Sunday, June 15, 2014

ကျိန်စာတိုက်ခြင်း


Zaw Win June 13, 2014 at 5:29pm




“ကျိန်စာတိုက်ခြင်း”ဆိုသည်မှာ တီထွင်ဖန်တီးမှုရှိသောပြည်သူများ၏ ဆန္ဒပြနည်းတွေအနက် ဆန္ဒပြနည်း တစ်ခုသာလျှင်ဖြစ် သည်။ ပေါ့ပေါ့တန်တန်သဘောထားကာ လှောင်ပြောင်ပျက်ရယ်မပြုသင့်ဘဲ၊ ကြိုဆိုအားပေးကြရမည်။

(နဝတ-နအဖ) စစ်အစိုးရလက်ထက်တွင် “မေတ္တာပို့ – ဆုတောင်းပွဲများ” အင်္ဂါနေ့၊သောကြာနေ့ စသဖြင့် ပေါ်ပေါက်ခဲ့ပါသည်။ မေတ္တာသုတ်ရွတ်ဖတ်၍ ဆန္ဒပြခဲ့ကြသော သံဃာတော်များ၏ “ရွှေဝါရောင်တော်လှန်ရေး”သည်လည်း စစ်အစိုးရ၏ အကြမ်းဖက်ဖြိုခွဲခြင်း ခံခဲ့ကြရသည်။ “မဂ္ဂင်ကျောင်းတိုက်” ဝင်ရောက်စီးနင်းမှု၊ ဓါတ်တိုင်တွင် ကြိုးတုတ်အရိုက်ခံရသော သံဃာတော်များ — ထို့အပြင် သမ္မတဦးသိန်းစိန်လက်ထက် မီးလောင်ဗုံးဖြင့် ပစ်ခတ်ခံရသော သံဃာတော်များ —
ပြည်သူများသည် ထိုသို့ ခါးသည်းသောအတွေ့အကြုံများအရ “မေတ္တာပို့ခြင်း”နှင့် မထိုက်တန်သူများအား“ကျိန်စာတိုက်ခြင်း” ကြခြင်းဖြစ်ပါသည်။ သို့ပါ၍ “ကျိန်စာတိုက်ခြင်း” သည် အုပ်စိုးသူအပေါ် ပြည်သူများ၏ ဆန့်ကျင်မှုဒီဂရီအရှိန်မြင့်တက်လာခြင်းဟု ယူဆ နိုင်ပါသည်။

“ကျိန်စာတိုက်ခြင်း”သည် အစိုးရသစ်ဟုဆိုနေကြသော ကြံ့ဖွံ့အစိုးရလက်ထက်၊ စည်းကမ်းပြည့်ဝသောဒီမိုကရေစီ(၂၀၀၈ အခြေခံဥပဒေ) ဘောင်ထဲ၌ ပေါ်ပေါက်လာသည့် လူထုလှုပ်ရှားမှု အချင်းအရာတစ်ရပ်ဖြစ်သည်။

မည်သည့်အစိုးရ လက်ထက်တွင်မျှ ပေါ်ပေါက်ခဲ့ဖူးခြင်းမရှိသော အစိုးရဆန့်ကျင်ရှုပ်ချသည့် လူထုလှုပ်ရှားမှုအမျိုးအစား တစ်ခု လည်းဖြစ်သည်။ လက်ရှိကြံ့ဖွံ့အစိုးရ၏ ပြင်းထန်သောဖိနှိပ်ချုပ်ချယ်မှုများကြောင့် ပေါ်ပေါက်လာရသည့် တိုက်ရိုက်အကျိုးဆက်ရလဒ် လည်းဖြစ်ပါသည်။
အုပ်ချုပ်ရေးမဏ္ဍိုင်ဟု ပြောဆိုနေကြသော အစိုးရမင်းသည်အားကိုး၍မရ၊ ယုံကြည်၍မရ၊ “မိဘပြည်သူများ” ဟု အသံကောင်း ဟစ်ကာ မီးလောင်ဗုံးဖြင့်ပစ်၊ နံပတ်ဒုတ်ဖြင့် ရိုက်နှက်ကာ ဘူဒိုဇာနှင့်ထိုးကော်၊ နှင်ထုတ်နေသည်။မြေသိမ်းယာသိမ်းနေသည်။

ဥပဒေပြုရေးမဏ္ဍိုင်ဟုဆိုသော (လွှတ်တော်)ကလည်း“ပြည်သူ့အသံလွှတ်တော်အသံ၊ ပြည်သူ့ ဆန္ဒလွှတ်တော်ဆန္ဒ”ဟု လူကြား ကောင်းအောင်ပြောဆိုနေသည်မှာလည်း ဗလာစကားများသာဖြစ်ပြီး အားကိုးယုံကြည်၍မရ၊ ထို့ပြင် တရားရေးမဏ္ဍိုင် ကလည်း ပုံပျက်ပန်းပျက်ယိုင်နဲ့ပြိုလဲနေသည်။
လွှတ်တော် “တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေးချမ်းရေးကော်မတီ” ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က တရားရေးမဏ္ဍိုင် အပေါ် ပြည်သူများက အယုံအကြည်မရှိပုံကို ယခုကဲ့သို့  ကွက်ကွက်ကွင်းကွင်းမှတ်ချက်ပေးထားပါသည်။

“တရားဥပဒေ မစိုးမိုးခဲ့တဲ့နိုင်ငံဆိုတော့ တခါတလေလာဘ်ထိုးနိုင်တဲ့သူက လွတ်သွားတာပဲ၊ ဒါတွေအားလုံးပြောင်းရမယ်၊ ဒီလို အခြေအနေကြောင့် ဥပဒေကို အားမကိုးဘူး၊ဥပဒေကို အယုံအကြည်မရှိဘူး၊ ဥပဒေဆိုတာ ငါတို့အတွက်ဆိုတဲ့ စိတ်ဓါတ်မရှိဘူး၊ ဥပဒေ ဆိုတာ အာဏာရှိတဲ့သူတွေအတွက်ဆိုပြီး အဲဒီလိုပဲ မြင်နေကြတယ်”
ထို့အပြင် အားကိုးစရာ အတိုက်အခံနိုင်ငံရေးပါတီကြီးငယ်များကလည်း အလုပ်သမား/လယ်သမားတွေရဲ့ဆန္ဒပြမှုတွေကို မသိ ဟန်ဆောင်နေကြသည်။
ယင်းသို့သောအထွေထွေမယုံကြည်ရမှု၊ အားကိုးမရနိုင်မှုစသော  ရေခံမြေခံပေါ်တွင် ပြည်သူများ၏ “ကျိန်စာတိုက်ခြင်း” ဟူ သည့် ဆန္ဒပြလှုပ်ရှားမှု ထွက်ပေါ်လာရခြင်းဖြစ်ပါသည်။

အုပ်စိုးသူအစိုးရ အဆက်ဆက်သည် သူတို့အာဏာတည်မြဲရေးအတွက် ပြည်သူများအား ဖိနှိပ်အကြမ်းဖက်ရာတွင် ဥပဒေ၊ တရားရုံး၊ အကျဉ်းထောင်၊ ရဲ၊ ထောက်လှမ်းရေး၊ စစ်တပ်၊ လူမျိုးရေး/ဘာသာရေးအဓိကရုဏ်းများဖန်တီးခြင်းစသော လက်နက်များ အပြင် နတ်ပူဇော်ခြင်း၊ ဗေဒင်မေးခြင်း၊ယတြာချေခြင်းစသော စိတ်ဝါဒအစွဲအလန်းများဖြင့်လည်း တွဲဖက်အားဖြည့်ခဲ့ကြသည်။

ဆဋ္ဌသင်္ဂါယနာတင်ခဲ့သော၊ ထေရဝါဒဗုဒ္ဓသာသနာကို သက်ဝင်ယုံကြည်ပါသည်ဆိုသော၊ ဒီမိုကရေစီဝါဒီပါဟုဆိုသော ဝန်ကြီး ချုပ်ဟောင်းဦးနု ကိုပဲကြည့်ပါ။
ဦးနုသည် ဗလိနတ်စာကျွေးသည် ဟူသော နတ်ကိုးကွယ်ပသမှုနှင့်ဆိုင်သည့် အစီအရင်များကို သူကိုယ်တိုင်ဦးစီး၍လုပ်ခဲ့ သည်။ နိုင်ငံတော်ဘာသာ/ဓမ္မန္တရယ်ဟူသောလုပ်ရပ်များဖြင့် သူ၏ နိုင်ငံရေးအာဏာတည်မြဲရေးအတွက် မဲရရေးအတွက်  ဘာသာရေး ကို ခုတုံးလုပ် အသုံးချခဲ့သူဖြစ်သည်။ ထိုင်းနယ်စပ်တွင် လက်နက်ကိုင်တော်လှန်ရေးကို “စတိ”လုပ်ခဲ့သူဖြစ်သည်။

“ဗေဒင်၊ နတ်၊ ယတြာ” တို့ဆိုသည်မှာ(ဖဆပလ)မှ ကြံ့ဖွံ့အစိုးရအထိ အုပ်စိုးသူအဆက်ဆက်အဖို့ “သေနတ်” ပြီးလျှင် အထူး အားကိုး အားထားပြုစရာ လက်နက်တစ်ခုလည်း ဖြစ်ပါသည်။ သူတို့ပြုလုပ်သော ယတြာများ၊ အစီအရင်များကိုပြည်သူများက ကြားသိ နေကြသည်။ ဟားတိုက်လှောင်ပြောင်ခဲ့ကြသည်။
နိဂုံးစကားဆိုရပါလျှင် “ကျိန်စာတိုက်ခြင်း”ဆိုသည်မှာအုပ်စိုးသူများအပေါ်ပြည်သူများ၏ နာကျည်းခါးသည်းမှုနှင့်အယုံအကြည် မရှိမှုကို ဗြောင်အတိအလင်းဖော်ပြသည့် မြန်မာ့ဝိသေသပါသောလူထုဆန္ဒပြမှုတစ်ခုသာဖြစ်ပါသည်။ “တောမီးကိုငြှိမ်းဖို့ မီးနဲ့လှန်ရှို့ငြှိမ်း ရမည်”ဟု ပြောကြဆိုကြသည်မဟုတ်လား။ အခုလည်း အစွဲအလန်းရှိသူ/အစွဲအလန်းကြောက်သူ အုပ်စိုးသူများကို သူတို့ကြောက်သော အစွဲအလန်းဖြင့် ပြည်သူများက တုန့်ပြန်ခြင်းနေကြခြင်းသာဖြစ်သည်။

တူမောင်ညို၊ ဇွန် ၁၃၊ ၂၀၁၄ 

Credit: Moemaka

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...