးရေချိန်တွေကို တွက်ဆကြည့်ချင်တာပါဆြာဒင်”
“မဆီမဆိုင် ကမ္ဘာကျော်မင်းသမီးကြီးရဲ့ဟိုဟာ၊ ဘယ်ကနေပါလာရပြန်သတုန်း”
“တကယ့်မျက်စိပိတ်နားပိတ်ဆြာဒင်ပါကလား။ဘူးလက်ကြီးလို့ခေါ်တဲ့လွှတ်တော်ထဲက တပ်မတော်အမတ်မင်း ပြောတာခင်ဗျ”

“အကြမ်းဖျဉ်းခန့်မှန်းရရင်ဒေါ်လာသန်းချီတန်မှာပေါ့ကွာ။တို့စစ်ဗိုလ်အမတ်တွေလည်း ကမ္ဘာကြည့်တော့ကြည့်နိုင်သားကွ။ဂုဏ်ယူစရာ ပေပဲ”
ဆြာဒင်၏ယောင်ဝါးဝါးအဖြေကို နှစ်လိုသဘောကျကြဟန်မရှိကြောင်း တပည့်ကျော်တို့၏မျက်နှာရိပ်မျက်နှာကဲအရသိလိုက်ရသဖြင့် အကျယ်တဝင့် ရှင်းလင်းဖြေဆိုရန် ဆြာဒင်အားထုတ်နေဆဲမှာပင် ခြံရှေ့ဆီမှာ ကားတစ်စီးထိုးရပ်သံကြောင့် လှမ်းမျှော်ကြည့်လိုက်မိ လေရာ ထိုင်းဘုရင့် တပ်မတော်တံဆိပ်ပါ နောက်ဆုံးပေါ်ဇိမ်ခံကားကြီးပေါ်မှ ပုခုံးနှစ်ဘက်ပေါ်တွင် အပွင့်အခက်တို့ ဝေဆာနေသည့် ထိပ်တန်းတပ်မတော် အရာရှိကြီးတစ်ဦး မာန်ပါပါဆင်းလာသည်ကို မြင်ရလေသဖြင့်၊ရုတ်တရက်မို့ ဆြာရောတပည့်များပါ အံ့အားသင့် ရင်း၊အသံတိတ်အမြီးကုပ်သွားကြရချေသည်။

(နှစ်)
ခြံတံခါးမှာစေ့ရုံသာစေ့ထားသည်မို့ အဆိုပါထိုင်းစစ်ဘက်အရာရှိကြီးသည်၊တံခါးကိုအသာတွန်းဖွင့်ဝင်ရောက်လာရင်း ဥာဏ်ရည် ထက်မြက်သော စစ်သား ကောင်းကြီးပီပီ တပည့်ကျော်သုံးဦး ကြားတွင်စာသူငယ်ကြား၊လဒနားလေသကဲ့သို့ခန့်ထည်လှသော ဥပဓိရုပ်ခံ ဖြင့်ရှိနေသည့် ဆြာဒင်ကို ဒက်ကနဲရွေးထုတ်နှုတ်ဆက်နိုင်လေရာ ၎င်းအားစိတ်ထဲမှ ကျိတ်၍ ချီးကျူးမိသည်မှာအမှန် ဖြစ်၏။ ပို၍ အံ့သြဖွယ် ကောင်းလေသည်ကား သူ့နှုတ်မှပီသစွာထွက်လာသော ဗမာစကားသံကြောင့်ဖြစ်လေသည်။

 “ဟယ်လိုဆြာဒင် ဆဝါဒီခပ်၊နေကောင်းတယ်နော်။ကျနော်ဗိုလ်ချုပ်ထက်ပ် ပါဗျာ”
ထက်ပ်အမည်ရှိထိုဗိုလ်ချုပ်သည် အသက်အားဖြင့် မတိမ်းမယိမ်းရှိပြီး ထိုင်းအာဏာသိမ်းတပ်မတော် မူဝါဒရေးရာနှင့်စိတ်ဓာတ်စစ် ဆင်ရေး ဌာနအကြီးအကဲဟုဆိုပါသည်။

“ကောင်းပါ့၊ကောင်းပါ့ဗိုလ်ချုပ်ရာ။ဗိုလ်ချုပ်က နာမည်နဲ့လိုက်အောင်ထက်မြက်ပေသကိုး။ဘာများကူညီနိုင်ပါသလဲခင်ဗျာ”
ကြောက်စိတ်အနည်းငယ်ပြေသွားသည့်ဆြာဒင်မှာ ထိုင်းဗိုလ်ချုပ်အား ဧည့်ခန်းတွင်းသို့ဖိတ်ခေါ်ကာ မောရှမ်းလက်ဖက်ခြောက် အဖန် ရည်ဖြင့်ဧည့်ခံရင်း ဟန်ကိုယ့်ဖို့ဟူသော စကားအတိုင်း စကားရောဖောရောလုပ်ကာ သူ့လာရင်းကိစ္စကို မသိမသာစူးစမ်းလိုက်ရသည်။

“ဗိုလ်ချုပ်က ဗမာစကားအတော်ပီသတာပဲ။ဒါနဲ့ အဘယ်အတွက်များ ဆြာဒင့်ဆီဆိုင်းမဆင့်ဗုံမဆင့်ပေါက်ချလာရတာပါလိမ့်”
“ကျနော်က ဗမာစစ်ဗိုလ်ချုပ်တွေကိုအားကျပြီး ဗမာစကားပြောတတ်အောင် သေချာသင်ထားတာဗျ။အခု ကျနော်လာတဲ့ကိစ္စက ဗမာ ပြည်ကြီးမှာစစ်တပ်က အချိန်ကြာကြာအာဏာသိမ်းထားချင်ရင်ဘယ်လိုနည်းနာတွေနဲ့စံနစ်ဇယားအဆင့်ဆင့်ချသလဲဆိုတာ အသေး စိတ်သိချင်လို့ ဆြာဒင့် ဆီလာခဲ့တာဆိုပါတော့”

“နေဦးဗိုလ်ချုပ်၊ဆြာဒင်က စစ်ဗိုလ်လူထွက်မဟုတ်ဘူးနော်။တစ်ခုခုများမှားနေရော့သလား ဗိုလ်ချုပ်ရယ်။နောက်တစ်ချက်က ဗိုလ်ချုပ် တို့ထိုင်းစစ်တပ်လည်းကမ္ဘာစံချိန်ကျိုးအောင် ခဏခဏအာဏာသိမ်းနေတာပဲမဟုတ်လား”

“မမှားပါဘူးဆြာဒင်ရာ။ဟိုတုန်းက အာဏာ”တစ်ခါသိမ်းသုံးလ”ဆိုတော့ မဟာဗျူဟာမမြောက်ဘူးဆိုရမယ်ဆြာဒင်။ အခုတစ်ကြိမ်မှာ တော့ ခပ်ကြာကြာလေးသိမ်းထားမှာမို့ “တစ်ခါသိမ်းနှစ်အစိတ်”ဆိုတဲ့ ဗမာပြည် အာဏာသိမ်းပွဲမျိုးတွေ ကြုံခဲ့တဲ့ ဆြာဒင်လိုလူမျိုးဆီက အသက်အရွယ်၊အတွေ့အကြုံတွေအရ နည်းလမ်းကောင်း၊အကြံဥာဏ်ကောင်းလိုချင်တာပါ”

ဤသို့လျှင် ဝေးရပ်နီးနေမိတ်ဆွေတို့ထံမျှသာမက နိုင်ငံတစ်ကာအသိုင်းအဝန်းကိုကျော်၍ စကြာဝဠာတိုက်တစ်သောင်းအထိ ပျံ့သင်း ကျော်ကြားနေဟန်ရှိသော  ဆြာဒင်၏ပညာဥာဏ်ဂုဏ်သတင်းကို အထင်တကြီးအားကိုးသမှုပြုလျက် အကြံဥာဏ်တောင်းခံလာ လေသည့် ထိုင်းဗိုလ်ချုပ်အား ဆက်လက်ငြင်းဆန်ရန်အင်အားလည်းမရှိ၊ နဂိုကပင်ဆြာလုပ်ချင်သူပီပီတတ်သည့်ပညာမနေသာ ဆိုသကဲ့သို့ ဆြာဒင်ကြုံခဲ့သိခဲ့သမျှဗမာ့ရေရှည်အာဏာသိမ်းနည်းနိသျှရည်းအဖုံဖုံတို့ကို ၊တပည့်ကျော်များ၏ရှေ့မှောက်မှာပင် ဂုဏ်ယူဝင့်ကြွားစွာ မခြွင်းမချန် သင်ပြခဲ့ရပြန်ချေသည်တမုံ့။

(သုံး)
“ထိုင်းနိုင်ငံမှာတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေဖြစ်ကုန်ပြီဆြာဒင်ရေ”
ဗိုလ်ချုပ်ထက်ပ်ပြန်သွားပြီး မကြာမီရက်ပိုင်းမှာပင် ထိုင်းရုပ်မြင်သံကြားဌာနအသီးသီးမှ စိတ်အားတက်ကြွဖွယ်ထိုင်းအမျိုးသားရေး သီချင်းသံ တို့နှင့်အတူ ထိုင်းစစ်အစိုးရ၏အထူးသတင်းကြေညာချက်များ၊စစ်ဗိုလ်ချုပ်ကြီးတို့၏ မိန့်ခွန်းများ နေ့စဉ်ထွက်ပေါ်လာ ခဲ့ချေသည်။ ကြေညာချက်နှင့်မိန့်ခွန်းတို့မှာ ဖတ်၍မနိုင်၊နားထောင်ရန်အချိန်မရများမြောင်လှသည်ဖြစ်ရာ မြန်မာစာဖတ်သူတို့ နားလည် လွယ်အောင် အတိုချုံ့၍အကျဉ်းမျှရေးသားဖော်ပြရသော်….၊

“နိုင်ငံတော်ငြိပ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ဥပဒေကဲ့သို့အာဏာတည်သောအမိန့်(၀၀၇)၊ ပြည်ထောင်စုမပြိုကွဲရေး၊အချုပ်အခြာ အာဏာ တည်တန့်ခိုင်မြဲရေး၊နိုင်ငံတော်၏ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောင့်ယှက်သော ပြည်ပနိုင်ငံများအားဆန့်ကျင်ကြ။ ပြည်ပအားကိုး အဆိုးမြင်ဝါဒီများအား ဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းကြ။ ခိုင်မာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာရေး။ ဖြစ်ပေါ်လာသည့်ဖွဲ့စည်း ပုံအခြေခံဥပဒေသစ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တစ်ရပ်တည်ဆောက်ရေး” အစရှိ သည်တို့ဖြစ်လေ၏။

အသက်အရွယ်အတွေ့အကြုံအားဖြင့်ငယ်ရွယ်ကြလေသည့်တပည့်ကျော်တို့ကား အချို့သောသတင်းတို့ကို အထူးအဆန်းသဖွယ်မြင်ကြ ပုံရသဖြင့် ဆြာဒင်မှာအတွေ့အကြုံကြီးရင့်သူပီပီရှင်းလင်းပြရပြန်ချေ၏။

“ထိုင်းစစ်တပ်ကနေ၊ထိုင်းလယ်သမားတွေကို  စပါးအကြွေးငွေတွေအကုန်ထုတ်ပေးလိုက်ပြီတဲ့ဆြာဒင်”
အေးလေ။တို့စစ်အစိုးရတက်တုန်းကလည်း ဗဟိုဘဏ်ကိုအတင်းဝင်သိမ်းပြီး တိုင်းပြည်အကျိုးရှိအောင်လုပ်ခဲ့ဖူးတာပဲလေ”

“ဟ၊ဆြာဒင်ကြည့်လုပ်ပါအုံး။ထိုင်းစစ်သားတွေ လယ်ကွင်းတွေထဲရောက်ပြီး ပျိုးနှုတ်ကောက်စိုက်လုပ်ကုန်ကြပြီဗျ”
“အေးလေ။တို့ဗမာပြည်မှာ ဗိုလ်နေဝင်းအာဏာသိမ်းတော့ ဒူးယားခပေါင်းတောင်သူလယ်သမားညီလာခံတွေတောင်လုပ်ကြသေးကမင့် ဟာ၊မဆလခေတ်မှာလည်း ဗမာ့တပ်မတော်သားတွေ ရွှေဝါမြေစစ်ဆင်ရေးဆိုလားဘာလား လယ်ကွင်းထဲဆင်းကြတာပဲဥစ္စာ”

“ကြက်ဆူပင်လိုလို ဘာလိုလိုအပင်တွေလဲ ထိုင်းစစ်သားတွေဝင်စိုက်နေကြသေးတယ်ဆြာဒင်ရဲ့”
“လောင်စာအရင်းအမြစ်ဖူလုံအောင် ခေတ်မီနည်းမျိုးစုံနဲ့ လုပ်ကြရမယ်လေ”
“အမေရိကန်က မြွေဟောက်စစ်ဆင်ရေးကို ထိုင်းမှာမလုပ်တော့ဘူးတဲ့ဆြာဒင်ရ”
“တိုင်းပြည်အင်အားဟာ တိုင်းပြည်အတွင်းမှာပဲရှိတော့ အမျိုးဂုဏ်ဇာတိဂုဏ်မမြင့်ပေဘူးလားတပည့်တို့ရာ”

တပည့်တို့၏မျက်နှာထားအသီးသီးကား “ဟုတ်မှလဲလုပ်ပါဆြာဒင်”ဟု အဓိပ္ပါယ်ပါသော်ငြား တပ်မတော်ဆိုလျှင်စိတ်နှင့်ပင် မပြစ်မှားချင် သည့်ဆြာဒင်မှာ “မင်းတို့နုပါသေးတယ်ကွာ”ဟူသောအကြည့်ဖြင့် မသိကျိုးကျင်ဟန်ပြုလျက်ခပ်မဆိတ်နေလိုက်ရချေသည်။ 

(လေး)
ထိုသို့ဖြင့်မကြာမီရက်ပိုင်းအတွင်းထိုင်းသတင်းဌာနအသီးသီးမှ နောက်ဆုံးရသတင်းတစ်ပုဒ်ထွက်ပေါ်လာချိန်တွင်ကား ဆြာဒင့်တပည့် ကျော်တို့မှာ ခံစားချက်ကိုမမြို့မသိပ်နိုင်ကြလေဟန် ရင်ဖွင့်ကြလေတော့သည်။

“မကောင်းတော့ဘူးထင်တယ်ဆြာဒင်၊ထိုင်းအာဏာသိမ်းစစ်ခေါင်းဆောင်က ကြားဖြတ်ဖွဲ့စည်းပုံနဲ့လွှတ်တော်အသစ်ဖွဲ့တော့မတဲ့။အဲဒီ လွှတ်တော်မှာ ထိုင်းစစ်တပ်ကစစ်ဗိုလ်တွေ၊နေရာအများစု ယူထားမှာတဲ့ဗျ”

“ဗမာပြည်လုပ်နည်းအတိုင်းခြေရာတူလိုက်နင်းလို့ကတော့ ဒီတိုင်းပြည်မကြာခင်ရေစုန်မျောမှာမြင်ယောင်သေးတယ်ဆြာ။မကြာ ခင်မွဲတေတဲ့နိုင်ငံအဖြစ်ကြေညာရမယ်။စစ်ဗိုလ်တွေချမ်းသာကုန်မယ်။သယံဇာတမှန်သမျှ အကုန်ပြောင်မယ်။အမျိုးသားရေးသိက္ခာဆို တာတစ်ပြားသားမှ ကျန်တော့မှာမဟုတ်ဘူး”

“လွှတ်တော်ထဲမှာ စစ်တပ်ဝင်ထိုင်မှတော့ ဘယ်မှာလာကောင်းနိုင်ပါ့မတုန်းဆြာဒင်ရယ်”
ဥာဏ်လက်လှမ်းမမီကြလေသည့်တပည့်ကျော်တို့၏မှတ်ချက်တို့မှာ ဆက်၍နားထောင်နေလျှင် ဆြာဒင်ပါတရားခံစာရင်းတွင် ပါဝင်လာ နိုင်သည်မို့ ဆြာဒင့်ခမျာမျက်ကလဲဆန်ပြာ အချိန်မီဖြေရှင်းချက်ထုတ်ရပေတော့သည်။

“ဟ၊ငါ့ဆီအကြံဥာဏ်လာတောင်းတာက အာဏာကြာကြာယူထားတဲ့နည်းလာတောင်းတာကပဲ။တိုင်းပြည်ကောင်းစားရေးမှ မဟုတ်တာ၊ ကမ္ဘာပေါ်မှာစစ်တပ်က အာဏာသိမ်းပြီးတိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်ခဲ့တာ ဘယ်နိုင်ငံရှိလို့တုန်း။ စစ်တပ်နှင့်လွှတ်တော်တွင်း နိုင်ငံရေးဆိုတာ ဘုန်းကြီးနဲ့ဘီးပါကွာ။စစ်တပ်ဟာ နိုင်ငံတော်လုံခြုံရေးအတွက်ကာကွယ်ရေးတာဝန်ကိုသာ ဇောက်ချပြီးထမ်းဆောင်သင့် တာမဟုတ်လား။တကယ်တော့ အာဏာသိမ်းနေကျ စစ်တပ်တွေရဲ့ကြေညာချက်ဆိုတာ  “လေလည်ရင်မွှေးနေစေရမယ်”ဆိုတဲ့ ဆေးကြော်ငြာ လိုပဲကွ။ “လူထူထူကြား၊လင်မယားအိပ်ယာဝင်ချိန်နဲ့ လိုင်းကားတိုးစီးချိန်မှာ အမြဲတမ်းလိုလို အနံ့ဆိုးနဲ့လေလည်တတ် လို့စိတ်ညစ်နေပါသလား။ ဒီဆေးတောင့်လေး သောက်လိုက်ရုံနဲ့ သင့်ရဲ့အစာဟောင်းအနံ့ဟာ ပန်းပေါင်းစုံရနံ့နဲ့သင်းပျံ့မွှေးကြိုင် နေစေ ရမယ်” ဆိုတဲ့ ကြော်ငြာမျိုးပေါ့ကွာ”

ထုံထိုင်းလှသော တပည့်တို့ကို နားလည်သဘောပေါက်အောင်ရှင်းပြရခြင်းမှာ မပြောအပ်သည့်စကားတို့ ရောပါတတ်လေရာ အစွန်း တရားနှင့်မလွတ်ကင်းလှချေ။သို့တိုင် သင်းတို့ကား ရေးတေးတေးမျှပင်သဘောပေါက်ကြဟန်မရှိကြပဲ ဆက်၍အထွန့်တက်ပြန်လေ သည်။

(ငါး)
“အော် ဒါဆိုဆြာဒင်က သိသိကြီးနဲ့ ဂျောက်တွန်းလိုက်လေရော့သလား”
“ခက်ခက်ရချေသေးတော့ကွာ။အသင်းအဖွဲ့ပျက်စီးကြောင်းတရားသုံးပါးမှာ…..၊ 

(၁)ဗဟုနေတ္တာရ- လမ်းပြနည်းညွန်၊အမွန်ဦးစီး ၊ ငါသိငါတတ် ၊ င့ါလက်မှတ်နှင့်လုပ်ခွင့်အာဏာ ၊ ငါမပါ ဘယ်ဟာမပြီး၊ ဆရာကြီးရူး၊ ရူးသွပ်နေသူတို့ များပြားခြင်း၊ 

(၂)သဗ္ဗပဏ္ဍိတမာနိ- သင်းသားအားလုံး တပည့်မရှိ ၊ရဲဘော်မရှိ ၊ ဖြစ်ဘိ ဗိုလ်ပေါင်း ၊ ထောင်သောင်း ဆရာ၊ ပညာစုံတတ်၊အဟုတ်မှတ်၍ ၊ ထပ်ထပ်ညွှန်ကြား ၊ စိတ်ထားမိုးယံ ၊ အခြေခံမသိ ၊ ငါပညာရှိချည်းနှင်နှင်၊ ဖြစ်နေကြခြင်း၊

(၃)ဗဟု မိစ္ဆာ- ပညာနဲပါး ၊ အကြွားပိုမို ၊ အဆိုအဆဲ ၊ နှုတ်ကျဲ ကြမ်းကြုတ် ၊ သူယုတ် လက္ခဏာ ၊ ပြည့်စုံစွာ နှင့် အာဏာ တမ်းရူး ၊ တိမ်းမူးဘ၀င် ၊ ဆင်ခြင်မရှိ ကိုယ့်ဖို့သာ ကြည့်တတ်လေသော သူယုတ်မာများ ..များပြားခြင်းတဲ့လဟ။

ထိုင်းစစ်တပ်ဟာ ဒီအချက်တွေကိုရှောင်နိုင်ရှားနိုင်ရင်ဖြင့် မူလနာမည်ကောင်းလေးဆက်ရနေအုံးမှာပဲ။ဒါလေးမှမသိပဲ မဆင်ခြင်နိုင်လို့က တော့ သူ့သဘောသူဆောင်ကြပေရော့ပေါ့။ အခုဗမာ့ အာဏာသိမ်းနည်းကို ထိုင်းစစ်တပ်ကမောင်တွေစသုံးနေပြီဆိုတော့၊ ဒီအချိုး အတိုင်းသာသွားနေရင် မယုံရင်စောင့်သာကြည့်။ကြာလှငါးနှစ်ပေါ့။ထိုင်းလူမျိုးတွေ ရွေ့ပြောင်းလုပ်သားအဖြစ်တို့ဗမာပြည်လာပြီး  ကြုံရာကျပန်းတောင်လာလုပ်ကြ ရအုံးမှာ။အဲဒီလိုဖြစ်လာတဲ့တစ်နေ့ ထိုင်းနိုင်ငံကြီးကို ချောက်ထဲဆွဲချခဲ့တဲ့ထိုင်းစစ်တပ်ရဲ့ ကန့်ကူ လက်လှည့်ဆရာ၊ တို့ဗမာ့ တပ်မတော်ကြီးကို မောင်ရင်တို့ အမြင်မှန်ရပြီး၊ မနှေးယခုအလေးပြုရင်း၊ ကျေးဇူးတင်နေကြအုံးမှာမြင်၊ မြင်ယောင်သေးကွာ”

တတ်သည့်ပညာမနေသာဆိုသည့်စကားအတိုင်း တနေ့ကမှ အမှတ်မထင်ဖတ်ထားမိသည့် ကျမ်းကိုးကျမ်းဂန်အပိုင်းအစဖြင့် တပည့်တို့ အား နားရင်းထမရိုက်ရုံတမယ်၊အိပ်သွန်ဖာမှောက်သွန်သင်၊ဆိုဆုံးမပြီးသည်၏အဆုံးတွင်မူ နောက်ထပ်တစ်စုံတစ်ရာရှင်းလည်း မရှင်းတတ်၊ ရှင်းပြရန်လည်းလို တော့မည်ဟုမထင်တော့လေသဖြင့်…. (တပ်မတော်သာလျှင် နိုင်ငံအမြတ်ကိုပေးအပ်နိုင်လိမ့်မည်။ တပ်မတော်သာလျှင် နိုင်ငံအကျိုးကို တိုးတက်စေနိုင်မည်)၂ ဟူသော စစ်တေးတစ်ပိုဒ်ကို နှစ်ကျော့ပြန်ညည်းရင်း မိန့်မိန့်ကြီး အနားယူရန်သဉ္ဇာညောင်စောင်းရှိရာ အိပ်ခန်းဆီသို့ ဆြာဒင် ဦးတည်ခြေလှမ်းပြင်လိုက်ရချေသည်။

(တစ်)
“(ခေတ်မီအောင်သာ ကမ္ဘာမြေတဝှမ်းမှာ တို့အစွမ်းကိုပြမည်။ တပ်မတော်ဂုဏ်ရောင်ထွန်းပြောင်ဖို့ရာ တို့တာဝန်ဖြစ်သည်)၂ တမျိုးလုံး အတွက်ဆို အသက်နဲ့လဲမယ်အာဇာနည်ပီပီ။ အရေးရှိခဲ့ရင် ရှေ့ကရပ်ကာ အသေခံမယ်ယုံကြည်။ ငါတို့တပ်မတော်အမှန်ဖြစ်သည်၊ နိုင်ငံ့ တပ်မတော်အမှန်ဖြစ်သည်။
အင်အားကိုကြီးမားအောင်ကူညီ”ကွန်ပြူတာဆီမှ ထွက်ပေါ်လာသော တပ်ကြပ်ကြီးညွန့်ခင်၏ သီချင်းသံ သည်ခေါင်းလောင်းသံတညံညံပေးခဲ့သည့် ရွှေပင်ရွာကျောင်းဝယ် ပြေးကာလွှားကာ ကျောင်းအတူတက်လာ
ခဲ့ကြသည့် ဆြာဒင့်ကျောင်းနေဖက် ကြည်းရေလေတပ်မတော်သားအပေါင်းတို့ကို သတိရစရာ ကောင်းလှ ပါ၏။ သို့သော်မိုးအေးအေးမို့ ဆြာဒင့်အိမ်မှာ စုရုံးကွန်းခိုနေကြသော တပည့်ကျော်တို့၏ အလိုက်ကန်းဆိုး မသိနှောင့်ယှက်မှု ကြောင့် သီချင်းကိုဆုံးအောင် နားမထောင်နိုင်သော်ငြား အတတ်လည်းသင်ပဲ့ပြင် ဆုံးမအစရှိသော ဆြာကောင်းတို့၏ဝတ္တရားနှင့်အညီ သင်းတို့ဖက်သို့လှည့်၍ စကားဧည့်ထောက်ခံ ရပြန်ချေသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...