Thursday, August 29, 2013

၂+၂ = ဘယ်လောက်ဖြစ်စေချင်သလဲ

August 29, 2013 at 3:28pm
                                         

  

  ဒီနေ့ ဖေ့စ်ဘုတ်သုံးနေရင်း ဗီဒီယိုဖိုင်လေးတစ်ခု ကြည့်ရတယ် ။ ဗီဒီယိုလေး နာမည်က ၂+၂=၅ သို့မဟုတ် အမှန် နဲ့ အမှား ပေါ့ ။
ဗီဒိယိုလေးမှာ ရိုက်ပြထားတာ က စာသင်ခန်းတစ်ခုထဲမှာ စာသင်ဖို့အတွက်  ကျောင်းသားငယ်လေးတွေ လကစောင့်နေတယ် ။ ဆရာကစာသင်ဖို့ဝင်လာတယ်။
ပြီးတော့ ဆရာက ပထမဆုံး သင်ခန်းစာ အဖြစ် နဲ့ ဘလက်ဘုတ်မှာ အီကွေးရှင်းတစ်ခုကိုရေးလိုက်တယ်။ ၂ + ၂ = ၅ တဲ့ ။

          ဆရာကနေပြီးတော့ ၂ နဲ့ ၂ နဲ့ ပေါင်း၅ ဆိုပြီးတိုင်ပေးတယ် ။ ပြီးတော့ ကလေးတွေကိုလိုက်ဆိုစေတယ် ။ အဲဒီမှာ ကလေး တစ်ယောက်ကနေထပြီးတော့ “ ၂ နဲ့ ၂ နဲ့ ပေါင်းတာဟာ ၅ မဖြစ်နိုင်ဘူးထင်တယ် ၊ ၄ ပဲဖြစ်ရမှာ ပေါ့လို့ဆိုတယ် ” ။ ဆရာက ထပြောတဲ့ ကလေးကို ငေါက်ပြီးတော့ “မင်း လျှာ မရှည်နဲ့ ငါသင်တဲ့ တိုင်းလိုက်ဆို” ဆိုတဲ့ သဘောမျိုးနဲ့ ပြောလိုက်တော့ ကျောင်းသားကငြိမ်သွားတယ် ။ နောက် တခြားကျောင်းသားလေးတစ်ယောက်ကနေ ထပြီးတော့ “၂ နဲ့ ၂ နဲ့ ပေါင်းခြင်း ဟာ ၄ ပါဆရာ ၊ ငါးမဟုတ်ပါဘူး ” ပြီးတော့ အတန်းဖော်သူငယ်ချင်းတွေ ကိုလည်း “ ဒီမှာကြည့် ဒီဘက်က ၂ ၊ ဒီတစ်ဖက်က ၂ ပေါင်းလိုက်ရင် ၄ ၊ ၅ မှမဟုတ်တာ”ဆိုပြီးထပြောတယ် ။ အဲဒီမှာ ဆရာက “ မင်းကို ဘယ်သူက စကားပြောခွင့် ပေးလို့လဲ ၊ မင်းအဲဒီမှာ ရပ်နေ ” ဆိုပြီး ကျောင်းသားကြီးတွေ သွားခေါ်တယ် ။ ပြီးတော့ ခုနက ကျောင်းသားလေးကိုအတန်းရှေ့ ခေါ် ပြီး ၂ + ၂ = …. ဆိုပြီး အဖြေအရေးခိုင်းတယ် ။
“  မင်းကို နောက်ဆုံး အခွင့်ရေးပေးမယ် …မင်းမှန် ကန်သော အဖြေကို ပဲရေးပါ ” ဆိုပြီးပြောတယ်။ ပြီးတော့ ကျောင်းသားကြီး ၃ ယောက်က အဖြေရေးမဲ့ ကျောင်းသား လေးကို သေနတ်နဲ့ ချိန်သလိုမျိုးချိန်ထားတယ်။
အဖြေရေးမဲ့ ကျောင်းသားငယ်လေး ဟာ တံတွေမြိုချ မာန်ကိုတင်းပြီး ရေးချလိုက်တယ် ။
၂ + ၂ = ၄ တဲ့ ။

          အဲဒီမှာ တင်ပဲ သေနတ်ကိုင်တဲ့ သဏ္ဍာန်လုပ်ထားတဲ့ကျောင်း သား ကြီး ၃ ယောက်က ပစ်ချလိုက်တယ် ။ ကျောင်းသား ငယ်လေး လဲကျသေဆုံးသွားတယ် ပေါ့။ ပြီးတော့ ဘလက်ဘုတ်က အီကွေးရှင်းမှာ သွေးလေးတွေလည်းပေသွားတယ် ။ ဆရာ က အေးအေးဆေးဆေးပဲ “ ဒီကောင်ကို ထုတ်သွားလိုက် ”လို့ပြောပြီး သွေးပေနေတာလေးကိုပြန်ဖျက်ပြီး တော့..အီကွေးရှင်းလေးထပ်ရေးလိုက်တယ်။
၂ + ၂ = ၅ တဲ့ ။ ပြီးတော့ “ ၂ နဲ့ ၂ နဲ့ ပေါင်း ၅ ” “ ကျယ်ကျယ်ဆို ” “ အေး မင်းတို့စာအုပ်ထဲမှာ အဲတိုင်းလိုက်ရေးလိုက် ” လို့ ခိုင်းတယ် ။ ကျောင်းသားလေးတစ်ယောက် က သူ့စာအုပ်ထဲမှာ၂ + ၂ = ၅ လို့ ရေးပြီးမှ ၅ ဆိုတဲ့ နေရာလေးကို ခဲတံလေးနဲ့ ခြစ်ပစ်ပြီး ၄ လို့ ပြန်ရေးလိုက်တယ်။ ဗီဒီယိုလေး က အဲဒီနေရာမှာတင်ပြီးသွားတယ် ။


          ဒီဗီဒီယိုလေး ကို ကြည့်ပြီး တော့ ကျွန်တော်ရှယ်ထားသူတွေ ၊ အောက်က ကွန့် မန့်တွေကိုလိုက်ကြည့်ကြည့်တယ် ။ အတော်များများ ဟာ ဒီဗီဒီယိုကို အမှန်တရား နဲ့ အမှား လို့ဆိုတယ် ။ ဒီဗီဒီယိုလေးမှာ ဆရာသည် အာဏာရှင် အဖြစ်တင်စားတယ်လို့ဆိုတယ်။ ၂+၂=၅ အဖြစ် မှားနေတာကို အမှန်အဖြစ် အတင်းအကျပ်သူလိုရာပုံသွင်းတယ် ။ အတန်းထဲကကျောင်းသားတွေကတော့ပြည်သူနဲ့တူတယ်လို့ဆိုတယ် ။ ဆရာ ကိုအတိုက်ခံ လုပ်ပြီး ၂ နဲ့ ၂ နဲ့ ပေါင်းတာ ဟာ ၅ မဟုတ်ဘူး၎ ဆိုပြီး အသေခံ ပြောသွားတဲ့ကျောင်းသားလေးကိုတော့ တော်လှန်ရေးသူရဲကောင်းအဖြစ် တင်စားတယ်။ ဆရာခေါ်လာတဲ့ ကျောင်းသားကြီး သုံးယောက်ကိုတော့ အစိုးရရဲ့လက်ကိုင်တုတ်စစ်တပ်အဖြစ် တင်စားတယ်လို့ဆိုတယ်။ နောက် ဆုံး ကိုယ်ပိုင်စာအုပ်ထဲမှာ ၂+၂=၅ လို့ ရေးပြီးမှာ ၅ လေးကိုဖျက် ၄ လို့ အသာလေးရေးလိုက်တဲ့ကျောင်းသား ဟာတွေ အကြောက်တရားကြောင့် အမှန်ကို မပြောဝံ့သည့်တိုင် ရင်ထဲမှာတော့ အမှန်တရားကိုလက်ခံထားတဲ့ ပြည်သူအဖြစ် တင်စားတယ်လို့ ဆိုတယ် ။

          ကျွန်တော့်မှာ စဉ်းစားတွေးခေါ် စရာတွေ အများကြီး ဖြစ်သွားတယ် ။ ဒီဗီယို လေးဟာ ဘာမက်ဆေ့ခ်ျပေးချင်တာလဲ၊ ၂+၂ =၅ ဟာ ဖြစ်နိုင်သလား ။ ၂+၂=၄ ဆိုတာသေချာပြီလား ။ တကယ်လို့ ကျွန်တော်တို့ ဟာကျောင်းသားနေရာမှာဆိုရင်ရော၊ တကယ်လို့ ကျွန်တော်တို့ ဟာဆရာနေရာမှာဆိုရင်ရော ။ အခု ဗီဒီယိုဖြစ်စဉ်မှာဘယ်ဟာ ကလွဲနေသလဲ။  ဒီအဖြစ်ပျက်ကို ဘယ်ရှုထောင့် ကနေ သုံးသပ်မလဲ….စတဲ့မေးခွန်းတွေ တသီးကြီးနဲ့ တစ်ယောက်တည်း Brain Storming လုပ်ကြည့်မိနေပါတော့တယ်။

          ပထမ ဒီ ၂+၂=၅ ဆိုတဲ့ အတွေးခေါ်ဟာဘယ်ကလာသလဲကျွန်တော် လျှောက်ဖတ်ကြည့်မိတဲ့ခါ ။ ၂+၂=၅ ဆိုတဲ့ အတွေးခေါ် concept တစ်ခုဟာ ကမ္ဘာကျော်စာရေးဆရာကြီးဂျော့အောလ်ဝဲ ဆီကနေ မြစ်ဖျားခံတယ်ဆိုတာသိရတယ် ။ ဂျော့အောလ်ဝဲရဲ့ ၁၉၈၄ ဆိုတဲ့ ဝထ္ထု မှာဒီ concept လေးကို စတင်မိတ်ဆက်ပေးခဲ့တယ် ။ နိုင်တီးအိပ်တိဖိုး ဝထ္ထုရဲ့ ဇာတ်ကောင်Smith က ပြောခဲ့တာကတော့ “ သာမာန်သချာင်္ အမြင်မှာတော့ ၂+၂=၄ ဖြစ်လို့၂+၂ =၅ ဆိုတာဟာ မှားယွင်းတဲ့ အမြင်ဖြစ်တယ် ၊သို့ပေမဲ့ နိုင်ငံရေးယဉ်ကျေးမှု မှာတော့၂+၂=၅ ဟာ မှန်ကန်တယ်လို့ ဆိုတယ် ” ။ ဝထ္ထုထဲမှာ ပါတီခေါင်းဆောင်ဖြစ်တဲ့ Smith ဟာ “၂+၂=၅”ဆိုတဲ့သူချ ပြတဲ့ အယူအဆကိုသာ ပြည်သူတွေ အားလုံး ကလက်ခံယုံကြည်လာခဲ့ရင် သူဟာခေါင်းဆောင်အဖြစ်သူ့နိုင်ငံ ကို ကောင်းကောင်းမောင်းနှင်နိုင် လိမ့်မယ်လို့ဆိုတယ် ။ ကမ္ဘာကျော် ရုရှားစာရေးဆရာဒေါ့စတော့ရပ်စကီး (Fyodor Dostoyevsky)ကလည်း နိုင်ငံရေးယဉ်ကျေးမှု မှာ ၂+၂ ဆိုတာ တူညီသောအင်အားစုတွေ ပေါင်းစည်းတာဖြစ်လို့သာမာန်ထက်ပိုမိုကောင်းမွန်သောအကျိုးရလာဒ်တွေ ထွက် လာရတယ် ။ ဒါကြောင့် ဂျော့အောလ်ဝဲရဲ့concept ဖြစ်တဲ့  ၂+၂=၅ ဟာ  မှန်နိုင်တယ်လို့ဆိုတယ် ။ အဲဒီချိန် အဲဒီကာလ က ၂+၂=၅ဆိုတာ အတွေး ခေါ် ပညာ တစ်ရပ် အနေနဲ့ ပညာရှင်တွေ ကြားမှာ ခေတ်စားခဲ့ ပါသေးတယ် ။

          နောက် ဒီဗီယိုလေးကိုကြည့်ပြီးတော့ ကျွန်တော်ဘာကိုသွားသတိရလဲဆိုတော့Every Child Is Special ဆိုတဲ့ ဘောလိဝုဒ်က ကားလေးကိုသွားသတိရတယ် ။ အဲဒီ ကားထဲမှာ ကလေးက သာမာန်နဲ့ မတူတဲ့ထူးခြားတဲ့ ပါရမီတွေရှိနေတယ် ။ စာဖတ်တဲခါတိုင်းမှာ သူ့မျက်လုံးထဲမှာစာလုံးတွေ က ကခုန်နေလို့ စာကို ကောင်းကောင်း ဖတ်လို့မရဘူး။ အဲလို နဲ့ စာသင်ချိန်တွေမှာ အမြဲလိုလို အပြင်ထွက်နေရတတ်တယ် ။ တရက်တော့ သူတို့ကျောင်းမှာ စာမေးပွဲ ဖြေတယ်ပေါ့။ မေးခွန်းစာရွက် ရဲ့ ပထမဆုံးပုစ္ဆာက ၃ x ၉ = --- ဆိုပြီးပေးထားတယ် ။ သူက က ဒီပုစ္ဆာကိုစဉ်းစားတဲ့ခါ အတွေးအားရုံ က အာကာသထဲ ကိုရောက်သွားပြီးတော့ ဂြိုလ် ၉ လုံးပါတဲ့ နေ အဖွဲ့စည်းကိုသူ ကမြင်တယ် ။  ၃ ခုမြောက်က ကမ္ဘာဂြိုလ်ကို ၉ခုမြောက်က ပလူတိုဂြိုလ်ဆီ သွားထားလိုက်တယ် ။ အဲဒီမှာ အရွယ်အစားနဲ့အားငယ်တဲ့ ပလူတိုဂြိုလ်ဟာပျက်ဆီသွားပြီး၃ ခုမြောက် ကမ္ဘာဂြိုလ် ကတော့ ကျန်နေခဲ့တယ် ။ အဲဒီချိန်မှာ သူ အဖြေကိုသူအရမ်းသဘောကျသွားပြီးအဖြေလွှာစာရွက် မှာ ရဲရဲဝင့်ဝင့် နဲ့ အားရ ပါးရ ရေးပြီး ဖြေပစ်လိုက်တယ် ။ ၃ x ၉ = ၃တဲ့ ။ ပုစ္ဆာတစ်ပုဒ်ရဲ့ အဖြေဆိုတာ ဖြေသူရဲ့ စိတ်ကူးဥာဏ်ကွန့်မြူးနိုင်မှု ပေါ်မှာ မူတည်ပြီးအဖြေတွေ ဟာ ကွဲပြားသွားကြတယ် ။

          ဒီတခါ ၂+၂=၅ ဆိုတာ ဟာ သချာင်္က လာတဲ့concept ဖြစ်တာမို့ သချာင်္ဘက်လှည့်ကြည့်တယ် ။ ကျွန်တော်တို့ အတော်များများ ရင်းနှီးခဲ့ကြတာမှာ လော့ဂျစ်ဆိုရင် အရစ္စတိုတယ်ရဲ့ true or false လော့ဂျစ်နဲ့ ပဲအသားကျခဲ့ ကြတယ်။ အမှန်ရဲ့ တခြားတစ်ဖက်မှာ အမှားရှိသည်ပေါ့ ။ ကျွန်တော်တို့ရဲ့ အတွေးခေါ်မှာလည်း မှန်ချင်မှန်မယ်၊ မမှန်ရင်တော့ မှားလိမ့်မယ် ဆိုတဲ့ dogma လေးက မသိမသာ လွှမ်းမိုနေတယ် ။ ဒီအယူအဆကိုဆန့်ကျင်တော်လှန်ပစ်သူ ကတော့ Fuzzy Logic ဆရာ ဇာဒါး ပဲဖြစ်ပါတယ် ။ သူကတော့ အမှန်ထဲမှာ အမှားတချို့တဝက်ပါနိုင်သလို ၊ အမှားထဲမှာလည်း အမှန်တချို့တဝက်ပါနိုင်တယ်လို့ဆိုတယ် ။ ၆၀ ရာခိုင်အမှန်ဟာ ၄၀ ရာခိုင်နှုန်းအမှန်နဲ့ယှဉ်ရင်  အမှန်ဖြစ်ပြီး၊ ၈၀ ရာခိုင်နှုန်း အမှန်နဲ့ယှဉ်ရင်တော့ အမှား ဖြစ်တယ်လို့ သူကဆိုတယ် ။ Fuzzy Mathရဲ့ ကိုင်းဖျား ကိုင်နားလေးဖြစ်တဲ့ Robins Lemma  သက်သေပြချက်အရ ၁ ဟာ " ၀ " နဲ့ ညီနိုင်သလို ၊ ၂ ဆိုတာလည်း၁ နဲ့ညီနိုင်တယ် ။ ထို့ အတူပဲ ၂ နဲ့ ၂ ပေါင်းရင် ၅ ရကြောင်းကိုလည်း သက်သေပြနိုင်ပါ တယ်။

          ဆိုတော့ ကျွန်တော် အပေါ် မှာ စဉ်းစားခဲ့ တဲ့အချက်လက်တွေထဲမှာ ၂+၂=၄ လို့ ယေဘုယျ အမှန်ကို တရားသေ မှတ်ယူထားရင်လည်း dogmatism ဆန်သလို၊ ၂+၂=၅ လို့ တရားသေ မှတ်ထားခိုင်းမယ်ဆိုရင်လည်း Dogmatism ဆန်မှာဖြစ်ပါတယ် ။ ၂+၂ ဟာ၎ ဖြစ်နိုင်သလို ၊ ၅လည်းဖြ စ်နိုင်ပါတယ် ။ ထို့ အတူ ၂+၂ =၃ ဒါမှမဟုတ်၂ +၂ = ၆ ဖြစ်နိုင်သေးလားဆိုရင်လည်း ဖြစ်နိုင်ပါသေးတယ်လို့ ပြောရမှာပါ ။

          နောက်ဆုံး ပြန်ကောက်ရမယ်ဆိုရင်တော့ ဗီဒီယိုဖိုင် က ပေးထားတဲ့ မက်ဆေ့ခ်ျလေးဟာ …သာမာန်စာသင်ခန်း တစ်ခု အနေနဲ့ ပဲဖြစ်ဖြစ် ၊ နိုင်ငံတစ်နိုင်ငံအနေနဲ့ ပဲ ယူဆ ယူဆ ၊ အမှန် ၊ အမှား နဲ့ ချဉ်းကပ်လျှင်တော့ သေချာပေါက် အဖြေထွက်မှာ မဟုတ်ပါ။ အကျိုး အမြတ် အမြင်နဲ့ ကြည့်မယ်ဆိုရင်တော့ အခု ဗီဒီယို သင်ခန်းစာမှာ Lose – Loseပါ ။ ဆရာ ဘက်က အကျိုးအမြတ် ဆုံးရှုံးသလို ၊ တပည့် တွေဘက်ကလည်း ရှုံးပါတယ် ။ ဆရာ (သို့)နိုင်ငံတစ်ခုရဲ့ အစိုးရအဖွဲ့ ဆိုတာ ခေါင်းဆောင် ဖြစ်ပါတယ် ။ ခေါင်းဆောင်း ဟာ မိမိဦးဆောင်ရတဲ့အဖွဲ့စည်းကို ဝေဖန်ဆန်းစစ်နိုင်စွမ်း ပြည့်ဝအောင် ၊ လုပ်ချင်ကိုင်ချင်စိတ်တွေတက်ကြွလာအောင်၊ အရည်ချင်းတွေ ရှိလာအောင် ဆွဲဆောင်စည်းရုံးနိုင်ရမှာဖြစ်ပါတယ် ။ ဒါကြောင့် ၂ နဲ့ ၂နဲ့ ပေါင်းရင် ၅ … အဲဒီတိုင်းမှတ် ဆိုတဲ့ ဝေဖန်ဆန်းစစ်မှုကို ပိတ်ပင်တဲ့ အဆိုတွေ ၊လွတ်လပ်စွာရွေးချယ်ခွင့်ကို သတ်ပစ်လိုက်တဲ့ အဆိုပြုမှုတွေ အတင်းအကြပ် လုပ်ဆောင်မှုမပြုသင့်ပါဘူး ။ ၂ နဲ့ ၂ နဲ့ ပေါင်းရင် ဘယ်လောက် ရသလဲ ၊ ဘယ်လောက်ရမယ်ထင်သလဲ ဆိုတဲ့ကျောင်းသားတွေရဲ့ ကြိုးစားအားထုတ်မှု ၊ ဆန်းစစ်တွေးခေါ်မှုတို့ ကို ညှစ်ထုတ်ယူသော မေးခွန်းမျိုးသာမေးသင့်ပါတယ်။ ထို့ အတူပဲ ကျောင်းသား (သို့) ပြည်သူ တွေဟာ ၂ နဲ့ ၂ ပေါင်းရင်တော့ ၄ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့တရားသေဝါဒကိုဆုပ်ကိုင်ထားလို့ မရပါဘူး ။ ၄ ရ ရင် ရ ၄ မရရင်တော့ ချကို ချမယ် ဆိုတဲ့သဘောမျိုးလည်း မဖြစ်သင့်ပါ ဘူး ။ ၂ နဲ့ ၂ နဲ့ ပေါင်း တိုင်းဟာ အချိန်တိုင်း ၊ နေရာတိုင်းမှာ၎ ဖြစ်မနေပါဘူး ။ ဆရာ က  ၂ နဲ့ ၂ နဲ့ ပေါင်းရင်၅ ဆိုရင် ဘာကြောင့် ၅ ရသလဲ ၊ ဘယ်လိုငါး ရသလဲ ဆိုတာမေးခွန်းထုတ်ရမှာပါ ။ ဆွေးနွေး ရမှာပါ ။ ဒါမှသာ ကျောင်းသား နဲ့ ဆရာတို့ရဲ့ ပန်းတိုင်ဖြစ်တဲ့ တွေးခေါ်ဆင်ခြင်နိုင်သော ၊ယဉ်ကျေးသော ပညာတတ်တွေ ဖြစ်လာမှာဖြစ်သလို ၊ နိုင်ငံတစ်နိုင်ငံရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့လူမှုဘဝ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ ဆီကို ချီတက်နိုင်ပြီး ..အစိုးရကော ပြည်သူပါwin – win အခြေနေကိုဆိုက်ရောက်မှာဖြစ်ပါတယ် ။

ကိုင်း …. စာဖတ်သူကော … ၂+၂ = ဘယ်လောက်ဖြစ်စေချင်ပါသလဲ။

(ရုပ်ဆိုး)

ဒါကတော့ ၂+၂=၅ ဗီဒီယိုလင့်ခ်လေးပါ
http://www.youtube.com/watch?v=OizX0LSxfPQ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...