" ဆြာမာ နှင့် လက်မှတ်ထိုး နိုင်ငံရေး. . ."
အခုတလော လက်မှတ်ထိုးသည့်ကိစ္စတွေ တအားခေတ်စားနေသည် ။ ဟိုအဖွဲ့ကလည်း
လက်မှတ်လိုက်ကောက်ခံ ။ ဒီအဖွဲ့ကလည်း လက်မှတ်ကောက်ခံ နှင့် ဆြာမာအတွက်
သိပ်ဟန်ကျသည် ။ ဆြာမာ က ရပ်ကွက်ထဲမှာ သိပ်လူရာဝင်သည့်ကောင်မဟုတ် ။ မိုး
လင်းမိုးချုပ် တရုတ်ကြီးဘီအီးဆိုင်မှာ ခေါင်းစိုက်နေသည့် ငနဲ့ ။
အရင်အစိုးရခေတ်က
တော့ ဆြာမာ့ကို ဘယ်သူမှ လူရာမသွင်း ။ လူရာဝင်ချင်၍ စွမ်းအားရှင်လုပ်ပါရစေဆို
သည်ကိုပင် ၀ါးရင်းဒုတ် ကိုနိုင်မည်ကောင်မဟုတ်ဟု ဆိုကာ ရာအိမ်မှူးများက ပယ်ချ
ခဲ့၍ ဘီအီးတစ်ပိုင်းသောက်ကာ ခံပြင်းခဲ့ရသည် ။
ယခုတော့ ခေတ်ပြောင်းသွားပြီ ။ ဒီမိုကရေစီခေတ်ကိုရောက်ပြီ ။ ဆြာမာလည်း ဒီမိုကရေစီ
နိုင်ငံသားကြီးတစ်ယောက်ဖြစ်လာပြီ ။ ဆြာမာ သိပ်သဘောကျသည် ။ အခုပဲကြည့် မျိုးစောင့်
ဥပဒေအတွက်ဟု ဆိုကာ ဆြာမာတစ်ယောက် လူလူသူသူ လက်မှတ်ကြီး ထိုးခဲ့သည် ။ အမှန်က
အမျိုးစောင့်ဥပဒေဆိုသည်မှာ ဖြူလားမဲလား ဆြာမာမသိ ။ လမ်းထိပ်က ကွမ်းယာရောင်းသော
မသိန်းတင် နှင့် အမဲသားရောင်းသော မာမွတ်ဘိုင် တို့ နှစ်ယောက်တွဲနေတာကို
ဆြာမာသိပ်ကြည့်မရ ။ မသိန်းတင်ကို ဆြာမာ ချိန်နေတာကြာပြီ ၊ ဒါကို ကြားထဲက မာမွတ်ဘိုင်ကလာရှုပ်နေသည် ။
ဆြာမာသိသည့် အမျိုးစောင့်ဥပဒေဆိုသည် မှာ မာမွတ်ဘိုင်နှင့်
မသိန်းတင်တို့နှစ်ယောက် မညားရေးပင်ဖြစ်သည် ။ ဒါကြောင့်အမျိုးစောင့်ဥပဒေကို
ဆြာမာမိန့်မိန့်ကြီးလက်မှတ်ထိုးခဲ့သည်။အင်မတန်ထိရောက်ပါသည် ၊ အမျိုးစောင့်ဥပဒေတင်လိုက်သည့်နောက်ပိုင်းမာမွတ်ဘိုင်နှင့် မသိန်းတင်
တို့ ခပ်တန်းတန်းဖြစ်သွားသည် ။
အခု နောက်တစ်ယောက်လာရှုပ်ပြန်သည် ။ ဘီအီးဆိုင်ပိုင်ရှင် တရုတ်ကြီး က
မသိန်းတင်ကို ရိသဲ့သဲ့လုပ်နေပြန်သည် ။ ဟိုနေ့ကတော့ ဆြာမာ ဘီအီးကစ်ရင်း တရုတ်ကြီးကို
ခနဲ့လိုက်သေးသည် ။ တရုတ်ကီး အမျိုးစောင့်ဥပဒေကို သိတယ်နော် ။ ဆြာမာ ဘာကိုဆိုလိုသည်ကိုတရုတ်ကြီးသဘောပေါက်သည် ။
တရုတ်ကြီးက ရူးသလိုလို ပေါသလိုလို နှင့်ပြန်ဖြေသည် ။ ၀ တိတယ်လေ ၊
အမိုးစောင့် ဥဘီဒေ က ၀ တို့နဲ့မီဆိုင်ဖူးလေ ၊ အာ့လာ မာမွတ်ဘိုင် တို့လဲ့ပဲ ဆိုင်ထှာလေ ။
ဆြာမာလည်းအသေအချာ မသိသည့်အတွက် ဘာမှ မပြောသာတော့ ။ သိပ်မကြာ . . . အမျိုးစောင့် ဥပဒေကိုကန့်ကွက်ပါသည်ဟုဆိုပြီး
ရပ်ကွက်ထဲမှ မိန်းမလျှာအဖွဲ့တစ်ဖွဲ့မှ လက်မှတ်လာထိုးခိုင်းပြန်သည် ။
သူတို့ မိန်းမလျှာအခွင့်အရေးကိုထိခိုက်စေသည်ဟု ဆိုသည် ။ သူတို့ဟာသူတို့ မာမွတ်နဲ့ပဲ အိပ်အိပ် ၊ကြင်ဟုတ် နဲ့ပဲ အိပ်အိပ် ၊မစ္စတာ ဘိန်း နဲ့ပဲ အိပ်အိပ် တားမြစ်စရာမလို ဟု ထိုအဖွဲ့ကဆိုသည် ။ မျိုးစောင့်ဥပဒေထဲတွင် မိန်းမလျှာမပါဟုထင်မိသော်လည်း
ဆြာမာလည်း သေသေချာချာမသိ ၊ ဘာပဲ ဖြစ်ဖြစ် လက်မှတ်ထိုးလျှင် လူရာဝင်သောကြောင့်ထိုးပေးလိုက်ပြန်သည် ။
ဒီနောက်တော့ ဆြာမာသိပ်လက်မှတ်ထိုးရသည် ။ ဟိုဟာကို ထောက်ခံတဲ့ လက်မှတ် ၊ ဒီဟာကိုကန့်ကွက်တဲ့လက်မှတ် ။ ဟိုလက်မှတ် ၊ ဒီလက်မှတ် စသဖြင့် သိပ်လူရာဝင်သည် ။ တခါတလေတဖက်က ထောက်ခံထားပြီးသားကို ၊ တဖက်က ပြန်ကန့်ကွက်လက်မှတ်ထိုးပေးရသည့်အထိ
ဖြစ်လာသည် ။ ဆြာမာ နည်းနည်းတော့မာန်တက်လာသည် ။ ငါ့လက်မှတ်တစ်ခုက နိုင်ငံရေး
လောကမှာ တော်တော်အရေးပါလာပြီ ဟုလည်းတွေးမိသည် ။ အခုတလော ဘီအီးမူးပြီး ရပ်ကွက်ထဲ အော်ဆဲရင်တောင် အရင်လို ငါ နဲ့ဖေနဲ့ကိုင်မတုတ်တော့ ။ ဆြာမာကွ . . . ဘယ်ဥပဒေကိုထောက်ခံလက်မှတ်ထိုးထားတဲ့ကောင်ကွ ။ ဘယ်ဥပဒေကို ကန့်ကွက်လက်မှတ်ထိုးထားတဲ့ကောင်ကွ ။ ငါ့ကို ဘာကောင်မှတ်လဲ စသည်ဖြင့် အော်တတ်လာသည် ။
အခုတလော ဥပဒေစာအုပ်ကြီးပြင်မည့် ၄၃၆ ပုဒ်မ ကို တပြည်လုံးအတိုင်းအတာဖြင့်
လက်မှတ်ထိုးကြမည်ဟု ဆိုသည် ။ ရုပ်ရှင်မင်းသား မင်းသမီး ၊ ကဗျာဆရာတွေ ကအစ အဆိုတော်နာမည်ကြီးတွေအဆုံး လက်မှတ်ထိုးနေကြသည်ကို မြင်ရသည်
။သူများတွေလက်မှတ်ထိုးကြတာကိုမြင်တော့ဆြာမာလည်းလက်မှတ်ထိုးချင်သည် ။
သို့သော်လက်မှတ်ကို ချက်ချင်းလက်ငင်း သွားပြီးထိုးလိုက်၍ မဖြစ် ။
ထိုသို့ထိုးခြင်းက လက်မှတ်ဈေးကျစေ၏ ။ ထိုကြောင့် အိုက်တင်ခံရသည် ။ ထိုကြောင့် တဲ ရှေ့ မှာ ကျောက်သင်ပုန်းထောင်ပစ်လိုက်သည် ။
ဆြာမာဟာ ကိုယ့် အရက် ကို ကိုယ်သောက်ဖို့လောက်ပဲ တတ်နိုင်ပါတယ် ။ သူများတကာကို
အရက်တိုက်ဖို့တော့မတတ်နိုင်ပါ ။ ဒါဟာ ဆြာမာရဲ့ဘ၀ပေး တတ်နိုင်သမျှ နိုင်ငံရေးပါပဲ ။
ထိုအခါ ဘာကိစ္စဖြစ်ဖြစ် ဆြာမာ နှင့် အတူတူ မူးမူးနှင့်လက်မှတ်ဇွတ်ထိုးခဲ့ကြသော ချက်ကီသမားကိုသံချောင်းနှင့် ဘီအီးသမားကိုကိုမောင် တို့က ဆြာမာ့ကိုရှုံ့ချကြကုန်သည် ။ အာဏာရှင်လိုလားသူ ၊ အပြောင်းအလဲ မလိုချင်သူ ။ အချောင်သမား စသည်ဖြင့် ကဲ့ရဲ့ကြကုန်ရာတရပ်ကွက်လုံးသိကုန်သည် ။ တရပ်ကွက်လုံး စိတ်ဝင်စားပြီးသည့်အချိန်တွင်မှ ဆြာမာတစ်ယောက်ခပ်မိန့်မိန့်ကြီးဖြင့် လက်မှတ်ထိုးရာ ဌာနသို့ဝင်ကာ လက်မှတ်ထိုးပစ်လိုက်သည် ။
တရပ်ကွက်လုံးက ဆြာမာ့ကိုသြဘာ ပေးကြသည် ။ အမြင်မှန် ရသွားပြီဟုဆိုသည် ။ ဘီအီးဆိုင်ရှင်တရုတ်ကြီးတောင် ထိုနေ့က ဆြာမာကို ဘီအီတစ်လုံး ဖရီးတိုက်သေးသည် ။ ဆြာမာ အခု လက်ရှိဖြစ်နေသော လက်မှတ်ထိုးနိုင်ငံရေးကို သိပ်သဘောကျပါသည် ။ ဘယ်သူ ဘယ်လက်မှတ်ထိုးခိုင်းခိုင်း ဆြာမာလက်မှတ်ထိုးနေ
ဦးမည် ။ ခေတ်ကို က လက်မှတ်ထိုးမှ လူရာဝင်သည့် ခေတ်မဟုတ်လား အရပ်ကတို့ ။
အမှားပါရှိတောင်းပန်ပါ၏ ပရိတ်သတ် ။
ဆြာမာ ( သံချောင်းပါတီ )
0 comments:
Post a Comment