Tuesday, June 10, 2014

အ၀တ်မပါဘဲ လှန်းထားမိသော ချိတ်များ

ဗိုလ် နင့် June 9, 2014 at 1:10am
၁။
ရန်ကုန်မြို့၏ တစ်နေရာတွင် ကျွန်တော် ဒညင်းသီး စားနေသည်။ ဒညင်းသီးဆိုသည်မှာ စားစရာ ဖြစ်သည်။ ထို့အတူ ဒူးရင်းသီးသည်လည်း စားစရာ တစ်ခုဖြစ်သည်။ သို့သော် ကျွန်တော် ဒူးရင်းသီး မစားပါ။ ကျွန်တော် မကြိုက်၍ ဖြစ်သည်။ ကျွန်တော်ဟူသော လူသည် ဒညင်းသီးဟူသော စားစရာအား ရန်ကုန်ဟူသော နေရာဒေသ တစ်ခုတွင် စားနေသည်။

ဒညင်းစားရင်းဖြင့် ကျွန်တော်သည် သူမကို ချစ်လျက်ရှိသည်။ သို့သော် ဒညင်းသီးမစားလျှင်လည်း သူမကို ချစ်လျက်ပင် ရှိ၏။ သူမဆိုသည်မှာ မမိုးစွေဖြစ်သည်။ မမိုးစွေသည် မိုးစွေလမ်းတွင် နေထိုင်သည်။ မမိုးစွေသည် အဓိပတိ ဘက်စ်ကားအား မိုးစွေ မှတ်တိုင်မှ စတင်စီးသည်။ မိုးစွေ မှတ်တိုင်ဆိုသည်မှာ မိုးစွေ လမ်းထိပ်ကို ဆိုလိုရင်းဖြစ်ပြီး မိုးစွေလမ်းဆိုသည်မှာ တောင်ဥက္ကလာပတွင် တည်ရှိပါသည်။ မမိုးစွေသည် ဦးမိုးစွေ၏ သမီးမဟုတ်ပါ။ ဦးမိုးစွေဆိုသူသည် သာကေတတွင် ကားကူရှင် ပြင်သူဖြစ်သည်။

၂။
ယခုအခါတွင် ကျွန်တော်သည် ဒညင်းသီး မစားတော့ဘဲ စက်ဘီးတစ်စင်းကို နင်းနေသည်။ စက်ဘီးဆိုသည်မှာ စက်ပစ္စည်းမပါသော ယာဉ်ဖြစ်သည်။ ဆိုက်ကားသည်လည်း စက်ပစ္စည်းမပါသော ယာဉ်ဖြစ်၏။ သို့သော် ကျွန်တော်သည် ဆိုက်ကားမနင်းပါ။ ဆိုက်ကားနင်းသူသည် ဦးမောင်အေး ဖြစ်သည်။ ဦးမောင်အေးဆိုသူမှာ ယုဇနဥယျာဉ်မြို့တော်တွင် ဆိုက်ကားနင်းသူ ဖြစ်သည်။ ကျွန်တော်ဆိုသူမှာ ယုဇနဥယျာဉ်မြို့တော်တွင် စက်ဘီးနင်းသူဖြစ်သည်။ သို့သော် ထိုစက်ဘီးသည် ကျွန်တော့် စက်ဘီးမဟုတ်ပါ။
ထိုစက်ဘီးသည် ကိုလပြည့်၏ စက်ဘီးဖြစ်သည်။ ကိုလပြည့်သည် လမ်း (၅၀) တွင် အလုပ်လုပ်ပြီး ယုဇနတွင် နေထိုင်သူဖြစ်သည်။ သို့သော် ထိုစက်ဘီးကို ကျွန်တော့်အား ပေးသူမှာ ကိုလပြည့်မဟုတ်ပါ။ မမိုးစွေလည်း မဟုတ်ပါ။ ကိုလပြည့်သည် မမိုးစွေကို မသိပါ။ မမြင်ဖူးပါ။ ကြားတောင် ကြားဖူးမည် မထင်ပါ။ ထိုစက်ဘီးကို ပေးသူမှာ ဦးချစ်မွှေးဖြစ်သည်။

၃။
ဦးချစ်မွှေးသည် ကြက်ဥကြော်တတ်သည်။ ဖက်ထုပ်ကြော်တတ်သည်။ ထို့အပြင် ယိုးဒယားဟင်းချို လုပ်တတ်သည်။ ဦးချစ်မွှေးသည် တစ်ရက်ကို ကြက်ဥ အလုံး (၃၀) လောက် ကြော်သူ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဦးချစ်မွှေးသည် အရက်ဆိုင်ဖွင့် ထားသောကြောင့် ဖြစ်သည်။ ဦးချစ်မွှေး၏ အရက်ဆိုင်နာမည်မှာ Ever ဖြစ်ပြီး သူ့အရက်ဆိုင်တွင် Ever သောက်သုံးသူမှာ မျိုးကြီးဖြစ်သည်။ မျိုးကြီးသည် Iron Cross မှ အဆိုတော် မဟုတ်ပါ။ အရက်သမား မျိုးကြီးဖြစ်သည်။
အရက်သမား မျိုးကြီးသည် အိမ်လိုချင်သည်ဟု ပြောသည်။ အိမ်ဆိုသည်မှာ တိုက်ခန်းမဟုတ်ကြောင်းလည်း ထပ်ပြောသေး၏။ ထို့နောက် ခြံဝန်းလေးနှင့် လုံးချင်း အိမ်လေးဖြစ်ဖြစ် ပိုင်ချင်သည်ဟု ထပ်မံ၍ ရှင်းပြသည်။ သူရှင်းပြနေသည်ကို နားထောင်နေရသူမှာ ကျွန်တော်နှင့် ကိုလပြည့် ဖြစ်သည်။ ကိုလပြည့်သည် လမ်း (၅၀) အလုပ်မှ ယုဇနသို့ ပြန်ရောက်နေခြင်း ဖြစ်သည်။

၎။
အရက်သမား မျိုးကြီးသည် အိမ်လိုချင်သော်လည်း ကိုလပြည့်သည် အိမ်မလိုချင်ပါ။ ကိုလပြည့် လိုချင်သည်မှာ ခိုင်မွန်ဖြစ်သည်။ ခိုင်မွန်ဆိုသူမှာ မမိုးစွေမဟုတ်ပါ။ မမိုးစွေသည် တောင်ဥက္ကလာပတွင် ဘက်စ်ကား စီးနေသူ ဖြစ်သည်။ ခိုင်မွန်ဆိုသူမှာ အသားဖြူသော မိန်းခလေးတစ်ဦးဖြစ်သည်။ အသားဖြူသောကြောင့် ၀တ်မှုံရွှေရည်ဟု ထင်မှတ်မှားနိုင်၏။ ၀တ်မှုံရွှေရည်သည် မင်းသမီးတစ်ဦးဖြစ်၍ ခိုင်မွန်ကတော့ အထည်ချုပ်စက်ရုံမှ အလုပ်သမလေး တစ်ဦးသာ ဖြစ်ပေသည်။
ကိုလပြည့်သည် ခိုင်မွန်ကို ချစ်သည်။ ကျွန်တော်သည် ခိုင်မွန့်ကို ဖုန်းဆက်၍ စိတ်ဝင်စားကြောင်း ပြောလိုက်သည်။ သို့သော် ကျွန်တော့် နာမည်သည် ကိုလပြည့်ဟု ခိုင်မွန့်ကို လိမ်ညာခဲ့၏။ ကိုလပြည့်သည် သူ့အသက်ကို (၂၃) နှစ်ဟု ခဏတိုင်းပြောလေ့ရှိသော အသက် (၃၂) နှစ်အရွယ် လူပျိုကြီး ဖြစ်လေသည်။ ကိုလပြည့်သည် သရဲကြောက်တတ်သည်။ အရက်သမားမျိုးကြီးသည်လည်း သရဲ ကြောက်တတ်သည်။ ခိုင်မွန်ကတော့ သရဲ ကြောက်တတ်လား ကျွန်တော်မသိပါ။ ကျွန်တော်နှင့် ဦးချစ်မွှေးကတော့ သရဲ မကြောက်တတ်ကြပါ။

၅။
အရက်သမား မျိုးကြီးသည် (၃၂) နှစ်အရွယ် လူပျိုကြီး ကိုလပြည့်အား ခိုင်မွန်ကို ရည်းစားစကား အတင်း ပြောခိုင်းသည်။ လောင်ချင်နေသော မီးပမာ ရှိသည့် ကိုလပြည့်အား အရက်သမား မျိုးကြီးက ဂက်စ်သဖွယ် မြှောက်ပေးခြင်း ဖြစ်သည်။ ထို့အတူ အရက်ဆိုင် ပိုင်ရှင် ဦးချစ်မွှေးသည်လည်း ရေနံဆီလောက်တော့ မြှောက်ပေးတတ်လေသည်။
ထို့ကြောင့် ကိုလပြည့်သည် ခိုင်မွန့်ထံ ဖုန်းဆက်၏။ ခိုင်မွန်သည် ကိုလပြည့်အား မသိပါ။ ခိုင်မွန်သည် မည်သူမည်ဝါနှင့် လူချင်းတွေ့မည် ပြောသောအခါ ကိုလပြည့်သည် ကြောက်ဒူးများတုန်၍ ထွက်ပြေးသွားသည်။ နောက်ရက်များတွင် ခိုင်မွန်သည် ကိုလပြည့် ဖုန်းအား မကိုင်တော့ပါ။

၆။
သံလျင်တံတား အမှတ် (၂) တွင် လမင်းကြီး ၀င်းပစွာ တောက်ပနေခဲ့၏။ သံလျင်တံတား အမှတ် (၂) ဆိုသည်မှာ ယုဇနဥယျာဉ်မြို့တော်နှင့် နီးကပ်စွာ တည်ရှိ၍ မမိုးစွေနေသော တောင်ဥက္ကလာပနှင့် အတော်အတန် ဝေးကွာစွာ တည်ရှိလေသည်။ ထိုတံတားပေါ်တွင် လူလေးဦး ဂစ်တာတီးခဲ့ကြသည်။ ထိုလေးဦးမှ ဂစ်တာတီးသူမှာ ကျွန်တော် မဟုတ်၊ ကိုလပြည့်မဟုတ်၊ မျိုးကြီး မဟုတ်သလို ဦးချစ်မွှေးလည်း မဟုတ်ခဲ့ပါ။
ထို ဂစ်တာကို တီးခတ်ပေးသူမှာ မြင့်နိုင်ဖြစ်သည်။ မြင့်နိုင်သည် မင်္ဂလာတောင်ညွှန့်တွင် နေထိုင်သူ ဖြစ်သည်။ မင်္ဂလာတောင်ညွှန့်မှ ယုဇနသို့ မြင့်နိုင်အား ခေါ်ဆောင်လာသူမှာ ကျွန်တော် ဖြစ်၏။ မြင့်နိုင်သည် တံတားပေါ်တွင် ထိုင်၍ ဂစ်တာကို တီးသည်။ သူတီးသော ဂစ်တာမှာ ကျွန်တော့်ဂစ်တာ ဖြစ်၍ စက်ဘီးကတော့ ကိုလပြည့် စက်ဘီးသာ ဖြစ်သည်။
မင်္ဂလာတောင်ညွှန့်မှ ယုဇနသို့ ရောက်လာသော မြင့်နိုင်သည် ၂၀၀၄ ခုနှစ်တွင် ဆုံးပါးသွားသော ထူးအိမ်သင်၏ သီချင်းများကို တီးခတ်ခဲ့သည်။

၇။

“ဂျက်ပ်စင်ထိပ်က လရိပ်လေးပြာရယ် … (လွမ်းမိတယ်)
အဆောင်သူလေးကို ကြိတ်မှိတ် …………”
သီချင်းသံများသည် သံလျင်တံတား အမှတ် (၂) အပေါ်သို့ ပျံလွှင့်ကာ ပျောက်ကွယ်သွားသည်။ ကျွန်တော်သည် အိမ်လိုချင်နေသော မျိုးကြီးနှင့် ခိုင်မွန်ကို ချစ်နေသော ကိုလပြည့်အား နောက်ရက်တွင် ယုဇနမှ အိမ်ပြောင်းတော့မည်ဟု နှုတ်ဆက်သည်။
နောက်ရက်များတွင် အရက်သမား မျိုးကြီးသည် ဦးချစ်မွှေးဆိုင်မှာ အရက်ထိုင်သောက်နေနိုင်ပြီး လူပျိုကြီးကိုလပြည့်သည် လမ်း (၅၀) သို့ အလုပ်သွားလုပ်နိုင်သည်။ ထို့အတူ ဂစ်တာလာတီးသော မြင့်နိုင်သည် မင်္ဂလာတောင်ညွှန့်သို့ ပြန်၍ ကျွန်တော်သည် မမိုးစွေနှင့် နီးသော သင်္ကန်းကျွန်း စံပြဈေးသို့ ပြောင်းရမည် ဖြစ်သည်။
ကိုလပြည့်သည် ရုတ်တရက် ဖိနပ် နှစ်ဖက် သံလျင်တံတား အောက်ထဲသို့ ပစ်ချလိုက်လေသည်။ ကျွန်တော်နှင့် ခွဲခွါရတော့မည့်အတွက် ၀မ်းနည်းမှု အမှတ်တရဟု ဆိုလေသည်။ ဖိနပ်နှစ်ဖက်သည် လေပေါ်သို့ မြှင့်တက်သွားကာ အမှောင်ထဲတွင် ရုတ်ချည်း ပျောက်ကွယ်သွားခဲ့၏။
နောက်တစ်ရက်တွင် သိရသည်မှာ ကိုလပြည့် ပစ်လိုက်သော ဖိနပ် တစ်ဖက်တွင် မျိုးကြီး၏ ဖိနပ် တစ်ဖက်နှင့် မှားနေခဲ့ကြောင်း ဖြစ်သည်။


- ရင်နင့်အောင် -
8-May-2014

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...