Friday, August 2, 2013

ကျောင်းဆရာနှင့် အသက်မွေးမှုအနုပညာ

August 1, 2013 at 6:26am


ယနေ့ဂျာနယ်တော်တော်များများမှာရော၊social media တွေမှာပါ  ပညာရေးစနစ်ပြောင်းလဲရေးကို အလေးပေးရေး သားပြောဆိုနေကြတာတွေ့ရပါတယ်။ ဒါပေမယ့် အဲဒိလို ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးမှာအရေးကြီးဆုံးဖြစ်တဲ့ ပညာပြန်လည်ဖြန့်ဝေပေးသူ ဆရာတွေရဲ့အကြောင်းကိုတော့ ပြောဆိုရေးသားဆွေးနွေးသူ အတော်လေးနည်းနေ သည်ဟု ထင်ပါသည်။
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးမှာ ဆရာတွေကဘယ်နေရာကနေပါဝင်သင့်သည်၊ပါဝင်ရမည် စသည့်အကြံပြုချက်တွေ၊ တင်ပြဆွေးနွေးချက်တွေလည်း သိပ်မတွေ့ရပါ။ ပညာရေးစနစ်ပြောင်းတာနဲ့အညီဆရာတွေရဲ့ပညာဖြန့်ဝေပုံတွေကိုလည်းပြောင်းလည်းဖို့ လိုအပ်တယ်ဆိုရင် သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းပြုမှုကိုလည်းထည့်သွင်းစဉ်းစားသင့်သည် ဟုယူဆပါသည်။ ဒါ့ကြောင့် ကျွန်တော့်တွေ့ဖူးသမျှ ဆရာတွေရဲ့ အသက်မွေးဝမ်းကျောင်းမှုလေးတွေကိုရေးပြချင်ပါသည်။

ကျောင်းဆရာလို့ဆိုလိုက်တာနဲ့အစိုးရကျောင်းတွေမှာ သင်ကြားပြသနေတဲ့ ဆရာတွေနဲ့၊ အစိုးရပိုင်မဟုတ်တဲ့ ကျောင်းတွေမှာသင်ကြားနေတဲ့ဆရာတွေဆိုပြီး အကြမ်းပျင်းအားဖြင့် ၂ မျိုးခွဲရမည်ထင်ပါသည်။ ဒီနေရာမှာကျွန်တော်ကိုယ်တိုင်က အစိုးရပိုင်မဟုတ်တဲ့ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ဆရာတွေနဲ့ပတ်သက်လို့အတွေ့အကြုံမရှိတာကြောင့် အထူးတလည်မရေးသားလိုပါ။ အစိုးရကျောင်းတွေမှာ သင်ကြားပြသနေတဲ့ဆရာတွေရဲ့ အသက်မွေးဝမ်းကြောင်းမှုနဲ့ ပတ်သက်လို့သိသလောက်လေး ရေးချင်ပါသည်။

အစိုးရကျောင်းတွေမှာပညာသင်ကြားနေတဲ့ဆရာတွေမှာလည်း ထပ်မံခွဲခြားမယ်ဆိုရင် အခြေခံပညာကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေသောဆရာများ၊ တက္ကသိုလ်အဆင့်မှာ တာဝန်ထမ်းဆောင်နေသော ဆရာများဆိုပြီး ထပ်မံခွဲခြားရမည်ဖြစ်ပါသည်။အခြေခံပညာကျောင်းတွေမှာမှ ကျေးလက်တွေမှာ တာဝန်ထမ်းဆောင်နေသောဆရာများ၊ မြို့တွေမှာတာဝန်ထမ်းဆောင်နေသောဆရာများဆိုပြီး ၂ ပိုင်းရှိပါမည်။

ကျွန်တော်ဟာကျေးရွာလေးတစ်ရွာမှာ မွေးဖွားကြီးပြင်းလာရသူတစ်ယောက်ဖြစ်တာကြောင့် ကျေးလက်တွေမှာတာဝန်ထမ်းဆောင်နေရတဲ့ဆရာတွေရဲ့ အသက်မွေးဝမ်းကြောင်းပြုမှုကို အရင်ဆုံးတင်ပြချင်ပါသည်။ ကျေးရွာ မူလတန်းကျောင်းလေးတွေဟာရွာအကြီးအသေးပေါ်မူတည်ပြီး ဆရာ၊မ အင်အား ကျောင်းသားအင်အား ကွာခြားကြပါသည်။ ဒါ့အပြင်အဲဒိကျောင်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ၊မ တွေဟာ ရွာခံတွေ ဒါမှမဟုတ် အနီးအနားရွာတွေကသာဖြစ်ကြပါသည်။ အဲဒိတော့ ရပ်တည်မှုနဲ့ လုပ်ဆောင်ပုံ၊ စည်းကမ်းလိုက်နာပုံတွေကလည်း ကွာခြားလှပါသည်။အချို့က အိမ်ကအလုပ်ပြီးစီးမှ ကျောင်းကို စာသွားသင်ကြပါသည်။ အချို့ကတော့ ကျောင်းတက်ချိန်အတိအကျသွားကြပါသည်။

ညနေဘက် ကျောင်းဆင်းချိန်တွင်လည်း အချို့ကကျောင်းဆင်းရမည့်အချိန်ထက် စောဆင်းကြလေ့ရှိပြီး၊အချို့ကတော့ ပုံမှန်ဆင်းလေ့ရှိပါသည်။ အချို့ဆရာ၊မ နည်းသောကျောင်းများမှာဆိုလျှင် ၅ရက်ရှိသည်ကို ဘယ်သူက  ဘယ်ရက်လာ၊ ဘယ်သူက ဘယ်ရက်လာစသည်ဖြင့်ခွဲတမ်းချပြီး သင်ကြလေ့ရှိသည်ဟုသိရပါသည်။ ဒါ့အပြင် ညနေခင်းကျောင်းဆင်းသည့်အခါ အိမ်အလုပ်ကိုလုပ်ကြရပြန်ပါသည်။ ဒီအခါပင်ပန်းလွန်းတာကြောင့် နောက်နေ့ သင်ခန်းစာအတွက် ပြင်ဆင်ချိန်မရှိဘဲအိပ်စက်လိုက်ရသည့်သူများရှိမည်ဖြစ်သလို၊ တာဝန်ကျေချင်သောကြောင့် ပြင်ဆင်ပြီးမှ အိပ်စက်အနားယူသူများလည်းရှိမည်ဖြစ်ပါသည်။ဒီတော့ ကိုယ်သင်ကြားရတဲ့ပညာရေးအပေါ် အပြည့်အ၀အာရုံမစိုက်နိုင်တာတွေဟာ ဘာ့ကြောင့်လဲဆိုတာလက်လှမ်းမီသလောက် စဉ်းစားကြည့်တော့ အသက်မွေးဝမ်းကြောင်းမှုကြောင့်လို့ ဆိုရမည်ဖြစ်ပါသည်။

 ကျောင်းဆရာလုပ်သည့် အတွက်ရသည့် လစာနှင့်မလုံလောက်သောကြောင့် ဒုတိယ အလုပ်ကိုထပ်လုပ်ရပြန်ပါသည်။ထိုဒုတိယအလုပ်သည် ပတ်ဝန်းကျင်၊ အကျင့်စရိုက်၊ ခံယူချက်တို့ပေါ်မူတည်ပြီး အမျိုးမျိုးကွဲပြားနိုင်ပါသည်။လယ်ယာမြေရှိသောမိဘက ပေါက်ဖွားသူတွေကလည်း လယ်ယာမြေအလုပ်၊ ကုန်သည်ပွဲစားတွေက ပေါက်ဖွားသည့်သူတွေကလည်းကုန်သည်ပွဲစားအလုပ် စသည်ဖြင့်လုပ်ဆောင်ကြမည်ဖြစ်ပါသည်။ လယ်ယာမြေလည်းမရှိ၊ ကုန်သည်မိဘတွေကပေါက်ဖွားလာတာလည်းမဟုတ်သည့် သူတွေကတော့ ကျူရှင်ဆိုတာကို လုပ်ဆောင်လာကြပါသည်။ ညနေဘက်ကျောင်းဆင်းလျှင်ကိုယ်သင်တဲ့အတန်းက ကလေးတွေရော မသင်ရတဲ့အတန်းက မိတ်ဆွေတွေရဲ့ ကလေးတွေကိုပါ ထမင်းချက်ရင်း၊ဟင်းချက်ရင်း စာသင်ပေးကာပိုက်ဆံရှာရပြန်ပါသည်။ ကျူရှင်လို့သာခေါင်းစဉ်တပ်ကြသည် တစ်ရွာတည်းနေသူတွေရဲ့စီးပွားရေးအခြေအနေကြောင့် ရသည့်အခက ထောင်ဂဏန်းသေးသေးမျှသာဖြစ်ပါသည်။ ထိုကဲ့သို့ စားဝတ်နေရေးအတွက်ဒုတိယအလုပ်ကို ရှာကြသည့်အခါ ဒုတိယအလုပ်သည့် အဓိက အလုပ်ထက် ၀င်ငွေပိုကောင်းသည့်အခါ ကိုယ့်မူရင်းအလုပ်အပေါ်အပြည့်အ၀အာရုံမစိုက်နိုင်ကြတော့ပေ။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ဘယ်သူ့ကို အပြစ်တင်ကြမလဲ။

လူကိုအပြစ်တင်မလား၊ မူကိုအပြစ်တင်မလား၊ အပြစ်တင်ကြမလား ဖြေရှင်းနည်းကို ရှာကြမလား စိတ်ဝင်စားဖို့ကောင်းလှပါသည်။
အလယ်တန်းနဲ့အထက်တန်းတွေမှာ သင်ကြားနေတဲ့ ဆရာ၊မ တွေကတော့ စောစောက ပြောခဲ့တဲ့ဆရာ၊မ တွေထက် ၀င်ငွေအနည်းငယ်ပိုကောင်းကြသည်ဟု သိရပါသည်။ အတန်းကြီးလာတော့ ခေတ်မီပြီးတော့ တတ်နိုင်တဲ့ မိဘတွေကကိုယ့်ကလေးတွေကို ကျူရှင်ဆိုပြီး နွေရာသီကတည်းက ထားတတ်ကြပါသည်။ ဒီအခါ အတန်းကြီးလာတာနဲ့အမျှကျူရှင်ကြေးတွေကလည်း များလာကြပါသည်။ အိမ်အလုပ်လည်း လုပ်လို့ရ၊ စာလည်းသင်ရနဲ့ မချမ်းသာကြပေမယ့်စားဝတ်နေရေးကိုတော့ အဆင်ပြေစေသည်ဟုဆိုပါသည်။

ယခုထိရေးခဲ့တဲ့ အကြောင်းအရာထဲမှာ ကျူရှင်ဆိုသည့် စကားလုံးတွေ ဖောင်းပွနေတာကို တွေ့နိုင်ပါသည်။ခေတ်စကားနဲ့ ပြောလျှင် လက်ဖက်ရည်ယဉ်ကျေးမှု၊ ဘီယာရည်ကျေးမှု၊ စသည်ဖြင့် ကျူရှင်ယဉ်ကျေးမှုဟုပြောရမလိုပင်ဖြစ်နေပါသည်။ကျူရှင်မယူရင်ဘဲ ခေတ်မမီတော့ သလိုဖြစ်နေပါသည်။ ကျေးလက်တွေမှာလည်း ကျူရှင်ဆိုသည့်စကားလုံးကအတော်လေးကို အကျွမ်းတ၀င်ဖြစ်နေကြပြီဖြစ်ပါသည်။

နောက်တစ်ခုကမြို့ကြီးတွေမှာ တာဝန်ထမ်းဆောင်နေကြသည့် ဆရာ၊မ တွေပါ။ မြို့မှာနေသည့် ကျောင်းသားနှင့်ကျေးလက်မှာနေသောကျောင်းသား၊ မြို့မှာနေသော မိဘရဲ့ ဗဟုသုတ အမြင်ကျယ်မှုနဲ့ ကျေးလက်မှာနေသောမိဘတို့ရဲ့ ဗဟုသုတအမြင်ကျယ်မှုတို့သည် အရမ်းမကွာခြားဘူးဆိုလျှင်တောင်မှ အနည်းငယ်တော့ကွာခြားမှုရှိမည်ထင်ပါသည်။ နေ့စဉ်ထိတွေ့သွားလာ ဆက်ဆံနေရတာတွေပေါ်မူတည်ပြီး ခံစားချက်၊ခံယူချက်တွေကွာခြားနိုင်တယ် မဟုတ်လား။ အဲဒိတော့ သူတို့ရဲ့ သားသမီးအပေါ်ထောက်ပံ့ပေးနိုင်မှု၊လေ့ကျင့်ပေးနိုင်မှုတွေကလည်း ဘာပဲပြောပြောကျေးလက်နေ မိဘတွေထက်တော့ အနည်းငယ်ပိုမည်ထင်ပါသည်။ဒါ့အပြင် ဘယ်ကျောင်း၊ ဘယ်ဆရာ၊ ဘယ်သူ့သား၊ စတဲ့ ဘ တွေရဲ့လွှမ်းမိုးမှုကလည်း မသေးလှတာကြောင့်ကလေးတွေရဲ့ ပညာရေးအတွက် ငွေကြေးကို ပိုမိုသုံးစွဲကြမည်ဖြစ်ပါသည်။ ဒီအခါ မြို့ကြီးတွေမှာတာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊မ တွေရဲ့ ဒုတိယ အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ ကျူရှင်တွေကရတဲ့ဝင်ငွေတွေကလည်း ပိုလာမည်ဖြစ်ပါသည်။ ပင်မခေါင်းစဉ်ကြီးဖြစ်တဲ့ ကျူရှင်ဆိုတဲ့ စကားလုံးရဲ့အောက်မှာမှ ခေါင်းစဉ်ခွဲတွေဖြစ်တဲ့ သီးသန့်ဝိုင်း၊ အထူးဝိုင်း၊ ငါးယောက်ဝိုင်း၊ သုံးယောက်ဝိုင်းစတဲ့ခေါင်းစဉ်ခွဲလေးတွေအောက်က ရတဲ့ဝင်ငွေက ပိုများနိုင်ပါသည်။ မည်သို့ပင်ဆိုစေ ကျူရှင်သင်တာချင်းတူတယ်ဆိုရင်မြို့ကြီးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဆရာ၊မ တွေရဲ့ အသက်မွေးမှုက ကျေးလက်ဆရာ၊မ တွေရဲ့အသက်မွေးမှုထပ် ပိုပြီးညင်သာမည်ဟုယုံကြည်ပါသည်။

ဒီတစ်ခါပြောချင်တာကတက္ကသိုလ်ဆရာ၊မ တွေရဲ့ အသက်မွေးမှုအကြောင်းပါ။ ငယ်ငယ်က ဗွီဒီယိုဇာတ်ကားတွေထဲမှာ ကြည့်ရတာကတက္ကသိုလ်ဆရာ၊မ တွေဟာ ကျောင်းကိုလာရင် ကိုယ်ပိုင်ကားနဲ့ တိုက်ပုံနဲ့ လက်ဆွဲအိတ်နဲ့ တော်တော်ကိုစမတ်ကျတာဗျ။ ကြည့်လို့လည်းကောင်းတယ်ဗျ။ တက္ကသိုလ်ဆရာတွေက တော်တော်ချမ်းသာတာပဲကွ။ ကိုယ်ပိုင်ကားနဲ့ကျောင်းတက်တာ မိုက်တယ်၊ အားကျတယ်ကွာပေါ့။ ဒါပေမယ့် ကျွန်တော်ထင်ခဲ့သလို တက္ကသိုလ်ဆရာတိုင်းတော့ကိုယ်ပိုင်ကားနဲ့ ကျောင်းမတက်နိုင်ကြပါ။

ဒီနေရာမှာတက္ကသိုလ်ဆရာတွေနဲ့ ပတ်သက်ပြီးနည်းနည်းလေး ဖြည့်ချင်တာက တက္ကသိုလ်ဆရာ ဘယ်လိုဖြစ်လာကြသလဲဆိုတာလေးကိုနည်းနည်းပြောကြည့်ချင်ပါသည်။ ၀ါသနာပါလို့၊ တက္ကသိုလ်မှာ ဆရာ၊မ ဆိုတဲ့ဂုဏ်ကိုလိုချင်လို့၊ကိုယ်သိထားတဲ့ ပညာရပ်တွေကို မသိသေးသူတွေကို ပြန်လည်မျှဝေချင်လို့၊ ဒါမှ မဟုတ်အိမ်ကလုပ်ခိုင်းလို့၊ တခြားဘာမှ မလုပ်တတ်လို့ စသည်ဖြင့် အကြောင်းပြချက်ပေါင်းများစွာ ရှိမည်ဟုထင်မိပါသည်။ဒီအချက်တွေပေါ်မူတည်ပြီး သူတို့ရဲ့ အသက်မွေးမှုတွေလည်း ကွာဟသွားမည်ဟုထင်ပါသည်။ မိဘကပိုက်ဆံရှိပြီး လစာပေါ်မမှီခိုရတဲ့သူတွေကတော့ ဒီလစာက သူတို့ရဲ့ ၀တ်စုံဖိုး၊ ကားနဲ့လာတဲ့ဆီဖိုးနဲ့ ကျောင်းမှာဝယ်စားတဲ့ ထမင်းဖိုးအားလုံးအတွက်တောင် လောက်ငှမည်မထင်ပါ။ ဒါပေမယ့်သူ့ကုသိုလ်နဲ့ သူပဲလေ။ အဲလိုလူအတွက် ဒုတိယစီးပွားရေး ရှာစရာမလိုဘူးမဟုတ်ပါလား။ ကျွန်တော့်ဘ၀မှာလစာကို ၂ လလောက်ထုတ်ဖို့မေ့နေပြီး အလုပ်တွေကိုအာရုံစိုက်လုပ်ကိုင်နေသည့် ဆရာမ တစ်ဦးကိုသိပ်မကြာသေးခင်ကပင်တွေ့ခဲ့ရပါသည်။ သေချာတာက အဲဒိဆရာမက သူမဘ၀စားဝတ်နေရေးအတွက် ရတဲ့လစာပေါ်မှာမှီခိုနေရတာမဟုတ်ဘဲ ဒီအလုပ်ကိုဝါသနာကြောင့်ကို လုပ်ကိုင်နေတာဖြစ်ပါသည်။ တို့နိုင်ငံမှာအဲဒိလိုဆရာတွေသာ များများရှိရင်ကောင်းမှာပဲလို့တောင် တွေးလိုက်မိပါသည်။

 ဒါပေမယ့် တစ်ချို့မိသားစုများပြီး လစာတစ်ခုတည်းပေါ်မှီခိုလို့မဖြစ်တဲ့အခါဒုတိယစီးပွားရေးကို လုပ်ကြရပါသည်။ အချို့က အိမ်ရဲ့ အလုပ်ကိုလုပ်ကိုင်ကြသည်၊ အချို့ကလစာလေးစုပြီးအရောင်းအ၀ယ်သေးသေးလေးတွေ လုပ်ကြသည်၊ အချို့ အပြင်ကျောင်းတွေမှာ အချိန်ပိုင်းဆရာအဖြစ်နဲ့သင်ကြားကြသည်၊ အချို့က ကျူရှင်သင်ကြသည်။ ကျူရှင်သင်ကြပုံကလည်း အမျိုးမျိုးဗျ။ ဘာသာရပ်အလိုက်တစ်ဘာသာကိုတစ်နှစ်လုံးစာဘယ်လောက်၊ နှစ်ဝက်စာဆိုဘယ်လောက်၊ ရှိသေးတယ်ဗျ တစ်ချိန်တက်ရင်ဘယ်လောက်ဆိုတာလည်းစသည်ဖြင့်သင်နည်းပေါင်းစုံဖြင့် သင်ကြားကြပါသည်။ အချို့ကြတော့ ရတဲ့လစာနဲ့ လောက်ငှအောင်၊အဆင်ပြေအောင်သုံးပြီး တစ်သက်လုံး ကျောင်းဆရာအလုပ်တစ်ခုတည်းကိုပဲ စွဲစွဲမြဲမြဲလုပ်ဆောင်သွားကြသည်။
ရောက်ခဲ့ဖူးသည့်ရုရှားနိုင်ငံ ဘောင်းမန်းတက္ကသိုလ် (Bauman Moscow State Technical University) က ဆရာ၊မတွေကတော့ စက်ရုံတွေမှာ အကြံပေးအဖြစ် လုပ်ဆောင်ကြတာတွေ့ရပါသည်။ ကျွန်တော်တို့နိုင်ငံမှာတော့တက္ကသိုလ်တွေနဲ့ စက်ရုံတွေရဲ့ ချိတ်ဆက်လုပ်ဆောင်မှုက အရမ်းကိုအားနည်းနေသေးသည်ဟုထင်မိပါသည်။

ဒါ့ကြောင့်နည်းလမ်းအမျိုးမျိုးဖြင့် ဘ၀ရပ်တည်မှုအတွက် အသက်မွေးတဲ့ ဆရာတွေကို ကျောင်းတွေ၊ တက္ကသိုလ်တွေမှာပဲစာမသင်လို့ဆိုပြီး အပြစ်ပြောကြမလား။ ဒါမှမဟုတ် ရတဲ့လစာပေါ်မှာ ရပ်တည်လို့မရအောင် ပေးနေတဲ့အစိုးရကိုပဲ လက်ညှိုးထိုးမလား၊ ကျူရှင်တွေဖြစ်လာရတဲ့ စနစ်တစ်ခုကိုပဲ ပုံချမလား ဒါတွေဟာစိတ်ဝင်စားဖို့ ကောင်းတဲ့မေးခွန်းတွေပါ။ မည်သည့်နယ်ပယ်တွင် လုပ်ကိုင်သည်ဖြစ်စေ လုပ်တဲ့အလုပ်ကထိုသူရဲ့ အဆင့်အတန်း၊ လုပ်ကိုင်ရသောအလုပ်နဲ့တူညီမျှတသောခံစားမှုနှင့်စားဝတ်နေရေးကိုအာမခံချက်ပေးသင့်သည်ဟုထင်မိပါသည်။စားဝတ်နေရေးမဖူလုံသည့်အခါ ဒုတိယစီးပွားရေးကို ထပ်မံရှာလာကြသောကြောင့် မလိုလားအပ်သည့်မေးစရာတွေ၊ ပြသနာတွေ ပေါ်လာရခြင်းဖြစ်ပါသည်။

ကျောင်းပေါင်းစုံကဆရာတွေက နည်းလမ်းအမျိုးမျိုးဖြင့် အသက်မွေးမှုပြုနေကြပါသည်။ မည်သည့်နည်းလမ်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသည့်ဖြစ်စေဒီဆရာတွေကို လစာနှင့်လောက်ရဲ့လားလို့ မေးလာလျှင် မလောက်ကြောင်း တညီတညွတ်တည်း ဖြေကြမည်ဖြစ်ပါသည်။အဲဒိတော့ ပညာရေးစနစ်ပြောင်းဖို့ ကြိုးစားတဲ့အခါ အဓိက ကျတဲ့ဆရာတွေရဲ့ အသက်မွေးမှုကိုလည်းထည့်သွင်းစဉ်းစားသင့်သည်ဟုထင်ပါသည်။ အဟာရ အပြည့်အ၀မရရင် လိုအပ်တဲ့ လေ့ကျင့်မှုတွေကိုမလုပ်နိုင်၊လိုအပ်တဲ့ လေ့ကျင့်မှုတွေမလုပ်နိုင်တဲ့အခါ ရရှိရမယ့်အောင်မြင်မှုကို မဆွတ်ခူးနိုင်တဲ့အားကစားသမားတစ်ယောက်လို အသက်မွေးမှုအတွက် အာမခံချက်ကောင်းကောင်းမပေးနိုင်လျှင် ပညာရေးစနစ်အပြောင်းမှာစည်းချက်ညီညီလိုက်ပြောင်းဖို့ အနည်းငယ်ခက်ခဲနေအုံးမည်ထင်ပါသည်။

ဟိုတလောကသတင်းတစ်ခုမှာဖတ်လိုက်ရတာ ဗြိတိန်နိုင်ငံမှာ ဆရာတစ်ဦးရဲ့ လစာက ၀န်ကြီးချုပ်ထက်တောင်များတယ်ဆိုတော့ဆရာတွေအတွက် အားကျမိလိုက်ပါသေးရဲ့။ ဒါပေမယ့် နေရာဒေသ၊ ဖွံ့ဖြိုးမှု၊ နိုင်ငံအခြေအနေစတာတွေပေါ် မူတည်ပြီးကိုယ့်နိုင်ငံမှာ အဲလိုတော့ မဖြစ်နိုင်ဘူးဆိုတာလူတိုင်း လက်ခံကြပါသည်။သို့ပေမယ့် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ကြိုးစားနေတဲ့ပညာရေးစနစ်အပြောင်းမှာဆရာတွေရဲ့ အသက်မွေးမှုကိုလည်း သူ့အဆင့်နဲ့ လိုက်လျောညီထွေရှိစွာပြောင်းလဲပေးနိုင်မလားဆိုတာစိတ်ဝင်စားဖို့ကောင်းပါသည်။ မည်သို့ပင်ဆိုစေကာမူ ပညာရေးစနစ်ကိုပြောင်းရာမှာ နှစ်ဘယ်လောက်ကြာရင်ဘယ်လိုဖြစ်ရမည်ဆိုတဲ့ စီမံကိန်းတွေချမှတ်ဆောင်ရွက်နေတာ အားကျစရာပါ။ ထို့အတူ ပညာရေးစနစ်ပြောင်းလဲရေးမှာအရေးပါတဲ့ ပညာဖြန့်ဝေသူဆရာတွေနဲ့ ပတ်သက်ပြီးလည်း အစီအမံတွေချမှတ်သင့်ပါပြီ။ နှစ်ဘယ်လောက်ကြာရင်ဆရာတွေရဲ့ ပညာဖြန့်ဝေမှုပုံစံ မည်ကဲ့သို့ဖြစ်စေရမည်၊ အသက်မွေးမှုဘယ်လိုဖြစ်စေရမယ်၊ဆရာတွေဘက်ကလည်း မည်သည့်အခြေအနေ ဖြစ်အောင်ပြင်ဆင်ရမယ် စသည်ဖြင့် စေ့စပ်သေချာတဲ့ အစီအမံတစ်ခုပေါ်လာရင်ကောင်းမှာပဲလို့ မျှော်လင့်ရင်း ဒီစာကိုရေးသားလိုက်ရပါသည်။

                                                                                                                                                                                                    ဖြိုးဝေမြင့်(စက်မှုအင်ဂျင်နီယာ)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...