Thursday, August 22, 2013

"ရင်ချင်းဆက် စွယ်တော်ရွက်များ " (မင်းလူ)


"ဆရာဘုန်းနဲ့ ခရီးအတူသွားရင် ပညာတိုးတယ်၊ ဒါပေမယ့် တစ်ညလုံးတော့ အိပ်လိုက်ရမှာမဟုတ်ဘူး"
ဟု အကြောင်းသိတစ်ယောက်က ပြောသည်။ ဆိုလိုတာကတော့ ဆရာတက္ကသိုလ်ဘုန်းနိုင်သည် စကားအလွန်ပြောချင်သူ။ လမ်းခရီးတစ်လျှောက်လုံး မရပ်မနားပြောသွားလိမ့်မည်။ အိပ်ဖို့အချိန်တောင် ရလိုက်မှာမဟုတ်။

ကျွန်တော်သည် ခရီးသွားလျှင် ကား၊ ရထားစသည်တို့ပေါ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တတ်သူ မဟုတ်။ ထို့အတူ တစ်လမ်းလုံး စကားပြောပြီး နိုးနိုးကြားကြားရှိနေတတ်သူမျိုးလည်း မဟုတ်။ လမ်းဘေးက
ရှုခင်းတွေငေးကြည့်ရင်း တွေးချင်ရာတွေးလိုက်၊ တစ်မှေးမှေးလိုက် လုပ်တတ်သူမျိုးသာဖြစ်၏။
ပြီးတော့ ကျွန်တော်က နားပူခံချင်သူမဟုတ်။ သူငယ်ချင်းတွေနှင့် ဝိုင်းဖွဲ့စကားပြောတာ ဝါသနာပါသော်လည်း တစ်ဖက်သတ် နားထောင်ရတာမျိုးတော့ အလွန်ငြီးငွေ့တတ်သည်။
သို့ရာတွင် ခုလို စကားပြောသော ဆရာတစ်ဦးနှင့်ခရီးအတူသွားရမည့်အတွက် "ဒုက္ခပါပဲ"ဟု ညည်းညူမိခြင်းမရှိတာတော့ အမှန်ပဲဖြစ်၏။ စဉ်းစားကြည့်လေ။ ဆရာဘုန်းနိုင်ဆိုတာ နှယ်နှယ်ရရလား။ ကျွန်တော်တို့ငယ်ငယ်က တသသစွဲလမ်းခဲ့ရသော ဝတ္ထုတွေကိုရေးခဲ့သော ဆရာကြီးမဟုတ်လား။ ခိုင့်ရဲ့သူငယ်ချင်းမဟုတ်လား။ စွယ်တော်ရွက်တို့ရဲ့ အရှင်သခင်မဟုတ်လား။ တခြားအချိန်တွေမှာဆိုလျှင် ဒီလိုပုဂ္ဂိုလ်ကြီးမျိုးကို တွေ့ချင်တိုင်းတွေ့ခွင့်ရဖို့မလွယ်လှပါ။ ခုတော့ သူများစရိတ်နဲ့ ခရီးတောင် အတူတူသွားခွင့်ရပြီပဲ။
ဒီလိုဆရာကြီးမျိုးတွေနှင့် အတူသွားရသောအခါ မေးတတ်မြန်းတတ်လျှင် အသိပညာတွေ အများကြီး ရနိုင်သည်။ ဒါတင်မက နောင်တစ်ချိန် သူတို့အကြောင်း ပြန်ရေးသောအခါ အသုံးဝင်မယ့် အချက်အလက်တွေလည်း ရနိုင်သေးတယ်လေ။

* * *

တောင်ငူမြို့ စာပေဟောပြောပွဲသို့ သွားရမည်ဖြစ်၏။ ဆရာချစ်ဦးညို၊ ဆရာမောင်သစ်ဆင်း၊ ဆရာနီကိုရဲတို့လည်း ပါကြမည်။ သူတို့တွေနဲ့က အရင်ကတည်းက ခင်မင်ခဲ့ပြီးသားဖြစ်၏။ ဆရာဘုန်းနဲ့တော့ တစ်ခါမှမဆုံဖူးသေး။ အပြင်မှာလည်း တစ်ခါမှမမြင်ဖူးသေး။ မဂ္ဂဇင်းထဲမှာမြင်ဖူးတဲ့ ဓာတ်ပုံအရတော့ ပိန်ပိန်ပါးပါးပါပဲ။ သို့တိုင်အောင် နိုင်ငံကျော်ထိပ်သီးစာရေးဆရာကြီးလည်းဖြစ်၊ အငြိမ်းစားပါမောက္ခချုပ်ကြီးလည်း ဖြစ်သောကြောင့် ခပ်ထည်ထည်တော့ ရှိလိမ့်မည်ထင်၏။
တောင်ငူမှ လာရောက်ကြိုဆိုသူများက ကျွန်တော်တို့ကို အရင်ဝင်ခေါ်သည်။ ထို့နောက် ဆရာဘုန်း၏ အိမ်ရှိရာ သန်လျင်သို့ဆက်သွားသည်။ ဆရာသည် ကျွန်တော်ထင်ထားသလို လူကုံထံရပ်ကွက်ထဲမှာ တိုက်နှင့်ကားနှင့် နေထိုင်သူမဟုတ်။ မြို့စွန်ပိုင်းရှိ အေးချမ်းဆိတ်ငြိမ်သောရပ်ကွက်ရှိခြံဝင်းလေးထဲမှာ နှစ်ထပ်အိမ်ကလေးနှင့် နေခြင်းသာဖြစ်၏။ ဆရာ့အိမ်ကလေးက အောက်ထပ်ကို အုတ်ပတ်ကားတပ်ထားပြီး အပေါ်ထပ်က ပျဉ်ထောင်ဖြစ်၏။ အိမ်ပုံစံက ရိုးရိုးရှင်းရှင်း။ မြေကွက်လပ်မှာ သစ်ပင်ပန်းပင်တွေရှိသည်။ ကဗျာဆရာတစ်ယောက် နှစ်သက်တတ်သော အခင်းအကျင်းမျိုး။
ဆရာ့အိမ်ဧည့်ခန်းသည်လည်း ရှင်းရှင်းလင်းလင်းပင်ဖြစ်၏။ ခမ်းနားသော အပြင်အဆင်တွေ လုံးဝမရှိ။ ဆရာ့အနေဖြင့် ဂုဏ်ယူဝင့်ကြွားစွာပြသထားတာ တစ်ခုပဲရှိသည်။ ဆရာကတော်ပင်ဖြစ်၏။ ဒါလည်း ကျွန်တော်စိတ်ဝင်စားသော အချက်တစ်ချက်ပင်ဖြစ်၏။
ဆရာသည် တရှိုက်မက်မက်ဖတ်ရသော မေတ္တာဖွဲ့ဝတ္ထုကြီးတွေကိုရေးခဲ့သည်။ သရုပ်ဆောင်မင်းသမီးတို့၏ အလှကိုပီပြင်အောင်အသေးစိတ်သရုပ်ဖော်နိုင်ခဲ့သည်။ ဆရာ့မင်းသမီးတွေကို မမြင်ရသည့်တိုင် စိတ်မျက်စိထဲမှာ မြင်ယောင်စွဲမက်စေခဲ့သည်။ ထိုကဲ့သို့သော ဆရာ၏ဇနီးသည် ဘယ်လိုပုံမျိုးရှိလေမလဲ။
ခိုင်နဲ့တူမလား။ မမိုးသူနဲ့တူမလား။ နွယ်နှင့်တူမလား။ အစောနဲ့တူမလား။ တပြည်သူမရွှေထားနဲ့ပဲ တူလေမလား။
အခုမြင်လိုက်ရတာကတော့ အဘွားကြီးတစ်ယောက်ပါပဲ။ ဒါပေါ့လေ၊ ဆရာတောင် အသက်ခုနှစ်ဆယ်ကျော်နေပြီပဲ။ သို့ရာတွင်ဆရာကတော်သည် ငယ်ငယ်တုန်းက အတော် ချောမောလှခဲ့ကြောင်းကိုတော့ ထင်ထင်ရှားရှားခန့်မှန်းကြည့်နိုင်သည်။ မျက်စိထဲမြင်သာလာအောင် ဥပမာပေးရလျှင်တော့ ရုပ်ရှင်မင်းသမီးထွန်းအိန္ဒြာဗိုလ် အသက်ကြီးလာလျှင် ဖြစ်လာမည့်ရုပ်ရည်မျိုး။
ကျွန်တော်တို့ ရောက်သွားသောအချိန်တွင် ဆရာက အဆင်သင့်ပြင်ဆင်ထားပြီးသားဖြစ်၏။ ကျွန်တော်တို့ကို နှုတ်ဆက်ရင်း ဂျိုးသိန်းဆေးပေါ့လိပ်တိုလေးကို ကောက်ကိုင်လိုက်တာ မြင်ရသောအခါ စိတ်ထဲက "တို့ဆရာကွ"ဟု ရေရွတ်မိ၏။ ကျွန်တော်လည်း ဆေးပေါ့လိပ်သမားကိုး။
ထို့နောက် ဆရာသည် ဆရာချစ်ဦးညိုကို တစ်စုံတစ်ခုပြောနေသည်။ ဟိုအရင်တစ်ခေါက် တွေ့ခဲ့စဉ်က စကားမပြတ်သေးသော အကြောင်းအရာကို ပြန်ဆက်ပြောခြင်းဖြစ်ပုံရ၏။ အိမ်ပေါ်ကဆင်းပြီး ကားပေါ်တက်မိသည်အထိ အမျှင်မပြတ်ပြောလာသည်။ သန်လျင်တံတားနားရောက်တော့မှ ထိုကိစ္စပြီးသည်။
ဆရာက ကျွန်တော့်ဘက်လှည့်ပြီး ပြောပြန်သည်။ ကျွန်တော့်ကဗျာစာအုပ်ကို ဖတ်ရကြောင်းပြောသည်။ သူက ကျွန်တော့်ကို မော်ဒန်အနွယ်ဝင်ဟု ထင်မှတ်ယူဆထားပုံရသည်။
"ဆရာက မော်ဒန်ကို ဆန့်ကျင်တဲ့သူတစ်ယောက်မဟုတ်ပါဘူး။ စည်းစနစ်တကျ ဖြစ်စေချင်တဲ့ သဘောပါ။ တကယ်ဆိုရင် ဆရာကိုယ်တိုင်တောင် သူ့ခေတ်သူ့အခါအရ မော်ဒန်ဆန်တဲ့သူလို့ ပြောလို့ရတယ်"
ဟု ဆိုသည်။ လူငယ်တွေအပေါ်နားလည်မှုရှိသော ဆရာတစ်ယောက်နှင့် ခရီးအတူ သွားရတော့မှာပါလားဟု သဘောပေါက်လိုက်ရ၏။
စော်ဘွားကြီးကုန်း အဝေးပြေးဂိတ်ရောက်တော့ ကားထွက်ဖို့အချိန်လိုသေးသဖြင့် စားသောက်ဆိုင်မှာ ခဏထိုင်ကြသည်။ ဆရာက လက်ဖက်ရည်မှာသည်။ သန်လျင်မှာဆိုလျှင်တော့ အိမ်မှာပဲ ဖျော်သောက်လေ့ရှိကြောင်း၊ ဆရာကတော်ဖျော်ပေးသော လက်ဖက်ရည်ကို ဘယ်ဆိုင်မှမမှီကြောင်း ကြွားလိုက်သေးသည်။ ကျွန်တော်ကလည်း လက်ဖက်ရည်ကြိုက်တတ်သူဖြစ်သောကြောင့် ဆရာနဲ့တွဲလို့ရပြီဆိုပြီး ဝမ်းသာမိပြန်၏။
ကားပေါ်မှာ နေရာယူကြတော့ ဆရာနီကိုရဲက ညားကာစဇနီးအသစ်စက်စက်ကလေးကို ခေါ်လာသဖြင့် လင်မယားနှစ်ယောက် တစ်တွဲထိုင်ကြသည်။ လက်ရည်ညီသော ဆရာချစ်ဦးညိုနှင့်ဆရာမောင်သစ်ဆင်းတို့က တစ်တွဲ၊ ဒီတော့ ဆရာဘုန်းနှင့် ကျွန်တော်က တစ်တွဲပေါ့။ "နားထောင်ဖို့သာပြင်ထား"ဟု ကိုယ့်ကိုယ်ကို အားပေးရသည်။ ဟုတ်လည်းဟုတ်သည်။
ကားစထွက်ပြီး မကြာခင်မှာပင် ဗွီဒီယိုကားတစ်ကား စပြသည်။ မြန်မာကားဖြစ်၏။ တော်တော်ညံ့သည်။ ကောင်းလျှင်လည်း ကြည့်ဖြစ်မည်မထင်။ ဆရာက စကားစပြောနေပြီ။ မင်္ဂလာဒုံတစ်ဝိုက်က တောင်ကုန်းကလေးတွေ လျှိုမြောင်တွေကိုကြည့်ပြီး -
"ဟိုးတစ်ချိန်က ဒီနေရာတွေမှာ တိုက်ပွဲတွေဖြစ်ခဲ့ဖူးတာပေါ့"
ဟု အစချီပြီး အင်းစိန်တိုက်ပွဲတုန်းက ဆရာတို့ တက္ကသိုလ်ကျောင်းသားတွေ ဗော်လံတီယာ တပ်သားအဖြစ် ဝင်ရောက်ကူညီခဲ့ကြပုံများကို ပြောပြသည်။ တပ်သားသစ်များအဖြစ် ဝင်ရောက်ဖို့ လျှောက်ထားသူများကို ဗိုလ်ချုပ်အောင်ဆန်းက လာရောက်စစ်ဆေးသည်။ ဆရာ့ရှေ့ရောက်တော့ ဗိုလ်ချုပ်က စိုက်ကြည့်ပြီး -
"မင်း အသက်ဘယ်လောက်ရှိပြီလဲ"
ဟု မေးသည်။
"ဆယ့်ငါးနှစ်"
ဆိုတော့
"ငယ်သေးတယ်၊ စာသင်ဦး"
ဟု ပြောသဖြင့် တပ်ထဲမဝင်ဖြစ်ခဲ့ပုံကိုလည်း ပြောပြသည်။

* * *

ပျဉ်ပုံကြီးမှာ ညစာထမင်းစားကြသည်။ ဆရာက ငါးရံ့ခြောက်ဖုတ်မှာသည်။
"အိမ်မှာဆိုရင် သွေးတက်မှာစိုးလို့ဆိုပြီး ဆရာ့ကို ငါးခြောက်သိပ်မကျွေးကြဘူး"
ဟု ဆရာက ပြောပြီးရယ်နေသည်။ ရောဂါထွေထွေထူးထူး မရှိသော်လည်း အသက်ကြီးလာတော့ အစားအသောက်ဆင်ခြင်ရတယ်ဟု ဆိုပြန်သည်။ ( ပြောသာပြောတယ်၊ တောင်ငူရောက်လို့ ကောက်ညှင်းငချိတ်ပေါင်းနဲ့ ဘူးသီးကြော်၊ ငါးခြောက်ထောင်းကြော်တွေ ကျွေးတော့လည်း စားတာပါပဲ။) ကားပြန်ထွက်တော့ ဆယ်နာရီကျော်ပြီ။ ဆရာ ဘယ်အကြောင်းအရာကိုများဆက်ပြောမလဲလို့ နားထောင်ဖို့ အဆင်သင့်ပြင်ထားသည်။ သို့ရာတွင် ဆရာက ဘာမှထပ်မပြောတော့ဘဲ မျက်စိမှိတ်ပြီး မှိန်းနေသည်။
ထမင်းစားပြီး ဗိုက်လေးသွားလို့လား။ ကားစီးရတာ ခရီးပမ်းသွားလို့ပဲလား။ ကားပေါ်မှာပြနေသော နိုင်ငံခြားဇာတ်ကြမ်းကားကိုပဲ မျက်စိနောက်သွားလို့လားမသိ။
ကျွန်တော်ကတော့ အိမ်မှာဆိုလျှင် တော်တော်ညဥ့်နက်မှ အိပ်တတ်သောကြောင့် အကျင့်ပါပြီး အိပ်ချင်စိတ်မရှိသေး။ ဆရာ့ကိုမေးစရာတွေ ရှိနေသေးသည်။ ဆရာနှင့်ပက်သက်လျှင် အများစုက "သူငယ်ချင်းလို့ပဲ ဆက်၍ခေါ်မည်ခိုင်"၊ "တစ်ပြည်သူမရွှေထား"၊ "သူ့ကျွန်မခံပြီ"စသော ဝတ္ထုကြီးတွေကိုသာ သတိရမိတတ်ကြသည်။ ကျွန်တော်ကတော့ ဆရာရေးသားပြီး ရေနံ့သာစိုးလှိုင် သီဆိုခဲ့သော "ကမ္ဘာကုန်ကျယ်သရွေ့ဝယ်" သီချင်းကို စိတ်ဝင်စားမိ၏။
ထိုသီချင်းသည် ရုတ်တရက် နားထောင်ကြည့်လျှင် နွေဘွဲ့အလွမ်းသီချင်းဟု ထင်စရာရှိ၏။ အမှန်မှာမမြဲသော သင်္ခါရသဘောကို နိမိတ်ပုံများဖြင့် ဖွဲ့ဆိုထားခြင်းဖြစ်သည်ဟု ဆရာ့စာတစ်ပုဒ်ထဲမှာ ဖတ်ဖူးသည်။ ထိုသီချင်းမှာ ကျွန်တော် အကြိုက်ဆုံးသီချင်းတွေထဲက တစ်ပုဒ်ဖြစ်၏။ "နတ်သျှင်နောင်"သီချင်းဟု ဆိုလျှင် ပြည်လှဖေ ဆိုတာလောက် ဘယ်သူမှကောင်းအောင်မဆိုနိုင်သလိုပင် "ကမ္ဘာကုန်ကျယ်သရွေ့ဝယ်"ကိုလည်း ရေနံ့သာစိုးလှိုင်ကလွဲ၍ ဘယ်သူမှ ရင်ကိုထိုးဖောက်ထိခိုက်အောင် မဆိုနိုင်ဟု ထင်၏။ သီချင်းစာသား၊ သံစဉ်၊ တီးလုံးနှင့် သီဆိုသူတို့ တသားတည်းကျသောသီချင်း။
ထိုသီချင်းအကြောင်း ဆရာ့ကိုမေးမည်ဟု စဉ်းစားထားခဲ့တာ။ အခုတော့ ဆရာက မျက်စိကိုမှိတ်ပြီး တိတ်ဆိတ်ငြိမ်သက်နေပြီ။ ကျွန်တော်လည်း "ကမ္ဘာကုန်ကျယ်သရွေ့ဝယ်" သီချင်းကို စိတ်ထဲကသာ ညည်းနေမိ၏။

* * *

ဆရာသည် အသက်ခုနစ်ဆယ်ကျော်ပြီဖြစ်သော်လည်း ကျန်းမာရေးအတော်ကောင်းနေဆဲဖြစ်၏။ ရောဂါထူးထူးထွေထွေ ရှိနေပုံမပေါ်။ မြတ်စောညီနောင်ဘုရားသို့ သွားကြသောအခါ ဆရာက တောင်ငူက စာပေသမားများနှင့်အတူ စကားတပြောပြော လျှောက်သွားရာ ကျွန်တော်တို့တောင် နောက်မှာပြတ်ကျန်ခဲ့သည်။ မောပန်းနွမ်းနယ်ပုံလည်းမရ။ သူ့ကျန်းမာရေးအတွက်လည်း သူ့ဘာသာဂုဏ်ယူဟန်တူသည်။
ဘုရားက အပြန်လမ်းမှာ တက္ကသိုလ်ပါမောက္ခချုပ်ဘဝက အတွေ့အကြုံများကို ပြောပြသည်။ ပရိုဗီမင်ဆေးပြား ထုတ်လုပ်သည့် စပီရူလိုင်းနားခေါ် စိမ်းပြာရေညှိကို အဏ္ဏဝါဇီဝဗေဒဌာနမှ လေ့လာခဲ့ရာမှာ ပါဝင်ကူညီခဲ့ပုံများ၊ ယခုတောင်ကြီးတက္ကသိုလ် တည်ရှိရာ မြေနေရာကိုရွေးချယ်ခဲ့ပုံများမှာ စိတ်ဝင်စားဖွယ်ဖြစ်၏။
နေ့လယ်ဘက် လက်ဖက်ရည်သောက်ချိန်မှာတော့ မူလ "မောင့်မူပိုင်ရှင်"ရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ညွှန်းရေးပေးခဲ့ပုံ၊ ခုနောက်ပိုင်းထိုဇာတ်ကားကို ပြန်ရိုက်ဖို့စီစဉ်တော့လည်း ရိုက်ကူးသူများက ဆရာ့ကိုဉာဏ်ပူဇော်ခ ထိုက်ထိုက်တန်တန်ပေးကြပုံတို့ ပြောပြသည်။ ထို့ပြင် ကျွန်တော်တို့ မသိသေးသော ကိစ္စတစ်ခုကိုလည်း ကြားရသည်။
"မောင့်မူပိုင်ရှင်"ဇာတ်ကား၏ ဇာတ်ဝင်သီချင်းဖြစ်သော "မေတ္တာစေကျွန်"နှင့် ပတ်သက်သော ကိစ္စဖြစ်၏။ မူလတုန်းက ထိုသီချင်းကို မြန်မာသံစဉ်ဖြင့် သီဆိုခိုင်းဖို့ ဆရာက စိတ်ကူးရှိခဲ့သည်။ နောက်မှ မင်းသားကောလိပ်ဂျင်နေဝင်း ကိုယ်တိုင် သီဆိုမည်ဖြစ်သောကြောင့် သူ့အသံနှင့်လိုက်ဖက်အောင် ကျူးန် ခေါ် နိုင်ငံခြားသံစဉ်သို့ ဂီတမှူးက ပြောင်းပေးခဲ့ခြင်းဖြစ်၏။ ဆရာက ထိုသီချင်းကို မူလစိတ်ကူးထားသော မြန်မာသံစဉ်ဖြင့် ဆိုပြခဲ့သေးသည်။ ပရိသတ်တွေထဲက မေတ္တာစေကျွန်သီချင်းကို မြန်မာသံနှင့်နားထောင်ဖူးတာ ကျွန်တော်တို့ လူစုသာရှိလိမ့်မည်ထင်၏။
ညဘက် ဟောပြောပွဲစတင်ချိန်က နည်းနည်းနောက်ကျသွားသည်။ ဟောပြောမည့်စာရေးဆရာက ငါးယောက်တောင်။ ရာသီဥတုက အတော်အေးသဖြင့် ဆရာ့ကို သိပ်ညဥ့်နက်တဲ့အထိ မနေစေချင်။ သူ့ကိုစောစောပြောပြီး ပြန်အနားယူခိုင်းလို့မဖြစ်။ ဟောပြောပွဲထုံးစံအရ အဓိကပုဂ္ဂိုလ်က နောက်ဆုံးမှ ပြောပြီးပွဲသိမ်းရသည်။ ဒီပွဲက ဆရာ့ပွဲဖြစ်၏။ ထို့ကြောင့် ကျွန်တော်တို့ ကျန်လေးယောက် တိုင်ပင်ကြသည်။ ကျွန်တော်တို့၏ ဟောပြောချိန်များကို ချုံ့ပစ်လိုက်မည်။ ဆရာ့အတွက် အားရပါးရပြောနိုင်ဖို့ အချိန်လုံလောက်စွာရအောင် စီစဉ်ပေးလိုက်ကြသည်။ ဒါကိုဆရာက ရိပ်မိပြီး ကျွန်တော်တို့ကို အားနာစကားဆိုခဲ့သေးသည်။
ဆရာသည် ပညာတတ်၊ ပညာရှိ စာရေးဆရာကြီးဖြစ်၏။ သို့ရာတွင် ဟောပြောရာမှာ ပညာရှင်ဆန်သော အမူအရာဟန်ပန်မရှိ။ စကားလုံးကြီးကြီးကျယ်ကျယ်တွေမသုံး။ နက်နဲသော အနုပညာသဘောကို လူတိုင်း နားလည်အောင် ရိုးရိုးရှင်းရှင်းလေးပြောသွားသည်။ တစ်ခါတစ်လေ အရွှန်းဖောက်လိုက်သေးသည်။ ပရိသတ်တွေမပြောနဲ့ ကျွန်တော်တို့တောင် နားထောင်လို့မဝအောင် စွဲငြိသွားစေသည်။

* * *

အပြန်ခရီးမှာကျတော့ ဆရာသည် ခရီးပန်းသွားသောကြောင့်ထင်သည်။ စကားသိပ်မပြောတော့။ ကားပေါ်မှာ မှိန်းပြီးလိုက်ပါလာသည်။ ကျွန်တော်လည်း "ကမ္ဘာကုန်ကျယ်သရွေ့ဝယ်"သီချင်းအကြောင်းကို အပြန်ကျမှမေးမယ်စိတ်ကူးခဲ့တာ။ အနှောင့်အယှက်ဖြစ်သွားမှာစိုးသဖြင့် မမေးဖြစ်တော့။ နောက်တစ်ခါ ဆုံမှမေးတော့မည်ဟု တေးထားလိုက်သည်။ (အဲဒီတုန်းကမေးလိုက်ရကောင်းသားဟု နောင်ကျမှ နှမြောတသစွာ တွေးမိ၏။)
စကားပြောလို့မရသောအခါ ဟိုဟိုဒီဒီတွေးနေလိုက်သည်။ နေမြင့်လာတော့ ဆရာ့မျက်နှာပေါ်ကို နေရောင်ထိုးကျလာသည်။ ထို့ကြောင့် ကားမှန်ပြတင်းက လိုက်ကာကို ဆွဲစေ့ပေးရင်း ဆရာ့ကို တစေ့တစောင်းကြည့်လိုက်မိ၏။ ကျွန်တော့်စိတ်ထဲ တစ်ယောက်ယောက်နှင့် တူသလိုလိုထင်မြင်လာမိသည်။
ဘဲမြီးဆန်ဆန် ခပ်ပါးပါးဆံပင်ပုံစံ၊ အသားညိုသယောင်ယောင်၊ ပိန်ပိန်သွယ်သွယ်၊ မျက်ခုံးကောင်းကောင်း ပေါ်လွင်ထင်ရှားသောနှာတံ၊ ပိရိသောနှုတ်ခမ်းများ။ ဟာ....အဖေနဲ့ တော်တော်ဆင်တာပါလား။ အထူးသဖြင့် ရှည်လျားကြံ့ခိုင်သော လက်ချောင်းများသည် ကျွန်တော်တို့အဖေ(ဦးသာဓု)၏ လက်ချောင်းများနဲ့ တထေရာတည်း။ ဒါကြောင့်လည်း ဆရာ့နားမှာ နေရတာ နွေးနွေးထွေးထွေးရှိတယ်လို့ ခံစားရတာကိုး။
(ဆရာမြသန်းတင့်ကိုလည်း မျက်နှာကျပုံ၊ အနေအထား အဖေနှင့်ဆင်သည်ဟု ထင်ခဲ့ဖူးသည်။ အဖေမရှိတော့တဲ့နောက်ပိုင်း ညိုညိုပိန်ပိန်စာရေးဆရာကြီးတွေကို အဖေနဲ့တူတယ်ထင်မိသော အစွဲအလမ်းမျိုးဝင်နေတာလည်း ဖြစ်ကောင်းဖြစ်မည်။ ပြောရင်းဆိုရင်း ဆရာစိန်ခင်မောင်ရီကိုလည်း သတိရမိပြန်၏။)

* * *

ဆရာက လူကြီးရယ်လို့ အခွင့်အရေးကို ပိုယူတတ်သူမဟုတ်။ သားတပည့်အရွယ်တွေဆိုပြီး အထက်စီးက ဆက်ဆံခြင်းမရှိ။ သူ့အယူအဆကိုပြောရမှာလည်း လက်ခံရမည်ဟု မတိုက်တွန်း။ ဆရာကတော့ ဒီလိုထင်တယ်ဟူ၍သာ ပြောတတ်သည်။
ကျွန်တော်သည် ဆရာနှင့် စကားပြောလို့ မဝသေး။ တောင်ငူဟောပြောပွဲကပြန်လာပြီးနောက် ဆရာ့ဆီတစ်ခါလောက်သွားပြီး စကားပြောရအောင်ဟု နီကိုရဲနှင့်ကျွန်တော်တိုင်ပင်ထားကြသည်။ ဆရာ့ဆီသွားလျှင် စားစရာတစ်ခုခုဝယ်သွားမည်။ ဆရာက အိန္ဒိယအစားအစာမျိုး ကြိုက်တတ်လိမ့်မည်ထင်သည်။ ကီးမားပလာတာ၊ ဒန်ပေါက်၊ ပူရီတစ်မျိုးမျိုးဝယ်သွားမည်။ ပြီးတော့ ဆရာကတော်ဖျော်တိုက်သော လက်ဖက်ရည်ကို ကပ်သောက်မည်ဟု စိတ်ကူးခဲ့သည်။ (ဆရာက အိန္ဒိယအစားအစာ တကယ်ကြိုက်မကြိုက်တော့မသိ။ ကျွန်တော့်အဖေကြိုက်တတ်သဖြင့် ဆရာလည်းကြိုက်မှာပဲ ထင်မိခြင်းဖြစ်၏။)
သို့ရာတွင် နီကိုရဲက မအားတာနဲ့၊ ကျွန်တော်က အဆင့်သင့်မဖြစ်တာနဲ့ပဲ တော်တော်နှင့်မသွားဖြစ်။ တကယ်သွားဖြစ်ပြီဆိုတော့ ဆရာ့အိမ်ကိုမဟုတ်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး။
ဆရာဆေးရုံတက်နေသဖြင့် ကျွန်တော်ရောက်သွားသည်။ ဆရာ့ကို အထူးခန်းမှာ ထားပေးသဖြင့် ကျေနပ်မိသည်။ သို့ရာတွင် ဧည့်သည်တွေက များလွန်းသည်။ ဒီလိုအခန်းမျိုးမှာက လူနှစ်ယောက် သုံးယောက်ထက် ပိုမရှိသင့်။ သို့တိုင်အောင် ဆရာ့ကို တွေ့ချင်သူတွေကို အလှည့်ကျသာခွင့်ပြုမည်ဆိုလျှင် ကိုယ့်အလှည့်ရောက်ဖို့ တစ်နာရီလောက် စောင့်ကောင်းစောင့်ရပေလိမ့်မည်။
ကျွန်တော်ရောက်သွားတော့ အခန်းထဲမှာ လူများနေသဖြင့် ရှင်းမှဝင်တော့မည်ဆိုပြီး မှန်တံခါးအပြင်ဘက်မှာပင် ရပ်နေလိုက်သည်။ စာပေသမားတစ်ယောက်က ကျွန်တော့်ကိုမြင်သွားပြီး လက်ယပ်ခေါ်သဖြင့် ဝင်သွားလိုက်သည်။ အခန်းထဲမှာ လူများလွန်းသဖြင့် လေအေးစက်တောင်မနိုင်တော့ဘဲ အိုက်စပ်စပ်ဖြစ်နေသည်။ ဆရာ့ကို ယပ်ခတ်ပေးနေရသည်။
ဆရာ့ကျောကုန်းကို နံ့သာဖြူလား၊ ကရမက်လားမသိ။ လိမ်းပေးနေတာတွေ့ရသည်။ ဆရာ့ကျောကုန်း ပိန်ပိန်လေးကလည်း အဖေနဲ့တူလိုက်တာဟု အရေးထဲမှာတွေးမိပြန်သည်။ ဆရာက စကားသိပ်မပြော။ မျက်စိမှိတ်ပြီး မှိန်းနေသည်။ ကျွန်တော်ကလည်း ဆရာ့ကို အနှောင့်အယှက်မပေးလိုသဖြင့် ခုံတန်းကလေးမှာ ထိုင်နေလိုက်သည်။
ခုတင်ပေါ်မှာ လှဲနေသော ဆရာ့ကိုကြည့်ရင်း -
"အဖေနဲ့တူလိုက်တာ"
ဟု လွှတ်ခနဲပြောမိ၏။
ဆရာ့သားကိုကျော်ဇင်၏ ဇနီးဖြစ်သူ မဝိုင်းဝိုင်းက -
"ဆရာဦးသာဓုဆုံးတော့ အသက်ဘယ်လောက်ရှိပြီလဲ"
ဟုမေးသည်။
"ခုနစ်ဆယ့်သုံးနှစ်"
ကျွန်တော်ဖြေလိုက်တော့ သူခဏမျှငိုင်သွားသည်။ ပြီးမှ -
"ဖေဖေလည်း ခုနစ်ဆယ့်သုံးထဲမှာပဲ"
ဟု ခပ်တိုးတိုးပြောသည်။ စိုးရိမ်နေသော လေသံမှန်းသိသာ၏။

* * *

သိပ်မကြာခင်မှာပင် ဆရာဆုံးကြောင်း သတင်းကြားရသည်။ ဆရာ့ဈာပနသည် စည်ကားလှ၏။ အနုပညာနယ်ပယ်၊ ပညာရေးနယ်ပယ်စသော ဆရာကျင်လည်ခဲ့ရာ အသိုင်းအဝိုင်းမှ အားလုံးလိုလို လာရောက်ဂါရဝပြုကြသည်။ ပြီးတော့ သူပြုစုပျိုးထောင်ခဲ့သော ကံ့ကော်ပွင့်များ၊ စိန်ပန်းပြာများ၊ ချယ်ရီပန်းများ၊ မယ်ဇယ်ပွင့်များနှင့် စွယ်တော်ရွက်များငိုကြွေးကြသည်။
ရက်လည်တဲ့နေ့ကျတော့ သန်လျင်က ဆရာ့အိမ်မှာ ကိုကျော်ဇင်နှင့်အချိန်အတော်ကြာအောင် စကားပြောဖြစ်၏။ ဆရာသည် ဝိပဿနာတရားရှုမှတ်နေရင်း နွေညများကို စွန့်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း ကြားသိရသဖြင့် စိတ်သက်သာရာရသည်။
ဆရာ၏နောက်ဆုံးအချိန်သည် ဆရာ့ဝတ္ထုဇာတ်သိမ်းခန်းတွေလိုပင် သပ်သပ်ရပ်ရပ် ညက်ညက်ညောညောရှိပြီး ဆွတ်ပျံ့ဖွယ်ဖြစ်၏။ ထို့အတူ ကျန်ရစ်သူတွေအဖို့လည်း ဆရာ၏ "ကမ္ဘာကုန်ကျယ်သရွေ့ဝယ်"သီချင်းထဲကလို -
"လွမ်းမောသီကရီ...မေ့မရလေပြီ"

မင်းလူ
-----------------------------------
(လွမ်းတေးကို သူပင်သီရော့မည်
အမှတ်တရ တက္ကသိုလ်ဘုန်းနိုင်၊
မေလ၊ ၂၀၀၃)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...