Monday, June 9, 2014

ကျမ ဘာကြောင့် ဆရာမ တစ်ယောက် မဖြစ်ချင်ရသနည်း …


နေ့စား လပေး ဆရာ / ဆရာမ တွေကို တနေ့ ၂၇၀၀ ကျပ်ကနေ ၃၀၀၀ ကျပ် တိုးပေးတယ် ဆိုတဲ့သတင်းဖတ်ရပြီး နောက်ဆက်တွဲ အတွေးတွေနဲ့ ဒီ Post ကို ရေးဖြစ်ပါတယ် ။
ခေါင်းစဉ်ဘယ်လိုတပ်ရပါ့ …
ကျမ ဘာကြောင့် ဆရာမ တစ်ယောက် မဖြစ်ချင်ရသနည်း …
Why I don’t want to be a Teacher … လို့ တပ်ရမယ် ထင်ပါတယ် ။


သိပြီးကြတဲ့အတိုင်း ကျမ ဖေဖေက ကျောင်းဆရာ လူထွက် ကျူရှင်ဆရာ ၊ ကျမ မေမေကတော့ အလယ်တန်းပြ ဆရာမ ဘ၀ နဲ့ ပင်စင်ယူခဲ့သူ ၊ ကျမကတော့ ဆရာမ အလုပ် တစ်စက်ကလေးမှ ၀ါသနာမပါ ။

ကျမ ဖေဖေ အထက်တန်းပြဆရာ အဖြစ် တာဝန်ထမ်းခဲ့ရတာ ရှမ်းပြည်တောင်ပိုင်း တန့်ယန်း ဆိုတဲ့ မြို့ငယ်လေး ။ အဲ့ခေတ်က အညိုရောင်နယ်မြေ ။ အဲ့အချိန်က အခြေအနေ ကို ဖေဖေ နဲ့ မေမေ ပြန်ပြောပြလို့ ကျမ သိခဲ့ရတာ … ဒီအကြောင်း နောက်မှ တစ်ခု ရေးပါတော့မယ် ။

ကျမ မေမေ ဆရာမ ဘ၀ မှာ ကျမ တို့ ကြုံတွေ့ရတာတွေ ပြောပြချင်ပါတယ် ။

ဆရာမ ဆိုတာ နေရာ တကာ အခိုင်းခံရတဲ့ ဘ၀ ။ ဆရာမ အလုပ်နဲ့ တိုက်ရိုက်မသက်ဆိုင်သော နေရာတွေမှာလည်း အခိုင်းခံရပါတယ် ။

အမှတ်ထင်ထင် ရှိခဲ့တာက 1990 ရွေးကောက်ပွဲကာလ ၊ ကျောင်းတွေမှာ မဲရုံလုပ်ပါတယ် ။ ဆရာမတွေ မဲရုံစောင့်ရပါတယ် ။ မဲရေတွက်ရပါတယ် ။ အဲ့အချိန်က ကျမ အသက်မပြည့်သေးလို့ မဲ မပေးရပါဘူး ။ အိမ်နားက မူလတန်းကျောင်းလေးမှာ ဆရာမ ဖြစ်နေတဲ့ ကျမ မေမေ အဲ့တာဝန်တွေ ယူခဲ့ရပါတယ် ။ ကျောင်းလေးက မြေစိုက် ၊ သံဇကာ ကာ ၊ သွပ်မိုး ။ မဲရေတွက်တော့ သံဇကာ အပြင်က၀ိုင်းအုံကြည့်လို့ ၊ တစ်ခုရေလိုက် … ( သနားတယ် … ) လို့ ၀ိုင်းအော်လိုက် နဲ့တဲ့ ။

အဲ့ညက မေမေ့ အပြန်အတွက် ဖေဖေ နဲ့ ကျမ ဦးလေး အငယ်ဆုံး ( မေမေ့မောင် ) ကျောင်းမဲရုံ အပြင်ဘက် ရပ်စောင့်ခဲ့ရပါတယ် ။ အပြင်လူ ၀င်ခွင့်မပေးသလို ဘယ်အချိန်ပြီးလို့ ပြန်ရမယ် မသိ ၊ အပြင်ကလူအုပ်နဲ့ ဆိုတော့ … ဒုက္ခခံ စောင့်ရတာ ည ၂ နာရီထိုးပြီးမှ ပြန်ရပါတယ် ။ ကျမနဲ့ ညီမလေး ( ၂ ) ယောက် ကျန်နေခဲ့ရတာ … မအိပ်ရဲလို့ လူကြီးတွေပြန်အလာ ထိုင်စောင့်ခဲ့ရပါတယ် ။

နွေရာသီ ကျောင်းပိတ်ရက် ဆိုတာ ကလေးတွေ ပိတ်လိုက်ပေမယ့် ဆရာမတွေက အမှတ်ခြစ် ၊ အောင် ၊ ရှုံးစာရင်းလုပ် ၊ ကျောင်းဆက်သွားရပါသေးတယ် ။ ဒါ ဆရာ ၊ ဆရာမအလုပ် … လုပ်ရမှာပါ ။

အဲ … နောက်ပိုင်းရက် … ကျောင်းဂျူတီ တဲ့ … ဆရာမတွေ အလှည့်ကျ သွားရပါသေးတယ် ။ ကျောင်းမှာ ကျောင်းစောင့်ရှိပါတယ် ။ ကျောင်းပိတ်ထားလို့ ကျောင်းသားမိဘ တွေ လာစရာလည်း မရှိပါဘူး ။ ဘာကို ဂျူတီတာလဲ မေမေ ဆိုတော့ ကျောင်းလုံခြုံရေးတဲ့ ။ ဘယ်လိုအခြေအနေကို လုံခြုံတယ် ခေါ်လဲ ကျမ မသိခဲ့ ။ ကျောင်းလေးက အပေါက်အပြဲ နဲ့ ခြံစည်းရိုး အပြည့်မရှိတာတော့ အမှန်ပါပဲ ။

မေမေ တို့ သွားတော့ ဘာလုပ်ရသလဲ ဆိုတော့ … သွားထိုင်နေရတာပေါ့ သမီးရယ် တဲ့ ။ အွန့် … ကျောင်းမှာ တန်ဖိုးရှိတာ ဆိုလို့ အရေးကြီး စာရွက်စာတမ်းလောက်ပဲ ရှိတာ … ဘယ်သူမှလည်း ၀င်မခိုးပါ ။ ခိုးချင်လဲ နေ့ခင်းကြောင်တောင်ထက် ညဘက်ပဲ လာခိုးမှာပေါ့ မဟုတ်ဖူးလား ။ မီးရေးထင်းရေး တစ်ခုခုပေါ့ တဲ့ ။

ကျောင်းရှေ့မှာ အုတ်ကန်လေးတစ်ခုတော့ ရှိပါတယ် ၊ အဖုံး ဖုံးထားတော့ ရေ ရှိ ၊ မရှိ ကျမ မသိ ၊ ရေကန်ပတ်လည်က ဗွက်တွေနဲ့ အနားထိသွားစပ်စုလို့လည်းမရ ။ ကျောင်းလေးက ရေအိုင်ပတ်လည်ဝိုင်းနေလို့ ကန်စွန်းခင်း ကျောင်းလို့တောင် အခေါ်ခံနေရတာ ။ ပြီးတော့ ရေပုံးလည်း မတွေ့ ၊ မီးတကယ်လောင်ရင် မီးငြိမ်းဖို့အသာထား ၊ မေမေတောင် သောက်ရေကို အိမ်ကရေဗူးနဲ့ ရေသယ်ရတာ ။

မီးလောင်ရင် မီးသတ်အကြောင်းကြားဖို့ … ၁၀ ခါမှ တစ်ခါလောက် လိုင်းကောင်းပြီး ၀င်တတ်တဲ့ လိုင်းဖုန်းစုတ်လေး ( နံပတ်တွေကို ဂလောက် ဂလောက် နဲ့ လှည့်ရတာလေ ) ဆရာမကြီးစားပွဲမှာ ရှိပါတယ် ။ ဒါက ကျောင်းစောင့်လဲ လှည့်တတ်မှာပါ ။ ဒါပေမယ့် ဆရာမ ၂ ယောက်ကတော့ အလှည့်ကျ ငုတ်တုတ်သွားထိုင်နေရတာပါပဲ ။ မီး ကရော နေ့ဘက်ပဲ လောင်မှာလား ။ ညကျ မလောင်နိုင်ဘူးလား ။ အဲ့လိုမေးမိမှ … ည ပါ အိပ်စောင့် ဖြစ်နေပါဦးမယ် ။

အဲ့ ရက်ပြီးတော့ အိမ်မှာ နားရတာ ရှိသလို တစ်ခါတလေ ခေါ်ခိုင်းပါသေးတယ် ။ ခေါင်းစဉ်အစုံပါပဲ ။ မှတ်မိနေတာ တစ်ခုက ပညာရေးစစ်တမ်း လိုက်ကောက်ခိုင်းတာ တဲ့ ။ အရပ်ဝတ်နဲ့သွားတဲ့ ၊ အဖြူအစိမ်း ကျောင်းဝတ်စုံ မ၀တ်ရ တဲ့ ။

တစ်အိမ်ဝင် တစ်အိမ်ထွက် ရပ်ကွက်ထဲ လှည့်ရပါတယ် ။ ထီးတစ်ချောင်း ၊ ရေတစ်ဘူး ၊ စာရွက်တွေ ခြင်းနဲ့ထဲ့ ။ ဆရာမ တွေ ကျောင်းပိတ်ပေမယ့် အခြားရုံးဝန်ထမ်းတွေ အလုပ်သွားနေရတာ ၊ အိမ်မှာကျန်တာ ကလေးတွေ နဲ့ အဖိုးအဖွားတွေ ၊ မေးတာတွေ သေချာ မဖြေနိုင်ကြ ။

မေးရတဲ့ မေးခွန်းတွေကလည်း အရိုက်ခံရ စရာ ။ ဆရာမတွေမှန်းလည်း တချို့မသိကြ ။ အလှူခံလို့အထင်ခံရသေး ။ ခွေးမွေးထားတဲ့အိမ်က ခွေးတွေဟောင်တာ ၊ ခွေးထွက်ဆွဲတာ ခံရသေး ။ တချို့က ဘေးအိမ်ဝင်နေတာ မြင်တာနဲ့ တခါတည်း အိမ်တံခါး ပိတ်ချလိုက်ပြီး ခေါ် မထူး ၊ အော် မထူး ။ တချို့အိမ်က ကန်တော့ပါသေးရဲ့ ၊ လူကြီးမရှိဘူး လို့ ကလေးတွေ ထွက်ပြောခိုင်း ။

အ၀င်ခံတဲ့အိမ် မေးရတော့လဲ ပညာရေးစစ်တမ်း ဆိုတဲ့အတိုင်း ဘယ်အတန်းထိ ကျောင်းနေဖူးလဲ ၊ ဘွဲ့ ရ ၊ မရ ။ သာမာန်ရပ်ကွက်လေးထဲ ၊ ဘွဲ့ရပြီး ဆိုက်ကားနင်းနေရတဲ့ သူလဲရှိရဲ့ ၊ GTI ဆင်းပြီး အလုပ်မရလို့ မိဘလက်ငုပ် ၀က်သားတုတ်ထိုး ရောင်းနေရတဲ့ သူလဲရှိရဲ့ ။

တချို့ အရောင်းအ၀ယ် ဟန်ကျပန်ကျ ၊ ဒါပေမယ့် ၁၀ တန်းမအောင် ၊ ဘယ်သူ လူသိခံချင်မှာလဲ ။ ဘာအတွက်ကောက်တာလဲ မေးကြတော့ … ပညာရေးစစ်တမ်း မြို့နယ်က ကောက်ခိုင်းလို့ပါ ဆိုတာထက် ပိုဖြေစရာလည်း မရှိ ။ စာရင်းသာလိုက်ကောက်ခိုင်း … နောက်တော့လည်း ဘာမှ ဖြစ်မလာ ။

… … … ဆက်ပါဦးမယ်
xxxxxxကျမ ဘာကြောင့် ဆရာမ တစ်ယောက် မဖြစ်ချင်ရသနည်း … ( ၂ )
Why I don’t want to be a Teacher … ( 2 )

ဒီတခါတော့ ဆရာမတွေ ( ၁၀ ) တန်းစာမေးပွဲ စောင့်ရတာ ပြောပြချင်ပါတယ် ။ နေ့ကျောင်းတက်တဲ့ သူတွေက သူ့ကျောင်း သူဖြေ ၊ သူ့ကျောင်းက ဆရာ / ဆရာမ စောင့် ။ မြန်မာစာနေ့ သင်္ချာဆရာမ စောင့်ရတာမျိုး ဖြစ်ကောင်းဖြစ်ပါမယ် ။ ဒီလောက်ပါပဲ ။

မူလတန်းကျောင်း ၊ အလယ်တန်းကျောင်း တွေမှာတော့ ပြင်ပ စာဖြေဌာနတွေ ထားပါတယ် ။ အဲ့ကျောင်းက ဆရာမတွေ စာမေးပွဲခန်း စောင့်ရပါတယ် ။ တာဝန်ခံ ဆရာ / ဆရာမကြီး တစ်ဦးတော့ လာ ဦးစီးပါတယ် ။

ဖြေတဲ့သူတွေက ဆယ်တန်း ၂ ခါ နှင့် အထက် ကျပြီးသူတွေပေါ့ ။ စာဖြေသူတိုင်း မဟုတ်ပေမယ့် ဒီအထဲ စုန်းပြူး ပါလာတတ်ပါတယ် ။ နေ့ကျောင်းတက်တဲ့ ကျောင်းသား / ကျောင်းသူတွေလို ၊ ဆရာ / ဆရာမ ကို သိပ်အလေးမထားကြ ။ မကြောက်တတ်ကြ ။ တချို့က တကယ်တမ်း စာကိုသေချာ လေ့လာ ပြင်ဆင်လာတာ မဟုတ် ။ ချောင်ရင် ခိုးချမယ် ၊ အောင်ရင် အမြတ် ၊ ကျရင် အရင်း ဆိုတာမျိုး ပါလာတတ်ပါတယ် ။

ပြီးတော့ ဒီရပ်ကွက်ထဲက ကျောင်းမှာ ဒီရပ်ကွက်ကလူတွေ ဖြေရတာ ။ ဆရာမတွေကတော့ တခြားနေပြီး ဒီကျောင်းမှာ တာဝန်ကျနေတာလဲရှိပါတယ် ။ ကျမ မေမေ လို ဒီရပ်ကွက်နေ ၊ ဒီကျောင်းတာဝန်ကျ နေတာလဲ ရှိပါတယ် ။ ရပ်ကွက် ဆိုတဲ့အတိုင်း ဘယ်သူ ဘယ်လို ဆိုတာ သိကြပါတယ် ။ သမီး ( ၃ ) ယောက်မွေးထားတယ် ဆိုတာလဲ သိတာပေါ့ ။

ဒီလို ( ၁၀ ) တန်း အခန်းစောင့် တာဝန်ကို ဘယ်သူမှ မယူချင်ကြပါဘူး ။ အခန်းစောင့်ခ နေ့တွက်နဲ့ပေးပါတယ် ။ ဒီနှစ်စောင့်တာကို နောက်နှစ်လောက်မှ ရတာပါ ။ ဒါပေမယ့် တာဝန်ကျ စာရင်းထဲ ကိုယ့်နာမည်ပါလာရင် လုပ်ရတာပါပဲ ။ ငြင်းလို့မရပါ ။ ကျမ မေမေ ဆို အခန်းစောင့်ခ ပြန်သွင်းဆို သွင်းလိုက်ချင်တယ် မစောင့်ချင်ဘူး လို့ ငြီးတတ်ပါတယ် ။

ပညာရေးလောကမှာ ဆရာ နည်းပါတယ် ။ အခြေခံပညာမှာ ဆရာ ဆိုတာ ကျောင်းတိုင်းတောင် မရှိတတ် ။ အခန်းအပြင်စောင့်ဆိုတာ ကျောင်းသား / ကျောင်းသူ တွေ အိမ်သာသွားလဲ အိမ်သာအ၀ လိုက်စောင့်ရတာပါ ။ အထဲဝင်ပြီး စာရွက် ထုတ်တာ ၊ ဘာညာ တွေ လဲ ရှိ ၊ ဆရာမ အပျိုတွေ ကျောင်းသားအိမ်သာထဲ ဘယ်လို ဖမ်းရဲမလဲ ။ အဲ့ကျ အိမ်ထောင်သယ် ဆရာမ တွေ အိမ်သာလိုက်ပို့တာ လုပ်ရပြန်ရော ။ ကြာနေရင် ထွက်ဖို့အော်ရပြန်ရော ။

ခိုးချနေတာမြင်လျက်နဲ့ မဖမ်းရင်လဲ လာဦးစီးတဲ့ ဆရာကြီးက ဆရာမကို သတိပေးတာပါ ။ ကိုယ့်ရပ်ကွက်သူ ရပ်ကွက်သားချင်း မျက်နှာသာပေးတယ် ဆိုတာမျိုး ။ အဲ ဖမ်းပြန်တော့လဲ တချို့ အညှိုးထားတာ ခံရတတ်ပါတယ် ။

တခါဆို အတော်ဆိုးဝါးပါတယ် … စာရေးစားပွဲပေါ် ဓါးတစ်ချောင်း စိုက်ချထားပြီး ကူးမယ် … ဖမ်းရဲရင် ဖမ်း ဆိုပြီး … စိမ်ခေါ် ကူးချတာပါ ။ ဘယ်ဆရာမ ဖမ်းရဲပါ့မလဲ ။ လွှတ်ထားလိုက်ရပါတယ် ။ တခြားဆရာမတွေနဲ့ ၊ တာဝန်ခံဆရာကြီး ခေါ် မျက်မြင်သက်သေပေါ့ ။ ဓါတ်ပုံ ရိုက်ထားရလောက်အောင် ဘယ်ဆရာမ မှ ကင်မရာ ပါမလာနိုင် ၊ ဟန်းဖုန်းဆိုတာ ပိုတောင်ဝေးတဲ့ခေတ် ။ ပြီးတော့မှ အဖြေလွှာမှာ မှတ်ချက် ရေးတင် ၊ လိုအပ်လို့ ထပ်ခေါ် စစ်ဆေးမေးမြန်းရင်လဲ သွားဖြေရှင်း ရသေးတာပါ ။ အောင်စာရင်းထွက်လာပြီး ကျတော့ … ဘယ်တော့ ရန်လာပြုမလဲ ၊ အခန်းစောင့်ခဲ့ရတဲ့ ဆရာမ စိတ္တဇ ဖြစ်လုအောင် စိုးထိတ်နေရတာမျိုးပါ ။

ကျမ မေမေ မှာ သမီးတွေ အရွယ်ရောက်လာလေ ၊ ( ၁၀ ) တန်း စောင့်ရတာ ပိုစိတ်ညစ်လာရလေပါ ။ ကျောင်းမိဘဆရာ အသင်း အတွင်းရေးမှူး တာဝန်ကြီးနဲ့ဆိုတော့ ဘယ်လိုမှလဲ ရှောင်လွှဲမရ ။ ဒီတော့ ကျမတို့ကို ပိုလို့ တင်းကျပ် ထားတတ်လာတာပါ ။ ကျောင်းနဲ့အိမ်ကလွဲလို့ သူငယ်ချင်းအိမ် တောင်မသွားရ ဆိုတာမျိုး ။ ကျမ ကျောင်းနေဖက် ယောက်ျားလေး သူငယ်ချင်းတွေက မေမေ့ကို ( Dangerous ) အန္တာရယ် လို့တောင် နာမည်အတပ်ခံရတဲ့အထိ မျက်နှာထား တည်တင်းပြီး သမီးတွေအတွက် ကာကွယ် ထားရတော့တာပါ ။

… … … ဆက်ပါဦးမယ်
xxxxxxxxxxxxxxxxxxxxကျမ ဘာကြောင့် ဆရာမ တစ်ယောက် မဖြစ်ချင်ရသနည်း … ( ၃ )
Why I don’t want to be a Teacher … ( 3 )

ဒီတခါတော့ ကျမကိုယ်တွေ့ ဆရာမအလုပ် အကြောင်း ပြောပြချင်ပါတယ် ။ ကျမ ဆရာမ လုပ်ခဲ့ဖူးပါတယ် ။

ကျမ ( ၁၀ ) တန်းအောင်ပြီး တက္ကသိုလ်တက်ဖို့ စောင့်နေရချိန်မှာပါ ။ ကျမ မေမေ တောင်ငူ ဆရာအတတ်သင်ကျောင်းကို မွမ်းမံသင်တန်း တစ်လခွဲ သွားရပါတယ် ။ ကျောင်းမှာ အတန်းနဲ့ ဆရာမ အရေအတွက် အတိအကျ ဖြစ်နေတော့ ၊ မေမေ သင်တန်းသွားချိန် မေမေ့အတန်း အတွက် ဆရာမ လိုအပ်နေပါတယ် ။ ပြီးတော့ အဲ့နှစ်မှာ မေမေ တာဝန်ယူရတာက သူငယ်တန်းပါ ။

ဒီတော့ မေမေက ကျမကို လုပ်အားပေးဆရာမ လုပ်ပေးဖို့ မေးပါတယ် ။ သမီး လုပ်ရဲသလားတဲ့ ။ အရာရာ စူးစမ်းချင်တဲ့ကျမ … မေမေ့ကျောင်းက ဆရာမတွေနဲ့လဲ ခင်နေတော့ လုပ်ကြည့်မယ် မေမေ ပေါ့ ။ ဆရာမကြီးကလည်း လက်ခံ သဘောတူပါတယ် ။ တရားဝင် လုပ်အားပေးဆရာမ အဖြစ် ကျမ လုပ်အားပေးရပါတယ် ။

( ၁၀ ) တန်းမှာ ၀တ်ထားတဲ့ အဖြူအစိမ်း ကျောင်းဝတ်စုံက ရင်ဖုံး တွေဆိုတော့ ၀တ်စုံလဲ သီးသန့်မလိုပါ ။ မေမေ့ ကျောင်းခြင်းကြီး ယူသုံးပြီး ဆရာမ ပေါက်စပေါ့ ။ မေမေတို့ကျောင်းအုပ်ဆရာမကြီးက ဆရာမတွေကို သတ်မှတ်ထားတာ ရှိပါတယ် ။ ဖြူ စိမ်း ဆံထုံး တဲ့ ။

မေမေ က ကျမတို့ ညီအမတွေကို ( ၁၀ ) တန်းဖြေပြီးမှ ဆံပင်အရှည် ထားခွင့်ပြုတာပါ ။ ငယ်တုန်းက စန္ဒာအတို လို့ခေါ်တဲ့ပုံ သူကိုယ်တိုင် ညှပ်ပေးပါတယ် ။ နဲနဲ ကြီးလာတော့ အဲ့ခေတ်က ခေတ်စားတဲ့ ဟေမာနေ၀င်းပုံ ၊ အုန်းမွှေးလုံး ပုံ လို့လဲခေါ်ပါတယ် ၊ အဲ့ပုံ ဆိုင်မှာ ညှပ်ပေးပါတယ် ။ ဒါလဲ အတို ဖောင်းဖောင်းလေး ။ ဆံပင်အရှည် တသသ နဲ့ စာမလုပ်မှာ စိုးသလို ၊ ဆံပင်အုံထူတဲ့ ကျမတို့ ခေါင်းချွေးထွက် နေမကောင်းမှာ စိုးတာလဲ ပါပါတယ် ။

ဒီတော့ ကျမ ဆရာမ ၀င်လုပ်ချိန် ဆံပင်အရှည် စ ထားကာစလေး ။ အနောက်ဖက်မှာ စုစည်းလို့ ရယုံလေးပါ ။ ဆံထုံး ထုံးမရတော့ စုစည်းပြီး ပိုက်ကလေးနဲ့ အုပ်ရပါတယ် ။ မေမေ့ လုပ်ဖော်ကိုင်ဘက် ဘေးအခန်းက ဆရာမတွေက ကျမကို ကူညီပေးပါတယ် ။ ဘယ်လိုသင် ဘာညာပေါ့ ။ သူငယ်တန်း စဖွင့်တာ ဆိုတော့ ၀လုံး သင်ရတာ ကျမ သင်တတ်တာပေါ့နော် ။

ခက်တာက ကလေးတွေရဲ့ တခြားကိစ္စတွေ ပါ ။ စ စ တက်ခြင်း အမေတွေ ပြန်သွားတော့ ငိုကျန်တဲ့ကလေးတွေ ရှိပါတယ် ။ ကောင်လေး တစ်ယောက်ဆို သံဇကာပေါ် ကုပ်တက်ပြီး အမေကို လှမ်းအော်ခေါ် ငိုတာ အတင်းဆွဲချရပါတယ် ။ ဆရာမ ပေါက်စနဲ့ ကလေးတွေ လုံးထွေးနေတာ ၊ စိတ်မချလို့ အပြင်က ရပ်စောင့်ကြည့်နေတဲ့ မိဘတွေလဲရှိပါတယ် ။ ကျမ မှာ ချွေးတွေကို ရွှဲလို့ ။

တကယ်တော့ ဒီမူလတန်း ကျောင်းလေးက သာမာန် ကျောင်းလေးပါ ။ ကျမတို့ သုဝဏ္ဏ က တတ်နိုင်သူတွေက မြို့ထဲကျောင်း သွားထားကြပါတယ် ။ သာမာန် သူလိုကိုယ်လို ကလေးတွေ နဲ့ ၊ တဖက်ရပ်ကွက်လေးထဲက နွမ်းပါးတဲ့ကလေးတွေ များပါတယ် ။ တချို့ကလေးတွေ တကိုယ်ရေသန့်ရှင်းရေး အားနည်းပါတယ် ။ အဖေအမေက ပျံကျဈေးသည်လို ဆိုတော့ ဈေးဆိုင်ကနေ ကျောင်းလာကြရတာမျိုးလဲ ပါ ပါတယ် ။

သူတို့ ၀လုံးရေးဖို့ ဘေးနားထိုင် လက်ချင်းထပ်ကိုင်ပြီး ရေးနည်း သင်ရတာပါ ။ တချို့ကလေးက ပြေးလွှားဆော့ထား ချွေးအရွှဲသား ၊ ခေါင်းလေးတွေက ချဉ်စော်နံနေတာ ၊ တချို့က နားပြည်ယိုနေတာ တောင် ပါသေးတယ် ။ ဒါတွေ သူငယ်တန်း သင်ဖူးတဲ့ ဆရာမ မှ သိမှာပါ ။ အတန်းကြီးတွေ ရေးတတ် ဖတ်တတ် လက်ထပ်သင်စရာမှ မလိုတော့တာ ။

တချို့ကလေးက နေရာတင် ဆီးဝမ်းထွက်ကျသေး ။ ကျမ တကယ်ကိုယ်တွေ့ပါ ။ ရွံကလဲရွံတတ် ၊ ကိုယ့်ညီမလေးတွေဆိုတာ အသက်လဲ သိပ်မကွာသလို ၊ အဖွား နဲ့ အဒေါ်တွေက ကျမတို့ကို အကုန်လုပ်ပေးခဲ့တာ ။ ကျမ ညီမလေးတွေတောင် ဒီလို မလုပ်ပေးဖူးတာ ၊ ကျမ တကယ်ကို အန်ချင် ငိုချင် ဖြစ်ခဲ့ရတာ ။ တခြားအခန်းက ဆရာမကြီးက လာလုပ်ပေးပါတယ် ။ သူက မြေးတောင်ရနေပြီဆိုတော့ ၊ သမီး နေ နေ ဆရာမလုပ်ပေးမယ် တဲ့ ။ အဲ့နေ့က နေ့လည်စာ ကျမ ထမင်းဘူးတောင် မဖွင့်ဖြစ်တော့ ။

ကလေးဆိုတာ အင်မတန်ဆော့ပါတယ် ။ ပြေးကြလွှားကြ ခုန်ကြပေါက်ကြ ။ တစ်ယောက်က ဒူးပြဲပြီး သွေးစို့လာပါတယ် ။ သွေးမြင်ရင် မူးတတ်တဲ့ကျမ ခြေလက်တွေအေးပြီး ဘာလုပ်ပေးရမလဲ မသိ ။ ဘေးအခန်းက ဆရာမ အပျိုကြီးက ဆေးနီဘူးလေးနဲ့ရောက်လာပြီး ဆေးထဲ့ပေးပါတယ် ။ ဆရာမ ဘယ်က ဆေးရလဲ ဆိုတော့ ရယ်ပါတယ် ။ ဒီလိုကလေးတွေနဲ့နေရတာ ၊ ဆရာမတွေ ဒါမျိုးအစုံ ဆောင်ထားရတယ် သမီးရေတဲ့ ။

အဲ့ကျမှ မေမေ့ ကျောင်းဘီဒို အပုလေး ဖွင့်ကြည့်မိပါတယ် ။ ဦးချိန်တီလျက်ဆားဘူး ၊ ဆေးနီဘူး ၊ ဂွမ်း ၊ ပတ်တီး ၊ ဟန်ဒီပလတ်စ် ၊ ခဲတံချွန်စက် ၊ ဒါး ၊ ခဲတံ ခဲဖျက် အတိုအစ စုထဲ့ထားတဲ့ဘူး ၊ အ၀တ်စုတ် ၊ သစ်သားပေတံ ၊ မြေဖြူဘူး ၊ ဘောဖျက် ၊ အယ် … စုံနေတာပဲ ။ မေမေ့ကို တစ်ခါတလေ ကျောင်းကြိုပို့ လိုက်လုပ်ပေးဖူးပေမယ့် ၊ မေမေသယ်ခိုင်းတဲ့ အမှတ်ခြစ်ဖို့ လေ့ကျင့်ခန်းစာအုပ် အထပ်လိုက်ကြီးတွေ သယ်လာပေးရတာပဲ လုပ်ပေးဖူးတာ ၊ မေမေ့ ကျောင်းဘီဒိုလေး ဖွင့်မကြည့်ဖူးဘူးလေ ။

ဆရာမ ဒါတွေက ကျောင်းက ပေးတာလားဆိုတော့ … ဆရာမ အပျိုကြီးက မျက်လုံးကြီး ပြူးကြည့်ပြီး ညည်းအမေ အိမ်က သယ်လာတာ ၊ သူဟာသူ ၀ယ်ရတာ ၊ ကျုပ်တို့လည်း ကိုယ့်အတန်းအတွက် ကိုယ်စီစဉ်ထားရတာ ၊ မြေဖြူတောင် လောက်ငအောင် မရဖူးပါဘူးတော် … တဲ့ ။

ကလေးတွေက အပြစ်ကင်းပါတယ် ။ တကယ်တော့ ကျမ သူတို့ကို ချစ်ပါတယ် ။ တခါတလေ သူတို့ဘေးနားထိုင် လက်ထပ်ကိုင် ပြီး ၀လုံးရေးနည်းသင် … ပါးစပ်ကလဲ ၀လုံး လို့ ဆို … လို့ သင်နေချိန် … ကျမကိုမော့ကြည့်ပြီး … ဆရာမ သမီးအိပ်ချင်တယ် တဲ့ … ဟောတော် ညက အိပ်ရေးမ၀ဘူးလား စောစောအိပ် ဆော့မနေနဲ့နော် … ဆိုတော့ … မျက်နှာငယ်လေးနဲ့ … ညက ဖေဖေနဲ့မေမေ ရန်ဖြစ်နေတာ သမီးကြောက်လို့ငိုနေတာ မအိပ်ရဘူး တဲ့ ။

ကလေးဆိုတာ မညာတတ် ၊ မလိမ်တတ် ၊ ပြီးတော့ အခုလို အဖြစ်တွေနဲ့ ကျောင်းရောက်လာတဲ့ ကလေးတွေ စာကိုဘယ်လို စာရုံစိုက်မလဲ ၊ လူကြီးတွေ မတွေးမိကြပါ ။ သူတို့ကို ဂရုစိုက်တာလဲ ခံချင်ကြပါတယ် ။ ခုန ကလေးကို စကားလက်ခံပြောပြီး သနားစိတ်နဲ့ ခေါင်းလေးပွတ်ပေးတော့ … တခြားကလေးတွေကလဲ သူတို့ အိမ်က ကြောင်ကလေး အကြောင်းကအစ ပြောပြကြပါလေရော ။ ကလေးတစ်အုပ်နဲ့ စကားများနေလို့ မဖြစ်သေးပါဘူး ဆိုပြီး အတင်း ( ၀လုံး ) ခိုင်းရပြန်ပါတယ် ။

တစ်ယောက်ခဲတံကျိုးလို့ချွန်ပေးရင် နောက်ကလေးတွေ တန်းစီချွန်ခိုင်းတော့တာ ၊ ဒါကြောင့် မေမေ ခဲတံ အပိုတွေ အသင့် ဆောင်ထားရတာ ပါလားလို့ သဘောပေါက်မိပါတယ် ။ သူတို့ကျောင်းလာရင် ကျမအတွက် ပန်းတွေ ယူလာတတ်ပါတယ် ။ ၀ယ်လာတာ ၊ အိမ်ကခူးလာတာ အစုံပါပဲ ။ ကျမက ပန်းမကြိုက်တတ် ၊ ဒါပေမယ့် သူတို့ ပေးတာလေးတွေ ပန်ရပါတယ် ။ တစ်ယောက်ပေးတာ ပန် ပြီး နောက်တစ်ယောက်ပေးတာ မပန်လို့လဲ မဖြစ် ၊ ပေးသမျှအကုန် ခေါင်းပေါ်တင် ၊ ဆံပင်မရှိတဲ့ ဆံထုံးပေါက်စတောင် မမြင်ရတော့ပဲ ခေါင်းပေါ်အမှိုက်ပုံဖြစ်ပါလေရော ။

ကျောင်းတက်ပြီး ၃ ရက်အကြာမှာ ကျမ အသံပျောက်ပါပြီ ၊ တစ်ခန်းနဲ့တစ်ခန်း ကျောက်သင်ပုန်းပဲ ခြားတာ ၊ ကြားနံရံမရှိတော့ ဆူညံသံတွေကြား သူတို့ကြားအောင်အော်ရင်း လည်ချောင်းတွေလည်းနာ ၊ အသံလည်း ဘဲ သံပေါက်တော့တာပါ ။ ဆရာမ အလုပ်ဆိုတာ တကယ် မလွယ်ပါလားလို့ သဘောပါက်လာပါတယ် ။

တစ်ခါတော့ ကျမ ဒုက္ခရောက်ရပါတယ် ။ ကလေးတစ်ယောက် ပိုက်ဆံပျောက်တာပါ ။ မုန့်ဖိုး တစ်ကျပ်ပါလာတာ ၊ တခြား ကလေးတစ်ယောက်ကို သူယူထားတယ် ဆရာမလို့ လာတိုင်ပါတယ် ။ ကျမ မဝေခွဲတတ်ပါ ။ တကယ် မခိုးတဲ့ကလေးကို ကျမ အပြစ်ပေးမိမှာ ကြောက်သလို ၊ တကယ်ပျောက်တာ ဆိုရင်လဲ ပျောက်တဲ့ ကလေးအတွက် မကောင်းပြန် ။

ကျမ က မဟော်သဓာလဲ မဟုတ်လေတော့ ဘယ်သူ ပိုင်ရှင်အစစ်လဲ ၊ မဆုံးဖြတ်တတ် ။ နောက်ဆုံးတော့ ဆရာမ ပေါက်စ ပိုက်ဆံအိတ်လေးဖွင့် ၊ ပျောက်တယ်ဆိုတဲ့ ကလေးကို မုန့်ဖိုး တစ်ကျပ် ထုတ်ပေးလိုက်ရပါတယ် ။ တော်သေးတယ် တခြားကလေးတွေ ပိုက်ဆံပျောက်ပါတယ် တန်းစီ မတိုင်ကြလို့ ၊ ကလေးတွေက မညာတတ်ဘူးလေ ……..

… … … ဆက်ပါဦးမယ် …
xxxxxxxxxxxxxxxxxxxxxx

ကျမ ဘာကြောင့် ဆရာမ တစ်ယောက် မဖြစ်ချင်ရသနည်း … ( ၄ )
Why I don’t want to be a Teacher … ( 4 )

တကယ်တော့ ကျောင်းဆရာ / ဆရာမ တွေလုပ်ရတာ စာသင်တာ တစ်ခုတည်းနဲ့ မပြီးပါဘူး ။ ကလေးတွေ ကျောင်းရောက်လာ ၊ စာသင် ၊ ကျောင်းဆင်း ပြန်လွှတ် ၊ ကိုယ့်အတန်းက ကလေးတွေ အကုန် ကျောင်းခန်းထဲက ထွက်ပြီး တဲ့အထိစောင့် ၊ ကလေး တစ်ယောက်တစ်လေ ကျန်နေခဲ့ပြီး ၊ တစ်ခုခု ဖြစ်ရင်လဲ ဆရာ ၊ ဆရာမ တာဝန်ပါ ။

ကျောင်းဝန်း ပြင်ပရောက်ပြီး ၊ ကျောင်းစာသင်ချိန် ပြီးဆုံးပြီး လမ်းမှာ တစ်စုံတစ်ခုဖြစ်ရင်လဲ ကျောင်းကိုလိုက်လာ ၊ ဆရာမအိမ်လိုက်လာ ။ ဆရာမ ဆိုတာ ကျောင်းဆင်းပြီး အိမ်ပြန်ရောက်နေတာတောင် ၊ အဲ့လို အခြေအနေတွေ တစ်ခါတရံ ကြုံရပါသေးတယ် ။ ကလေးက မိဘချင်းကွဲနေတာ ၊ အမေ နဲ့ နေတဲ့ကလေး ၊ အဖေက ကျောင်းအဆင်း လာခေါ်သွားတာမျိုး ။ ကလေးပျောက်တော့ ဆရာမ အမှုပတ်ခံရတာတွေ ။

ရုံးဝန်ထမ်းတစ်ယောက် နေထိုင်မကောင်းဖြစ်ရင် သူလုပ်လက်စ အလုပ်ဖိုင်တွဲတွေ ဘီဒိုထဲ ထဲ့ထားလို့ရပေမယ့် ၊ ဆရာမတစ်ယောက် နေမကောင်းလို့ ခွင့်ယူရင် ကလေးတွေကို ဖိုင်တွဲတွေလို ထဲ့သိမ်းထားလို့မရ ၊ ဘေးအခန်းက ဆရာမ တွေ ၀ိုင်းကူထိန်းရတာပါ ။ ဒါကြောင့်လည်း မေမေ့ နေရာမှာ ကျမကို လုပ်အားပေး ၀င်စေခဲ့တာပါ ။

တစ်ရက် … နေ့လည် ထမင်းစားချိန် ၊ ကလေးတစ်ယောက် ထမင်းဘူး မှောက်ကျပါတယ် ။ သူငယ်တန်း ကလေးဆိုတာ တကယ်တော့ ဘာမှမလုပ်တတ်သေး ၊ တစ်ယောက်ချင်းစီ ဘူးလိုက်ဖွင့်ပေးနေတာ မစောင့်နိုင်ပဲ သူ့ဟာသူအတင်းဆွဲဖွင့် ၊ မှောက်ကျတော့ အော်ငို ၊ ထုံးစံအတိုင်း ဆရာမ ပေါက်စ ထမင်းငတ်ခံပြီး ကိုယ့်ထမင်းဘူး ကလေးကို စားဖို့ပေးရပါတယ် ။

အဲ့လို မငတ်လဲ ထမင်းဖြောင့်အောင် မစားရတာ များပါတယ် ။ ဘူးမဖွင့်တတ်လို့ ၊ ငါးအရိုးမထွင်တတ်လို့ လိုက်လုပ်ပေးရပါတယ် ။ အရိုးစူးလို့အော်ငိုတာ လည်း လုပ်ပေးရဖူးပါတယ် ။ တော်သေးတယ် လည်ချောင်းထဲမစူးပဲ သွားကြားထဲ စိုက်နေတာမို့လို့ ၊ သူ့ပါးစပ်ထဲ အတင်းကြည့် အရိုးဖယ်ပေးရပါတယ် ။ နောက်တော့ ထမင်းဖြောင့်အောင် မစားရတဲ့အတူတူ ထမင်းဘူး မထဲ့တော့ ၊ ပေါင်မုန့်လို အလွယ်စားလို့ရတာ ထဲ့ရပါတော့တယ် ။

ကျောင်းဖွင့်ပြီး မကြာခင်ကြုံရတာ ၀ါဆိုသင်္ကန်းကပ်တဲ့ ကိစ္စ အလှူငွေကောက်ရတာပါ ။ ကျမတို့ ကျောင်းနေတုန်းကလည်း ဆရာမက မှာလိုက်ရင် မေမေ့ဆီ ပြန်တောင်းရတာပါပဲ ။ မေမေ က စာအိတ်လေးနဲ့ ထဲ့ပေးလိုက်ပါတယ် ။ တခါတလေလည်း ယပ်တောင်လို လှူဖွယ်တခု ထဲ့ပေးပါတယ် ။ ဒါက မြန်မာမှုပါပဲ ။ ဘယ်အချိန်က စခဲ့လဲ မသိပေမယ့် ၊ ကျမ ကျောင်းတက်ခဲ့တဲ့ နှစ်တိုင်းတော့ ကြုံခဲ့ရပါတယ် ။

တချို့ အဆင်မပြေတဲ့ မိဘတွေကျ အခက်အခဲ ဖြစ်ရပါတယ် ။ ဘယ်သူ ဘယ်ခေတ်က စခဲ့လဲ မသိပေမယ့် ၊ အလှူငွေကောက်ရတာ ဒုက္ခတစ်ခု ဆိုတာ ကိုယ်တိုင် ဆရာမ လုပ်မှ သိရပါတော့တယ် ။ အလှူငွေ မကောက်ပဲ ဆရာမတွေချည်းပဲ အကုန်မခံနိုင်ကြ ၊ မလုပ်ပဲ နေလို့ရော မရဘူးလား မသိပါ ။ ဒါကကျောင်းအဆင့် အခြေအနေပါ ။

အဲ မြို့နယ် ပညာရေးမှူး ထိုင်တဲ့ကျောင်းမှာ ၀ါဆိုသင်္ကန်း ကပ်ဖို့ ကျတော့ ဆရာမတွေ လစာထဲက ဖြတ်ခံရတာပါ ။ တစ်ခါတစ်ခါ ကုသိုလ်တပဲ ၊ ငရဲ တပိသာလို့ပြောရမလိုပါပဲ ။ ဒီလို သာရေးမှ မဟုတ် တစုံတစ်ခုသော နာရေးဖြစ်လဲ ဖြတ်ပါတယ် ။ နာရေးကတော့ ဘ၀တူချင်း ကူရမှာပေါ့ မဟုတ်ဖူးလား ။

အဲ့ထက်ဆိုးတာကတော့ တခါမှ မမြင်ဖူးတဲ့ မြို့နယ်ပညာရေးမှူးရဲ့ သမီး မင်္ဂလာဆောင် အတွက် လက်ဖွဲ့ ဆိုတာမျိုး အဖြတ်ခံရတာ ။ မင်္ဂလာ ဖိတ်စာ တစ်စောင်နဲ့ တစ်ကျောင်းလုံးကို ဖိတ်တာ ဆိုတော့ တစ်ကျောင်းလုံး ဆရာမတွေ ထဲ့ကြပေါ့ ။

တကယ့် အခမ်းအနားတော့ ဖိတ်စာတစ်စောင်နဲ့ ဆရာမ အကုန် သွားလို့ အ၀င်ခံပါ့မလား မသိပါ ။ ဘယ်ဆရာမ မှ လဲ ကိုယ့်နားရက် အနားမယူပဲ မသွားအားကြပါ ၊ Taxi ဖိုး ကုန်ဦးမှာလေ ။ ဆရာမတွေ တက်ရောက်ချီးမြှင့်ဖို့ထက် လက်ဖွဲ့ရောက်လာဖို့ အဓိက မဟုတ်ဖူးလား ။ ဒါတွေကို ကျောင်းသားမိဘတွေ မသိကြပါ ။

ကျောင်းမှာ စာသင်ခုံ မပြည့်စုံတာ ၊ ကျောက်သင်ပုန်း ပေါက်ပြဲ တွန့်လိပ်နေတာ ၊ ဆေးထပ်မသုတ်နိုင်လို့ မနက်မှောင်တော့တဲ့ ကျောက်သင်ပုန်း သုံးနေရတာ ၊ မိုးသည်းလို့ မှောင်မဲနေလဲ မီးထွန်းဖို့ မပြည့်စုံတာ ၊ မိုးယိုနေလို့ နေရာရွှေ့ရအောင်ကလဲ အခန်းကျဉ်းလေးတွေ ကျောက်သင်ပုန်းနဲ့ အခန်းကန့် သင်နေရတဲ့ စာသင်ခန်း ၊ ရွှေ့စရာ နေရာမရှိတော့တာ ၊ ကန်စွန်းခင်း ကျောင်းလေးထဲ ရေ၀င် ၊ ကြွက်ဝင် ၊ နောက်က မြွေလိုက်ဝင်တာ ၊ ကျောင်းအ၀င်အထွက် ဗွက်ထနေတဲ့လမ်း ကလေးတွေ ၊ မိဘတွေ ၊ ဆရာမတွေ ချော်လဲနေတာ ၊ ဒါတွေ ဘယ်လို ပြုပြင်ရမလဲ ၊ ဘယ်သူ တာဝန်ရှိသလဲ ၊ ဘယ်က ငွေနဲ့ လုပ်ရမလဲ ။

ကျောင်းအပ်ချိန် အလှူငွေ မကောက်ခံရ ဆိုပေမယ့် ၊ ကျောင်းဖွင့်ချိန် အထက်က ပြောခဲ့သလို ကျောင်းသား ၊ ကျောင်းသူ ၊ ဆရာ ၊ ဆရာမ တွေအတွက် လိုအပ်တဲ့အရာတွေ ၊ ဘာတစ်ခုမှ အဆင်သင့်မရှိပါ ။ ကျမ ဆို ကျမမေမေ ထိုင်တဲ့ ဆရာမ ထိုင်ခုံ ကုလားထိုင် အစုတ်လေးကြောင့် လုံချည် ပေါက်ခဲ့ပါသေးတယ် ။ သံနဲ့ငြိတာပါ ။ ၀တဲ့ဆရာမ တွေသာဆို ထိုင်နေရင်း ခုံကျိုးကျရင်တော့ ဒုက္ခ ။

ဆရာမ ခုံ မှ မဟုတ် ၊ ကလေးတွေ ခုံတန်းတွေကလဲ ယိုင်နဲ့လို့ ။ သံထွက်နေတာကို အိမ်က တူ ယူလာပြီး ပြန်ထုရပါသေးတယ် ။ ကလေးတွေ ဆော့ရင်း သံနဲ့ခြစ်မိမှာ စိုးလို့ပါ ။ ဆော့တတ်တာလဲ ကလေးသဘာဝ ။ တော်ကြာ ခုံ လဲ ကျလို့ ၊ တော်ကြာ ခုံပေါ်ကပြုတ်ကျလို့ ၊ ကလေး ( ၃ ) ယောက် ( ၄ ) ယောက်လောက် မွေးထားတဲ့မိဘတွေ ကလေးဘယ်လိုထိန်းရလဲ သိပါမယ် ။ ဒါတောင် သူတို့ ကလေးတွေက အကြီးအငယ်တွေ ဆိုတော့ ထိန်းရတာချင်း မတူလောက် ။ အကြီးတွေက ပြောရသက်သာချိန် အငယ်တွေက ဆော့တာ ထိန်းရမှာမျိုး ။

စာသင်ခန်းထဲက ကလေးတွေက အကုန်အရွယ်တူ ၊ အဆော့မှာလဲ စံချိန်တူလောက်ပါပဲ ၊ ပြီးတော့ တစ်ခန်းကို ( ၃၀ ) ကျော် ( ၄၀ ) ။ သူတို့ချင်း ဆော့ကစားရင်း တခုခု ထိခိုက်မိရင် ၊ မိဘတွေက ဆရာမ စီ လာတာ မောင်းတင် လာတတ်ကြပါသေးတယ် ။ တကယ်တမ်း သူတို့ ငြီးညူလေ့ရှိတာ ထမီတောင် မနိုင်ဘူး ဒီကလေးတွေထိန်းရတာ … လို့ ။ အဲ့ လက်လက်ထ လေးတွေ အယောက် ( ၃၀ ) ကျော် ( ၄၀ ) ထိန်းရတဲ့ ဆရာမ ဘ၀ တွေးသာကြည့်ပါတော့ ။

ဒီတော့ ပြောကြပါမယ် ။ ဘယ်သူက ဆရာမ အလုပ်လုပ်ခိုင်းလဲ … တခြား အလုပ်လုပ်ပေါ့ လို့ ။ အဟုတ်ပါ … ကျမ တကယ်ကို တစ်သက်စာ ဆရာမ မလုပ်တော့ဘူး လို့ ဆုံးဖြတ်မိတဲ့အထိ … ဆရာ ၊ ဆရာမ အလုပ်ဆိုတာ တာဝန်ကြီးလေးလွန်းလှပါတယ် ။ အင်း … အကုန်လုံး ကျမလို လန့်ပြေးရင်တော့ … ဆရာဝန် ၊ အင်ဂျင်နီယာ အသာထားလို့ … စာတတ်တဲ့သူတောင် ရှိတော့မယ် မထင် …
… … … ဆက်ပါဦးမယ် … … …
xxxxxxxxxxxxxxxxxxxxxxx
ကျမ ဘာကြောင့် ဆရာမ တစ်ယောက် မဖြစ်ချင်ရသနည်း … ( ၅ )
Why I don’t want to be a Teacher … ( 5 )

ကျောင်းတွင်း ကိစ္စအပြင် ကျောင်းပြင် ကိစ္စတွေမှာလည်း ဆရာမတွေ လုပ်ရပါသေးတယ် ။ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး ဆိုတာ ၊ ကလေးတွေ အိမ်က အပင် တစ်ပင်စီယူလာ ၊ ကျောင်းဝန်းကျင်မှာ ကလေးအုပ်လိုက်နဲ့ သစ်ပင်ထွက်စိုက်ရပါတယ် ။ ကျမတို့ ကလေးတုန်းကလည်း လုပ်ခဲ့ရပါတယ် ။ ဒီတုန်းကတော့ စာသင်ခန်း အပြင်ထွက်ရတော့ ပျော်တာပေါ့ ။

တကယ် ဆရာမ တစ်ယောက်အနေနဲ့ ဒီကလေးတစ်အုပ် ထိန်းပြီး အပြင်ထွက်ရမှ အခက်အခဲ တွေ သိရပါတယ် ။ သစ်ပင်စိုက် ဖို့ထက် ဆော့ဖို့သန်တဲ့ မျောက်ရှုံးလေးတွေ ပါ ပါတယ် ။ တုန်တုန်ချိချိ ပျော့တဲ့ မိန်းကလေးတွေ ပါ ပါတယ် ။ သစ်ပင်စိုက်ရတာ ကျောင်းဝန်ကျင် ၊ ဗွက်တောထဲ ။ မျောက်ကလေးတွေ သံစူးမလား ၊ ပုလင်းကွဲရှမလား ၊ ပူရပါတယ် ။ ကျောင်းသူ မိန်းကလေးတွေ ချော်လဲမလား ၊ ကျွတ်တွေ မျှော့တွေ တွယ်မလား ပူရပါတယ် ။ ကျမ ကိုယ်တိုင်လည်း ဒီအကောင်တွေ ကြောက်ပါတယ် ။ ဆရာမကြီးက မြို့နယ်က ညွှန်ကြားချက်နဲ့ စိုက်ဆိုတော့လည်း စိုက်ရတာပေါ့ ။

တစ်ခါတလေလည်း အဲ့ထက်ဆိုးတာ ရှိပါသေးတယ် ၊ ဘာ လမ်းကြောင်းရှိလို့ ၊ ဘယ်သူလာမှာမို့ ဆရာမတွေ နဲ့ ကလေးတွေ ထွက်ပြီး ကြိုဆိုရေး ဆိုတာကြီးပါ ။ မိုးမလင်းခင် ကျောင်းကိုသွား ၊ ကလေးတွေ စု ၊ လူစစ် ၊ သတ်မှတ်နေရာ အရောက်သွား ၊ မိုးရွာနေနေ ၊ ဆောင်းတွင်း အေးနေနေ သွားရတာပါပဲ ။ ကားနဲ့ ခနလေး ဖြတ်မောင်းမယ့်ဟာကို ၊ ကလေးတစ်အုပ် ထိန်းပြီး လမ်းဘေးရပ်နေရတဲ့ဘ၀ ဘယ်ဆရာ ၊ ဆရာမ က လုပ်ချင်ပါ့မလဲ ။ ဒီလောက် အဆော့သန်တဲ့ အရွယ်တွေ ၊ ကားလမ်းဘေး ထိန်းရတာ တွေးမြင်ယောင်ကြည့်ပါ ။ မတော်တဆမှု တစ်ခုခု ဖြစ်ခဲ့ရင် … ဆရာ ဆရာမ တာဝန်တွေထဲ ဒါတွေလဲ ပါ ပါသေးတယ် ။ တစ်မိနစ် ၊ ၂ မိနစ်လောက်လေး ကားနဲ့ဖြတ်မောင်းချိန် လက်ပြ ၊ ပြီးတော့ ကလေးတွေ အိမ်ပြန်လွှတ်လိုက်ချိန် ၊ အိမ်တန်းမရောက်ပဲ လမ်းမှာ တခုခု ဖြစ်မှာ စိုးရတော့ အုပ်လိုက်ကြီး ကျောင်းပြန်ခေါ် ၊ ပြီးမှ ပြန်လွှတ်ရတာမျိုး လည်း ရှိပါသေးတယ် ။

နောက် … သင်ထောက်ကူပစ္စည်း နဲ့ သင်ရမယ် ဆိုတာကြီး ၊ စနစ်ကို မကောင်းဘူး မပြောပါ ၊ ကျမတို့ ငယ်ကတည်းက အိမ်မှာ မေမေက ကျမတို့ကို သင်လာတာ ၊ သိတာပေါ့ ၊ တကယ့်အာလူး အလုံးလိုက် ပြပြီး Potato လို့ သင်ခဲ့ရတာ ။ ကျောင်းတွေမှာ ဒီလိုစနစ်တွေနဲ့ သင်စေပါတယ်တဲ့ ။ သင်ထောက်ကူပစ္စည်း ဆိုတာ မေမေကိုယ်တိုင် အိမ်မှာလုပ်ရပါတယ် ။ ဘယ်ဌာနက မှ စီစဉ်မပေးပါ ။ ရုပ်ပုံကားချပ်တွေ ၊ ရောင်စုံခြယ်စရာတွေ ၊ ကဒ်ထူတွေ ၊ ဖြတ် ညှပ် ကပ် ။ ကျမတို့ကတော့ ငယ်ထဲက မေမေ နဲ့ ဒီလို ဆော့ခဲ့ လုပ်ခဲ့ရတော့ မေမေ ကျောင်းမှာသင်ဖို့ ၀ိုင်းကူလုပ်ပေးရပါတယ် ။ ပျော်လဲပျော်ပါတယ် ။ ဒါပေမယ့် ဒီလိုပစ္စည်းစိုက်ဝယ်ဖို့ ၊ အိမ်မှာ အချိန်ကုန်ခံလုပ်ဖို့ ၊ အဆင်မပြေတဲ့ ဆရာမတွေလည်း ရှိပါတယ် ။ ဒီနည်းနဲ့သင်ဖို့ ၊ ဒီလိုအပ်ချက် ဖြည့်ဆည်းပေးမှု မရှိမှတော့ ဒီစနစ်အောင်မြင်ခဲ့ပါရဲ့လား ။

နောက် ဒါကျက် ဒါဖြေဆိုတဲ့ စနစ်က … အတန်းထဲ စာသင်နေတဲ့ ဆရာမတွေက သူတို့သဘောနဲ့ သူတို့ ပြဌာန်းရေးဆွဲထားတာ မဟုတ်ပါ ၊ ဒီလိုသင် ဒီလိုဖြေခိုင်း ၊ ဒီလိုမှ အအောင်ပေး ဆိုတာ အထက် အထက် က မိုးကျရွေကိုယ်တွေနဲ့ ပိုဆိုင်လေမလား ။ ကျမ အလယ်တန်းတုန်းက အဖြစ်တစ်ခု ပြောပြချင်ပါတယ် ။ သချာင်္ ၂ လို့ခေါ်တဲ့ဘာသာပါ ။ ကျမ တွက်ထားတာ မှားနေပါတယ် ၊ တကယ်က ဆရာမသင်တဲ့အတိုင်း ကျမ တွက်ထားတာပါ ။ ကျမဖေဖေက အမှန်ပြန်သင်ပါတယ် ။ ( ဖေဖေက M.Sc ( Maths ) လေ ၊ အဲ့အချိန်က ၁၀ တန်းတွေ သင်နေတဲ့သူ ) ။

လပတ်စာမေးပွဲမှာ အဲ့အပုဒ် မေးပါတယ် ။ ကျမက ဖေဖေသင်ထားတဲ့အတိုင်း ဖြေလိုက်ပါတယ် ။ အခန်းထဲက အခြားသူတွေက ဆရာမ သင်ထားတဲ့အတိုင်း ဖြေပါတယ် ။ ဒီတော့မှ ဆရာမက အမှားကို သတိပြုမိပါတယ် ။ ကျမကို မေးပါတယ် ၊ သမီး ဒါကို ဘယ်လိုဖြေသလဲ တဲ့ ၊ ကျမကလည်း ဖေဖေ သင်ပေးထားတဲ့အတိုင်း ဖြေပါတယ်ပေါ့ ။ သမီးဖေဖေက ဘာလုပ်သလဲ မေးပါတယ် ။ ( ၁၀ ) တန်း သင်တဲ့ ဆရာပါပေါ့ ။ ကျမ တွက်ထားတာကို ဆရာမ လက်ခံပါတယ် ။ တစ်ခန်းလုံးကိုလဲ ပြန်ပြင်သင်ပေးပါတယ် ။ ဆရာမ အယူအဆ မှားတွက်မိတယ် ဆိုတာကိုလဲ ပြန်ရှင်းပြပါတယ် ။

အခုခေတ် ကလေးအတော်များများ ဆရာမ သင်တာမှ အမှန်ထင်တာပါ ။ ဖတ်စာအုပ်ထဲက ပါသမျှ အမှန်ထင်တာပါ ။ ကျမတို့ငယ်တုန်းကလဲ ဖေဖေနဲ့မေမေ ပြောရင် တစ်ခုခု ပြင်ပေးရင် ဖတ်စာအုပ် ဆိုတာကြီး ပြပြီး ဒီမှာ ဒီလိုလေ … အထွန့်တက် တတ်တာပါပဲ ။ တကယ်တော့ ဖတ်စာအုပ်ဆိုတာ ကျောင်းအုပ်ကြီးတွေ ၊ ပါမောက္ခကြီးတွေ စာစီထားတာမှ မဟုတ်တာ ၊ ပုံနှိပ်ထုတ်ဝေရေးက ၀န်ထမ်းတွေ လုပ်ရတာ ၊ သူတို့ကို နှိမ်တာ မဟုတ်ပေမယ့် သူတို့ ပါမောက္ခမဟုတ်တာတော့ အမှန်ပဲလေ ။ သူတို့လဲ မတော်တဆဖြစ်စေ စာလုံးအစီ မှားတတ်ပါတယ် ။ မြန်မာပြည်မြေပုံမှာ အရှေ့ နဲ့ အနောက် နာမည်မှားတပ်ထားတာ တခါတုန်းက အွန်လိုင်းမှာတောင် ပျံ့ခဲ့သေးတာပဲ ။ ဒါ ခဲစာလုံးစာစီ မှားနေတာ ၊ ဘယ်လိုပြင်လို့ ဆရာမတွေက ပြန်ပြင်သင်ရတာ မဟုတ်ဖူးလား ။ တကယ်တော့ စာအုပ်တွေကို ကျောင်းသား / ကျောင်းသူ တွေလက်ထဲ မဖြန့်ခင် အမှားပြန်စစ်မယ် ဆိုရင်တော့ ပိုကောင်းမှာပေါ့လေ ။

… … … ဆက်ပါဦးမယ် … … …
https://www.facebook.com/photo.php?fbid=687885921246471&set=a.201362119898856.44754.100000752092903&type=1&theater

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...