Wednesday, August 28, 2013

(Right to recall) ပြန်လည်ရုပ်သိမ်းခွင့် အခွင့်အရေးလား၊ (Recalling right) အခွင့်အရေး ပြန်လည်ရုပ်သိမ်းခံရတာလား။

၂၃-၈-၁၃ နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ရွေးကောက်ပွဲကော်မရှင်က တင်သွင်းထားတဲ့`လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း´ကို ဆက်လက်ဆွေးနွေး ဖို့ ဆိုင်းငံ့ရန် ဆုံးဖြတ်ခဲ့ပါတယ်။


အကြောင်းပြချက်တွေကတော့ တာဝန်မှပြန်လည်ရုပ်သိမ်းဖို့ ထောက်ခံရမယ့် မဲဆန္ဒရှင်ဦးရေကိုသတ်မှတ်တာမှာ မူလမဲဆန္ဒရှင်များရဲ့ ၁% ဆိုတာ ယနေ့ ကာလမှာ ရရှိဖို့လွယ်ကူကြောင်း၊၁% ဟာနည်းပါးလွန်းကြောင်း၊မကြာခဏ တိုင်ခံနေရရင် အလုပ်ရှုပ်၊အချိန်ကုန်၊ငွေကုန်မှာဖြစ်ကြောင်း၊ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရန်စတင်ဆောင်ရွက်နေပြီး ယင်းပုဒ်မကိုပြင်မှာဖြစ်တဲ့အတွက် ဆိုင်းငံ့ထားသင့်ကြောင်း ဆွေးနွေးကြတာကို ကြားသိရပါတယ်။

လွယ်ကူခြင်း/ခက်ခဲခြင်း၊နည်းခြင်း/များခြင်း သတ်မှတ်ပြောဆိုချက်တွေဟာ နှိုင်းယှဉ်မှု အပေါ်မှာ အခြေခံပြီး ပြောကြဆိုကြတာပါ။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၇၁ ပြဋ္ဌာန်းချက်အရ နိုင်ငံတော်သမ္မတကို တာဝန်မှ ရပ်စဲဖို့အတွက် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် တစ်ရပ်စီက ကိုယ်စားလှယ် သုံးပုံနှစ်ပုံစီက သဘောတူထောက်ခံရင်ဆောင်ရွက်လို့ ရပါတယ်။အရေအတွက်အားဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်(၂၉၄)ဦး နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်(၁၅၀)ဦး လိုအပ်ပါတယ်။တပ်မတော်သားကိုယ်စားလှယ်တွေမပါဘဲနဲ့တောင် ရနိုင်တဲ့အရေအတွက်ပါ။လွှတ်တော်(၂)ရပ်ပေါင်း (၄၄၄)ဦးဘဲ လိုအပ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ ပြဋ္ဌာန်းချက်အရ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို တာဝန်မှပြန်လည် ရုပ်သိမ်းဖို့အတွက် သက်ဆိုင်ရာ မဲဆန္ဒရှင် ၁%ရဲ့ ကနဦးသဘောတူဆန္ဒပြုချက်လိုပါတယ်။ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွေမှာ ကိုကိုးကျွန်းလို လူဦးရေနည်းပါးတဲ့ မဲဆန္ဒနယ်တွေက နည်းပြီး အများစုကတော့ မဲဆန္ဒရှင်ဦးရေ(၅၀၀၀၀)ကျော်ရှိကြမယ်လို့ ခန့်မှန်းပါတယ်။ အဲဒီတော့ မဲဆန္ဒရှင်၁% ဆိုရင်လူဦးရေ (၅၀၀) အနည်းဆုံး လိုအပ်ပါတယ်။အမျိုးသားလွှတ်တော်မဲဆန္ဒနယ်ဆိုရင် ပိုမိုကျယ်ပြန့်တဲ့ အတွက်(၅၀၀)ကျော်လိုအပ်မှာပါ။ဒါကြောင့် (၄၄၄)ဦး နဲ့(၅၀၀)ကျော်ကို အရေအတွက်အားဖြင့် နှိုင်းယှဉ်နိုင်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် (၂၉၄)ဦး သို့မဟုတ်(၁၅၀)ဦးက ကနဦး ဆန္ဒပြုတာကို အထူးတလည်စစ်ဆေး ရန် မလိုအပ်ဘဲ ဆောင်ရွက်လို့ရနိုင်ပေမဲ့ မဲဆန္ဒရှင်(၅၀၀)ကျော်ရဲ့ တိုင်ကြား ချက်ကိုတော့ အသေးစိတ်စစ်ဆေးပြီးမှသာ ဆောင်ရွက်လို့ရမှာပါ။ပထမဦးစွာ အဲဒီလူ(၅၀၀)ဟာ မူလမဲဆန္ဒရှင်များ စာရင်းမှာပါဝင်မှု ရှိ/မရှိ စစ်ဆေးရပါ မယ်။ ပါဝင်ကြောင်း မှန်ခဲ့ရင်လဲ ၄င်းတို့ကိုယ်တိုင် လက်မှတ်ရေးထိုးဆန္ဒပြု တိုင်ကြားခြင်း ဟုတ်/မဟုတ် ကို တစ်ဦးချင်း(တစ်ဦးချင်း)စစ်ဆေးမေးမြန်း ရပါဦးမယ်။သတ်မှတ်စည်းကမ်းချက်တွေညီညွတ်ပြီး မှန်ကန်မှသာ စွပ်စွဲ တိုင်ကြားချက်မှန်/မမှန်ကို ဆက်လက်စုံစမ်းဆောင်ရွက်ရမှာဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတကို တာဝန်မှ ရပ်စဲဖို့ကိစ္စ နဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို တာဝန်မှပြန်လည်ရုပ်သိမ်းဖို့ကိစ္စ ၂ ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းထားချက်များအရ အကြမ်းဖျဉ်း ယေဘုယျ နှိုင်းယှဉ်တင်ပြခြင်းဖြစ်ပါ တယ်။

အမှန်တကယ်ကတော့ လွယ်သည်ဖြစ်စေ/ခက်သည်ဖြစ်စေ၊နည်းသည် ဖြစ်စေ/ များသည်ဖြစ်စေ နိုင်ငံတော်သမ္မတအပါအ၀င် နိုင်ငံသားအားလုံးဟာ ပြင်ဆင်ခြင်းမပြုသေးသမျှတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ မူလ သတ်မှတ် ပြဋ္ဌာန်းချက်များကို လက်ခံလိုက်နာစောင့်ထိန်းရမှာဖြစ်ပါတယ်။ ဖွဲစည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၉၇ မှာ ပြည်ထောင်စုလွှတ်တော်သည် တာဝန်မှ ပြန်လည်ရုတ်သိမ်းသည့် ကိစ္စများနှင်စပ်လျဉ်း၍ လိုအပ်သောဥပဒေများကို ပြဋ္ဌာန်းပေးရမည် လို့ဖေါ်ပြတာဝန်ပေးအပ်ထားပါတယ်။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဲဆန္ဒရှင် ၉၂.၄% က ထောက်ခံအတည်ပြုထားပြီး ယနေ့ ထက်တိုင်တည်တံ့အသက် ၀င်နေတဲ့ ဥပဒေကြီးဖြစ်ပါတယ်။ဖွဲံစည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်ခွင့်ရှိကြောင်း ဖေါ်ပြထားတာကို တွေ့ရှိရသော်လည်း ရပ်ဆိုင်းထားခွင့်ရှိကြောင်း ဖေါ်ပြထားတာကို မတွေ့ရှိရပါဘူး။ ဥပဒေသဘော အရ ပြုလုပ်မှုတစ်ရပ် သို့မဟုတ် ပျက်ကွက်မှုတစ်ရပ်ဟာ ဥပဒေနဲ့မညီ မဖြစ်စေရပါ။

ယခုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေလေ့လာသုံးသပ်ရေးပူးပေါင်းကော်မတီကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်(၁၀၉)ဦးနဲ့ ဖွဲ့စည်းတာဝန်ပေးပြီး လုပ်ငန်းစတင်နေပြီ မှန်ပေမဲ့ ဘယ်ပုဒ်မ၊ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်သင့် တယ် ဆိုတာ မသတ်မှတ်ရသေးပါဘူး။ယခုမှ စတင်ဆောင်ရွက်တုန်း ရှိပါသေး တယ်။ဒီလိုအခြေအနေမှာ ပုဒ်မ ၃၉၆ ကိုပြင်ဆင်မှာ ဖြစ်တဲ့အတွက် ပုဒ်မ ၃၉၆ နဲ့ဆက်စပ်ဆောင်ရွက်ရမယ့် အခု ဥပဒေကြမ်းကို ဆက်လက်မဆောင်ရွက် သင့်ဘူးလို့ အကြောင်းပြတာကလဲ ဆန္ဒစောရာရောက်ပါတယ်။ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ဘယ်ပုဒ်မ၊ဘယ်ပြဋ္ဌာန်းချက်ကို ပြင်ဆင်သင့်တယ် ဆိုတာ ကိုပြည်ထောင်စုလွှတ်တော်ရဲ့ (၁၀၉)ဦးကော်မတီကသာ ကော်မတီဝင် အများသဘောတူညီမှုရယူပြီးသတ်မှတ် တင်ပြရမှာ ဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်ကြားလို့ စုံစမ်းစစ်ဆေးရေးလုပ်ရရင် အချိန်ကုန်၊ငွေကုန်ဖြစ်မယ်ဆိုတာကတော့ မှန်ပါတယ်။ဒါပေမဲ့ နိုင်ငံတော် အတွက် လိုအပ်ရင်တော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကိစ္စတို့၊လက်ပံတောင်းတောင်ကိစ္စတို့၊ဒေါက်တာဆိတ်ဖွားကိစ္စတို့တုန်းကလည်း လိုအပ်ချက်အရ စုံစမ်းစစ်ဆေးဆောင်ရွက်ခဲ့ကြပါသေးတယ်။
အဲဒီတော့ ရွေးကောက်ပွဲကော်မရှင်ကတင်သွင်းတဲ့`လွှတ်တော်ကိုယ်စားလှယ် တာဝန်မှပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥ ပဒေကြမ်းနဲ့ပတ်သက်ပြီး ပြည်သူ့ လွှတ်တော်အနေနဲ့ ဆက်လက်ဆောင်ရွက်သင့်ကြောင်း၊တကယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေက ၄င်းနဲ့ သက်ဆိုင်တဲ့ ပုဒ်မကို ပြင်ဆင်ဖြစ်ရင်လည်း လိုက်လျောညီအောင် အလွယ်တကူ ပြန်လည်ပြင်ဆင်နိုင်ပါကြောင်း ကို ပြည်သူ့အသံ၊ပြည်သူ့ဆန္ဒအား အမြဲ နားထောင်နေသော ပြည်သူ့လွှတ်တော် ကြီး ထံ ပြည်သူတစ်ဦးအနေနဲ့ လေးစားစွာတင်ပြလိုက်ပါတယ်။ Right to recall အား Recalling right မဖြစ်စေချင်ပါခင်ဗျား

Khin Htay Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်။

(၂၈-၈-၂၀၁၃)ရက်ထုတ် The Voice Daily သတင်းစာတွင် ဖော်ပြပါရှိသည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...