Sunday, August 25, 2013

((((( ..... စောင်းကိုပိုက်၍ ပန်းကိုသီ....)))))


ဆိုင်ကယ်များ၊ ကားများ ဖြတ်သန်းမသွားပါက သုံးထပ်သား နံရံသာ ခြားထားသည့် တစ်ဘက်အခန်းမှ ပြောနေသောစကားသံများကို အတိုင်းသား ကြားနေရပါသည်။
ကျွန်တော့် အခန်းနှင့် ဆေးခန်းအဖြစ် ငှားရမ်းထားသော အခန်းလေးသည် ဤအိမ်၏ အောက်ထပ်တွင် ရှိပါသည်၊ ကျွန်တော့် အခန်း ဘေးတစ်ဘက်တွင် အပေါ်ထပ်သို့တက်သော လှေခါးလေးရှိသည်၊



လမ်းမကြီးဘေးတွင် မဟုတ်သ်ာလည်း အတွင်းဘက်သို့ အနည်းငယ်သာ ၀င်ရသော လမ်းသွယ်လေး ဖြစ်သဖြင့် သွားလာရ လွယ်ကူသလို မျက်စိအေး နားအေးရှိသဖြင့် ကျွန်တော် ငှားရမ်းနေထိုင်ဖြစ်ခဲ့ခြင်းဖြစ်ပြီး တစ်ဘက်ဆေးခန်းမှ ဆရာဝန်ကလည်း လူနာများ စိတ်အနှောင့်အယှက်ကင်းစွာ လာရောက်နိုင်သော နေရာလေးဖြစ်သဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

`` ကျွန်တော် က စိတ်ရောဂါကုတဲ့ ဆရာဝန် မဟုတ်ပါဘူးဗျ.... အထွေထွေ ရောဂါကုတဲ့ ဆရာဝန်ပါ.... စိတ်ရောဂါကု သမားတော်ကြီးတွေ သပ်သပ်ရှိပါတယ်။ ပထမအဆင့် ပြောဆိုဆွေးနွေးပြီး အကြံဥာဏ်တွေ ရယူနိုင်ပါတယ်ဗျ... ကျွန်တော် လိပ်စာ ရေးပေးလိုက်ပါ့မယ်´´

ကျွန်တော် အလုပ်ပြီးသဖြင့် ဘာရယ်မဟုတ် ကုတင်ပေါ်တွင် ပက်လက်လှန်နေရင်း.... တစ်ဘက်ခန်းမှ ဆရာဝန်၏ စကားသံကို ကြားနေရသည်၊ ဘာရယ်မဟုတ် ကြားနေရခြင်းကြောင့်လည်း ဆက်နားထောင်နေမိသည်။

``နေ.... နေ ဆရာ၊ မသွားပါဘူး ဆရာက အထွေထွေ ရောဂါကုတဲ့ ဆရာဝန်ဆိုတာ သိပါတယ်၊ ဆရာ စိတ်ပညာဆောင်းပါးတွေ ရေးတာလည်း ကျွန်တော် သိတယ်လေ.... ကျွန်တော်က ဆရာ့ စာဖတ်ပရိသတ်ပါဗျ။ အဓိက ကတော့ဗျာ.... ဆရာ့ဆီက အကြံဥာဏ်လေး နည်းနည်းလိုချင်တာပါ.... ကျွန်တော့်ကိုယ် ကျွန်တော် Normal မဟုတ်ဘူးလို့ ခံစားမိတယ်၊ Unnormal ပေါ့ဗျာ ကျွန်တော့် အကြောင်းလေးပြောပြမယ်..... ဆရာက အကြံပေးပေါ့...´´

လူနာဖြစ်ဟန်တူသူ၏ ပြန်ပြောနေသော အသံကိုလည်း စိတ်ဝင်တစား ဆက်နားထောင် ဖြစ်သွားသည်...။

ဆရာဝန်တော့ ဒုက္ခရောက်ရောပေါ့.....
တော်သေးတယ် လူနာ ပါး ချိန် ဖြစ်နေလို့ဟု တွေးရင်း ကျွန်တော် ပြုံးဖြစ်ခဲ့ပါသည်။

ဆရာဝန်သည် ရည်မွန် ကျန်းမာသော စာရေးဆရာတစ်ဦးဖြစ်ခြင်း၊

လောဘ၊ ဒေါသနည်းပါးသော ခင်မင်နှစ်လိုဖွယ် ကောင်းသူဖြစ်ခြင်းအပြင် ကျွန်တော်နှင့်လည်း ရွယ်တူဖြစ်ခြင်း၊ ဥပဒေရေးရာများကိုလည်း ဆွေးနွေးနိုင်ခြင်း၊ တစ်ကိုယ်တည်းသမားဖြစ်ခြင်း တို့ကြောင့် ကျွန်တော်နှင့် လေးစားစွာ ခင်မင်ခွင့် ရရှိခဲ့ကြလေသည်။

ဆရာဝန် အသက်ရှူ ကျပ်မနေစေရန် အကူသဘောဖြင့် ကျွန်တော်ထ လာခဲ့မိသည်။ ကျွန်တော် ၀င်ရောက်သွားတော့ လူနာဆိုသူမှ စူးစမ်းသော အကြည့်များဖြင့် ကြည့်ခဲ့ပါသည်....။

ဆရာဝန်မှ ကျွန်တော့်အား လက်ဖြင့် ကုလားထိုင်တစ်လုံးအား ညွှန်ပြရင်း ``ရပါတယ်ဗျ၊ ကျွန်တော့်မိတ်ဆွေ ဥပဒေသမားပါ.... ခင်ဗျားကို သူလည်း အကြံပေးနိုင် ပါတယ်။ ပြောမှာသာ ပြောပါ´´ ဟု လူနာအား ပြောလိုက်ရလေသည်။

လူနာသည် ခေါင်းညိတ်လျှက် တည်ငြိမ်စွာ ဆက်ပြောလာခဲ့ပါသည်။
သူ စကားပြောနေစဉ် သူ၏ အနေအထားအရ တစ်ကယ့် အဖြစ်အပျက်များအား ပြောပြနေခြင်း ဖြစ်ကြောင်း ကျွန်တော်ယုံကြည်လက်ခံ မိပါသည်။

လူနာ၏ ပြောစကားအရ... သူ၏ ချစ်ရသူသည် လွန်ခဲ့သော(၁၀)နှစ်ကျော်က ကွယ်လွန်ကြောင်း၊ နေ့စဉ် နီးပါးမျှ သူသတိရနေခဲ့ကြောင်း၊
သတိရချိန်များကိုလည်း ပျော်ရွှင်ကျေနပ်နေမိကြောင်း
သူ့ချစ်သူ၏ အပြုံးလေးများအား ခဲတံဖြင့်ပင် ပီပြင်စွာ ပုံဆွဲပြနိုင်ကြောင်း....
ယခု အသက်(၃၇)နှစ်ခန့်တွင် ချစ်သူကို အိပ်မက်များ မကြာခဏ မက်ခဲ့ကြောင်း၊ အိပ်မက်မှ လန့်နိုးလာသည့် အချိန်များတွင်သူ ထူးဆန်းစွာ ၀မ်းနည်းနေတတ်ကြောင်း၊

နောက်...... အိမ်ရှေ့ဖြစ်ဖြစ်၊ ခြံဝင်းထဲသို့ဖြစ်ဖြစ် ထွက်သွားတတ်ကြောင်း၊
ချစ်သူ ရှိလိမ့်နိုးဖြင့်သွားရခြင်းဖြစ်ကြောင်း၊
တကယ်မရှိမှန်းလည်း သူသိခဲ့ကြောင်း၊
သို့သော် သူမျှော်လင့်နေမိကြောင်း၊ အရိပ်ကလေးဖြစ်ဖြစ်၊
အငွေ့အသက်လေးဖြစ်ဖြစ် သူတမ်းတနေမိကြောင်း၊
သို့သော် လက်ရှိဘ၀ကိုတော့ သူလက်ခံပါကြောင်း၊
ယခု လပိုင်းအတွင်း သူ့အခြေအနေများ ပိုမိုဆိုးရွားလာကြောင်း၊
နားထဲတွင်ပင် ချစ်သူ၏ အသံများအား ကြားနေရကြောင်း၊
တစ်ခါတစ်ရံ ရယ်သံ၊ တစ်ခါတစ်ရံ စကားပြောသံ၊ တစ်ခါတစ်ရံခေါ်သံများ ဖြစ်လာကြောင်း၊
ညအချိန် အိမ်ပြန်လာပါကလည်း သူ၏ ချစ်သူသည် ရှေးမင်းသမီးလေးဟန်ဖြင့် စောင်းလေးပိုက်ကာ သီချင်း ဆိုနေသည်ဟုပင် မြင်တွေ့လာကြောင်း၊
တကယ်မဟုတ်မှန်း သိသော်လည်း ဤပုံရိပ်များအား ဖျောက်ဖျက်၍ မရကြောင်း.... စီကာပတ်ကုံးပြောပြနေပါသည်။

လူနာ၏ ပြောကြားချက်များအား ကျွန်တော် စိတ်ဝင်တစား နားထောင်နေသော်လည်း ဆရာဝန်သည် စာရွက်တစ်ရွက်တွင် ခဲတံဖြင့် တစ်စုံတစ်ခုအား လိုက်လံ မှတ်သားနေပါသည်။

သေချာစွာ မမြင်နိုင်သဖြင့် ဘာတွေရေးနေမှန်းတော့ မသိခဲ့ပါ။
စိတ်ဖြတ်လှိုင်းများကို ဂရပ်ရေးဆွဲနေပုံရပါသည်.....

လူနာ၏ စိတ်အတက်အကျကို နားထောင်ယုံမျှဖြင့် ဂရပ်တစ်ခု ရေးဆွဲနိုင်ကြောင်း...ကျွန်တော်လည်း မှတ်သားခဲ့ဖူးပါသည်....။

စိတ်ပညာကို ကောင်းစွာနားလည်နိုင်သော ဆရာဝန်ဖြစ်ခြင်းကြောင့်လည်း ကောင်းမွန်ပြည့်စုံသော အကြံဥာဏ်များကို ပေးနိုင်ပါလိမ့်မည်။
သူတို့နှစ်ဦး၏ ကြားတွင် ကျွန်တော် အမြတ်ရပါဦးမည်.....

ထူးဆန်းသော စိတ်ဝေဒနာနှင့် ပြည့်စုံသော အကြံပြုချက်သည် ကျွန်တော့်လုပ်ငန်းဖြစ်သော တရားစီရင်ရေး ကဏ္ဍတွင် အထောက်အကူ ဖြစ်ပါဦးမည်...ဟု။

`` ခင်ဗျား... ပြောတာတွေကို နားထောင်ရတာတော့ အင်မတန်ကို အားဖြစ်ပါတယ်ဗျာ.....
ခင်ဗျားက စိတ်ရောဂါတော့ မဖြစ်သေးပါဘူး.....
ကျွန်တော်လည်း အဲဒီလို ချစ်တတ်တဲ့ လူတွေကို လေးစားတယ်ဗျ....
အချစ်ဆိုတာက ဘယ်မှာ စပြီး ဖြစ်ပေါ်ခဲ့မှန်းလည်း မသိဘူး..... ဘယ်အချိန်မှာ ဖြစ်ပေါ်ခဲ့မှန်းလည်း မသိနိုင်ပါဘူးဗျာ.....
ဘယ်တော့မှ ပြန်လည် ထွက်ခွါသွားမှာလည်း မဟုတ်ဘူးဗျ......

ချစ်သူကို သတိရနေတတ်တာကိုက ခင်ဗျားမှာ ခိုင်မာတဲ့ ချစ်ခြင်းတရားတွေ ရှိနေတာပဲ.... ဆရာသမားရဲ့...... ´´ ပြုံးပြီး ပြောလိုက်သော ဆရာဝန်၏ စကားကို ကျွန်တော်တော်တော်ပင် သဘောကျမိပါသည်။

ခင်မင်လာသောကာလတစ်လျှောက်လုံး မိန်းကလေးများအကြောင်း၊ အချစ်အကြောင်းနှင့် ဖိုမ ဆက်ဆံရေးဆိုင်ရာ ကိစ္စများအကြောင်းကို တစ်ခါမျှ ပြောကြားဖူးခြင်း မရှိသော ဆရာဝန်လူပျိုကြီး၏ စကား များသည် ထူးဆန်းနေသလိုလိုလည်း ဖြစ်နေခဲ့ပါသည်....
``မှန်လိုက်တာ´´ဟုလည်း မှတ်ချက်လေး ချမိခဲ့ပါသည်။

ဆရာဝန်၏ ပြောစကားများသည် လူနာအားများစွာကျေနပ်စေခဲ့ပြီ ဖြစ်ကြောင်း...... ကျွန်တော် နားလည်လိုက်ပါသည်....။

လူနာသည် ပြုံးရွှင်တက်ကြွနေပါသည်။
ကျေးဇူးတင် အားရကျေနပ်နေသော မျက်လုံးများဖြင့် လူနာဆက်ပြောလာပါသည်....

`` ဒါကြောင့်ပြောတာဗျ၊ ကျွန်တော့် သူငယ်ချင်းတစ်ယောက်က ပြောတာ ဆရာ့ဆီကို သွားပါတဲ့ ဆရာက ကောင်းကောင်း ကုပေးနိုင်တယ်တဲ့..... သူ့အိမ်ကတော့ သူ့ကို စိတ္တဇ ဖြစ်နေတဲ့လူလို့ သတ်မှတ်ထားတာပါ ဆရာရယ်..... ကျွန်တော် သူငယ်ချင်းက သနားပါတယ်။

စိတ်သိပ်မမှန်ပေမဲ့.... သူအားလုံးနီးပါး သိနေတာလေ.....
ဆရာ့မှာ အချစ်နဲ့ ပတ်သက်တဲ့ ခံစားချက်လေးတွေ ရှိတယ်တဲ့...
တစ်ခါက သူဖြတ်လျှောက်လာရင်း အိမ်ဘေးက စပယ်ပန်းလေးကို ဆရာ သေသေချာချာ ကိုင်ကြည့်နေတာ တွေ့ခဲ့တယ်တဲ့၊
သူထင်တာကတော့ ဆရာ့ ချစ်သူလည်း ဒီလိုပန်းလေးကို ပန်ခဲ့ဖူးရမယ်တဲ့..... အချစ်နဲ့ ပတ်သက်ရင် အချစ်စိတ်ရှိတဲ့ သူတွေဆီမှာ ကုသတာ အကောင်းဆုံးပဲတဲ့....။

မှန်တယ်နော် ဒီကောင်ကြီးပြောတာ .........ဟီးးးးးး´´ တဲ့ ကျွန်တော် သူ့စကားနားထောင်ရင်း ထိတ်လန့်သွားမိသည်.....

စိတ် မူမမှန်ကြောင်း သံသယရှိသူ လူနာသည် စိတ္တဖြစ်နေသော သူငယ်ချင်း တစ်ဦး၏ ညွှန်ပြမှုဖြင့်.. ဆရာဝန်ထံ လာရောက်ပြသသည်။

ပြီးတော့လည်း သူတို့ပြောသည့် အတိုင်း ဟုတ်မှန်နေကြောင်း ကျွန်တော် တွေ့ရသည်.. ။

အမှန်အတိုင်း ၀န်ခံရသော် တော်တော်အံ့သြမိပါသည်။

လူနာ စကားကြားပြီးနောက်....... ဆရာဝန်သည် သူ၏ ကြည်လင်သော အပြုံးဖြင့် လူနာအား `` မှန်လိုက်တာဗျာ၊ ကျွန်တော့် ချစ်သူကလည်း စပယ်ပန်းလေးတွေကို သီပြီး အကုန်းလိုက်လေး ပန်တတ်တယ်.... နဖူးအပေါ်နားလေးက ဘီးကုပ်စိုက်တဲ့နေရာလေးနားမှာလေ၊
ရော့ ဗျ ခင်ဗျားချစ်သူ စောင်းတီးနေတဲ့ပုံလေး သေချာကြည့်´´ တဲ့ ပြောရင်း ခဲတံဖြင့် ရေးခြစ်နေသောစာရွက်လေးအား ထိုးပေးလိုက်သည်။

လူနာသည်လည်း အားရ၀မ်းသာပင် ယူကြည့်၍ `` ဟုတ်တယ်.... ဟုတ်တယ်... ဒီလို ပုံစံပဲဗျ ၀မ်းသာလိုက်တာ ဆရာရယ်၊ ကျွန်တော် အမှတ်တရ ယူသွားမယ်။

ကျေနပ်တယ်ဗျာ.... ကျေးဇူးပဲ... အော် ဘယ်လောက်ကျလဲ ဆရာ´´

မတ်တပ် ထရပ်ရင်း ဆရာဝန်အား မေးလိုက်လေသည်...။

`` အာ...... ရပါတယ်ဗျာ... ခင်ဗျား ကျေနပ်ရင် ရောဂါသက်သာတာပါပဲ... ပေးစရာမလိုပါဘူး.....´´တဲ့ ပြုံးပြုံးလေး ပြောလိုက်သော ဆရာဝန်အား ခေါင်းညိတ် အရိုအသေပေးကာ ထွက်ခွါသွားသော အချစ်ရူး လူနာအားတစ်လှည့် ဆရာဝန်အား တစ်လှည့် ကျွန်တော် ကြည့်နေမိပါသည်.....

`` အလကား အချစ်ရူးပါဗျာ... သူ့ချစ်သူကို သတိရတာ ဘာပြောစရာရှိမှာလဲ ခင်ဗျားကို ကျွန်တော်ပြရဦးမယ်.....၊ ဒီမှာကြည့်.....

ဒါကျွန်တော့် ချစ်သူရဲ့ပုံ ကျွန်တော်ဆိုရင် အလွတ်ကို ဆွဲနိုင်တာ... ပြောရင်း လက်ဆွဲအိတ်အတွင်း ပလပ်စတစ်လောင်းထားသော ရောင်စုံ ဓါတ်ပုံလေး တစ်ပုံအား ထုတ်ပြခဲ့ပါသည်။

လူနာအား ဆွဲပေးလိုက်သော စောင်းတီးနေသည့် မင်းသမီးလေး၏မူရင်းပုံလေးဖြစ်နေပါသည်။

ကျွန်တော် ပုံလေးကို ကြည့်နေရာမှ ဆရာဝန်မျက်နှာအား ကြည့်လိုက်မိပါသည်...... ဓါတ်ပုံလေးကို ကြည့်နေသော သူ၏ မျက်လုံးများတွင် အရောင်များ ဖြာထွက်နေသယောင် ထင်မိအောင်ပင် ခံစားလိုက်ရပါသည်။

သူ၏ နှုတ်မှလည်း တိုးတိုးလေး ပြောတယ်ဆိုယုံလေး နှုတ်ခမ်းမဲ့ကာ ပြောလိုက်သော အသံကို ကြားလိုက်ရပါသည်။

`` သူက အသံလောက်သာ ကြားတာပါဗျာ...... ကျွန်တော် ဆိုရင် ခေါင်းမှာ ပန်ထားတဲ့ စံပယ်ပန်းလေးရဲ့ အနံ့လေးကိုတောင် တစ်ခါတစ်လေ ရှူရှိုက်ရသေးတယ်.. သူချစ်တာ ဘာဟုတ်သေးလို့လဲ´´ တဲ့.။

ကျွန်တော် စက်ရုပ်တစ်ရုပ်လို ဆေးခန်းလေး အတွင်းမှ တိုးတိုးတိတ်တိတ် ပြန်ထွက်လာခဲ့မိသည်.....။

လူနာကိုရော လမ်းညွှန်ပေးခဲ့သူကိုရော ဆရာဝန်ကိုရော..... ကျွန်တော်သေသေချာချာ မသိပါ......

ကျွန်တော် သိလိုက်သည်ကတော့ ..... သူတို့အားလုံး ထူးဆန်းကြသည်။

ထူးဆန်းစွာလည်း ချစ်တတ်ကြသည်...... ထူးဆန်းစွာ ချစ်တတ်သူများသည် နူးညံ့သိမ်မွေ့စွာ စိတ္တဇ ဖြစ်နေသူများ ဖြစ်ကြသည်ဟု......

( ကွန်ဆူးမား )( ၂၅-၈-၂၀၁၃)

(၁၉-၁၁-၂၀၁၁)ရက်နေ့တွင် ရေးဖြစ်ခဲ့သော ပို့စ်လေးအား ပြန်လည် တင်ပြပါသည်။)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...