ပဋိစ္စသမုပ္ပာဒ် အကြောင်းအကျိုး။
Shwe Tun with Kyaw Swar Myint
အကြောင်းတရားတို့ ပြည့်စုံ ညီညွတ်ပါက အကျိုးတရားတို့သည် သူ့သဘောသူဆောင်ကာ
မရှိရာမှ အသစ်အသစ် ဖြစ်ပေါ်နေခြင်းဖြစ်သည်။ အကြောင်းတရားတို့ ကျေးဇူးမပြုခင်ကလည်း ထိုအကျိုးတရားသည် ကြိုတင်၍ ဖြစ်ပေါ် မနေသလို အကြောင်းကင်းသည်နှင့်လည်း လုံးဝ ချုပ်ပျောက်ကြ၏။

အကြောင်းတရားသည် အကျိုးတရားကို ကိုယ်ဝန်ဆောင်ထားခြင်း မရှိသလို အကျိုးတရားသည်လည်း အကြောင်းတရား ကိုယ်ဝန်မှ မွေးဖွားလာခြင်း မရှိပါ။
အကြောင်းတရားတို့ ပြည့်စုံ ညီညွတ်သည်နှင့် အကျိုးတရားတို့သည် သူ့သဘောသူဆောင်ကာ မရှိရာမှ အသစ်အနေဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
ဥပမာ မှန်ကို ကြည့်သောအခါ မှန်သားပြင်ပေါ်မှာ ဖြစ်ပေါ်လာသော မျက်နှာပုံရိပ်သည် မှန်သားလည်း မဟုတ်သလို မျက်နှာလည်းမဟုတ်ပါ။ မှန်သားနှင့် မျက်နှာကို စွဲ၍ မရှိရာမှ အသစ်ဖြစ်ပေါ်လာသော ပဋိစ္စ သမုပ္ပာဒ် တရားမျိုးသာဖြစ်သည်။ ထိုတရားသည် အခိုင်အမာ အနှစ်သာရ အမာခံ မရှိသောကြောင့် ငါ၊ ငါ့ဥစ္ဖာ အနေဖြင့် အတ္တပြု၍ မရသော အာဂန္တုဓာတ် သက်သက်မျှသာ ဖြစ်လေသည်။
ထို့အတူ အာရုံနှင့် ဒွါရ တိုက်မှုကြောင့် အသစ်ဖြစ်ပေါ်လာသော ဝိညာဏ်သည် အာဂန္တုဓာတ်သက်သက် ဖြစ်၍ ပုဂ္ဂိုလ်၊ သတ္တဝါ ၊ ဒြပ်၊ ဝတ္ထုပြု၍ အခိုင်အမာ အနှစ်သာရအားဖြင့် စွဲယူရနိုင်လောက်သော အမာခံသဘောမျိုး လုံးဝမရှိပါ။
၎င်းကဲ့သို့ အကြောင်း တိုက်ဆိုင်တိုင်း အကျိုးတရားတို့ အသစ်ဖြစ်ပေါ်လာပုံကို ပဋိစ္စ သမုပ္ပာဒ် သဘောအားဖြင့် သိမြင်ခြင်းသည် အကြောင်းအကျိုး ဆက်နွယ်မှု အနတ္တအမြင်ဖြင့် သိမြင်ခြင်း ဖြစ်သည်။ ထိုသို့ ဆက်နွယ်မှုကို အောက်ပါ (အတ္ထနယ) နည်း (၄) မျိုးဖြင့် သိမြင် နားလည်နိုင်ပေသည်။
(၁) ဧကတ္တနည်း
အတိတ်အကြောင်းတရားနှင့် ပစ္စုပ္ပ္ပန် အကျိုးတရား။ ပစ္စုပ္ပန်အကြောင်းတရားနှင့် အနာဂါတ်အကျိုးတရားတို့သည် ကြောင်းကျိုးဆက်နွယ်လျက် တစ်ဆက်တစ်စပ်တည်း စဉ်ဆက်မပြတ် ဖြစ်ပေါ်နေသည်။
ထို့ကြောင့် ပန်းသီထားသကဲ့သို့ ရုပ်နာမ်အစဉ်၌ မပြတ်ဆဲမှုကို ထိုးထွင်း သိမြင်သဖြင့် ဘဝသည် ပုခက်နှင့် ခေါင်းကြားမှာသာ ရှိ၏။ သေလျှင်ပြတ်၏ဟု စွဲယူထားသော ဥစ္ဆေဒဒိဋ္ဌိ အယူမှားကြီးကို ပယ်စွန့်နိုင်ပေမည်။
(၂) နာနတ္တနည်း
အကြောင်းတရားနင့် အကျိုးတရားတို့သည် ဆက်နွယ်မှုရှိကြသော်လည်း ရုပ်နာမ်တို့၏ သဘာဝလက္ခဏာတို့သည် မတူညီကြပါ။ ထို့ကြောင့် အကြောင်း ရုပ်နာမ်တို့ချုပ်ပြီး
အကျိုးရုပ်နာမ်တိုံ့ အသစ်ဖြစ်ပေါ်လာသောကြောင့် ၄င်းတို့၏ လက္ခဏာများမှာလည်း တူညီမည် မဟုတ်ပါ။
ထိုသို့ သိမြင် ပါက အတ္တသည် မြဲ၏ ဟူ၍ စွဲယူတတ်သော သဿတဒိဋ္ဌိ အယူမှားခြင်းကို ပယ်စွန့်နိုင်လေသည်။
(၃) အဗျာပါရနည်း
အကြောင်းတရားသည် အကျိုးတရား ဖြစ်ပေါ်လာအောင် အားထုတ်သည့် ဗျာပါရ မရှိသလို အကျိုးတရားသည်လည်း အကြောင်းတရားရှိပါက ဖြစ်ပေါ်လိုက်မည်ဟု
အားထုတ်သည့် ဗျာပါရမျိုး မရှိပါ။
အကြောင်းတရား ထင် ရှားဖြစ်ပေါ်သည်နှင့် အကျိုးတရားသည် သူ့သဘောသူဆောင်ကာ
မရှိရာမှ အသစ်ဖြစ်ပေါ်လာခြင်းသာ ဖြစ်သည်။
(ဥပမာ သွားချင်သောစိတ်သည် အကြောင်းတရားအနေဖြင့် ထင် ရှားဖြစ်ပေါ်သည်နှင့်
သွားသည့်ရုပ်သည် အကျိုးတရား အဖြစ်နှင့် သူ့သဘော သူဆောင် ကာ အသစ်ဖြစ်ပေါ်
လာ၏။ မိမိအလိုအတိုင်း ဖြစ်သည့် သဘောမျိုးမရှိပါ)။
(၄)ဧဝံဓမ္မတာနည်း
အကျိုးတရားသည် သူ့သဘော သူဆောင်ကာ အသစ်ဖြစ်ပေါ်လာသော်လည်း ပရမ်းပတာ
ဖြစ်ပေါ်ခြင်းမျိုး မဟုတ်ပေ။ အကြောင်းအားလျော်စွာသာ ဖြစ်ပေါ်ရလေသည်။ ဥပမာ မျက်စိနှင့် အဆင်း တိုက်မှုကြောင့် မြင် စိတ်သာ ဖြစ်ပေါ်ရသည်။ ကြားစိတ် ဖြစ်ပေါ်ခြင်း မရှိပေ။
ဒေါက်တာစိုးလွင် (မန္တလေး) ၏
အ ခြေခံဉာဏ်နှစ်ပါးနှင့် အနတ္တအမြင် ဓမ္မလမ်းစာစဉ်မှ ကောက်နှုတ်ပူဇော်ပါသည်။
ယနေ့ ၃.၆.၂ဝ၁၄ ဆရာ ဒေါက်တာစိုးလွင် ၏ (၅၆) နှစ်ပြည့် မမွးနေ့တွင် ဆရာ့အား ဓမ္မဖြင့်
ပူဇော်ကန်တော့ပါသည်။

0 comments:
Post a Comment