Sunday, June 1, 2014

RANGO သို့မဟုတ် လူကြီးကာတွန်း

June 23, 2013 at 4:56am


Rango ဆိုလို့ တခြားမဟုတ်ဘူး။ ကာတွန်းဇာတ်ကားနာမည်ပါ။ နယ်နယ်ရရတော့မဟုတ်ဘူး ၂၀၁၁ ခုနှစ်ထဲမှာ တော်တော်ပေါက်သွားတဲ့ဇာတ်ကားပေါ့။ ဒါပေမယ့် တဖက်မှာလည်း တော်တော်ဝေ ဖန်တာခံ လိုက်ရတယ်။ “ဒီဇာတ်ကားကို PG 13 (Parent Guide 13) (၁၈ နှစ်အထက်ပဲ ကြည့်သင့်တယ်) လောက် သတ်မှတ်သင့်တယ်။
အရက်သောက်၊ သေနတ်ပစ်၊ စကားခပ်ကြမ်းကြမ်းပြော၊ ထိုးကြိတ်၊ ပါးရိုက်၊ ဆေးလိပ်သောက်၊ အရုပ်တွေကလည်း အော်ကလီဆန်ပြီး ထိပ်လန့်ဖွယ်ဖြစ်နေတဲ့အတွက် ကလေးတွေအတွက် လုံးဝ မသင့်တော်ဘူး။” လို့ ဝေဖန်ကြပြီး တော်တော် ဂယက်ရိုက်သွားခဲ့တယ်။ PG (for rude humor, language, action and smoking) လို့ သတိပေးထားပြီး PG အဆင့်ကို ထင်ထင်ရှားရှား ဖော်ပြမထားခဲ့လို့ ကိုယ့်သားသမီးတွေကို ပြမိခဲ့တဲ့ မိဘတွေက Online Reviewed တွေမှာ ရှုတ်ချပြီး မေတ္တာပို့ခဲ့ကြတယ်။ Rango နေရာမှာ အသံနဲ့ သရုပ် ဆောင်ပေးခဲ့တဲ့ Johnny Depp လည်း ကောင်းကောင်း “သမ” တာ ခံလိုက်ရတယ်။ တဖက်မှာလည်း ကောင်းတယ် ကြိုက်တယ် စသည်ဖြင့် ချီးကျူးတာတွေလည်း တပုံတပင်ပေါ့လေ။
          ကျနော်လည်း အစကတော့မသိဘူး။ အိမ်ကကောင်ကို ပြပြနေတာ ၄ ခါ ၅ ခါ ရှိပြီ။ ဒီကောင်ကလည်း ကြိုက်ပြီဆို ဒါပဲဆိုတော့ သူပျင်းပျင်းရှိတိုင်း ထိုးထိုးပြနေမိတယ်။ တချို့ Scenes တွေကျရင် ကြောက်တယ်လို့ပြောပြီး ကျနော့်နား ကပ်ကပ်လာတာ အမှုမထားမိဘူး။ အမှုမဲ့ အမှတ်မဲ့ပဲ သူကြောက်တဲ့ Scenes ရောက်ရင် မကြိုက်ဘူးထင်ပြီး ကျနော် ကျော်ပေးလိုက်တယ်။ ဇာတ်ကား ကိုတော့ ဆုံးအောင်ကြည့်တယ်။ ဒါမျိုးခဏခဏ ဖြစ်လာတော့ မဟုတ်ချေသေးဘူး Online Reviewed ကြည့်ဦးမှဆိုတော့ လားလား ဒီလို ၂ နှစ်သား လောက်ကို ဘယ်ပြသင့်လိမ့်မတုန်း ဒီဇာတ်ကား။ နောက်ရှိသေးတယ် Cars 1, Cars 2 မပြတ်တမ်း ကြည့်တယ်။ ဒီဇာတ်ကားတွေက Rating G အဆင့်ပဲ သတ်မှတ်ထားပေမယ့် ခဏခဏကြည့်ပြီး သူ့ကိုယ်သူ Car လို့ ပြောလာတယ်။ ဒါ စံလွဲစိတ်ပညာအရ ပြဿနာရှိလာနိုင်တယ်ထင်လို့ တော်တော်ကြာကြာ မေ့လောက်မှပဲ တခါတလေပြတော့တယ်။ အလွန်အကျွံ ကြည့်ပြီး Crazy ဖြစ်လာတာကြောင့်လည်း ဖြစ်နိုင်တယ်။ သူငယ်ချင်း တစ်ယောက်ကတော့ အကြံပေးတယ်။ တခါကြည့် ၁ နာရီ တစ်ရက် ၂ ခါ ပဲ ပြသင့်ပါတယ်တဲ့။
          Movie Rating တွေနဲ့ပတ်သက်လို့ ကျနော်တို့ မြန်မာတွေအတွက် ဘာသာစကားအကန့်အသတ်ကြောင့် ပြဿနာမရှိနိုင်ပါဘူးလို့ စောဒကတက်နိုင်ပေမယ့် ရုပ်ရှင်ဆိုတာ ဘာသာစကားတစ်ခုတည်းအပေါ် အခြေခံဖန်တီးထားတာမဟုတ်ဘူးဆိုတာတော့ အလေးအနက်ထားဖို့လိုပါတယ်။ ဒီကနေ့ဆိုရင် မြန်မာနိုင်ငံမှာ ၅ ကားပေါင်း ၅၀၀ ကျပ်၊ ၇ ကားပေါင်း ၅၀၀ ကျပ်ဆိုတဲ့ မြန်မာဘာသာပြန်ထားတဲ့ နိုင်ငံခြားဇာတ်ကားခွေတွေကိုလည်း နည်းမျိုးစုံနဲ့ ရောင်းလာကြတာကြောင့် Movie Rating တွေအပေါ် သတိထားရမှာကတော့ လိုကိုလိုအပ်တယ်လို့ ဆိုရပါမယ်။ ကိုယ့်သားသမီးလေးတွေအတွက် နိုင်ငံခြားဇာတ်ကားအခွေဝယ်တဲ့အခါ သူ့တို့အသက်အရွယ်နဲ့ သင့်တော်မယ့် Rating အဆင့်တွေကို ရွေးချယ်ဝယ်ယူဖို့ အထူးသတိချပ်သင့်ပါတယ်။ Movie Rating သတ်မှတ်ချက်တွေကို http://movies.about.com/od/miscellanous/f/film-ratings.htm မှာ လေ့လာနိုင်ပါတယ်။
          ခုနကလို ၅ ကားပေါင်း ၇ ကားပေါင်း ဘာသာပြန်ခွေတွေမှာ Rating အဆင့်ဖော်ပြထားတာ မရှိလို့ ဘယ်လိုလုပ်ရပါ့ဆိုရင်တော့ ကျနော်တို့ အဲဒီဇာတ်ကားတွေထိုင်ကြည့်ပြီး ပြသင့်တဲ့ဇာတ်ကားမှ ကလေးတွေကို ပြပါလို့ပဲ ပြောရတော့မှာပဲ။ ဘာလို့တုန်းဆိုတော့ သက်ဆိုင်ရာတွေက အရေးမှမစိုက် တော့တာကိုး။ မစိုက်ဆို MRTV တို့ MWD တို့လို နိုင်ငံပိုင် မီဒီယာတွေမှာတောင် မိသားစုတစ်စုလုံး အသက်အရွယ်မရွေး ကြည့်ဖို့အဆင်မပြေတဲ့ ကိုရီးယားကားတွေ တရုတ်ဓါးသိုင်းကားတွေ ပြောင်ပြောင်ကြီးလွှင့်ပြနေတာပဲ ကြည့်လေ။ ၁၃ နှစ်သမီးလောက်က ကိုရီးယားတွေ လင်ပြိုင်လုနေတာကို အားကျနေရင် မဟုတ်တော့ဘူးနော့်။ ၁၂ နှစ်သားလောက်က တရုတ်တွေ အပြန်အလှန်လက်စားချေ ဓါးခုတ်ပွဲဆင်နွဲနေတာကိုကြည့်ပြီး သွေးကြွနေရင် ကောင်းသလားဗျာ။ ဘယ်သူမှ သတိထားမိလိမ့် မယ်မထင်ဘူး။ သတိထားမိလည်း ဘယ်မိဘကမှ မတားမိတော့ဘူး ကိုယ်လည်းကြိုက်နေတာကိုး။ သက်ဆိုင်ရာတွေအနေနဲ့ ဘယ်အသက်အရွယ်ကနေ ဘယ်အသက်အရွယ်အတွင်း ကြည့်ရှုရန် မသင့်လို့ စာတမ်းထိုးသတိပေးလိုက်ရင် ဘယ်လောက်များ အခက်အခဲရှိမှာမို့လဲ။
          အကယ်၍များ ခင်ဗျား သားတွေ သမီးတွေ Rango ဇာတ်ကားကိုကြည့်မိပြီး သိပ်ကြိုက်နေရင် နောက် ထပ်ခါထပ်ခါ မပြသင့်ဘူးလို့ အကြံပေးချင်ပါတယ်။ ကာတွန်းကားပဲလေဆိုပြီးတော့ အမှုမဲ့ အမှတ်မဲ့ ကလေးတွေကို မပြပါနဲ့။ ကလေးတွေဟာ ကျနော်တို့အားလုံးရဲ့ အနာဂတ်ပါ။  အကယ်၍ သိပ်ငယ်တဲ့ကလေးတွေ အတွက်ဆိုရင်တော့ Teletubbies (ကလေးတွေအတွက် အင်္ဂလိပ်စာ ဝေါဟာအသစ်တွေတိုးတက်စေတယ်) လင့်ခ်ကတော့ https://www.youtube.com/results?search_query=teletubbies&oq=Tele&gs_l=youtube.3.0.0l10.1759.2749.0.5118.4.4.0.0.0.0.131.454.0j4.4.0...0.0...1ac.1.11.youtube.VecVjWMl0as ပါ။ Tutitu (ရုပ်ပုံတွေနဲ့ ဝေါဟာရတွေကို တွဲစပ်ပေးတယ်) လင့်ခ်ကတော့ https://www.youtube.com/results?search_query=Tutitu&oq=Tutitu&gs_l=youtube.3..0l10.65427.67274.0.67823.6.5.0.1.1.0.192.640.2j3.5.0...0.0...1ac.1.11.youtube.wsdvAXKH_18 ပါ။ Mawa (ကလေးတွေကို ပျော်ရွှင်စေတယ်။ ရုရှားကာတွန်း) လင့်ခ်ကတော့ https://www.youtube.com/results?search_query=Mawa&oq=Mawa&gs_l=youtube.3..0l10.42453.43672.0.44672.4.4.0.0.0.0.192.515.1j3.4.0...0.0...1ac.1.11.youtube.iAGUiPPjuNs ပါ။ နောက် Toy Story 1, 2, 3 နဲ့ Cars 1, 2 တွေပဲပြရင် သူတို့ ဘယ်တော့မှ မရိုးပါ။ Rango ဇာတ်ကားက လူကြီးတွေပဲ ကြည့်သင့်တဲ့ဇာတ်ကား လူကြီးကာတွန်းလို့ပဲ ပြောချင်တယ်။ ဒီကနေ့ မြန်မာပြည်အခြေအနေနဲ့ တော်တော်လေး ဆင်ဆင်တူတဲ့ ဇာတ်ကျောရိုးမို့လို့ပဲဗျ။ အဲဒီအရင် Lion King ဇာတ်ကားတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘ၀ကို ဖော်ညွှန်းထားသလားလို့တောင် အောက်မေ့မိသေးတယ်။
          Rango ကိုကြည့်ချင်ရင်တော့ http://megashare.info/watch-rango-online-TWprMU5BPT0 မှာ သွားကြည့်နိုင်ပါတယ်။ Online အဆင်မပြေရင်တော့ ၅ ကားပေါင်း ၇ ကား ပေါင်း အခွေတွေမှာ ရှာကြည့်နိုင်ပါတယ်။ Rango ကိုကြည့်ပါ လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။ အရသာရှိမှာ အမှန်ပါပဲ။ လူကြီးတွေလည်း ကာတွန်းကား ကြည့်သင့်ပါတယ်ဗျာ ….

မှတ်ချက် ။      ။ Rango ရဲ့ ကိုယ်တစ်ပိုင်းပြတ် ကော်ပတ်ရုပ်မှာ လက်က ညာဖက်ဖြစ်လိုက် နောက်တစ်ခန်းမှာ လက်က ဘယ်ဖက်မှာ စသည်ဖြင့် Wrong Scenes ဖြစ်နေတာကလွဲလို့ တစ်ကားလုံး စွဲဆောင်မှုအပြည့်ရှိပါတယ်။ ဇာတ်ကားအစမှာ သေသေချာချာ သတိထားပြီးကြည့်ပါ။ ဒီ One Wrong Scenes လောက်နဲ့ ဇာတ်ကားတစ်ခုလုံးကို ချာတူးလန်လို့တော့ ဝေဖန်ဖို့ခက်ပါလိမ့်မယ်။ နောက်ပြီးဇာတ်ကားတစ်ခုလုံးမှာ စွမ်းအားရှင်တို့ ခရိုနီတို့ ဦးပိုင်တို့ CPI တို့ကို လိုက်ရှာကြည့်။ ပျော်စရာကြီးဗျ။ နောက်တခါထပ်ပြောချင်တယ်။ လူကြီးလည်း ကာတွန်းကားတွေ ကြည့်သင့်ပါ တယ်ဗျာ ….

ကိုဇင်
၂၀၁၃ ခုနှစ် ဇွန်လ ၂၃ ရက်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...