Monday, June 2, 2014

"ပုဒ်မ ၄၃၆ ၊ စိုင်းစိုင်းခမ်းလှိုင် နှင့် ဒီမိုကရေစီ"


မြန်မာတွေဟာ ဒီမိုကရေစီကို ကမူးရှုးထိုးလိုချင်တာကလွဲပြီး တည်တည်ငြိမ်ငြိမ် ကျင့်သုံးဖို့ကို ခုထိမကြိုးစားနိုင်ကြသေးတာ ဝမ်းနည်းစရာပါဘဲ။
ပုဒ်မ ၄၃၆ ပြင်ဆင်ခြင်း လက်မှတ်ရေးထိုးတဲ့ကိစ္စနဲ့ ပါတ်သက်ပြီး မြန်မာတွေရဲ့ စိတ်ဓါတ်တွေထဲက အနက်ရောင်တွေကို တော်တော်လေးတွေ့လိုက်ရပါတယ်။

ဦးစွာ အသိပေးလိုတာနှစ်ချက်က ...
(၁) ကျွန်တော်ဟာ စိုင်းစိုင်းခမ်းလှိုင် နဲ့ လူချင်းလဲ မသိသလို သူ့ သီချင်းတွေဟာ ကျွန်တော် နှစ်သက်တဲ့ အမျိုးအစား မဟုတ်လို့ သေချာတောင် နားမထောင်ဖူးပါဘူး။
(၂) ဒီ ပုဒ်မ ၄၃၆ ပြင်ဆင်ခြင်း လှုပ်ရှားမှုကို ကျွန်တော်လဲ ၁၀၀% ထောက်ခံပါတယ်။
ကျွန်တော့်မှာ ဘာမှ ကြီးကြီးကျယ်ကျယ် ထူးထူးခြားခြား အကြောင်းပြချက်တွေတော့ မရှိပါဘူး။
ဥပဒေ အဟောင်းထဲက ဒီပုဒ်မဟာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်နိုင်အောင် တမင်ရည်ရွယ်ရေးဆွဲခဲ့တယ်ဆိုတာ ထင်ရှားတာမို့ သူမ ချစ်တဲ့ တိုင်းပြည်အတွက် အနစ်နာအရမ်းခံခဲ့ရတဲ့ အမျိုးသမီးတစ်ယောက်အတွက် မတရားဘူးလို့ ယုံကြည်တဲ့အတွက် ဒါကို ပြန်ပြင်ပေးစေချင်တာပါ။
ဒါပေမယ့် လူတိုင်း အဲ့ဒိလို တစ်သွေမတိမ်း လက်ခံရမယ်။
ကျွန်တော့်လို အများကပါ မုချ လိုက်ကိုလုပ်ရမယ်ဆိုတာမျိုးကတော့ အဓိပ္ပါယ်မရှိဘူးလို့ ထင်ပါတယ်။
ဒီမိုကရေစီ ရဲ့ အရိုးရှင်းဆုံး မူဝါဒ ကိုက ..
(Agree To Disagree = သဘောကွဲလွဲခွင့်ကို သဘောတူခြင်း) ဆိုတာပါဘဲ။
လူသားတိုင်းမှာ အများစုအတွက် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ သူ့ရင်ထဲက ရွေးချယ်မှုတိုင်းကို သူ့ဖာသာ လွတ်လပ်စွာ ဆုံးဖြတ်နိုင်ခွင့်ရှိပါတယ်။
ဒါကြောင့်ဘဲ မဲပေးတဲ့ စနစ်ဆိုတာ ဗုဒ္ဓ ဘုရားရှင်လက်ထက်ကထဲတောင် သံဃာတွေကြားမှာ ရှိခဲ့တာပါ။
အဲ့ဒိလို မဟုတ်ဘဲ ကိုယ်လိုချင်တဲ့ ရလာဒ်ကို မပေးနိုင်တဲ့ ..
ကိုယ့်အလိုလိုက်ပြီး ကိုယ့်ဖက်က မဆုံးဖြတ် မရပ်တည်တဲ့ .. သူတိုင်းကို ..
ကိုယ်နဲ့ စိတ်ချင်းတူသူတွေချင်း အုပ်စုဖွဲ့ပြီး ရန်သူလို ဝိုင်းတိုက်ခိုက်တာဟာ အာဏာရှင်စနစ်စစ်စစ်သာဖြစ်ပါတယ်။
အထူးသဖြင့် အများကအာရုံစိုက်တာခံရတဲ့ အနုပညာသမားတွေကို ပြည်သူနဲ့ ရန်တိုက်ပေးသလိုလုပ်ပြီး လက်မှတ်လေးတစ်ခု အတွက် ဝိုင်းဖိအားပေး အနိုင်ကျင့်တာဟာ သိပ်ကလေးဆန်တဲ့ ကြီးနိုင်ငယ်ညှင်း အပြုအမူသာဖြစ်ပါတယ်။
အမေစု ဟာ ဒီလို ရင်ထဲကလာတာမဟုတ်ဘဲ ဖိအားကြောင့် ထိုးပေးခဲ့ရတဲ့ လက်မှတ်မျိုးကို သူမ အသက်ရှိသရွေ့ဘယ်တော့မှ လက်ခံမှာ မဟုတ်တဲ့ နိုင်ငံရေးမာန အပြည့်ရှိတဲ့ အမျိုးသမီး ဆိုတဲ့ ဂုဏ်သိက္ခာကိုလဲ ထိပါးရာရောက်ပါတယ်။
တစ်ဖက်ကတွေးကြည့်ရင်လဲ သူတစ်ပါးရင်ထဲက အလိုအလျောက် ဖြစ်တည်လာတာမဟုတ်ဘဲ တစ်ဖက်သပ်ဖိအားကြောင့် ဆုံးဖြတ်ချက်တိုင်းဟာ ဘယ်တော့မှ တန်ဖိုးမရှိသလို မလိုလားသင့်ပါဘူး။
မိမိကို ချစ်လို့မဟုတ်ဘဲ မိဘက ဇွတ်အတင်းပေးစားတဲ့ အိမ်ထောင်ကိုယူထားရသလို ထာဝရ သံသယအရောင်တွေနဲ့ စွန်းထင်းနေမယ်ဆိုတာ နားလည်သင့်ပါတယ်။
အနုပညာသမား နိုင်ငံရေးသမား တွေတိုင်းမှာ (Public Relations = အများပြည်သူနှင့် ဆက်ဆံရေး) ဆိုတဲ့ စစ်အစိုးရရဲ့ ပြောင်းဝတွေ ထောင်နံရံတွေလို မျက်ဝါးထင်ထင် မမြင်ရပေမယ့် အင်မတန်ကြီးမားတဲ့ လူမှုရေးဖိအား တစ်ခုရှိပါတယ်။
ဒါကို နားလည်ပေးဖို့က သိပ်အရေးကြီးပါတယ်။
အခု စိုင်းစိုင်းခမ်းလှိုင်ကို ဝိုင်းထောပနာပြုပြီး အဖက်ဖက်က ဖိအားပေးလိုက်ကြလို့ ပြည်သူတွေရဲ့ လက်မှတ်စာအုပ်ထဲမှာ စိုင်းစိုင်းခမ်းလှိုင်ရဲ့ လက်မှတ် တစ်ခုတိုးလာတာကို ပြည်သူတွေရဲ့ အောင်နိုင်ခြင်းလို့ ထင်နေကြရင် အင်မတန်မှားယွင်းပါတယ်။
စာအုပ်ထဲမှာ လောလောဆယ် တိုးလာတာက စိုင်းစိုင်းခမ်းလှိုင်ရဲ့ လက်မှတ်တစ်ခုထဲပါ။
ဒါပေမယ့် စိုင်းစိုင်းခမ်းလှိုင်ကို သည်းသည်းလှုပ်အားပေးနေကြတဲ့ ပရိသတ် အများစုဟာ ဆယ်ကျော်သက်တွေအပါအဝင် အသက် ၂၀ နဲ့ ၃၅ နှစ် ကြား သန်းနဲ့ချီတဲ့ လူငယ် လူလတ်ပိုင်းတွေဖြစ်ပါတယ်။
နိုင်ငံတိုင်းရဲ့ အနာဂါတ်ဆိုတာ ထိုနိုင်ငံက ကလေးတွေရဲ့ ပညာရေး နဲ့ နိုင်ငံရေးကို သိနားလည်ယုံကြည်မှု အပေါ်မှာ တည်နေတယ်ဆိုတာဘယ်လောက်အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အခွင့်သင့်တိုင်း မကြာခဏပြောဆိုဆုံးမနေတာတွေဟာ အကြောင်းမဲ့ မဟုတ်ပါဘူး။
အထူးသဖြင့် ယနေ့ဆယ်ကျော်သက် မြန်မာမျိုးဆက်သစ် အများစုတွေဟာ နိုင်ငံရေးဆိုတာကို စစ်အစိုးရကျေးဇူးကြောင့် တစ်ကယ့်ကို ပကတိ ရိုးသားစွာ နားလဲမလည် စိတ်လဲ မဝင်စားကြဘူးဆိုတာကို အမြဲ သိနားလည် သတိရှိထားဖို့ အရမ်းလိုအပ်ပါတယ်။
ကလေးတွေရဲ့ စိတ်ဟာ ရှင်းသန့်နေသလို အမှတ်အသားလဲ အရမ်းကြီးပါတယ်။
ခုလို သူတို့ ချစ်တဲ့ အနုပညာသမားတစ်ယောက်ကို Social Media တွေမှာ နိုင်ငံရေးသမားဆိုသူတွေက ဝိုင်းတိုက်ခိုက်တာကိုတွေ့မြင်နေလို့ မခံချင်ဖြစ်ပြီး နိုင်ငံရေးသမား နိုင်ငံရေးလောက ဆိုတာကြီးကို ခုအရွယ်ထဲက အမြင်ကပ်တဲ့စိတ်ဝင်သွားတဲ့ ကလေးတွေဟာ အနာဂါတ်မြန်မာ့နိုင်ငံရေးမှာ အတိုက်အခံဖက်က ဘယ်တော့မှ ရပ်တည်ကြတော့မှာ မဟုတ်ပါဘူး။
အဲ့ဒိတော့ သေချာတွေးကြည့်ရင် လက်မှတ်လေးတစ်ခုတိုးလာဖို့ ဖိအားပေးလိုက်မိလို့ ဆုံးရှုံးသွားတဲ့ မမြင်ရသေးတဲ့ လူငယ်တွေရဲ့ လက်မှတ်တွေဟာ သန်းနဲ့ချီသွားနိုင်တယ်ဆိုတာ တွေးတတ်မြင်တတ်ဖို့ အရမ်းအရေးကြီးပါတယ်။
ဘာမဟုတ်တဲ့ လက်မှတ်လေးတစ်ခုထဲအတွက် ရင်းနှီးလိုက်ရတဲ့ ပစ္စုပ္ပန် နဲ့ အနာဂါတ်ထဲက လူငယ်တွေဆီက နိုင်ငံရေး ဆုံးရှုံးမှုဟာ သင်မမြင်နိုင်ပေမယ့် အတိုင်းအဆမဲ့ ကြီးမားသွားပါပြီ။
သိပ်သိမ်မွေ့ပေမယ့် အရမ်းခက်ခဲနက်နဲတဲ့ လူမှုရေးစိတ်ပညာကို မကျွမ်းကျင်ဘဲ နိုင်ငံရေးလုပ်လို့မရပါဘူး။
ဒါကြောင့် နိုင်ငံတစ်ကာက အောင်မြင်နေတဲ့ ပညာတတ် နိုင်ငံရေးသမားတွေတိုင်းဟာ လူကြိုက်များတဲ့ အနုပညာသည် (Celebrities/Artists) တွေ ၊ လူသိများထင်ရှားကျော်ကြားသူ (Public Figure) တွေနဲ့ ထိပ်တိုက် အခြေအတင်ရန်ဖြစ်တာမျိုး ကို လုံးဝ သတိထားရှောင်ရှားကြပါတယ်။
သိပ်စိတ်ဆိုးဒေါသထွက်နေကြချိန်မှာတောင် လူရှေ့မှာ အပြုံးမပျက် ပုခုံးဖက် နေနိုင်အောင် နေတတ်အောင် ပြင်ဆင်လေ့ကျင့်ထားကြရပါတယ်။
ဒါဟာ လူမှုရေးသိပ္ပံ နဲ့ နိုင်ငံရေးသိပ္ပံ မှာ အရေးအကြီးဆုံးနဲ့ မရှိမဖြစ် လိုအပ်တဲ့ အရည်အချင်းတစ်ခုပါဘဲ။
ထပ်ပြောပါရစေ ...
လူမှုရေး ကို မကျွမ်းကျင်ဘဲ နိုင်ငံရေး ကို ကမူးရှုးထိုး စိတ်လိုက်မာန်ပါ မလုပ်ကြပါနဲ့ ...
ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး ...
ထာဝရမေတ္တာဖြင့်
မျိုးချစ်မြန်မာ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...